အခန်း-၁၁ ဗီဆူးဗီးယပ်စ်တောင်ခြေမှ ညစာ
မက်ဆီမတ်စ်က သတိပေးရန်ပင် မလိုတော့ဘဲ တောင်ဘက်လွင်ပြင်ထက်၌ ထိုးထွက်ကာ တိမ်စိုင်များထဲအထိ မြင့်မားစွာ မားမားမတ်မတ် တည်ရှိနေသော ကုန်းချွန်တောင်ထိပ်ကြီးကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ထိုတောင်ကြီး၏ အထက်ပိုင်းသည် မည်းမှောင်အုံ့မှိုင်းနေပြီး အောက်ခြေတစ်ဝိုက်မှာမူ စိမ်းလန်းစိုပြည်နေသည်။ တောင်ထိပ်တစ်ဝိုက်တွင် မှိန်ဖျဖျ မီးခိုးငွေ့တန်းများ ဝဲပျံနေ၏။
အဖွဲ့သားအားလုံးသည် အီတလီ၏ ထင်ရှားဆန်းကြယ်သော ထိုတောင်ကြီးကို ကြည့်ကာ ဆွံ့အလျက် မှင်သက်နေကြသည်။ ရဲတင်းလှသော ခရောစ်ပင်လျှင် အနည်းငယ် စိုးရိမ်တကြီးဖြင့် တံတွေးမြိုချရင်း "ဒါ... ဗီဆူးဗီးယပ်စ်တောင်လား" ဟု တိုးညင်းစွာ မေးလိုက်မိသည်။
"ဟုတ်တယ်" စပါတာကပ်စ် က တစ်စုံတစ်ရာကို နှောင့်ယှက်မိမည် စိုးရိမ်သကဲ့သို့ လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။ "အဲဒါ ငါတို့သွားမယ့်နေရာ၊ နတ်ဘုရား ဟီဗစ္စတိုရဲ့ ပန်းပဲဖိုကြီးပေါ့"
ဗီဆူးဗီးယပ်စ်တောင်ကို မြင်နေရပြီ ဖြစ်သော်လည်း ခရီးမှာ အတော်ဝေးကွာသေးသည်။ ယခုအခါ နေဝင်ရီတရော အချိန်ရောက်နေပြီဖြစ်ရာ ဂလေဒီယေတာများသည် ညဘက် ခရီးမဆက်လိုကြတော့ပေ။ အနီးအနားရှိ လယ်တောအိမ်တစ်လုံးကို မြင်လိုက်သောအခါ သူတို့ အပြေးအလွှား သွားကြသည်။
ထိုခြံဝင်းမှာ သိပ်မကြီးဘဲ သစ်သားချောင်းများနှင့် ချုံပုတ်တိုများကို ကျစ်ကျစ်လျစ်လျစ် ယက်လုပ်ထားသော ခြံစည်းရိုးဖြင့် ကာရံထားသည်။ ၎င်းမှာ လူစိမ်းများ မဝင်ရန် နယ်နိမိတ်အမှတ်အသားမျှသာ ဖြစ်သဖြင့် ကြောက်မက်ဖွယ် ဂလေဒီယေတာများအတွက်မူ အတားအဆီး မဖြစ်ခဲ့ပေ။ သူတို့သည် ခြံစည်းရိုးကို ဖြတ်ကျော်ကာ သစ်သားတံခါးကို ကန်ဖွင့်ဝင်လိုက်သောအခါ ခြံဝင်းအတွင်း၌ ကြောက်လန့်တုန်ရီနေသော လူခုနစ်ဦး ရှစ်ဦးခန့်ကို တွေ့လိုက်ရသည်။ သူတို့သည် ထွက်မပြေးဘဲ အလယ်မှ လူငယ်တစ်ဦးကို ဝိုင်းရံကာ ကာကွယ်ထားကြသည်။
အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက သတ္တိမွေးကာ "မင်းတို့... မင်းတို့ ဘယ်သူတွေလဲ။ သခင် ဒိုင်အိုနီဆပ်စ်ရဲ့ မြေပေါ်ကို ဘယ်လိုများ... ကျူးကျော်ဝင်ရောက်ဝံ့တာလဲ" ဟု အော်ဟစ်မေးမြန်းသည်။ သူ၏ စကားမဆုံးမီမှာပင် အနီးရှိ မြေခွေးရောင် ခွေးတစ်ကောင်က ပို၍ကျယ်လောင်စွာ ဟောင်တော့သည်။
