အခန်း (၃၂) - အောင်ပွဲနှင့် သောက
စိုက်ပျိုးရေးခြံအတွင်း၌ ရောမစစ်ဗိုလ်ချုပ် ဂရာဘိုသည် အခြေအနေမဟန်တော့သည်ကို မြင်လျှင် မိမိလက်အောက်တွင် ကျန်ရှိနေသေးသော စစ်သည်အနည်းငယ်ကို အသည်းအသန် ထုတ်နုတ်သုံးစွဲလိုက်ရသည်။ ရှေ့နောက်ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံရမှုကြောင့် ရောမစစ်သည်များ အကျပ်ရိုက်သွားကြ၏။ ရောမတို့က စုစည်းမှုပြန်လည်ရရှိကာ ခြံဝင်း၏ ခံစစ်ကို အားဖြည့်ရန် ပြင်ဆင်နေချိန်မှာပင် ဟာမီလ်ကာသည် ရာနှင့်ချီသော စစ်သည်များနှင့်အတူ အချိန်မီ ရောက်ရှိလာသည်။ ထိုသူပုန်များတွင် လက်နက်စွဲကိုင်ထားသူဟူ၍ မရှိသလောက်ပင်။ သို့သော် ကျွန်ဘဝမှ ပေါက်ဖွားလာကာ ပိန်လှီကျုံ့လှော်နေသော ထိုလူသားတို့၏ ရင်ထဲ၌မူ ရောမတို့အပေါ် ထားရှိသည့် နာကြည်းချက်များက မီးတောင်ကဲ့သို့ ပေါက်ကွဲနေပြီဖြစ်သည်။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ဖြင့် အတင်းတိုးဝင်ကြသည်၊ လက်သီးဖြင့် ထိုးနှက်ကြသည်၊ နောက်ဆုံးတွင် သွားဖြင့်ပင် ကိုက်ခဲကြ၏။ သွေးရူးသွေးတန်း ဖြစ်နေသော သူတို့၏ ပုံသဏ္ဌာန်မှာ မြင်ရသူအပေါင်းကို တုန်လှုပ်ချောက်ချားစေသည်။ ရောမစစ်သည်တို့သည် ထိတ်လန့်တကြား အော်ဟစ်ရင်း လုံးဝဥဿုံ ပြိုလဲပျက်စီးသွားကြတော့သည်။
"အတွင်းထဲအထိ ထိုးဖောက်ကြစို့။ ငါ့နောက်က လိုက်ခဲ့ကြ..."
ဟာမီလ်ကာသည် ဓားကို မြှောက်ယမ်းကာ ဟိန်းဟောက်၍ ရှေ့ဆုံးမှ တိုးဝင်သည်။ စိုက်ပျိုးရေးခြံအတွင်းရှိ ရောမစစ်သည်တို့က တံခါးကို ပိတ်ရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ။ ရှေးဦးစွာ စစ်မြေပြင်မှ ကျရှုံးထွက်ပြေးလာသော စစ်သည်များက အတွင်းသို့ အတင်းတိုးဝင်ကြရာ အစောင့်စစ်သည်တို့မှာ မိမိတို့ ရဲဘော်များကို ဓားဖြင့်ထိုးရန် ဝေခွဲမရဖြစ်နေစဉ်မှာပင် အတွင်းပိုင်း ခံစစ်ကြောင်းမှာ ဖရိုဖရဲ ပျက်စီးသွားတော့သည်။ သူပုန်စစ်သည်တို့သည် ရေလှိုင်းကဲ့သို့ အလုံးအရင်းနှင့် တိုးဝင်လာကာ ခြံဝင်းအတွင်း လမ်းပျောက်နေသော ရောမတို့ကို အရူးအမူး တိုက်ခိုက်ကြတော့သည်။
အကယ်၍ ဤရောမစစ်သည်သစ်များသည် စစ်ဗျူဟာအတိုင်း စနစ်တကျ ပြန်လည်ခုခံနိုင်ခဲ့ပါက သူတို့၏ အဆင့်မြင့်လက်နက်ကိရိယာများဖြင့် ရန်သူကို တောင့်ခံထားနိုင်ကောင်းပါ၏။ သို့သော် ယခုမူ ဖရိုဖရဲ အခြေအနေကြားတွင် သူပုန်တို့၏ ရက်စက်ကြမ်းကြုတ်သော အော်ဟစ်သံများသည် သူတို့၏နားထဲ၌ သေမင်း၏ အမိန့်တော်သံများကဲ့သို့ ပဲ့တင်ထပ်နေသည်။ သူတို့သည် စိတ်ဓာတ်များ လုံးဝပြိုလဲသွားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက် ဒူးထောက်အရှုံးပေးလိုက်ကြရတော့သည်။
