အခန်း (၃၀) - ဓားကျင့်ကြံသူ
"ကျစ်ရွေ့၊ မင်းက ဘာလို့ အဲဒီကောင်မလေးကို သဘောကျနေရတာလဲ" လီရှီချင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
လီကျစ်ရွေ့က ပြုံးလိုက်ပြီး "ခံစားချက်တစ်ခုပါပဲ" ဟု ဆိုသည်။
"မျိုးနွယ်စုခေါင်းဆောင်၊ ကျွန်တော် ဆေးဖော်စပ်ဖို့ ပြန်သွားပါဦးမယ်။" အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ လီကျစ်ရွေ့သည် ခန်းမထဲမှ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။
လီရှီချင်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ လီကျစ်ရွေ့ကဲ့သို့ လူမျိုးသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခံစားချက်သက်သက်ဖြင့် ထိုသို့ပြောဆိုသွားမည်ကို သူ မယုံကြည်နိုင်သော်လည်း လီကျစ်ရွှမ်းသည် အနာဂတ်တွင် ထူးထူးခြားခြား ဖြစ်လာလိမ့်မည်ဟုလည်း သူ မယူဆပေ။
အကြောင်းမှာ လီမိသားစု၏ နှစ်ပေါင်းသုံးရာ သမိုင်းတစ်လျှောက်တွင် ဝိညာဉ်မြစ်လေးခုပါသော ကျင့်ကြံသူတစ်ဦးတစ်ယောက်မျှ အခြေတည်ခြင်းအဆင့်သို့ မရောက်ရှိခဲ့ဖူးသောကြောင့်ပင် ဖြစ်သည်။
လီကျစ်ရွေ့မှာမူ အခြားသူများ၏ အတွေးအမြင်နှင့် ခန့်မှန်းချက်များကို ဂရုမစိုက်အားပေ။ သူ၏ ဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် 'ကျောရိုးသန်ဆေးလုံး' များ စတင်ဖော်စပ်တော့သည်။
စိတ်ကြည်လင်နေ၍လားမသိ၊ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူ အောင်မြင်သွားခဲ့သည်။
လီကျစ်ရွေ့ ကျောက်စိမ်းရောင် ဆေးဖော်အိုးကို ဖွင့်လိုက်သောအခါ ဝိညာဉ်ရေထဲတွင် လုံးဝန်းပြောင်လက်နေသော ကျောရိုးသန်ဆေးလုံးတစ်လုံး လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
ထိုခံစားချက်ကို မှတ်မိနေစေရန် လီကျစ်ရွေ့သည် နောက်ထပ် ဆေးအသုတ်ပေါင်းများစွာကို ဆက်တိုက်ဖော်စပ်သည်။ အချို့မှာ အောင်မြင်ပြီး အချို့မှာ ကျရှုံးသော်လည်း သူ၏ အောင်မြင်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
သူ ဆက်လက်ဖော်စပ်ချင်သော်လည်း ကံမကောင်းစွာဖြင့် ဆေးဖော်စပ်စရာ ကုန်ကြမ်းများ ကုန်သွားသောကြောင့် မတတ်သာဘဲ ရပ်နားလိုက်ရသည်။
"မင်းက ဘာလို့ ပြန်ဆာနေရပြန်တာလဲ" ဆေးဖော်ခန်းကိုပင် မရှင်းလင်းရသေးမီ 'တာချင်း' ၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် လီကျစ်ရွေ့ စိတ်ပျက်လက်ပျက် ပြောလိုက်မိသည်။
