အခန်း (၂၃) - ချုံခိုတိုက်ခိုက်ခြင်း
'တိမ်တောင်ထိပ်စားသောက်ဆောင်' ၏ ရောင်းပန်းဝယ်ပန်း သာယာနေမှုကြောင့် မိမိ၏ တည်းခိုခန်းမှာ အဆိုးရွားဆုံး အခြေအနေသို့ ဆိုက်ရောက်နေရသဖြင့် ဆိုင်ရှင်ဖြစ်သူမှာ အလိုမကျ ဖြစ်နေခဲ့ရာမှ၊ ယခုအခါ ကျင့်ကြံသူများ၏ 'ကြိုဆိုပါ၏၀ိဉာဥ်စားသောက်ဆောင်' ကို အမှိုက်သရိုက်သဖွယ် နှိမ်ချလှောင်ပြောင်ခြင်းကိုပါ ခံလိုက်ရသောအခါ ဒေါသအဟုန်က အထိပ်အစဥ်သို့ ရောက်သွားတော့သည်။ ထိုခဏတွင် သူသည် တိမ်တောင်ထိပ်စားသောက်ဆောင်၏ ဆိုင်ရှေ့မျက်နှာစာကို ချက်ချင်းပင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်ချင်စိတ် ပေါက်သွားလေသည်။
ကံကောင်းထောက်မစွာဖြင့် ဆိုင်ရှင်၏ စိတ်ထဲတွင် ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေသေးသဖြင့် စိတ်လိုက်မာန်ပါ မလုပ်မိခဲ့ပေ။ သို့သော်လည်း တိမ်တောင်ထိပ်စားသောက်ဆောင်အပေါ် တစ်ခုခုလုပ်ရန်ဟူသော အတွေးမှာမူ သူ၏စိတ်ထဲတွင် အမြစ်တွယ်သွားခဲ့လေပြီ။
ကြိုဆိုပါ၏၀ိဉာဥ်စားသောက်ဆောင်ကို ညဘက် ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုင်ရှင်ဖြစ်သူသည် ဈေးမြို့တော်မှ အလျင်အမြန် ထွက်ခွာခဲ့ပြီး သူ၏ မိသားစု ဘိုးဘွားပိုင်မြေရှိရာသို့ ပြန်သွားတော့သည်။
ထိုဆိုင်ရှင်၏ မျိုးရိုးအမည်မှာ 'ချင်း' ဖြစ်ပြီး သူ၏ မိသားစုမှာ 'ယွမ်မင်'ဂိုဏ်းထံ သစ္စာခံထားသော 'အခြေတည်အဆင့်' (Foundation Establishment) မျိုးနွယ်စုတစ်ခု ဖြစ်သည်။ သူတို့၏ ဘိုးဘွားပိုင်မြေမှာ ဈေးမြို့တော်၏ အပြင်ဘက် မိုင်သုံးရာခန့် အကွာတွင် တည်ရှိသည်။
မကြာမီမှာပင် မန်နေဂျာချင်းသည် သူ၏ မိသားစုခြံဝင်းသို့ ပြန်ရောက်သွားပြီး မျိုးနွယ်စုခေါင်းဆောင်၏ အခန်းတံခါးကို တိုက်ရိုက်သွားရောက် ခေါက်လေတော့သည်။
"မင်းက ဒီညကြီးအချိန်မတော် ဘာကိစ္စနဲ့ အလောတကြီး ပြန်လာတာလဲ။" ချင်းမျိုးနွယ်စု အကြီးအကဲမှာ မျက်မှောင်ကြုတ်လျက် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ မိမိ၏ ကျင့်ကြံခြင်းကို တစ်စုံတစ်ယောက်က လာရောက်နှောင့်ယှက်ပါက မည်သူမဆို စိတ်အနှောင့်အယှက် ဖြစ်ရသည်မှာ ဓမ္မတာပင်။
မန်နေဂျာချင်းသည် မိမိတို့ တည်းခိုခန်း၏ ဖောက်သည်များကို တိမ်တောင်ထိပ်စားသောက်ဆောင်က မည်သို့လုယူသွားကြောင်းနှင့် ဝင်ငွေများ မည်မျှအထိ ဆိုးရွားစွာ ကျဆင်းနေကြောင်းကို အလျင်အမြန် တင်ပြလိုက်ပြီး "မျိုးနွယ်စုခေါင်းဆောင်... ဒီအတိုင်းသာ ဆက်သွားနေရင် 'ကြိုဆိုပါ၏ဝိဉာဉ်စားသောက်ဆောင်ကြီး' ပိတ်ရတော့မှာပါဗျာ" ဟု ညည်းတွားလိုက်သည်။
"ဒုန်း!"
