အခန်း (၄၅) - ပဋိပက္ခ
နာပိုလက်မြို့သည် ကမ်ပေးနီးယားဒေသတွင် ကာပူးအာပြီးလျှင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အီတလီအလယ်ပိုင်း၌ ရေကြောင်းကုန်သွယ်မှု အထွန်းကားဆုံး ဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ဤမျှများပြားသော လက်နက်ခဲယမ်းများကို သူတို့ ထောက်ပံ့ပေးနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ စစ်မြေပြင်သို့ စေလွှတ်လိုက်သော နာပိုလက်စစ်သည်များမှာ လေလွင့်နေသူများမဟုတ်ဘဲ မြေပိုင်ရှင်များနှင့် ပိုင်ဆိုင်မှုရှိသူများ ဖြစ်ကြသလို ရောမနိုင်ငံသားများလည်း ဖြစ်ကြသည်။ ယခင်က နာပိုလက်အရာရှိများနှင့် ကောင်စီဝင်များသည် ရောမတပ်ကို ကူညီရန် ဂရာဘို၏ တောင်းဆိုချက်ကို သဘောတူခဲ့ကြသော်လည်း ယခုကဲ့သို့ အရှက်တကွဲ စစ်ရှုံးကာ စစ်သည်အများစု ပြန်မလာနိုင်တော့သည့်အခါတွင် မြို့သူမြို့သားများ၏ ပြင်းထန်သော ဝေဖန်ကဲ့ရဲ့မှုများကို ရင်ဆိုင်နေရသည်။ စစ်သည်အချို့ကို ပြန်လည်ကယ်တင်နိုင်ခြင်းက သူတို့၏ အကျပ်အတည်းကို အတန်အသင့် ပြေလျော့စေနိုင်မည်ဖြစ်သည်။ သို့သော် နာပိုလက်၏ အုပ်ချုပ်ရေးမှူးကမူ ထိုအစီအစဉ်ကို သဘောမတူပေ။ သူသည် ရောမအထက်လွှတ်တော်မှ ခန့်အပ်ထားသော ရောမလူမျိုးတစ်ဦး ဖြစ်သည်။ ပုန်ကန်နေသော ကျွန်းများအနေဖြင့် လက်နက်ခဲယမ်းများရရှိကာ ပိုမိုအင်အားတောင့်တင်းလာပြီး နောင်တစ်ချိန် ရောမစစ်တပ်၏ နှိမ်နင်းရေးကို အခက်တွေ့စေမည့်အရေးကို သူက သဘာဝအတိုင်းပင် ခွင့်မပြုနိုင်ခြင်းဖြစ်သည်။
မြို့ပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အပြည့်အစုံ လက်နက်စွဲကိုင်ထားကြသဖြင့် ရောမစစ်တပ်နှင့်ပင် ဆင်တူနေသော်လည်း ‘လင်းယုန်တံခွန်’ (Eagle Banner) တစ်ခုသာ လိုအပ်နေခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး၏ ငြင်းဆန်မှုကြောင့် မြို့ရိုးထက်တွင် အပြင်းအထန် အခြေအတင် ဖြစ်နေကြသည်။ မြို့ပြင်မှာ စောင့်ဆိုင်းနေရသော တော်လှန်ရေးတပ်ဖွဲ့မှာ စိတ်မရှည်နိုင်တော့ပေ။ ခေါင်းဆောင်ခရောစ်သည် သုံ့ပန်း ၅ ဦးကို တပ်ရှေ့သို့ ချက်ချင်းဆွဲထုတ်လာပြီး ဘာစကားမှမပြောဘဲ ဓားတိုဖြင့် တစ်ဦးချင်းစီကို ထိုးသတ်ပစ်လိုက်သည်။ မြို့အတွင်းမှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ခရောစ်က “နာပိုလက်ဘက်က ကျေနပ်လောက်တဲ့ တုံ့ပြန်မှုမပေးရင် သုံ့ပန်းတွေကို အချိန်မှန် သတ်ဖြတ်သွားမယ်!” ဟု အော်ဟစ်ကာ နောက်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်သည်။ မြို့ရိုးအောက်မှ သုံ့ပန်းများ၏ ငိုကြွေးတောင်းပန်သံများနှင့် မြို့ရိုးထက်မှ အရာရှိများ၏ ပြစ်တင်ဝေဖန်မှုများကြားတွင် အုပ်ချုပ်ရေးမှူးလည်း ဆက်လက်၍ ဇွတ်မတိုးရဲတော့ပေ။ သို့မဟုတ်ပါက မြို့သားများ၏ ဒေါသက သူ၏ ရာထူးကို နာပိုလက်တွင် ရပ်တည်နိုင်တော့မည်မဟုတ်ပေ။
နာပိုလက်မြို့သားများသည် တော်လှန်ရေးတပ်ဖွဲ့၏ တောင်းဆိုချက်များကို လိုက်လျောရန် သဘောတူလိုက်သော်လည်း ကြောက်ရွံ့မှုကြောင့် မြို့တံခါးကိုတော့ ဖွင့်မပေးရဲကြပေ။ ထို့ကြောင့် တောင်းဆိုထားသော လက်နက်ခဲယမ်းများကို မြို့ပြင်ရှိ ဆိပ်ကမ်းသို့ လှေများဖြင့် ပို့ဆောင်ပေးရန်နှင့် သုံ့ပန်းများကိုလည်း ထိုနည်းအတိုင်း ပြန်လည်လွှဲပြောင်းယူရန် သူတို့က အကြံပြုသည်။ (ထိုအချိန်က နာပိုလက်ပင်လယ်အော်တစ်လျှောက်တွင် ဆိပ်ကမ်းများစွာရှိပြီး ရေကြောင်းကုန်သွယ်မှုမှာ အလွန်စည်ကားနေသည်)။ စပါတာကပ်စ်ကလည်း သဘောတူလိုက်သည်။ ဤတင်းမာလှသော အပေးအယူမှာ နောက်ဆုံးတွင် ချောချောမောမောပင် ပြီးဆုံးသွားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့သည်လည်း ကတိအတိုင်း ကမ်ပေးနီးယားသုံ့ပန်းအားလုံးကို ပြန်လွှတ်ပေးလိုက်သည်။ နာပိုလက်သားများ စိတ်သက်သာရာရသွားကြသော်လည်း တစ်ခု သတိမထားမိသည်မှာ သူတို့၏ ရေကြောင်းစီးပွားရေး အောင်မြင်မှုနောက်ကွယ်တွင် မရေတွက်နိုင်သော ဆိပ်ကမ်းအလုပ်သမားများ၏ သွေး၊ ချွေးနှင့် မျက်ရည်များ ရှိနေသည်ကိုပင်။ တော်လှန်ရေးတပ်ဖွဲ့၏ ဆိပ်ကမ်းအတွင်း ခန့်ညားထည်ဝါသော ပုံရိပ်သည် နာပိုလက်ရှိ ဆိပ်ကမ်းများစွာသို့ မကြာမီ ပြန့်နှံ့သွားမည်ဖြစ်ပြီး ဆင်းရဲဒုက္ခရောက်နေသော အောက်ခြေလူတန်းစားများ၏ နားထဲသို့ ရောက်ရှိသွားပေတော့မည်။
လိုအပ်သော လက်နက်ခဲယမ်းများကို ရရှိပြီးနောက် တော်လှန်ရေးတပ်ဖွဲ့သည် ကျေနပ်စွာဖြင့် ထွက်ခွာလာခဲ့သည်။ ယခင်က စပါတာကပ်စ်နှင့် အခြားခေါင်းဆောင်များနောက်သို့ လိုက်ကာ မြေပိုင်ရှင်ခြံကြီးများကို တိုက်ခိုက်ခြင်း၊ မုန်းတီးလှသော အလုပ်သမားခေါင်းဆောင်များနှင့် အစောင့်များကို သတ်ဖြတ်ခြင်းများသာ လုပ်ဆောင်ခဲ့ဖူးသော တော်လှန်ရေးစစ်သည်များသည် သူတို့၏ ပုန်ကန်မှုက ကမ္ဘာကြီးအပေါ် မည်မျှသက်ရောက်မှုရှိမည်ကို သိရှိနိုင်စွမ်း မရှိကြသေးပေ။ သို့သော် ယနေ့တွင် မြင့်မြတ်လှပါသည်ဆိုသော နာပိုလက်မှ မှူးမတ်များက သူတို့၏ လက်နက်အင်အားအောက်တွင် ကြောက်လန့်တုန်လှုပ်နေသည်ကို