ခရောစ်သည် တွန့်ဆုတ်မနေဘဲ ရှေ့သို့တိုးကာ ကန်လိုက်သည်။ ခွေးမှာ နာကျင်စွာ အော်ဟစ်ရင်း နံရံသို့ လွင့်စင်သွားပြီး ခြေထောက်များ တဆတ်ဆတ်တုန်ကာ မြေပြင်ပေါ်၌ ငြိမ်ကျသွားသည်။ ခြံဝင်းအတွင်းရှိ လူများမှာ မျက်နှာများ ပြာနှမ်းကုန်ကြ၏။
စပါတာကပ်စ် က သူတို့ကို စဉ်းစားဟန်ဖြင့် ကြည့်ကာ "ဒိုင်အိုနီဆပ်စ်ဆိုတာ ဘယ်သူလဲ။ နာမည်အရဆိုရင် ဂရိလူမျိုးလား" ဟု မေးလိုက်သည်။
ထိုလူငယ်က အရှက်ရသွားဟန်ဖြင့် တုန်ရီနေသော လေသံဖြင့် "ငါ့... ငါ့အဖေက ရောမနိုင်ငံသား၊ နာပိုလက်မြို့ရဲ့ အရေးပါတဲ့ ကောင်စီဝင်တစ်ယောက်ပဲ။ သူက ငါ့အတွက် ရွေးနုတ်ဖိုး ပေးနိုင်လောက်အောင် ချမ်းသာတယ်။ ဒါပေမဲ့ မင်းတို့သာ... ငါ့ကို ရန်ပြုရဲရင် သူက နာပိုလက် စစ်တပ်ကို လွှတ်ပြီး မင်းတို့ကို လိုက်လံ..."
"နာပိုလက် စစ်တပ်က ကာပူအာ စစ်တပ်ထက် ပိုတောင့်တင်းမယ် ထင်လို့လား" ဟု ခရောစ်က လူငယ်၏စကား မဆုံးသေးခင်မှာပင် အထင်အမြင်သေးစွာ လှောင်ပြောင်ပြောဆိုလိုက်ရာ ဂလေဒီယေတာများကြား၌ ရယ်သံများ ထွက်ပေါ်လာသည်။
သို့သော် စပါတာကပ်စ် က တည်ငြိမ်စွာပင် "ငါတို့က ဓားပြတွေမဟုတ်ဘူး။ ငါတို့က လွတ်လပ်မှုအတွက် ရောမကို တိုက်ခိုက်နေတဲ့ စစ်သည်တော်တွေပဲ" ဟု ပြန်ပြောသည်။
ထိုလူငယ်သည် သူ၏ ခံစားချက်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း စပါတာကပ်စ် ကို ကြည့်သော သူ၏ အကြည့်မှာ လူပြက်တစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
စပါတာကပ်စ် က ဂရုမစိုက်ဘဲ ကျန်လူများကို ဝေ့ကြည့်လိုက်သည်။ "မင်းတို့အားလုံးက ကျွန်တွေလား"
အံ့သြစရာကောင်းသည်မှာ အသက်ကြီးပိုင်း အမျိုးသားက သူ၏ ကြောက်စိတ်ကို မေ့လျော့ကာ ဂုဏ်ယူစွာဖြင့် "ကျွန်တော်က ရောမနိုင်ငံသားပါ" ဟု ပြောလိုက်ခြင်းပင်။
"ကျွန်တော်... ကျွန်တော်က ကျွန်ဘဝက လွတ်မြောက်လာသူပါ" ဟု အခြားနှစ်ဦးက ပြိုင်တူဖြေသည်။
ကျန်လေးဦးမှာမူ တုံ့ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ကာ သူတို့သည် ကျွန်များဖြစ်ကြောင်း ဝန်ခံကြသည်။
"ငါတို့နဲ့ ပူးပေါင်းမလား" စပါတာကပ်စ် က သူတို့ကို ကြင်နာသော လေသံဖြင့် မေးသည်။ "ဒါဆိုရင် မင်းတို့ လွတ်လပ်ခွင့်ရမယ်၊ ဖိနှိပ်ခံရမှာကိုလည်း မကြောက်ရတော့ဘူး"