အကြီးအကဲချင်းသည် စားပွဲကို လက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လေတော့သည်။ "အရင်နှစ်တွေတုန်းက ကြိုဆိုပါ၏ဝိဉာဉ်စားသောက်ဆောင်က ရောင်းအားကောင်းခဲ့တာပဲ၊ မင်းလက်ထက်ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ အခုတော့ မင်းက မင်းကိုယ်မင်း ဆင်ခြေတွေတောင် ပေးနေသေးတယ်ပေါ့လေ။"
"မျိုးနွယ်စုခေါင်းဆောင်..." မန်နေဂျာချင်းမှာ တုန်တုန်ရင်ရင်နှင့် ဒူးထောက်မတတ် ဖြစ်သွားပြီး "ကျွန်တော် မလိမ်ပါဘူး၊ တိမ်တောင်ထိပ်စားသောက်ဆောင်က တကယ်ပဲ ကျွန်တော်တို့ ဖောက်သည်အတော်များများကို လုယူသွားတာပါ" ဟု ငိုသံပါကြီးဖြင့် ပြောလိုက်သည်။
ဈေးမြို့တော်တွင် အခြားစားသောက်ဆောင်များ ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ထိုစားသောက်ဆောင်များမှာ တိမ်တောင်ထိပ်စားသောက်ဆောင်ကြောင့် ထိခိုက်မှု အကြီးအကျယ် မရှိခဲ့ပေ။
အကြောင်းမှာ ထိုတည်းခိုခန်းအများစုမှာ ခရီးသွားကျင့်ကြံသူများ နားခိုရန် အဓိကထားသော နေရာများဖြစ်ပြီး ဝိညာဉ်အစားအစာမှာ အပိုဝန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ကြိုဆိုပါ၏ဝိဉာဉ်စားသောက်ဆောင်နှင့် တိမ်တောင်ထိပ်စားသောက်ဆောင်တို့ကဲ့သို့ အစားအသောက်တစ်ခုတည်းကိုသာ သီးသန့်ရောင်းချသော နေရာမျိုး မဟုတ်ကြပေ။
"တိမ်တောင်ထိပ်စားသောက်ဆောင်ရဲ့ နောက်ခံက ဘာလဲ။" သူ မလိမ်ညာကြောင်း မြင်လိုက်ရသဖြင့် အကြီးအကဲချင်းသည် ဒေါသကို ထိန်းချုပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
ကြိုဆိုပါ၏ဝိဉာဉ်စားသောက်ဆောင်သည် ချင်းမျိုးနွယ်စု၏ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်သည်။ အကယ်၍ ထိုလုပ်ငန်း ပျက်စီးသွားပါက တစ်မျိုးနွယ်စုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ပေသည်။
"အဲဒါက ဟိုးပင်လယ်ရပ်ခြား 'ဒါရုံ' (Da Rong) ကျွန်းက 'လီ' (Li) မိသားစု ဖွင့်ထားတဲ့ တည်းခိုခန်းလို့ သိရပါတယ်"
"လီမိသားစု ဟုတ်လား။" အကြီးအကဲချင်းက ချက်ချင်းပင် ရိပ်မိသွားပြီး "ဟို ဝိညာဉ်သန့်စင်ဆေးလုံးတွေကို ရောင်းနေတဲ့ လီမိသားစုလား" ဟု ထပ်မေးလိုက်သည်။
မန်နေဂျာချင်း ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲချင်း၏ မျက်နှာမှာ ပိုမို လေးနက်သွားသည်။ လီမိသားစုသည် ဤနယ်မြေသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်။ ကြော်ငြာများစွာ မလုပ်သော်လည်း လီမိသားစုတွင် အခြေတည်အဆင့် ကျင့်ကြံသူ လေးဦးအထိ ရှိကြောင်းကို လူအများက သိရှိထားကြသည်။