အဆင့်တက်ရန် အလှမ်းဝေးနေသေးသော တာချင်းသည် မကြာသေးမီကမှ အဘယ်ကြောင့် ဤမျှ အစားကြီးလာသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ပုံမှန်စားနေကျ ပမာဏထက် နှစ်ဆပင် ပိုစားနေခြင်း ဖြစ်သည်။
တာချင်း နေမကောင်းဖြစ်နေသလားဟု သူ သံသယဝင်ကာ အကြိမ်ကြိမ် စစ်ဆေးကြည့်သော်လည်း မည်သည့်ပြဿနာမျှ မတွေ့ရသလို တာချင်းကိုယ်တိုင်ကလည်း နေရထိုင်ရ ခက်ခဲနေပုံမရပေ။
"ငါ့လက်ထဲမှာမို့လို့သာပေါ့၊ တခြားသူဆိုရင် မင်းလို အစားကြီးတဲ့ကောင်ကို ကျွေးနိုင်မှာ မဟုတ်ဘူး" လီကျစ်ရွေ့က စိတ်တိုတိုဖြင့် ပြောရင်း ဝိညာဉ်သီး ဒါဇင်ဝက်ခန့်ကို တာချင်းရှေ့တွင် ပုံပေးလိုက်သည်။
"ကြည်ကြည်—"
တာချင်းက မကျေမနပ် အော်ဟစ်လိုက်ပြီး ဝိညာဉ်သီးများကို အမြန်စားပစ်လိုက်သည်။ ထို့နောက် ဝမသွားသေးသည့် အမူအရာဖြင့် လီကျစ်ရွေ့ကို မျှော်လင့်တကြီး ကြည့်နေပြန်သည်။
"ထပ်စားချင်သေးတာလား" လီကျစ်ရွေ့ အံ့အားသင့်သွားပြီး "မင်း တကယ်ပဲ နေမကောင်းဖြစ်နေတာများလား" ဟု မေးလိုက်သည်။
တာချင်းက ခေါင်းခါပြပြီး ဝိညာဉ်သီးများ ထပ်ယူလာပေးရန် အတင်းအကျပ် အော်မြည်နေတော့သည်။
လီကျစ်ရွေ့လည်း မတတ်နိုင်သဖြင့် ဝိညာဉ်သီး အလုံးငါးဆယ်ကျော်လောက်အထိ ထပ်ကျွေးလိုက်ရသည်။
"မင်း အိမ်မှာပဲ နားနေလိုက်တော့" လီကျစ်ရွေ့ အမှန်တကယ် စိုးရိမ်သွားကာ တာချင်း၏ ရုတ်တရက် အစားကြီးလာရသည့် အကြောင်းရင်းကို ရှာဖွေရန် ကျမ်းစာဆောင်သို့ အပြေးအလွှား သွားတော့သည်။
လီမိသားစုထဲတွင် လီကျစ်ရွေ့မှလွဲ၍ လိပ်ဝိညာဉ်သားရဲ မွေးမြူသူ မရှိပေ။ လိပ်များသည် အသက်ရှည်သော်လည်း ကြီးထွားမှု အလွန်နှေးကွေးသောကြောင့် လူကြိုက်နည်းလှသည်။
'လိပ်ဝိညာဉ်သားရဲဆိုင်ရာ အချက်အလက်များ'၊ 'လိပ်ဝိညာဉ်သားရဲများအား မည်သို့ပျိုးထောင်မည်နည်း' စသည်ဖြင့် 'လိပ်' ဟူသော စာလုံးပါသည့် စာအုပ်မှန်သမျှကို လီကျစ်ရွေ့ ငှားရမ်းဖတ်ရှုသည်။ သူ၏ လက်ထဲတွင်လည်း အကျိုးပြုမှတ်များ များပြားစွာ ရှိနေပေသည်။
စာအုပ်အမြောက်အမြားကို ဖတ်ရှုပြီးနောက်တွင်မှ လီကျစ်ရွေ့ အကြောင်းရင်းကို ရှာတွေ့သွားပြီး မှင်သက်သွားမိသည်။ တာချင်းက အခွံလဲဖို့ ပြင်နေတာလား။ လိပ်ဝိညာဉ်သားရဲတွေက အခွံလဲတတ်တာလား။