ကျွန်လေးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် စကားတစ်လုံးမှ မပြောဘဲ ခေါင်းငုံ့သွားကြသည်။
"ကိုယ့်ကိုယ်ကိုယ် လိမ်မနေပါနဲ့။ သူတို့အားလုံးက... ငါ့အိမ်သားတွေပဲ။ သူတို့က ဓားပြလုပ်ဖို့ ထွက်သွားမှာ မဟုတ်ဘူး..." ထိုလူငယ်က ဝင်ပြောရာ ခရောစ်က သူ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။ လူငယ်သည် နောက်သို့ လဲကျသွားပြီး နှာခေါင်းမှ သွေးများ စီးကျလာသည်။
"ပါးစပ်ပိတ်ထား စောက်ကလေး၊ မဟုတ်ရင် မင်းအသက် ပျောက်သွားမယ်" ခရောစ်က ကြိမ်းမောင်းလိုက်ပြီးမှ ကျွန်များဘက်သို့ လှည့်ကာ "မင်းတို့ ဆက်ပြီး နှုတ်ဆိတ်နေဦးမယ်ဆိုရင် ငါ မင်းတို့ကို အပိုင်းပိုင်းခုတ်ပြီး ခွေးကျွေးပစ်မယ်" ဟု ခြိမ်းခြောက်လိုက်သည်။
ထိတ်လန့်နေသော ကျွန်များမှာ တစ်ကိုယ်လုံး တုန်ရီနေသော်လည်း ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါကြသည်။
ခရောစ်သည် ဒေါသထွက်ကာ သူ၏ ဓားတိုကို ဆွဲထုတ်ပြီး လေထဲတွင် နှစ်ချက်ခန့် ဝေ့ယမ်းလိုက်သည်။ "ကျေးဇူးမသိတဲ့ ကောင်တွေ။ မင်းတို့ကို အသက်ချန်ထားလို့ ဘာထူးမှာလဲ"
ကျွန်များသည် ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် အသည်းအသန် တောင်းပန်ကြတော့သည်။
"တော်တော့ ခရောစ်" စပါတာကပ်စ် ၏ မျက်နှာ ညိုမည်းသွားသော်လည်း သူ၏ ဒေါသကို ထိန်းချုပ်ကာ "ငါတို့ ညီအစ်ကိုတွေ တစ်နေ့လုံး ပင်ပန်းလာကြတယ်၊ ဗိုက်လည်း ဆာနေကြပြီ။ ဟာမီလ်ကာ၊ မင်းနဲ့ မက်ဆီမတ်စ် ဒီလူတွေကို ခေါ်သွားပြီး အစားအသောက် ပြင်ခိုင်းလိုက်။ သူတို့ မပူးပေါင်းရင် မင်းတို့ စိတ်ကြိုက်သာ စီရင်တော့" ဟု တည်ကြည်စွာ ပြောလိုက်သည်။
ထို့နောက် စပါတာကပ်စ် က မြေပြင်ပေါ် လဲနေသော လူငယ်ကို ကြည့်ကာ "အန်တိုနစ်၊ ဒီကောင်ကို အထဲခေါ်သွား။ ငါ သူ့နဲ့ သေသေချာချာ စကားပြောဖို့ လိုတယ်" ဟု ဆက်ပြောသည်။
အန်တိုနစ်က ရှေ့သို့တိုးကာ ကြောက်လန့်နေသော လူငယ်ကို ကြက်ကလေးတစ်ကောင်ကဲ့သို့ မကာ ခေါ်သွားသည်။
"မင်းတို့... မင်းတို့ ဘာလုပ်မလို့လဲ..." အသက်ကြီးပိုင်း အမျိုးသားက အန်တိုနစ်ကို တားရန် ရှေ့သို့ တိုးလာသော်လည်း တွန်းထုတ်ခြင်း ခံလိုက်ရသဖြင့် မြေပေါ် လဲကျသွားသည်။
သူသည် လျင်မြန်စွာ ပြန်ထကာ အကြိမ်ကြိမ် ဦးချရင်း "တောင်းပန်ပါတယ်၊ ကျွန်တော့် သခင်လေးကို အသက်ချမ်းသာပေးပါ၊ တောင်းပန်ပါတယ်..."