အဓိက အဆောက်အအုံ၏ လသာဆောင်ပေါ်တွင် ရပ်နေသော ဂရာဘိုသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း မျက်နှာလွှဲလိုက်မိသည်။ ခြံဝင်းအပြင်ဘက်တွင်မူ ရောမစစ်စခန်းတစ်ခုလုံး မီးဟုန်းဟုန်းတောက်နေပြီ ဖြစ်သည်။ ကျိန်စာသင့်အပ်သော ကျွန်များမှာ သားရဲတိရစ္ဆာန်များကဲ့သို့ ထွက်ပြေးနေသော ရောမစစ်သည်များကို မဲမဲမြင်သမျှ လိုက်လံသတ်ဖြတ်နေကြရာ တစ်စခန်းလုံးတွင် နာကျင်စွာ အော်ဟစ်သံများသာ ဖုံးလွှမ်းနေတော့၏။ ဂရာဘိုသည် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ မိမိ၏ စစ်ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြန်ပြင်ဝတ်လိုက်၏။ ဓားတိုကို ကိုင်စွဲလျက် လှေကားမှ ဆင်းလာပြီး-
"ငါဟာ ရောမရဲ့ တရားစီရင်ရေးအရာရှိ၊ ဒီစစ်တပ်ရဲ့ တပ်မှူးကြီး ဂါယပ်စ် ကလောဒီယပ်စ် ဂရာဘို ဖြစ်တယ်။ ငါ အရှုံးပေးဖို့ အသင့်ရှိတယ်၊ ဒါကြောင့်—"
စကားပင် မဆုံးသေးမီမှာပင် လူတစ်ယောက် ရှေ့သို့ ပြေးတက်လာကာ ဂရာဘို၏ မျက်နှာကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်ရာ သူသည် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။
"တောက်... မင်းက အခု အကျဉ်းသားပဲ၊ ဘာတွေ စကားများနေတာလဲ"
လက်ရဲဇာတ်ရဲ ရှိလှသော ထိုလူမှာ တော်ကွာတို ဖြစ်သည်ကို မက်ဆီမတ်စ် မှတ်မိလိုက်သည်။
............
စပါတာကပ်စ်သည် သူ၏အဖွဲ့ကို ဦးဆောင်ကာ ရောမစစ်စခန်းသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ သူ တွက်ဆထားသည့်အတိုင်းပင် စခန်း၏ ပတ်လည်တွင် မည်သည့် ခံစစ်အစီအမံမျှ မရှိသလို ကင်းစောင့်ပင် မရှိဘဲ အားလုံး နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။ စပါတာကပ်စ်သည် ချက်ချင်း အလစ်ဝင်တိုက်ခြင်း မပြုသေးဘဲ ဦးစွာ စခန်း၏ အခြေအနေကို အကဲခတ်လိုက်၏။ ထို့နောက် ခရောစ်၊ အီနိုမေးနှင့် အန်တိုနစ်တို့ကို ညွှန်ကြားကာ အရပ်သုံးမျက်နှာမှ စတင်တိုက်ခိုက်စေသည်။
သူတို့သည် တဲနန်းများကို မီးရှို့ကြသည်၊ အိပ်ပျော်နေသော ရောမစစ်သည်များကို သတ်ဖြတ်ကြသည်။ စပါတာကပ်စ် ကိုယ်တိုင်မူ စစ်စခန်း၏ အလယ်ဗဟိုသို့ တပ်ဖွဲ့ငယ်တစ်ခုနှင့်အတူ တိုးဝင်သွားသည်။ စခန်းအတွင်း သတ်ဖြတ်သံများနှင့် ရှုပ်ထွေးမှုများ လွှမ်းမိုးသွားသည်နှင့် သူတို့သည် ဗဟိုတပ်စခန်းတဲကြီးဆီသို့ တိုက်ရိုက်ဦးတည်ကာ အစောင့်များကို သတ်ဖြတ်ပစ်လိုက်ကြသည်။ ဂရာဘို၏ ကိုယ်စား စခန်းကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သော ဗစ်ဒ်နီးယပ်စ်ကိုလည်း ခေါင်းဖြတ်သတ်လိုက်ရာ ရောမစခန်းမှာ ဦးဆောင်သူမဲ့ကာ မည်သို့မျှ မခုခံနိုင်တော့ဘဲ ပြိုလဲသွားတော့သည်။