'လိပ်ဝိညာဉ်သားရဲများသည် ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏ ကိုယ်ထည်ကြီးမားလာမှုကို အခွံဟောင်းက မဆံ့မပြဲ ဖြစ်လာတတ်သည်။ အခွံလဲနေစဉ်အတွင်း ဝိညာဉ်လိပ်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားတတ်သဖြင့် ဝိညာဉ်စွမ်းအင် မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ရှောင်ရှားနိုင်ရန် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို ကြိုတင်စုဆောင်းထားရန် လိုအပ်သည်... အခွံလဲသည့် ဖြစ်စဉ်သည် အနည်းဆုံး တစ်လကျော်မှ အများဆုံး တစ်နှစ်ခန့်အထိ ကြာမြင့်နိုင်သည်' ဟု စာအုပ်ထဲတွင် ဖော်ပြထားသည်။
ယင်းမှာ သဘာဝဖြစ်စဉ်တစ်ခုမှန်း သိလိုက်ရသဖြင့် လီကျစ်ရွေ့ စိတ်အေးသွားရသည်။ သို့သော် လိပ်များ အဘယ်ကြောင့် အခွံလဲရသနည်းဆိုသည်ကိုမူ သူ တွေးမရသေးပေ။
အခွံလဲနေစဉ် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်၍မူ လီကျစ်ရွေ့ သိပ်မစိုးရိမ်တော့ပါ။ တာချင်းအတွက် လိုအပ်သော ဝိညာဉ်သီးနှင့် ဝိညာဉ်ဆေးလုံးများကို သူ အလုံအလောက် ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်သည်။
ဝင်းအတွင်း ပြန်ရောက်သောအခါ လီကျစ်ရွေ့က ဝိညာဉ်သီး အမြောက်အမြားကို တာချင်းရှေ့တွင် ပုံပေးလိုက်ပြီး "ဆာရင် ကြိုက်သလောက်စား" ဟု ပြောလိုက်သည်။
ဝိညာဉ်စွမ်းအင် အလုံအလောက် စုဆောင်းမိသွား၍ ထင်သည်၊ ရက်အနည်းငယ်အကြာတွင် တာချင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး သူ၏ ဘဝတွင် ပထမဆုံးအကြိမ် အခွံလဲခြင်းကို စတင်လေတော့သည်။
လီကျစ်ရွေ့သည် မမျှော်လင့်ဘဲ တစ်ခုခု ဖြစ်မည်စိုးသဖြင့် နေ့စဉ် တာချင်း၏ အခြေအနေကို လာရောက် စစ်ဆေးပြီးမှသာ စိတ်အေးလက်အေး ရှိတော့သည်။
...
ဝိညာဉ်ဉာဏ်စံအိမ်အတွင်း၌မူ လီကျစ်ရွှမ်းသည် ဆယ်ပိဿာခန့်လေးသော သံဓားတုံးကြီးကို ကျောပိုးကာ အခြားသူများ၏ အံ့အားသင့်ဖွယ် အကြည့်များအောက်တွင် အံကြိတ်၍ လေ့ကျင့်နေသည်။
ဤသံဓားမှာ လီကျစ်ရွှမ်း လက်နက်တိုက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူမက မြင်မြင်ချင်းပင် သဘောကျသွားခဲ့သည်။ ၎င်းမှာ ထက်မြက်မှုမရှိသော ဓားတုံးကြီးဖြစ်ပြီး သူမမှာလည်း ကလေးငယ်တစ်ဦးသာ ဖြစ်သဖြင့် လက်နက်တိုက် တာဝန်ခံက သူမအား ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အသက်ရှစ်နှစ်မတိုင်မီ ဝိညာဉ်မြစ်ပါသော လီမိသားစုဝင် ကလေးတိုင်းသည် ခန္ဓာကိုယ်ကြံ့ခိုင်စေရန်နှင့် သွေးကြောများ အားကောင်းစေရန် လေ့ကျင့်ကြရသည်။ ယခု သူတို့ လုပ်ဆောင်နေသည်မှာလည်း ၎င်းပင် ဖြစ်သည်။
