အခန်း (၃၉) - မျှော်လင့်ချက်အလင်းရောင်
“ရောမအထက်လွှတ်တော်အမတ်တွေနဲ့ အထက်တန်းလွှာတွေဟာ အီတလီနဲ့ မြေထဲပင်လယ်ဒေသက သာမန်ပြည်သူတွေအပေါ် ဖိနှိပ်ထားတဲ့ တောင်ကြီးတစ်လုံးလိုပဲ။ ဒီဖိနှိပ်မှုတွေကနေ လွတ်မြောက်ပြီး လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လက်နက်စွဲကိုင် တော်လှန်ဖို့ပဲ ဖြစ်တယ်။ သူတို့ကို အမြစ်ပြတ် တိုက်ထုတ်နိုင်မှသာ ငါတို့ လွတ်လပ်ခွင့်ကို ရရှိမှာ!” မက်ဆီမတ်စ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် စိတ်အားထက်သန်စွာ ဟောပြောနေသည်။ “ရောမအထက်တန်းလွှာတွေ အခု ဘယ်လောက်ပဲ အင်အားကြီးနေပါစေ၊ ဒီကမ္ဘာပေါ်မှာ သူတို့ထက် ငါတို့လို သာမန်လူတန်းစားတွေက အရေအတွက် ပိုများပါတယ်။ အီတလီရဲ့ နေရာအနှံ့မှာ မြေယာတွေ ဆုံးရှုံးပြီး မျှော်လင့်ချက်မဲ့စွာ လေလွင့်နေရတဲ့ ကျွန်တွေနဲ့ ဆင်းရဲသားတွေကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ အခု ငါတို့က ရဲရဲဝံ့ဝံ့ ထရပ်ပြီး ရောမအထက်တန်းလွှာတွေကို စစ်ကြေညာလိုက်တာဟာ မှောင်မိုက်နေတဲ့ ညဉ့်ဦးယံမှာ မီးရှူးတိုင်တစ်ခု ထွန်းညှိလိုက်သလိုပဲ။ ဒါဟာ သူတို့အတွက် မျှော်လင့်ချက်အလင်းရောင် ဖြစ်လာစေခဲ့တယ်။ အဲဒါကြောင့်လည်း တစ်လအတွင်းမှာတင် ငါတို့တပ်ဖွဲ့ဟာ လူ ၂၀၀ ကနေ ၅,၀၀၀ အထိ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပေါ့! ငါတို့ တော်လှန်ရေးသတင်းတွေ ပျံ့နှံ့သွားလေလေ ရောမအထက်တန်းလွှာတွေကို နာကျည်းနေတဲ့သူတွေ ငါတို့ဆီ ပိုပြီး ရောက်လာလေလေ ဖြစ်မှာပဲ။ အီတလီမှာရှိတဲ့ ကျွန်တွေနဲ့ ဆင်းရဲသားတွေအားလုံး စုစည်းမိသွားတဲ့တစ်နေ့ကျရင် ရောမစစ်တပ်ဟာ ငါတို့ရဲ့ အားကောင်းတဲ့ အင်အားစုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်တော့ဘူး!”
သူ၏ စကားလုံးတိုင်းမှာ စစ်သည်တို့၏ ရင်ကို လှုပ်ခတ်စေကာ မက်ဆီမတ်စ်က ဆက်လက်၍— “နောက်ဆုံးမှာတော့ ငါတို့ဟာ ရောမတွေကို အပြတ်အသတ် အနိုင်ယူပြီး အီတလီကနေ ချောချောမောမော ထွက်ခွာနိုင်မှာဖြစ်သလို၊ တခြားတစ်နေရာမှာ ငါတို့ကိုယ်ပိုင် အမိမြေအသစ်တစ်ခုကို တည်ဆောက်နိုင်မှာပါ။ အဲဒီအမိမြေအသစ်မှာ လူမျိုးရေး ခွဲခြားမှုတွေ၊ လူတန်းစား ခွဲခြားမှုတွေ မရှိစေရဘူး။ အရည်အချင်းရှိတဲ့သူတိုင်း ရာထူးတိုးတက်ပြီး အရာရှိ ဖြစ်နိုင်ရမယ်! လူတိုင်းမှာ ကိုယ်ပိုင်မြေယာတွေ ရှိပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်ရုံနဲ့ ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရမယ်! ငါတို့လို သာမန်လူတွေလည်း နိုင်ငံရေးမှာ ပါဝင်ခွင့်ရမယ်။ ငါတို့အကျိုးစီးပွားကို ထိခိုက်စေမယ့် အဆိုပြုချက်မှန်သမျှကို ကန့်ကွက်နိုင်သလို၊ ငါတို့အတွက် အကျိုးရှိမယ့် ဥပဒေတွေကိုလည်း အဆိုတင်သွင်းပြီး အတည်ပြုနိုင်အောင် ဆောင်ရွက်နိုင်ရမယ်! သက်ကြီးရွယ်အိုတွေက စောင့်ရှောက်မှုခံရမယ်၊ ကလေးတွေက ပညာသင်ခွင့်ရမယ်၊ ဖျားနာတဲ့အခါမှာလည်း ဈေးနှုန်းသက်သာစွာနဲ့ ကုသခွင့်ရမယ်။ ဘေးအန္တရာယ်တွေ ကြုံတွေ့ရတဲ့အခါမှာလည်း ငါတို့ရဲ့ အမိမြေက အမြဲတမ်း အကူအညီပေးနေမှာပါ...”