သူပုန်တပ်သားတို့သည် ရောမစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း အလုပ်က မပြီးသေးပေ။ ဖမ်းဆီးရမိသော အကျဉ်းသားများကို စစ်မေးကြည့်ရာ သုံးမိုင်ခန့်အကွာရှိ သံလွင်ဆီခြံတစ်ခုတွင် ရောမစစ်ကူတပ်သား ၂၀၀ ခန့် တပ်စွဲထားပြီး ရိက္ခာအချို့ သိုလှောင်ထားကြောင်း စပါတာကပ်စ် သိရှိလိုက်ရသည်။ ပင်ပန်းနွမ်းနယ်နေသော်လည်း သူသည် စစ်သည် ၃၀၀ ကို ချက်ချင်း ဦးဆောင်ကာ ထိုနေရာသို့ ချီတက်သွားခဲ့သည်။
ထိုနေရာရှိ ကမ်ပေးနီးယား စစ်ကူတပ်သားများသည် စပျစ်ခြံဘက်မှ မီးဟုန်းဟုန်းတောက်နေသည်ကို မြင်ကာ သတ်ဖြတ်သံများကိုလည်း ကြားနေရသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဘာဖြစ်နေမှန်း တိတိကျကျ မသိသဖြင့် ညဉ့်နက်သန်းခေါင်တွင် သွားရောက်စုံစမ်းရန်လည်း မဝံ့ရဲကြပေ။ အမိန့်မရှိဘဲ ထွက်ပြေးပါကလည်း ရောမတို့၏ ပြင်းထန်သော အပြစ်ပေးမှုကို ကြောက်ရွံ့နေကြသည်။ စခန်းမှ ထွက်ပြေးလာသော စစ်သည်များ ရောက်ရှိလာပြီး "ရန်သူက စခန်းကို အလစ်ဝင်တိုက်လို့ ရောမတပ်ကြီး အလဲအကွဲ ရှုံးနိမ့်သွားပြီ" ဟု သတင်းစကားကြားမှပင် ကပျာကယာ ထုပ်ပိုးထွက်ပြေးရန် ပြင်ကြသော်လည်း စပါတာကပ်စ်နှင့် သူ၏ တပ်ဖွဲ့များက ကြိုတင်ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။
စပါတာကပ်စ်သည် ဖမ်းဆီးရမိသော အကျဉ်းသားများနှင့် ရိက္ခာလှည်းများကို ဦးဆောင်ကာ စပျစ်ခြံသို့ ပြန်လည်ရောက်ရှိချိန်တွင် အရှေ့ဘက်မိုးကုပ်စက်ဝိုင်း၌ အရုဏ်ဦးအလင်းရောင် စတင်ယှက်သန်းနေပြီ ဖြစ်သည်။ တောင်ကုန်းပေါ်တွင် တစ်ညလုံး တိုက်ပွဲဝင်ခဲ့သော်လည်း ပင်ပန်းသည်ဟု မထင်ရသော စစ်သည်များ၏ ရယ်မောသံ၊ စကားပြောသံများဖြင့် ဆူညံနေ၏။ အချို့က ညက သူတို့၏ စွမ်းဆောင်ရည်များကို ကြွားလုံးထုတ်နေကြသည်၊ အချို့က ရောမတို့ဆီမှ ချွတ်ယူထားသော ချပ်ဝတ်တန်ဆာများကို ဝတ်ကြည့်နေကြသည်၊ အချို့ကလည်း သိမ်းဆည်းရမိသော စစ်မြင်းများကို စမ်းသပ်စီးနင်းနေကြသည်။
စပါတာကပ်စ် ပြန်ရောက်လာသည်ကို မြင်လျှင် အားလုံးက လက်မောင်တန်းကာ ကြွေးကြော်နှုတ်ဆက်ကြ၏။
"စပါတာကပ်စ်... စပါတာကပ်စ်... စပါတာကပ်စ်..."