ခရီးမကြာခဏ ထွက်လေ့ရှိသော လီရှီရန် နှင့် လီရှီလျန် တို့မှအပ ကျန်ရှိသော အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ အဆင့်အတန်းမှာ ပြင်ပလူများအတွက် ပဟေဠိဖြစ်နေဆဲပင်။
သို့သော်လည်း ယွမ်မင်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ လက်အောက်ခံ အင်အားစု ကိုးခုထဲတွင် လီမိသားစုသည် အင်အားတောင့်တင်းသော အစုအဖွဲ့ထဲ၌ ပါဝင်နေသဖြင့် ချင်းမိသားစုအနေဖြင့် အလွယ်တကူ ရန်စရမည့်သူများ မဟုတ်ပေ။
ချင်းမိသားစုတွင် အင်အားကြီးမားသော နောက်ခံရှိသော်လည်း ထိုဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါးလာခဲ့ပြီဖြစ်သည်။ အကယ်၍ သူတို့အား ထပ်မံ အနှောင့်အယှက် ပေးမိပါက ချင်းမိသားစုအပေါ် ထားရှိသော သံယောဇဉ်မှာ လုံးဝကုန်ခမ်းသွားနိုင်ပေသည်။
မိမိ၏ မျိုးနွယ်စုခေါင်းဆောင် နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ မန်နေဂျာချင်းမှာ စိုးရိမ်လာမိသည်။ အကြီးအကဲသည် လီမိသားစု၏ အင်အားကို ကြောက်ရွံ့သဖြင့် ဘာမှမလုပ်ရဲမည်ကို စိုးရိမ်သောကြောင့် သူက ချက်ချင်းပင် ထပ်ဖြည့်ပြောလိုက်သည်။ "လီမိသားစုရဲ့ နယ်မြေနားက အဓိက မျိုးနွယ်စုကြီး သုံးခုကလည်း လှုပ်ရှားဖို့ အကြံရှိနေကြတယ်"
"မင်းပြောတာ ကျန်း (Zheng)၊ ကျန်း (Zhang) နဲ့ ဟဲ (He) မိသားစုတွေကို ပြောတာလား။" အကြီးအကဲချင်း၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီး "သူတို့က မင်းကို ဆက်သွယ်ဖို့ လူလွှတ်လိုက်လို့လား" ဟု မေးလိုက်သည်။
ထိုမျိုးနွယ်စုကြီး သုံးခုသည် လီမိသားစု၏ အရှေ့ဘက်၊ ယွမ်မင်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ အပြင်ဘက်ပင်လယ်နှင့် အနီးဆုံးနယ်မြေတွင် တည်ရှိသည်။ နှစ်အနည်းငယ်ကြာတိုင်း ဖြစ်ပွားတတ်သော သားရဲလှိုင်းများကြောင့် ထိုမျိုးနွယ်စု သုံးခုတွင် အင်အားကြီး ကျင့်ကြံသူများ ရှိသော်လည်း မျိုးနွယ်စုဝင် အရေအတွက်မှာ နည်းပါးလှသည်။
ယခုအခါ လီမိသားစုက ထိုမျှ အင်အားကြီးမားကြောင်း ပြသလာသောအခါ သူတို့ မည်သို့ စိတ်အေးလက်အေး နေနိုင်ပါမည်နည်း။
မန်နေဂျာချင်းမှာ အံ့အားသင့်သွားရသည်။ အကြီးအကဲက ဤကိစ္စကို ခန့်မှန်းမိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူ ပြန်စဉ်းစားကြည့်မိသည်မှာ... ဉာဏ်ပညာ မရှိဘဲနှင့် မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အဖြစ် မည်သို့ ခိုင်မြဲစွာ ရပ်တည်နိုင်ပါမည်နည်း။