"ခိုင်းတာကို ကောင်းကောင်းလုပ်။ မင်းတို့ ကောင်းကောင်းလုပ်ရင် မင်းတို့ သခင်လေးကို အသက်ချမ်းသာပေးဖို့ ငါတို့ စဉ်းစားပေးမယ်" ဟု ဟာမီလ်ကာက အေးစက်စက် ပြန်ပြောသည်။
အသက်ကြီးပိုင်း အမျိုးသားသည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသဖြင့် အမြန်ထရပ်ကာ "ခိုင်းပါ ခင်ဗျာ၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ပါ့မယ်" ဟု ဖော်ဖော်ရွေရွေ ပြောသည်။
"သိုး ဘယ်နှစ်ကောင် ရှိလဲ" ဟု ဟာမီလ်ကာက လယ်တောအိမ်၏ ဘေးဘက်သို့ ကြည့်ကာ မေးလိုက်သည်။ ဂလေဒီယေတာများ ခြံထဲသို့ အလုံးအရင်း ဝင်လာစဉ်က ဆူညံသံများ ထွက်ပေါ်ခဲ့သော်လည်း သိုးအော်သံများကိုမူ ရှင်းလင်းစွာ ကြားနေရသည်။
"လေးဆယ့်ငါးကောင်ပါ" ဟု ထိုသူက ဖြေသည်။
"သိုးသတ်တတ်တဲ့သူ ဘယ်သူရှိလဲ" ဟာမီလ်ကာက ထပ်မေးသည်။
အသက်ကြီးပိုင်း အမျိုးသားက လူနှစ်ဦးကို ညွှန်ပြသည်။
"အကောင်နှစ်ဆယ်ကို ချက်ချင်းသတ်ပြီး ဟင်းချက်ဖို့ ပြင်တော့"
"နှစ်ဆယ်?" ထိုသူမှာ တုံ့ဆိုင်းသွားပြီး မပေးချင်သလို ဖြစ်နေသည်။ "ဒါတွေက သိုးမွေးကောင်းကောင်း ထွက်တဲ့ အက်တီကာ သိုးအမျိုးအစားတွေပါ..."
"ဒါဆိုရင် အကုန်လုံး သတ်ပစ်ရမလား" ဟာမီလ်ကာက မျက်လုံးပြူးကာ ခြိမ်းခြောက်လိုက်သဖြင့် ထိုသူမှာ ချက်ချင်း ငြိမ်သွားတော့သည်။
ဟာမီလ်ကာက ဂလေဒီယေတာ အနည်းငယ်ကို ကျွန်နှစ်ဦးနှင့်အတူ လယ်တောအိမ် နောက်ဘက်ရှိ သိုးခြံသို့ လွှတ်ကာ သိုးသတ်ခိုင်းလိုက်သည်။ ထို့နောက် မက်ဆီမတ်စ်ဘက်သို့ လှည့်ကာ "ပုံမှန်ဆိုရင် လူရှစ်ယောက်မှ သိုးအဝကြီး တစ်ကောင်ကို ကုန်အောင် မနည်းစားရတာ။ ဒါပေမဲ့ ငါတို့ ဂလေဒီယေတာတွေရဲ့ အစားအသောက် အားနဲ့ ဒီနေ့ ပင်ပန်းလာတာနဲ့ဆိုရင် လူသုံးလေးယောက်မှာ သိုးတစ်ကောင်လောက် ကုန်မှာ။ ဒီ အကောင်နှစ်ဆယ်က လူတိုင်းအတွက် မလုံလောက်ပေမဲ့ အသားမစားရတာ ကြာပြီဖြစ်တဲ့ လူတွေကို ဗိုက်ကားအောင် ကျွေးလိုက်ရင် နေမကောင်း ဖြစ်ကုန်လိမ့်မယ်။ ဟင်းရည်သောက်တာက အကောင်းဆုံးပဲ" ဟု ရှင်းပြသည်။
မက်ဆီမတ်စ်သည် စကားလုံးတိုင်းကို အလေးအနက် နားထောင်နေသည်။
"ဒီမှာ ထမင်းချက်က ဘယ်သူလဲ" ဟာမီလ်ကာက မေးသည်။
"အမျိုးသမီးတွေ အထဲမှာ ရှိပါတယ်" အသက်ကြီးပိုင်း အမျိုးသားက ခေတ္တ တုံ့ဆိုင်းနေပြီးမှ မီးဖိုချောင်ဘက်သို့ ညွှန်ပြသည်။
"ဟေး... ဒီမှာ မိန်းမတွေ ဝှက်ထားတာပဲ" အချို့သော ဂလေဒီယေတာ များက စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း မီးဖိုချောင်ဘက်သို့ သွားရန် ပြင်ကြသည်။
စပါတာကပ်စ် က "အဲဒီမှာ ရပ်လိုက်စမ်း။ မင်းတို့က မိန်းမ မမြင်ဖူးတဲ့ မြင်းသိုးတွေလား။ အဲဒီ ထမင်းချက်တွေကို ရန်ရှာရင် မင်းတို့အတွက် ဘယ်သူက ထမင်းချက်ပေးမှာလဲ" ဟု ဟိန်းဟောက်လိုက်သည်။