နားထောင်နေသူအားလုံးမှာ ထိုအိပ်မက်ဆန်သော အနာဂတ်ကို စိတ်ကူးယဉ်ရင်း စွဲမက်ငေးမောနေကြတော့သည်။ “အံ့သြစရာပဲ! ဒါဟာ တကယ့်ကို အီလီရှန် နတ်ဘုံနတ်နန်းလိုပါပဲ!” “ဒီလို လှပတဲ့ အမိမြေတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် သေရကျိုး နပ်ပါတယ်!”
“ခေါင်းဆောင် မက်ဆီမတ်စ်... ကျွန်တော်တို့ တကယ်ပဲ ဒီလို လှပတဲ့ အမိမြေအသစ်တစ်ခုကို ကိုယ်တိုင် တည်ဆောက်နိုင်ပါ့မလား?!” ဟု လူတစ်ဦးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ မက်ဆီမတ်စ်က ယုံကြည်မှုအပြည့်ဖြင့်— “ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ဒီပန်းတိုင်ကို မနားတမ်း ကြိုးစားသွားမယ်ဆိုရင် တစ်နေ့မှာ မလွဲမသွေ အောင်မြင်ရမှာပါ!” ဟု ဆိုလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အားတက်သွားကြသည်။ ဝိုင်အရှိန် အနည်းငယ်ရနေသလို ဟောပြောမှုကြောင့် စိတ်ဓာတ်တွေ တက်ကြွနေသော မက်ဆီမတ်စ်က ဆက်လက်၍— “ငါ မင်းတို့ကို ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်၊ နားထောင်ချင်ကြလား?”
“နားထောင်ချင်ပါတယ်!!!...” ရိက္ခာအဖွဲ့ဝင်ဟောင်းများက ပြိုင်တူ အော်ဟစ်ကြသည်။ “မက်ဆီမတ်စ်၏ ညစဉ်ပုံပြင်ပြောခြင်း” သည် သူတို့အတွက် အိပ်ရာမဝင်မီ ရှားရှားပါးပါး ဖျော်ဖြေရေးတစ်ခု ဖြစ်လာခဲ့သည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်သစ်များမှာလည်း မက်ဆီမတ်စ်သည် ပုံပြင်ပြောကောင်းသူတစ်ဦး ဖြစ်ကြောင်း သတင်းကြားထားသဖြင့် ယခုလို ကိုယ်တိုင်နားထောင်ခွင့်ရသည့်အတွက် စိတ်ဝင်စားနေကြသည်။ ကျွန်သစ်များမှာမူ ပုံပြင်တစ်ပုဒ်က အခြားသူများကို အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားစေသည်ကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြသည်။