အခြားသော ခေါင်းဆောင်များသည်လည်း ဆူညံသံများကြောင့် ခြံအတွင်းမှ ထွက်လာကာ ကြိုဆိုကြသည်။
"စပါတာကပ်စ်... မင်း ဒီတစ်ခေါက်တော့ အတော်လေး အမြတ်ထွက်ခဲ့ပုံပဲ" ဟာမီလ်ကာက ပြုံးလျက် နှုတ်ဆက်သည်။
"ဟုတ်တယ်၊ တကယ့်ကို အမြတ်ကြီး ထွက်ခဲ့တာ" စပါတာကပ်စ်က မျက်နှာဝင်းပစွာဖြင့် ပြန်ပြောသည်။ "ကမ်ပေးနီးယား စစ်ကူတပ်သား တစ်ရာကျော်ကို ဖမ်းမိခဲ့တယ်၊ ရိက္ခာတွေအများကြီးနဲ့ လက်နက်ကိရိယာ အစုံအလင်ကိုလည်း လှည်းတွေနဲ့ သယ်လာခဲ့တယ်။ ဒါ့အပြင် ရောမတပ်ရဲ့ ကျွန်တွေကိုလည်း အများကြီး ကယ်ထုတ်နိုင်ခဲ့တယ်"
"သိပ်ကောင်းတာပဲ။ အခုတော့ လက်နက်မရှိတာကို ခဏတာ စိတ်ပူစရာ မလိုတော့ဘူး" ခရောစ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"ဒီဘက်က အခြေအနေ ဘယ်လိုလဲ၊ ငါတို့ဘက်က ဘယ်လောက် ထိခိုက်မှု ရှိသလဲ" စပါတာကပ်စ်က စိုးရိမ်တကြီး မေးမြန်းသည်။
ဟာမီလ်ကာက ပြန်လည်ဖြေကြားသည်မှာ- "ငါတို့ဘက်က ၈၆ ယောက် ကျဆုံးပြီး ၄၂ ယောက် ဒဏ်ရာရခဲ့တယ်။ ဒါပေမဲ့ ဒဏ်ရာတွေကတော့ မပြင်းထန်ပါဘူး။ ရန်သူ့ဘက်ကတော့ ၁၂၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ် (အဲဒီထဲက ထက်ဝက်ကျော်က မှောင်ထဲမှာ သူတို့အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နင်းမိကြတာပါ)။ အကျဉ်းသား ၁၀၀၀ နီးပါး ဖမ်းမိခဲ့တယ်၊ အဲဒီထဲမှာ သူတို့တပ်မှူး ဂရာဘိုလည်း ပါတာပေါ့။ သိမ်းဆည်းရမိတဲ့ လက်နက်တွေကိုတော့ အသေးစိတ် စာရင်းမလုပ်ရသေးဘူး။ အလစ်ငိုက်တိုက်ပွဲဖြစ်တော့ ရောမတွေက လက်နက်နဲ့ ချပ်ဝတ်တွေကို စခန်းထဲမှာ ထားခဲ့ကြတာဆိုတော့ ငါတို့အတွက်တော့ အတော်လေး အဆင်ပြေသွားတယ်။ အခုတောင် ငါတို့ ညီအစ်ကို တော်တော်များများက ရောမချပ်ဝတ်တွေကို ဝတ်ထားကြပြီလေ—"
"သူတို့ ဝတ်ပါစေ၊ ဒါတွေက ငါတို့ သုံးဖို့ပဲလေ။ အစကတည်းက ငါတို့မှာ လက်နက်နဲ့ ချပ်ဝတ်တွေ ပြည့်ပြည့်စုံစုံ ရှိခဲ့ရင် ဒီလောက် ညီအစ်ကိုတွေ အများကြီး ဆုံးရှုံးရမှာ မဟုတ်ဘူး"
စပါတာကပ်စ်က ဝမ်းနည်းစွာဖြင့် ပြောလိုက်ရာ အားလုံး တိတ်ဆိတ်သွားကြသည်။ ထို့နောက် စပါတာကပ်စ်က အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်၏။ "မက်ဆီမတ်စ်... မနက်စာ အဆင်သင့်ဖြစ်ပြီလား။ ငါတို့ အတော်လေး ဗိုက်ဆာနေပြီ"
"ရိက္ခာအဖွဲ့သားတွေ တောင်ပေါ်က ပြန်ရောက်တာ မကြာသေးဘူး၊ မီးဖိုချောင်မှာ အလုပ်ရှုပ်နေကြတုန်းပဲ။ ခဏတော့ စောင့်ရမယ်" ဟု မက်ဆီမတ်စ်က မှန်ရာကို ဖြေလိုက်သည်။
စပါတာကပ်စ်က စနောက်ကာ မိမိဗိုက်ကို ပွတ်ပြရင်း "အိုး... ငါတို့တော့ ဆာလွန်းလို့ သေတော့မှာပဲ—"
"စပါတာကပ်စ်... ခရောစ်... အီနိုမေး... အန်တိုနစ်... ဟာမီလ်ကာ..."
မြင်းစီးစစ်သည်တစ်ဦး အသည်းအသန် ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။ "ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေပြီ..."