ဤသို့သော လေ့ကျင့်ခန်းမှာ အလွန်ပင် ပင်ပန်းခက်ခဲလှသည်။ လေ့ကျင့်ခန်းပြီးတိုင်း ကလေးများမှာ မောဟိုက်နွမ်းနယ်သွားကြပြီး ဆေးစိမ်ရေချိုးခြင်းနှင့် အိပ်စက်ခြင်းဖြင့်သာ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ကြရသည်။
လီကျစ်ရွေ့ ဝိညာဉ်ဉာဏ်စံအိမ်တွင် ရှိစဉ်ကပင် လူကြီးတစ်ယောက်၏ စိတ်ဓာတ်ဖြင့်ပင် ဤငရဲခန်းဆန်သော လေ့ကျင့်ခန်းကို မနည်းသည်းခံခဲ့ရသည်ကို ကြည့်ခြင်းဖြင့် ဤလေ့ကျင့်ခန်း မည်မျှ ခက်ခဲသည်ကို သိနိုင်သည်။
သို့သော် အသက်ငါးနှစ်ပင် မပြည့်သေးသော လီကျစ်ရွှမ်းမှာမူ ဆယ်ပိဿာလေးသော သံဓားကို ကျောပိုး၍ ဤခက်ခဲသော လေ့ကျင့်ခန်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဝိညာဉ်ဉာဏ်စံအိမ်ကို အုပ်ချုပ်ပြီး ကလေးများကို သင်ကြားပေးနေသော အကြီးအကဲသည် လီကျစ်ရွှမ်းကို ကျေနပ်အားရသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ၏ ပါရမီကို တွေးမိသောအခါ နှမြောတသသော အရိပ်အယောင်များ မျက်နှာတွင် ဖြတ်ပြေးသွားသည်။
"ကျစ်ရွှမ်း၊ မင်းက ငယ်သေးတယ်။ အလွန်အကျွံ လေ့ကျင့်တာက မင်းအတွက် မကောင်းတဲ့အပြင် သွေးကြောတွေကိုတောင် ထိခိုက်စေနိုင်တယ်။ ဒါကြောင့် လေ့ကျင့်နေတုန်း သံဓားကို ကျောမပိုးထားနဲ့တော့" ဟု အကြီးအကဲက လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
လီကျစ်ရွှမ်းက တိတ်ဆိတ်နေသည်ကို မြင်သောအခါ အကြီးအကဲက မတတ်သာဘဲ "ဒီသံဓားကို ငါ မင်းကို ပေးထားပါ့မယ်၊ ဒါပေမဲ့ တခြားအချိန်တွေမှာပဲ ကျောပိုးထားရမယ်။ မဟုတ်ရင် ငါ ပြန်သိမ်းလိုက်မယ်" ဟု ထပ်ပြောရသည်။
"ဟုတ်ကဲ့!" ထိုအခါမှသာ လီကျစ်ရွှမ်းက လိမ္မာယဉ်ကျေးစွာဖြင့် သံဓားကို ချလိုက်ပြီး လေ့ကျင့်ခန်း ဆက်လုပ်ရန် ပြေးသွားတော့သည်။
နာရီဝက်ခန့်အကြာတွင် လီကျစ်ရွှမ်းတို့အဖွဲ့ လေ့ကျင့်ခန်း ပြီးဆုံးသွားသည်။ အခြားကလေး ငါးယောက်မှာ မောပန်း၍ ညည်းညူနေစဉ် လီကျစ်ရွှမ်းမှာမူ သံဓားကို ပြန်ကောက်ကာ ထမင်းစားဆောင်သို့ ဦးတည်သွားလေပြီ။
သူတို့မှာ ကျင့်ကြံသူများ မဖြစ်သေးသော်လည်း သူတို့ စားသောက်ရသည်မှာ သာမန်အစားအစာများ မဟုတ်တော့ဘဲ အာနိသင် အပျော့စားရှိသော ဝိညာဉ်ဆန်နှင့် ဝိညာဉ်အစားအစာများ ဖြစ်သည်။
ယင်းတို့ထဲမှ ဝိညာဉ်စွမ်းအင်ကို သူတို့ တိုက်ရိုက် မစုပ်ယူနိုင်သော်လည်း ထိုစွမ်းအင်များသည် ကြွက်သားများထဲတွင် ကိန်းအောင်းနေပြီး သူတို့ ကျင့်ကြံသူဖြစ်လာချိန်တွင် ပထမအဆင့်သို့ လျင်မြန်စွာ ရောက်ရှိနိုင်စေရန် ကူညီပေးလိမ့်မည် ဖြစ်သည်။