မက်ဆီမတ်စ်သည် ဝိုင်တစ်ငုံ သောက်လိုက်ကာ ညဉ့်ကောင်းကင်ယံကို မော့ကြည့်ရင်း အသံကို နှေးနှေးမှန်မှန်ဖြင့် စတင်ပြောကြားလိုက်သည်— “ဒီပုံပြင်က အလွန်ဝေးကွာတဲ့ အရှေ့ဘက်အရပ်က ဒေသတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။ အဲဒီမှာ ကျယ်ပြန့်ပြီး မြေဆီလွှာ ကောင်းမွန်တဲ့ နယ်မြေတွေရှိသလို၊ နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီး လူဦးရေ သန်းပေါင်းများစွာ နေထိုင်ကြတယ်။ သူတို့ဟာ နှစ်ပေါင်းရာချီပြီး စစ်တိုက်ခဲ့ကြရာကနေ နောက်ဆုံးမှာ နိုင်ငံတစ်ခုက တခြားအင်အားစုတွေကို အပြတ်အသတ် ချေမှုန်းပြီး အရှေ့ဖျားဒေသကြီးတစ်ခုလုံးကို စုစည်းနိုင်ခဲ့တယ်။ မူအရဆိုရင်တော့ ရန်သူမရှိတော့တဲ့အတွက် ဘုရင်ဟာ စစ်ဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူတွေကို အေးချမ်းတည်ငြိမ်တဲ့ ဘဝတစ်ခု ပေးပြီး အိမ်ခြေယာခြေ ပြန်လည်တည်ဆောက်ခွင့် ပေးသင့်တာပေါ့။ ဒါပေမဲ့ အဲဒီဘုရင်ကတော့ ပြည်သူတွေကို အတင်းအကျပ် အလုပ်ကြမ်းခိုင်းပြီး မြို့ရိုးတွေ၊ ဂူဗိမာန်တွေ တည်ဆောက်ခိုင်းသလို တူးမြောင်းတွေလည်း မနားတမ်း တူးခိုင်းခဲ့တယ်။ နောက်ပြီး ရက်စက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပြီး အပြစ်အနည်းငယ်ရှိရုံနဲ့တင် မျက်လုံးဖောက်ထုတ်တာ၊ လက်ဖြတ်တာ၊ ခြေဖြတ်တာ စတဲ့ ပြစ်ဒဏ်တွေ ပေးခဲ့တယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဟာ နောက်ဆုံးမှာတော့ မခံမရပ်နိုင်ဖြစ်ပြီး အဲဒီအာဏာရှင်ဘုရင်ကို တော်လှန်ပုန်ကန်ခဲ့ကြရာကနေ အင်အားကြီးမားလှတဲ့ ဘုရင့်တပ်မတော်နဲ့ ရင်ဆိုင်ခဲ့ရတော့တာပဲ။ အဲဒီအချိန်မှာ တော်လှန်ရေးအဖွဲ့ပေါင်း ဆယ်ဂဏန်းလောက် ရှိပြီး အများစုကိုတော့ ကျဆုံးသွားတဲ့ နိုင်ငံတွေရဲ့ အထက်တန်းလွှာဟောင်းတွေက ဦးဆောင်ကြတယ်။ ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့ကတော့ လေလွင့်သူတစ်ယောက်က ဦးဆောင်ပြီး သူ့လက်အောက်မှာ လယ်သမားတွေ၊ သားသတ်သမားတွေ၊ သိုးထိန်းတွေ၊ ဓားပြတွေနဲ့ နောက်လိုက်တွေ စတဲ့ အောက်ခြေလူတန်းစားတွေပဲ ပါဝင်ကြတယ်။ ငါ အဓိကပြောပြမှာကတော့ အဲဒီလူရဲ့ အကြောင်းပဲ...”
..........................................