မြင်ရခြင်းက သူတို့အတွက် အလွန်ကျေနပ်စရာကောင်းလှပြီး တော်လှန်ရေးတပ်ဖွဲ့အပေါ် သစ္စာစောင့်သိလိုစိတ်ကို ပိုမိုတိုးပွားစေခဲ့သည်။ စပါတာကပ်စ်သည်လည်း စစ်သည်များ၏ စိတ်ဓာတ်ပြောင်းလဲလာမှုကို သတိပြုမိပြီး နောင်တွင် အနီးနားရှိ မြို့များသို့ ပုံမှန် လက်နက်ကိုင်ချီတက်မှုများ ပြုလုပ်ရန် ခရောစ်နှင့် တိုင်ပင်လိုက်သည်။ ထိုသို့ ချီတက်ခြင်းက မှူးမတ်များထံမှ လိုအပ်သော ရိက္ခာများကို ရရှိစေနိုင်သလို စစ်သည်သစ်များ၏ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ထိုစဉ်မှာပင် မြင်းစီးသမားအချို့ ရှေ့မှ အပြင်းနှင်လာကြပြီး အိုမာကယ်က “ခေါင်းဆောင်စပါတာကပ်စ်! ခေါင်းဆောင်ခရောစ်! ပြဿနာတက်ကုန်ပြီ!” ဟု လက်ဝှေ့ယမ်းကာ အော်ဟစ်လာသည်။ စပါတာကပ်စ်နှင့် ခရောစ်တို့ နှစ်ဦးစလုံး ထိတ်လန့်သွားပြီး “ဘာဖြစ်လို့လဲ?!” ဟု မေးလိုက်သည်။ “ရိက္ခာအဖွဲ့နဲ့... ဒုတိယတပ်ရင်းက စစ်သည်တွေ... ရန်ဖြစ်နေကြတယ်!” ဟု အိုမာကယ်က သူတို့အနားရောက်သည့်အခါ အမောတကော ပြောပြသည်။
... အမှန်စင်စစ် နာပိုလက်သားများ၏ တိုက်ခိုက်ရေးစွမ်းရည် အားနည်းမှုကြောင့် စစ်သည်အားလုံးကို ခေါ်မသွားဘဲ အချို့ကို ချန်ထားခဲ့ကာ ဟာမီလ်ကာ၏ စစ်ပညာသင်ကြားမှုအောက်တွင် အခြားတပ်ရင်းများနှင့်အတူ လေ့ကျင့်စေခဲ့ခြင်းဖြစ်သည်။ နံနက်ပိုင်း လေ့ကျင့်ခန်းပြီးနောက် စစ်သည်များသည် ရေသောက်ပြီး ခေတ္တအနားယူကြသည်။ ထိုအချိန်တွင် ဒုတိယတပ်ရင်းမှ စစ်သည်အချို့သည် အနားယူချိန်ကို အခွင့်ကောင်းယူကာ ဆေးကုသရေးစခန်းထဲသို့ ခိုးဝင်ပြီး အမျိုးသမီးသူနာပြုများကို နှောင့်ယှက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းရောက်လာပြီး တားဆီးခဲ့သည်။ ဒုတိယတပ်ရင်းစစ်သည်များက အကျိုးအကြောင်းကို နားမထောင်ဘဲ ဒေါသတကြီးဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စတင်ထိုးနှက်ကြတော့သည်။ အင်အားချင်းမမျှသဖြင့် ဒုတိယတပ်ရင်းစစ်သည်များမှာ အဖမ်းခံလိုက်ရသော်လည်း တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ “ရိက္ခာအဖွဲ့က လူအင်အားသုံးပြီး ငါတို့ညီအစ်ကိုတွေကို နှိပ်စက်နေတယ်” ဟု လိမ်ညာလှုံ့ဆော်ခဲ့သဖြင့် အခြားစစ်သည်များပါ ဒေါသထွက်ကာ ဆေးစခန်းဆီသို့ စုပြုံရောက်ရှိလာကြခြင်းဖြစ်သည်။