စပါတာကပ်စ် သည် ပုံမှန်အားဖြင့် ကြင်နာတတ်သော်လည်း ဒေါသထွက်လာလျှင်မူ အလွန် ကြောက်စရာကောင်းသည်။ ဂလေဒီယေတာ များမှာ တန့်သွားကြပြီး မျက်လုံးချင်း မဆိုင်ဝံ့သလို ပြန်လည်း မပြောဝံ့ကြပေ။
"အခုတော့ စိတ်ကို ထိန်းထားကြပါဦး" စပါတာကပ်စ် က လေသံကို လျှော့လိုက်ပြီးနောက် ပြုံးလျက် "ငါတို့ အခြေတကျဖြစ်ပြီး နာမည်ရလာတဲ့အခါ ဘယ်လို မိန်းမမျိုးကိုမဆို ရနိုင်တာပဲ။ မင်းတို့က တကယ်ပဲ ယောင်္ကျားထက် ကြမ်းတမ်းတဲ့ ထမင်းချက်တွေကို လိုချင်လို့လား" ဟု ပြောလိုက်သည်။
ခြံဝင်းအတွင်း၌ ရယ်သံများ ပျံ့လွင့်သွားသည်။
ဟာမီလ်ကာက ကျန်လူများကို မီးဖိုချောင်ထဲသို့ အမြန်ဦးဆောင်ခေါ်သွားရင်း "ဒီမှာ ဂျုံမှုန့် အဆင်သင့်ရှိလား" ဟု မေးသည်။
"ရှိပါတယ်"
"လူတိုင်းအတွက် ပေါင်မုန့်လုံး နှစ်လုံးစီ ရလောက်အောင် ရှိလား"
အသက်ကြီးပိုင်း အမျိုးသားက ခြံဝင်းအတွင်း ပြည့်နှက်နေသော ဂလေဒီယေတာ များကို ကြည့်ကာ "လောက်တော့ လောက်ပါလိမ့်မယ်၊ ဒါပေမဲ့ လူအများကြီးဆိုတော့ ပြင်ဆင်ဖို့ အချိန်တော့ ကြာပါလိမ့်မယ်" ဟု မဝံ့မရဲ ဖြေသည်။
"အေးအေးဆေးဆေး လုပ်ပါ။ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်"
ဟာမီလ်ကာ၏ စကားကြောင့် ထိုသူ၏ ရင်ထဲ အေးစက်သွားသည်။ ဤဓားပြများသည် ယနေ့ည ထွက်သွားရန် အစီအစဉ် မရှိကြောင်း ရှင်းနေပြီဖြစ်သည်။
မီးဖိုချောင်အတွင်း၌ အမျိုးသမီးနှစ်ဦး ပုန်းအောင်းနေကြသည်။ သူတို့သည် စပါတာကပ်စ် ပြောသကဲ့သို့ ကြောက်စရာကောင်းသော ရုပ်ရည်မျိုး မဟုတ်သော်လည်း ထူးထူးခြားခြား ချောမောလှပသူများလည်း မဟုတ်ပေ။ သူတို့သည် ကျွန်ဘဝမှ လွတ်မြောက်လာသူ နှစ်ဦး၏ ဇနီးသည်များ ဖြစ်ကြသည်။ "ညစာသာ ပြင်ပေးရင် မင်းတို့နဲ့ မင်းတို့ ခင်ပွန်းတွေကို အသက်ချမ်းသာပေးမယ်" ဟု ဟာမီလ်ကာက ကတိပေးမှသာ သူတို့သည် ဆန်ပြုတ်အတွက် ရေနွေးအိုး တည်ခြင်း၊ ဟင်းသီးဟင်းရွက် ဆေးခြင်းနှင့် ငါးချက်ခြင်းတို့ကို တွန့်ဆုတ်စွာ စတင်ကြတော့သည်။
ကျန်လူများမှာမူ အသက်ကြီးပိုင်း အမျိုးသား၏ ကြီးကြပ်မှုဖြင့် ထင်းခွေသူကခွေ၊ မီးမွှေးသူကမွှေး၊ ဂျုံနယ်သူကနယ်နှင့် မုန့်ဖုတ်သူကဖုတ်ဖြင့် အလုပ်ရှုပ်နေကြသည်။
ဟာမီလ်ကာသည် မီးဖိုချောင် ကျဉ်းကျဉ်းလေးထဲတွင် လှည့်ပတ်ကာ လူတိုင်းကို အလေးအနက် ကြီးကြပ်နေသည်။ ၎င်းမှာ ယနေ့နံနက်က ဖလော်ရာနတ်ကွန်း နောက်ဘက်ရှိ မီးဖိုချောင်တွင် သူ လုပ်ဆောင်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။
မက်ဆီမတ်စ်ကမူ မီးဖိုချောင်တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ဟာမီလ်ကာက အရာအားလုံးကို အပြစ်ပြောစရာမရှိအောင် စီမံခန့်ခွဲနေသည်ကို ကြည့်နေမိသည်။