"ဟွန်း!" အကြီးအကဲချင်းက နှာခေါင်းရှုံ့လိုက်ပြီး "လူမိုက်တွေ! သူတို့ကိုယ်သူတို့ နယ်ရုပ်တွေအဖြစ် အသုံးချခံနေရတာတောင် မသိကြဘူး" ဟု မထီမဲ့မြင် ပြောလိုက်သည်။
သို့သော်လည်း ၎င်းမှာ လီမိသားစုကို သူ ဘာမှမလုပ်လိုဟု ဆိုလိုခြင်း မဟုတ်ပေ။ အဆုံးတွင်တော့ ကြိုဆိုပါ၏စားသောက်ဆောင်
သည် ချင်းမိသားစုအတွက် အလွန် အရေးပါလှသည် မဟုတ်ပါလား။
"အဲဒီ မျိုးနွယ်စုသုံးခုက ကျင့်ကြံသူတွေကို သွားပြောလိုက်၊ ငါတို့ ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ဘူးလို့။ သူတို့ ဘာလုပ်ချင်တာလုပ်၊ ငါတို့နဲ့ လီမိသားစုကြားက ပြိုင်ဆိုင်မှုက စီးပွားရေးပဲ၊ အသေအကျေ ရန်ငြိုးဖွဲ့ဖို့ မလိုဘူး"
"ဒါပေမဲ့ တိမ်တောင်ထိပ်နန်းဆောင်ရဲ့ ဝိညာဉ်အစားအစာတွေက တကယ်ပဲ အဆင့်မြင့်တာဗျ၊ ကျွန်တော်တို့ သူတို့ကို မယှဉ်နိုင်ဘူး..."
အကြီးအကဲချင်း၏ မျက်နှာမှာ ညိုမှောင်သွားပြီး "အဲဒီပြဿနာကို ဖြေရှင်းဖို့ ငါ နည်းလမ်းတစ်ခုခု စဉ်းစားလိုက်မယ်။ မင်းလုပ်ရမှာက အဲဒီ မျိုးနွယ်စုသုံးခုက လူတွေကို ငါ့စကားအတိုင်း သွားပြောဖို့ပဲ" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ မန်နေဂျာချင်းသည် လေသံတိုးတိုးဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဝမ်းသာအားရ ဖြစ်နေသည်။ ကြိုဆိုပါ၏စားသောက်ဆောင်၏ စီးပွားရေးသာ ပြန်လည် နာလန်ထူလာပါက သူသည် ဝိညာဉ်ကျောက်တုံးများကို ဆက်လက် ခိုးယူစားသောက်နိုင်ဦးမည် မဟုတ်ပါလား။
အရုဏ်တက်၍ ဈေးမြို့တော်သို့ ပြန်ရောက်သောအခါ မန်နေဂျာချင်းသည် မျိုးနွယ်စု သုံးခုမှ ကျင့်ကြံသူများကို ချက်ချင်း ဆက်သွယ်ပြီး သူ၏ မျိုးနွယ်စုခေါင်းဆောင်၏ စကားကို ပါးလိုက်သည်။
"ဟွန်း!" ကျန်းမိသားစုမှ ကျင့်ကြံသူက လှောင်ပြောင်လိုက်သည်။ "ချင်းမိသားစုက အသုံးမကျတဲ့ လူအုပ်စု ဖြစ်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ"
မန်နေဂျာချင်းသည် ဘာမှပြန်မပြောဘဲ ထွက်ခွာသွားတော့သည်။ လှောင်ပြောင်မှု အနည်းငယ်ကို သူ ဂရုမစိုက်ပေ။ ထိုလှောင်ပြောင်မှုများကြောင့် သူ၏ ဝိညာဉ်ကျောက်တုံး တစ်တုံးမျှ လျော့သွားမည် မဟုတ်သည်မှာ အမှန်ပင်။
"ကဲ... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။" ဟဲမိသားစုမှ ကျင့်ကြံသူက မေးသည်။ "ချင်းမိသားစုက မပါဝင်ချင်ဘူးဆိုရင် ငါတို့ သုံးစုကပဲ ဆက်လုပ်ကြမလား"