မွန်းတည့်ချိန်တွင် မိမိတဲအတွင်း နားနေသော ဟာမီလ်ကာသည် ဒုတိယတပ်ရင်းစစ်သည်အချို့ ဆေးစခန်းအတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရန်ဖြစ်နေသည့်သတင်းကို ရရှိသည်။ ဟာမီလ်ကာ ချက်ချင်းပင် အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သော်လည်း ပဋိပက္ခက ပိုမိုကြီးထွားနေပြီဖြစ်သည်။ သူက ဝင်ရောက်ဖြန်ဖြေပေးရန် ကြိုးစားသော်လည်း ဒေါသထွက်နေသော စစ်သည်များက နားမထောင်ကြပေ။ ထိုအချိန်တွင် စပါတာကပ်စ်နှင့် ခရောစ်တို့ အောင်မြင်စွာ ပြန်လာနေပြီဖြစ်ကြောင်း အိုမာကယ်က လာရောက်သတင်းပို့သည်။ ဟာမီလ်ကာသည် ဝမ်းသာအားရ ဖြစ်မနေနိုင်ဘဲ ဤကိစ္စကို အမြန်ဆုံး လာရောက်ဖြေရှင်းပေးရန် ခေါင်းဆောင်နှစ်ဦးကို အသိပေးခိုင်းလိုက်ခြင်းဖြစ်သည်။
... “ပဋိပက္ခက ဘယ်လိုစဖြစ်တာလဲ?” ဟု စပါတာကပ်စ်က စိုးရိမ်တကြီးဖြင့် မေးသည်။ “ကျွန်တော်လည်း အခုမှ ရောက်တာဆိုတော့ အသေးစိတ်မသိသေးဘူး။ ကာကွယ်ရေးတပ်ဖွဲ့က ဒုတိယတပ်ရင်းက စစ်သည်တချို့ကို ဖမ်းထားတယ်လို့တော့ ကြားတယ်—” အိုမာကယ် စကားမဆုံးခင်မှာပင် ခရောစ်က ဒေါသတကြီးဖြင့် “ရိက္ခာအဖွဲ့က ငါ့ညီအစ်ကိုတွေကို ဖမ်းရဲတယ်ပေါ့! မက်ဆီမတ်စ်က သူ့တပ်ကို ဘယ်လိုများ စီမံနေတာလဲ?!”
“ခရောစ်၊ စိတ်ကိုလျှော့ပါ။ မက်ဆီမတ်စ်က အမြဲတမ်း စဉ်းစဉ်းစားစား လုပ်တတ်တဲ့သူပဲ။ တစ်ခုခု အကြောင်းပြချက်ရှိမှာပါ။ အခြေအနေကို အရင်ရှင်းအောင် လုပ်ရအောင်” ဟု စပါတာကပ်စ်က ဖျောင်းဖျသည်။ “သူ့ကို အာဏာတွေ အများကြီးပေးထားလို့ ဘဝင်မြင့်ပြီး နယ်ကျွံနေတာဖြစ်မှာ!” ဟု ခရောစ်က ဒေါသတကြီး နှာမှုတ်လိုက်ကာ ကင်းထောက်တစ်ဦးဆီမှ မြင်းကိုဆွဲယူစီးပြီး အပြင်းနှင်ထွက်သွားသည်။ စပါတာကပ်စ်သည်လည်း တပ်ဖွဲ့ကို ချက်ချင်းမထားခဲ့နိုင်သဖြင့် ယခင်က ဂလေဒီယေတာဖြစ်ခဲ့ဖူးသော မိမိယုံကြည်ရသည့် တပ်ကြပ်ကြီး အာဂိုလစ် (Argolis) ကို ခေတ္တတာဝန်လွှဲခဲ့ပြီး အိုမာကယ်နှင့်အတူ လိုက်သွားတော့သည်။
ခရောစ် စခန်းသို့ရောက်သောအခါ ဆေးကုသရေးစခန်းအဝင်ဝတွင် ရာနှင့်ချီသော လူများ စုရုံးနေပြီး လမ်းကို ပိတ်ဆို့ထားသည်ကို တွေ့ရသည်။ အများစုမှာ အော်ဟစ်နေကြသော်လည်း ရန်ဖြစ်သံ သို့မဟုတ် နာကျင်အော်ဟစ်သံများတော့ မကြားရပေ။ “ဘာရပ်လုပ်နေကြတာလဲ? ဖယ်ကြစမ်း!” ဟု ခရောစ်က ဟိန်းဟောက်လိုက်သည်။ “ခေါင်းဆောင်ခရောစ် ပြန်လာပြီ!” “ခေါင်းဆောင်ခရောစ်! ကာကွယ်ရေးတပ်ဖွဲ့က ငါတို့ညီအစ်ကိုတွေကို ဖမ်းထားပြီး ပြန်မလွှတ်ဘူး!” “ခေါင်းဆောင် မရှိတုန်းမှာ ကျွန်တော်တို့ အနှိပ်စက်ခံနေရတာပါ! ခေါင်းဆောင် ဟာမီလ်ကာနဲ့ အန်တိုနစ်တို့တောင် ရိက္ခာအဖွဲ့ဘက်က ပါနေကြတယ်!”