"ကျစ်ရွှမ်း၊ နင်က ဘာလို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ" လီကျစ်ယွဲ့က သိချင်စိတ်ဖြင့် မေးသည်။
ကလေးများ စုပေါင်းနေထိုင်သည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း လီကျစ်ရွှမ်းက အမြဲတမ်း တစ်ယောက်တည်းနေတတ်သဖြင့် ယခုမှာ သူမကို ပထမဆုံးအကြိမ် လာရောက် စကားပြောခြင်း ဖြစ်သည်။
"ငါ ပိုကောင်းတဲ့ ဘဝမှာ နေချင်လို့" လီကျစ်ရွှမ်းက ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် လီကျစ်ယွဲ့ကို ကျော်ဖြတ်ကာ သူမ၏ အခန်းသို့ ပြန်သွားသည်။ ထို့နောက် ဆေးစိမ်ရန် ဆေးရည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
ဆေးစိမ်ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းရင်း "လေတိုက်သော်လည်း မြက်ပင်မညွတ်၊ အားနည်းခြင်း၏ အထွတ်အထိပ်မှ ခွန်အားတို့ မွေးဖွားလာသည်" ဟူသော စာသားကို တိုးတိုးလေး ရွတ်ဆိုရင်း ယင်း၏ အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။
ကံမကောင်းစွာဖြင့် ဝိညာဉ်ဉာဏ်စံအိမ်တွင် စာရေးစာဖတ် သင်ကြားပေးသော်လည်း အချိန်မှာ အလွန်နည်းပါးလှသည်။ သူမ၏ အဆင့်ဖြင့် ထိုစာသား၏ နက်နဲသော အဓိပ္ပာယ်ကို နားမလည်နိုင်သေးပေ။
ပင်ပန်းနေသော လီကျစ်ရွှမ်းမှာ မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက် မိုးမလင်းမီတွင် လီကျစ်ရွှမ်း နိုးလာသည်။ သံဓားကို ယူကာ လေ့ကျင့်ရေးကွင်းသို့သွားပြီး ရိုးရှင်းသော လေ့ကျင့်ခန်းအချို့ လုပ်သည်။ အကြီးအကဲ၏ စကားကို မှတ်သားထားသဖြင့် လေ့ကျင့်နေစဉ်အတွင်း ဓားကို ကျောမပိုးထားပေ။
နာရီဝက်ကျော်ကြာပြီးနောက် လေ့ကျင့်ရေးကွင်းမှ ထွက်လာကာ ကိုယ်လက်သန့်စင်၊ ထမင်းစားပြီး သင်တန်းကျောင်းသို့ အချိန်မီ ရောက်ရှိလာခဲ့သည်။
"ဒီနေ့တော့ ကျင့်ကြံသူတွေထဲမှာ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးဖြစ်တဲ့ ဓားကျင့်ကြံသူတွေအကြောင်း ပြောပြမယ်" အကြီးအကဲက စာသင်ခန်းထဲသို့ ဝင်လာရင်း ကြေညာလိုက်သည်။
"ဓားအရှိန်အဝါက မိုင်ပေါင်းသုံးသောင်းအထိ လွှမ်းမိုးတယ်၊ ဓားတစ်လက်ရဲ့ အေးစိမ့်မှုက နယ်မြေတစ်ဆယ့်ကိုးခုအထိ ပျံ့နှံ့စေတယ်' ဆိုတဲ့ စကားက အင်အားကြီးမားတဲ့ ဓားကျင့်ကြံသူတွေအကြောင်းကို ဖော်ပြနေတာပဲ..."
အကြီးအကဲ၏ ရှင်းပြချက်ကြောင့် ကလေးအားလုံး ဓားကျင့်ကြံသူများ၏ စွမ်းအားကို အားကျသွားကြသည်။ လီကျစ်ရွှမ်းမှာမူ ပို၍ပင် အာရုံစူးစိုက်ကာ တစ်လုံးမကျန် မှတ်သားနေတော့သည်။