ညဉ့်နက်ပိုင်းသို့ ရောက်သောအခါ စားသောက်ပွဲကြီး ပြီးဆုံးသွားကာ မီးပုံများလည်း ငြိမ်းသတ်ပြီး ဖြစ်သည်။ စိုက်ပျိုးရေးခြံကြီးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကာ လူတိုင်း အိပ်မောကျစပြုနေပြီ ဖြစ်သည်။ မက်ဆီမတ်စ်၏ အခန်းအတွင်း၌မူ ရိက္ခာအဖွဲ့၏ အတွင်းစည်းအစည်းအဝေးကို စတင်နေဆဲဖြစ်သည်။ တက်ရောက်လာသူများမှာ မက်ဆီမတ်စ်၊ မီးဖိုချောင်ကိစ္စများကို တာဝန်ယူရသည့် အက်ခရိုနစ်၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ တာဝန်ခံ ပီဂါရစ်၊ ရိက္ခာဂိုဒေါင်ကို စီမံရသည့် ဂါယပ်စ်၊ ကာကွယ်ရေးတပ်မှူး ဖီဆာရိုစ်၊ ပီဂါရစ်က အကြံပြုထားသည့် တိရစ္ဆာန်မွေးမြူရေး ကျွမ်းကျင်သူ ဆက်ဆီပစ်စ်နှင့် မက်ဆီမတ်စ်က အထူးဖိတ်ကြားထားသည့် ကာစီယပ်စ် ဖလန်တီနပ်စ်တို့ ဖြစ်ကြသည်။ ထို့ပြင် မှတ်တမ်းတင်သူအဖြစ် မက်ဆီမတ်စ် တာဝန်ပေးထားသည့် ဗိုရီနပ်စ်လည်း ရှိနေသည်။
ယခင်ဘဝက အိမ်တွင်းအောင်း အလွတ်တန်းအလုပ်သမားတစ်ဦး ဖြစ်ခဲ့သည့်အတိုင်း မက်ဆီမတ်စ်သည် ညဉ့်အချိန်များတွင် အားအင်အရှိဆုံး ဖြစ်သည်။ ဤခေတ်ကာလတွင် ကွန်ပျူတာ သို့မဟုတ် အင်တာနက်နှင့် အခြား ခေတ်မီဖျော်ဖြေရေးများ မရှိသော်လည်း သူသည် အားလပ်ချိန်မရှိစေရန် စာသင်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်းများတွင် သူ၏ အားအင်များကို အသုံးချနေသည်။ သူသည် အခန်းတွင်းရှိ လူများကို ဝေ့ကြည့်လိုက်ရာ— စားဖိုမှူးများ၊ စီးပွားပျက်ကုန်သည်များ၊ လယ်သမားများ၊ အိမ်ကျွန်များ၊ ဂလေဒီယေတာများနှင့် အငြိမ်းစား စစ်မှုထမ်းဟောင်းများ— အမျိုးစုံသော နောက်ခံအသီးသီးမှ လာကြသူများဖြစ်သော်လည်း လူတိုင်းတွင် ကိုယ်ပိုင်အရည်အချင်း အနည်းနှင့်အများ ရှိကြသည်။
အားလုံး၏ အကြည့်တို့သည် မက်ဆီမတ်စ်ထံတွင် ရှိနေကြသည်။ အစောပိုင်းက အက်ခရိုနစ်နှင့် ပီဂါရစ်တို့သည် မက်ဆီမတ်စ်နှင့် အတူတကွ အလုပ်လုပ်ဖူးသဖြင့် သူ ရိက္ခာအဖွဲ့ကို တာဝန်ယူသည်ကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသော်လည်း၊ မနေ့က တိုက်ပွဲနှင့် ဒီည၏ ဟောပြောမှုအပြီးတွင်မူ ဖလန်တီနပ်စ် အပါအဝင် အားလုံးက မက်ဆီမတ်စ်ကို အကြွင်းမဲ့ လေးစားကြည်ညိုသွားကြပြီ ဖြစ်သည်။ သူ၏ ဉာဏ်ပညာသည် ကျွန်သစ်များ၏ သံသယများကို ဖယ်ရှားပေးနိုင်ခဲ့သလို ရှေ့ဆက်ရမည့် လမ်းကိုလည်း ထွန်းလင်းပေးနိုင်ခဲ့ရာ ဤသည်မှာ လူတိုင်း မလုပ်ဆောင်နိုင်သည့် အရာပင်ဖြစ်သည်။
“အချိန်က သိပ်မရှိတော့ဘူးဆိုတော့ ငါ တိုတိုပဲ ပြောမယ်” မက်ဆီမတ်စ်က ပြတ်သားစွာ ဆိုသည်။ “ငါတို့ ရိက္ခာအဖွဲ့မှာ ဆေးကုသရေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ လိုအပ်နေပြီ။ ဒဏ်ရာရသူတွေအားလုံးကို ငါတို့က တာဝန်ယူ ပြုစုရမှာ—”
အက်ခရိုနစ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်— “အာ... ဒဏ်ရာရတဲ့သူတွေက ရာနဲ့ချီရှိတာလေ! ကျွန်မတို့ဆီမှာ သူတို့ကို ပြုစုဖို့ လူအင်အားလည်း မလုံလောက်သလို၊ ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး!”