"အိုမာကယ်... မလောပါနဲ့။ ဘာဖြစ်တာလဲ" စပါတာကပ်စ်က တည်ငြိမ်စွာ မေးလိုက်သည်။
"ကျွန်တော် သိမ်းဆည်းရမိတဲ့ မြင်းတွေနဲ့ အနောက်ဘက်ကို ထွက်ပြေးနေတဲ့ ရောမတွေကို လိုက်ဖမ်းနေတုန်း မဝေးလှတဲ့ နေရာမှာ—" အိုမာကယ်က နောက်ဘက်သို့ လက်ညှိုးထိုးပြရင်း ဝမ်းနည်းပက်လက် ပြောရှာသည်။ "အဲဒီမှာ အလောင်းတွေ... အများကြီးပဲ။ ဖမ်းမိထားတဲ့ ရောမစစ်သားက ပြောတယ်... တပ်မှူးရဲ့ အမိန့်နဲ့ မနေ့ညနေက အကျဉ်းသားအားလုံးကို သတ်ပစ်လိုက်ကြတာတဲ့။ ငါတို့ ညီအစ်ကိုတွေလေ... စုစုပေါင်း ၉၀၀ ကျော်တောင်ဗျာ၊ ၉၀၀ ကျော်!"
စပါတာကပ်စ်နှင့် အခြားသူများ၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြတော့သည်။
............
စိုက်ပျိုးရေးခြံကြီးတွင် ရေသွင်းစိုက်ပျိုးရန်အတွက် ရောမဘိလပ်မြေဖြင့် တည်ဆောက်ထားသော ဘဲဥပုံ ရေကန်ကြီးတစ်ခု ရှိသည်။ ယခုမူ ထိုကန်ထဲတွင် လူသေလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေပြီ။ မျက်လုံးအစုံ ပြူးကျယ်လျက်၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာများ၊ ရင်ဘတ်တွင် ဓားဒဏ်ရာများစွာနှင့် သွေးခြောက်များ ဖုံးလွှမ်းနေသော ထိုရုပ်အလောင်းများသည် သေဆုံးခါနီးတွင် မည်မျှအထိ နာကျင်စွာ ရုန်းကန်ခဲ့ရသည်ကို ထင်ရှားစွာ ပြသနေ၏။
မက်ဆီမတ်စ်သည် ကန်နားတွင် တိတ်ဆိတ်စွာ ရပ်နေရင်း အနီးအနားမှ ရုပ်အလောင်းတစ်ခုဆီသို့ အကြည့်ရောက်သွားသည်။ ဆံပင်ဖြူဖြူ၊ ပိန်လှီလှသော ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ရှိနေသော ထိုရုပ်အလောင်းမှာ...။ မက်ဆီမတ်စ် မှတ်မိပါသည်၊ သူမသည် ရိက္ခာအဖွဲ့မှ ဆာရာယာ ဖြစ်သည်။ သူမကို ရိက္ခာအဖွဲ့သို့ စတင် တာဝန်ပေးစဉ်က သူမ၏ အိုမင်းမစွမ်းဖြစ်နေသော ပုံစံကို ကြည့်ကာ သနားမိသဖြင့် မီးဖိုချောင်တွင် သက်သာသော အလုပ်များသာ ပေးရန် ဟာမီလ်ကာကို မက်ဆီမတ်စ် တောင်းဆိုပေးခဲ့ဖူးသည်။ ဆာရာယာသည် အမြဲတမ်း ကျေးဇူးတင်တတ်သူဖြစ်ပြီး မက်ဆီမတ်စ်နှင့် တွေ့တိုင်း နွေးထွေးစွာ နှုတ်ဆက်လေ့ရှိသည်။ တစ်ခါတစ်ရံ မက်ဆီမတ်စ် ရေငတ်နေလျှင် သိုးနို့တစ်ခွက်ကို အမြဲ ကမ်းပေးတတ်သည်။ သိုးနို့မှာ ပုံမှန်အားဖြင့် အနံ့ပြင်းသော်လည်း သူမ ပြုပြင်ပေးထားသော သိုးနို့မှာမူ ချိုချဉ်အရသာလေးဖြင့် သောက်လို့ အလွန်ကောင်းလှသည်။ မက်ဆီမတ်စ်သည် ထိုအဘွားအို၌ ထိုကဲ့သို့ လက်ရာမျိုး ရှိလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူ ရိက္ခာအဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးနောက် နောက်ရက်အနည်းငယ်အတွင်း ဆာရာယာကို သိုးနို့ပြင်ဆင်ပေးသည့် အလုပ်တွင်သာ သီးသန့်တာဝန်ပေးရန်ပင် စိတ်ကူးထားခဲ့သေးသည်။ သို့သော် ယခုမူ...။