"ဒါပေါ့၊ ငါတို့ လုပ်ရမှာပေါ့။" ကျန်းမိသားစုဝင်က ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ပြောလိုက်သည်။ "ပြီးတော့ အပြစ်အားလုံးကို ချင်းမိသားစုအပေါ် ပုံချပစ်ရမယ်"
ညမှောင်လာသောအခါ နေ့ဘက်က စည်ကားခဲ့သော လမ်းမကြီးများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သို့သော်လည်း ဈေးမြို့တော်၏ ဝေးလံသော ထောင့်တစ်နေရာရှိ ဆိုင်ကလေးတစ်ဆိုင်မှာမူ ဤအချိန်၌ တံခါးကို တိတ်တဆိတ် ဖွင့်ထားလေသည်။
မကြာမီမှာပင် မိမိ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖုံးကွယ်ရန် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မန်နေဂျာချင်းသည် ထိုဆိုင်ထဲသို့ တိုးဝင်သွားတော့သည်။
မန်နေဂျာချင်းသည် ကျောက်စိမ်းပြားများ ချိတ်ဆွဲထားသော နေရာသို့ တိုက်ရိုက်သွားပြီး သူ ခိုင်းစေလိုသော တာဝန်ကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ရေးထွင်းလိုက်သည်။ ထို့နောက် စားပွဲနောက်မှ အဖိုးအိုထံသို့ ချဉ်းကပ်ကာ "ဒီတာဝန်ကို ကျွန်တော် အပ်ချင်ပါတယ်" ဟု မေးလိုက်သည်။
"ဝိညာဉ်ကျောက်တုံး တစ်ထောင်။" အဖိုးအိုက ကျောက်စိမ်းပြားကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် ဈေးဖြတ်လိုက်သည်။
မန်နေဂျာချင်းသည် စည်းကမ်းများကို သိရှိသူ ဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံးများကို ရိုးရိုးသားသားပင် လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
...
လီကျစ်ရွေ့သည် ထိုနေ့တွင် စောစောနိုးလာပြီး သန့်စင်ခြင်း ဂါထာကို လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် ရွတ်ဆိုလိုက်ကာ အနောက်ဘက်သို့ အလျင်အမြန် ပျံသန်းသွားသည်။
ယနေ့တွင် သူသည် ပစ္စည်းများ ပို့ဆောင်ခြင်းနှင့် အကြွေးတောင်းခြင်း တာဝန်ခံ လီရှီလျန်၊ လီရှီရန်၏ နေရာတွင် အစားထိုး ဝင်ရောက်လာသော လီရှီထင်တို့နှင့်အတူ ဈေးမြို့တော်သို့ သွားရမည် ဖြစ်သည်။
လီကျစ်ရွေ့ ဈေးမြို့တော်သို့ သွားရခြင်း၏ ရည်ရွယ်ချက်မှာ မိမိလက်ဝယ်ရှိ ဝိညာဉ်ဆေးလုံး အမြောက်အမြားကို ရောင်းချရန် ဖြစ်သည်။
သူသည် မိမိ၏ မျိုးနွယ်စုဝင်များကို 'ကျောက်စိမ်း ဝိညာဉ်ဆေးလုံး' ဖော်စပ်နည်း သင်ကြားပေးပြီးကတည်းက ထိုဆေးလုံးကို အမြောက်အမြား မဖော်စပ်တော့ဘဲ အခြား ဝိညာဉ်ဆေးလုံး အမျိုးအစားများကို စတင်ဖော်စပ်နေခဲ့သည်။