ခရောစ်သည် စကားများကို နားထောင်လေ ဒေါသထွက်လေဖြစ်လာကာ နောက်ဆုံးတွင် “တော်ပြီ! တော်ကြစမ်း!” ဟု အော်ဟစ်လိုက်သည်။ ဒုတိယတပ်ရင်းစစ်သည်များ ချက်ချင်းပင် ငြိမ်ကျသွားပြီး လာရောက်ကြည့်ရှုနေကြသော စတုတ္ထတပ်ရင်းစစ်သည်များကလည်း ခရောစ်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ ခရောစ် ရှေ့သို့ တိုးလာသောအခါ စနစ်တကျ စီတန်းရပ်နေသော စစ်သည်တန်းကြီးနှင့် ရင်ဆိုင်လိုက်ရသည်။ “ဒါက ဘာလဲ? မင်းတို့က ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့?!” ဟု ခရောစ်က ဒေါသမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ခေါင်းဆောင်ခရောစ်၊ ခေါင်းဆောင် ဟာမီလ်ကာနဲ့ အန်တိုနစ်တို့က ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ခေါင်းဆောင်ကို အထဲမှာ စောင့်နေကြပါတယ်” ဟု ပြောသူမှာ တတိယတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ခရောစ်နှင့် သိကျွမ်းသော ဂလေဒီယေတာဟောင်းတစ်ဦးဖြစ်သည်။ သူသည် ခရောစ်နောက်မှ လူအုပ်ကြီးကို သတိကြီးစွာ ကြည့်လိုက်ပြီး “ပဋိပက္ခ ပိုမကြီးထွားစေဖို့အတွက် ကျန်တဲ့သူတွေကတော့ အပြင်မှာပဲ စောင့်နေပေးပါ!” ဟု ဆိုသည်။ ခရောစ်သည် ထိုတပ်ကြပ်ကြီးကို စိုက်ကြည့်လိုက်သော်လည်း တပ်ကြပ်ကြီးက အကြည့်မလွှဲပေ။ ခဏအကြာတွင် ခရောစ်သည် နောက်သို့လှည့်ကာ “ဘာရပ်ကြည့်နေကြတာလဲ? ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြစမ်း!” ဟု အော်လိုက်သည်။ တပ်ကြပ်ကြီးက လမ်းပြကာ ခရောစ်က မကျေမနပ်ဖြင့် နောက်မှ လိုက်သွားတော့သည်။
ဆေးကုသရေးစခန်းအတွင်းရှိ တဲများရှေ့ရှိ ကွင်းပြင်တွင် ဟာမီလ်ကာ၊ အန်တိုနစ်နှင့် မက်ဆီမတ်စ်တို့ သုံးဦး ရပ်နေကြသည်။ ခရောစ်ကို မြင်သည်နှင့် ဟာမီလ်ကာက “ခရောစ်၊ မင်း ပြန်လာတာ အတော်ပဲ။ ပဋိပက္ခ ပိုမကြီးထွားအောင်လို့ ငါ အန်တိုနစ်ကို အကူအညီတောင်းပြီး မင်းရဲ့စစ်သည်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို ကြားကနေ ခွဲထားလိုက်ရတာ—” ဟု ရှင်းပြရန် ကြိုးစားသည်။ ခရောစ်သည် ဟာမီလ်ကာ၏ စကားကို လုံးဝဂရုမစိုက်ဘဲ မက်ဆီမတ်စ်ရှိရာသို့ ပြေးသွားကာ “မက်ဆီမတ်စ်! ဒါ မင်းရဲ့ စီမံခန့်ခွဲမှုလား!” ဟု အော်ဟစ်ရင်း လက်သီးဖြင့် မက်ဆီမတ်စ်၏ မျက်နှာကို ထိုးလိုက်တော့သည်။