“ဒါက ခေါင်းဆောင်တွေ သတ်မှတ်ထားပြီးသားမို့ ငါတို့ မဖြစ်မနေ အကောင်အထည်ဖော်ရမယ်!” မက်ဆီမတ်စ်က ထိုတာဝန်ကို သူကိုယ်တိုင် စေတနာ့ဝန်ထမ်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း မသိစေရန် ဘာမှမတတ်နိုင်သည့်ပုံစံ ဖမ်းလိုက်သည်။ “စိတ်မပူပါနဲ့၊ ဒဏ်ရာရသူတွေကို ပြုစုရတာက သိပ်ပြီး မခက်ခဲသလို လူအင်အား အများကြီးလည်း မလိုပါဘူး။ နောက်ပြီး ခေါင်းဆောင်တွေကလည်း ရှေ့လျှောက် ငါတို့ ရိက္ခာအဖွဲ့ကို လူအင်အား ထပ်တိုးပေးမယ်လို့ ကတိပေးထားတယ်။”
သူတို့ကို ဆက်လက်ငြင်းခုံခွင့် မပေးတော့ဘဲ မက်ဆီမတ်စ်က ချက်ချင်းပင်— “ဖလန်တီနပ်စ်... မင်းတို့လူတွေထဲမှာ ဒဏ်ရာရသူတွေကို ပြုစုတာမှာ အကျွမ်းကျင်ဆုံးက ဘယ်သူလဲ?” ဟု မေးလိုက်သည်။ ဖလန်တီနပ်စ်က ခေတ္တ စဉ်းစားပြီးမှ— “ပူးထရီးယပ်စ် ဟောရေးစ် (Putrius Horace) ပါ။ သူက စိတ်ရှည်ပြီး ကြင်နာတတ်တယ်။ တိုက်ပွဲတွေပြီးရင် သူက ဒဏ်ရာရတဲ့ ရဲဘော်တွေကို အမြဲတမ်း ဦးဆောင်ပြုစုပေးလေ့ရှိတယ်” ဟု အဖြေပေးသည်။
“ဒါဆိုရင် သူ့ကိုပဲ ဆေးကုသရေးအဖွဲ့ရဲ့ တာဝန်ခံအဖြစ် ခေတ္တခန့်ထားလိုက်မယ်။ တကယ်လို့ သူ စွမ်းဆောင်ရည် မပြနိုင်ရင်တော့ ငါတို့ တခြားတစ်ယောက်နဲ့ ပြန်လဲတာပေါ့။ သူက မင်းတို့လူတွေထဲကနေ သူ့ကို ကူညီနိုင်မယ့်သူ အချို့ကိုလည်း လက်ထောက်အဖြစ် ရွေးချယ်နိုင်တယ်” မက်ဆီမတ်စ်က စကားကို အဆုံးသတ်ကာ အက်ခရိုနစ်ကို ကြည့်လိုက်သည်။ “ဒဏ်ရာတွေကို သန့်ရှင်းပေးတာ၊ ဆေးထည့်ပေးတာနဲ့ ပတ်တီးစည်းပေးတာတွေကိုတော့ အမျိုးသမီးတွေ ပိုပြီး လုပ်ဆောင်စေချင်တယ်။ ဒါကြောင့် မင်းတို့ မီးဖိုချောင်အဖွဲ့ထဲက အမျိုးသမီးတချို့ကို ဆေးကုသရေးအဖွဲ့သစ်ထဲ ခွဲဝေပေးရမယ်။ အထူးသဖြင့် ငယ်ရွယ်ပြီး အိမ်ထောင်မရှိသေးတဲ့သူတွေ ဖြစ်ရင် ပိုကောင်းတာပေါ့”
“ဘာရှင်! ကျွန်မတို့ မိန်းကလေးတွေကို အဲဒီယောက်ျားတွေကို ပြုစုခိုင်းမယ် ဟုတ်လား၊ အပျိုလေးတွေကိုမှလား?! မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒါက သိပ်ကို လွန်လွန်းတယ်! နောက်ပြီး မီးဖိုချောင်မှာလည်း လူအင်အားက မလောက်မငဖြစ်နေတာ၊ လူတွေ ထပ်လျော့သွားရင် ငါတို့ အလုပ်တွေကို ဘယ်လိုမှ နိုင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး!...” အက်ခရိုနစ်က ခေါင်းကို အတွင်တွင်ခါရမ်းလျက် အပြင်းအထန် ကန့်ကွက်နေတော့သည်။