မိသားစုကလည်း ထိုဆေးလုံးများကို ဝယ်ယူသော်လည်း ၎င်းတို့မှာ ကျောက်စိမ်း ဝိညာဉ်ဆေးလုံးလောက် လူသုံးမတွင်ကျယ်သဖြင့် လီကျစ်ရွေ့အနေဖြင့် ဈေးမြို့တော်တွင် ဝယ်လက်များကို ကိုယ်တိုင် ရှာဖွေရတော့သည်။
သို့သော် ၎င်းမှာ အလွန် အန္တရာယ်များလှသဖြင့် လီကျစ်ရွေ့သည် တစ်ဦးတည်း မသွားရဲပေ။ ထို့ကြောင့် လီရှီလျန်နှင့် လီရှီထင်တို့ ဈေးမြို့တော်သို့ သွားမည်ဟု ကြားသောအခါ မိမိကိုယ်ကို ကာကွယ်ရန် သူတို့နှင့်အတူ လိုက်ပါရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လီရှီလျန်နှင့် လီရှီတထင်တို့ကလည်း လုံးဝ ကန့်ကွက်ခြင်း မရှိကြပေ။ လီရှီလျန်ဆိုလျှင် လီကျစ်ရွေ့နှင့်အတူ လိုက်ပါပေးချင်သည့် ဆန္ဒပင် ရှိနေသေးသည်။
သို့သော် လီကျစ်ရွေ့တွင် မိမိ၏ လျှို့ဝှက်ချက်များ ရှိနေသဖြင့် ထိုအကြံကို ငြင်းပယ်လိုက်သည်။
"သွားကြစို့!" သူတို့ သုံးဦးစလုံး စုံလင်သွားသောအခါ ဝိညာဉ်လှေကို နှိုးလိုက်ပြီး ဈေးမြို့တော်ဆီသို့ ပျံသန်းသွားကြတော့သည်။ လီရှီထက်သည် လှေပေါ်တက်သည်နှင့် စကားအနည်းငယ် ပြောပြီးနောက် အခန်းထဲသို့ ဝင်သွားတော့သည်။
လီရှီလျန်နှင့် လီကျစ်ရွေ့တို့ နှစ်ဦးလုံးသည် သူမမှာ လူမှုရေးထက် မိမိဘာသာ နေလိုသူ ဖြစ်ကြောင်း သိထားကြသဖြင့် စိတ်ထဲ မထားကြပေ။
"သူတို့ ထွက်သွားကြပြီ! အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ပါတယ်!"
ဝိညာဉ်လှေသည် ဒါရုံကျွန်းမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဆက်သွယ်ရေး တပ်ဆင်ထားသော ပစ္စည်း တစ်ခုမှာ ပျံသန်းသွားပြီး လမ်းတွင် ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ကျင့်ကြံသူများထံ သတင်းပို့လိုက်သည်။
လီကျစ်ရွေ့မှာမူ လီရှီလျန်၏ ဘေးတွင် ရပ်နေသော်လည်း သူ၏ ကျင့်ကြံမှု အဆင့်အတန်းအရ ထိုသို့သော သတင်းပေးပို့မှုများတွင် ထည့်သွင်းရေတွက်ခြင်း မခံရပေ။
သို့သော်... ဤတစ်ကြိမ်တွင် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးထက်ပို၍ ပါလာသည်ကို သူတို့ မသိကြပေ။
"ဒုန်း—"
ဝိညာဉ်လှေသည် ခရီးတစ်ဝက်သို့ ရောက်သောအခါ ပင်လယ်ရေအောက်မှ ဧရာမ ရေတိုင်ကြီးတစ်ခု ရုတ်တရက် ပန်းထွက်လာသည်။ ပြင်းထန်သော အရှိန်ကြောင့် ဝိညာဉ်လှေမှာ မှောက်မတတ် ဖြစ်သွားရပြီး လီကျစ်ရွေ့နှင့် လီရှီလျန်တို့ မိမိကိုယ်ကို မထိန်းနိုင်မီမှာပင် အပြင်ဘက်၌ မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ်စုံဝတ် တိုက်ခိုက်သူ သုံးဦး ပေါ်လာတော့သည်။