[အခန်း ၃၇ ဒုတိယအဆင့် ဝိညာဉ်ဆင့်ကဲပြောင်းလဲသူ]
"လင်းဖန်မှာ ဆေးမင်ကြောင် ဆယ်ခု ရှိတာနော် ဖေဖေ သူ ဆေးမင်ကြောင်တွေ ပေါက်ကွဲပြီး မသေဘူးဆိုတာ သေချာလို့လား" ဝမ်ရှောင်ယွီက ဝမ်ကျိုကျိကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။ "သမီးရဲ့ မုန်ဖော်ဆေးမင်ကြောင်တောင်မှ ပြင်းထန်တဲ့ တန်ပြန်သက်ရောက်မှုကြောင့် သမီးကို သေလုမတတ် ဖြစ်စေခဲ့တာ။ သူ့ရဲ့ ဆေးမင်ကြောင်ဆယ်ခုစလုံးက ဖန်ကူ အပါအဝင် ရှေးဟောင်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတွေချည်းပဲ။ သူ တောင့်ခံနိုင်ပါ့မလား" ဝမ်ကျိုကျိသည် သူ့လက်ချောင်းများကို ဆန့်ထုတ်ကာ မျက်လုံးများကို မှိတ်ပြီး ဗေဒင်တွက်ချက်မှုကို စတင်လိုက်သည်။ မိနစ်ဝက်ခန့် ကြာပြီးနောက် သူ ဖြည်းညှင်းစွာ မျက်လုံးပွင့်လာပြီး ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်သည် "သူ့မှာ ကြီးမားတဲ့ ကံတရား ရှိတယ် သူ ဒီလောက် လွယ်လွယ်နဲ့ ပျက်စီးသွားမှာ မဟုတ်ဘူး" "ဒါဆိုရင်လည်း သမီးတို့ အမြန်သွားကြရအောင်" ဝမ်ရှောင်ယွီ ထိုင်ရာမှထပြီး ဝမ်ကျိုကျိကို အပြင်သို့ ဆွဲထုတ်သွားခဲ့သည်။ သားအဖနှစ်ဦးစလုံးသည် ၎င်းတို့၏ လက်နက်များကို ကောက်ယူကာ ဆိုင်ကယ်ပေါ်တက်ပြီး မြို့ပြင်ရှိ အကျဉ်းထောင်ဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားကြတော့သည်။ ... ကမ္ဘာပျက်ကပ်၏ စတုတ္ထမြောက် နာရီ။ စစ်ဌာနချုပ်၏ အမိန့်အရ နဂါးနိုင်ငံ၏ စစ်ဒေသအသီးသီးမှ တပ်ဖွဲ့များကို ထူးဆန်းသော သားရဲများကို ရှင်းလင်းရန်အတွက် စတင် စည်းရုံးလှုပ်ရှားစေခဲ့သည်။ ပန်မြို့တော်တွင် တပ်စွဲထားသော တပ်ဖွဲ့များသည်လည်း မကောင်းဆိုးဝါးများကို ရှင်းလင်းခြင်းနှင့် အရပ်သားများကို နေရာရွှေ့ပြောင်းပေးခြင်းတို့ကို စတင်လုပ်ဆောင်ခဲ့ကြသည်။ လမ်းမများပေါ်တွင် လက်နက်ကိုင်ဆောင်ထားသော စစ်သားများဖြင့် ပြည့်နှံနေပြီး သံချပ်ကာယာဉ်များနှင့် တင့်ကားအမျိုးမျိုးတို့က လမ်းမများပေါ်တွင် ကင်းလှည့်နေကြသည်။ တပ်မတော် ရောက်ရှိလာခြင်းကြောင့် မြို့တွင်းရှိ အခြေအနေများ တိုးတက်ကောင်းမွန်လာသော်လည်း အခြေအနေမှာမူ ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ ဝိညာဉ်ဆင့်ကဲပြောင်းလဲသူများ ပေါ်ထွက်လာခြင်းက ရှိရင်းစွဲ စီမံခန့်ခွဲမှုစနစ်ကို ပျက်ပြားစေခဲ့ပြီး ထူးဆန်းသော သားရဲများပြီးနောက် ဒုတိယမြောက် အန္တရာယ်အရှိဆုံး အချက်တစ်ချက် ဖြစ်လာခဲ့သည်။ ပန်မြို့တော် ပြည်သူ့ရဲတပ်ဖွဲ့စခန်း။ စုယွမ်းဖေသည် ရဲမှူးကြီးရုံးခန်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကို ညှပ်ထားရင်း သူ့ကိုယ်သူ အလွန် ကျေနပ် အားရနေပုံရသည်။ သူ့လက်အောက်တွင် ဝိညာဉ်ဆင့်ကဲပြောင်းလဲသူ ၁၅၀ ရှိပြီး သူကိုယ်တိုင်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ကွမ်ကုန်းဆေးမင်ကြောင်ကြောင့် စွမ်းအားကြီးမားသော စွမ်းရည်များကို နိုးထရရှိထားခဲ့သည်။ သူသည် ရဲအရာရှိအားလုံးကို ရှင်းလင်းပစ်ခဲ့ပြီး ဖြစ်ကာ ဤနေရာသည် အစိမ်းရောင်နဂါးဂိုဏ်း၏ အခြေစိုက်စခန်း ဖြစ်လာခဲ့သည်။ "သူဌေးကြီး အခု ငါတို့ ခြေကုပ်ခိုင်ခိုင်မာမာ ရပြီဆိုတော့ နောက်ထပ် ဘာဆက်လုပ်မလဲ" ခန်းမဆောင်မှူး ကျန်းပေါင်က အနောက်မှနေ၍ တိုးတိုးလေး မေးလိုက်သည်။ စုယွမ်းဖေသည် စီးကရက်ကို တစ်ချက် ရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည် "ဒါပေါ့ ငါတို့ ဒီမငြိမ်မသက်ဖြစ်မှုကို အသုံးချပြီး ငါတို့ရဲ့ အင်အားကို တိုးချဲ့ရမယ်။ ငါတို့သာ ပန်မြို့တော်ရဲ့ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ထားနိုင်ရင် ပန်မြို့တော်ဟာ ငါတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်လာမှာပဲ" "ဒါပေမယ့် အာဏာပိုင်တွေက..." "အာဏာပိုင်တွေ ဟုတ်လား" စုယွမ်းဖေက တဟားဟား ရယ်မောလိုက်သည် "ခေတ်တွေ ပြောင်းသွားပြီ။ အခုက ငါတို့ ဝိညာဉ်ဆင့်ကဲပြောင်းလဲသူတွေရဲ့ ခေတ်ပဲ။ အဲ့ဒီ သာမန်လူ အရာရှိတွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ" "သူဌေးကြီးက တကယ်ကို အမြော်အမြင်ရှိတာပဲ ထက်မြက်လှတယ် တကယ့်ကို ထက်မြက်လှတယ်" ကျန်းပေါင်သည် စုယွမ်းဖေ၏ အလွန်မြင့်မားနေသော နဖူးစပ်ကို ကြည့်ရင်း သူ့ကို လက်မထောင်ပြလိုက်သည်။ "ဒါနဲ့ ညီအစ်ကို အချို့ကို လွှတ်ပြီး အဲ့ဒီ လင်းဖန်ကို စောင့်ကြည့်ခိုင်းလိုက်" စုယွမ်းဖေ၏ အပြုံးမှာ ဖြည်းဖြည်းချင်း အေးစက်သွားသည် "အဲ့ဒီ လင်းဖန်က အရင်က သိပ်ပြီး ထောင်လွှားနေတာ အခုတော့ ပညာပေးရမယ့်အချိန်ပဲ။" "ဒါနဲ့ သူ မြို့ပြင်မှာ ခိုလှုံရာစခန်း ဆောက်ထားတယ် မဟုတ်လား ညီအစ်ကိုတွေကို သွားကြည့်ခိုင်းပြီး အခြေအနေ ဘယ်လိုရှိလဲ စစ်ခိုင်းလိုက်။ အကယ်၍ ကောင်းတယ်ဆိုရင် ငါတို့ အပိုင်သိမ်းကြတာပေါ့" စုယွမ်းဖေသည် စိတ်ခံစားချက် ကောင်းမွန်စွာဖြင့် စီးကရက်ကို နောက်တစ်ချက် ရှိုက်လိုက်ပြန်သည် "ဒါနဲ့ သူ့ကောင်မလေးက တော်တော်လေး လှတယ်လို့ ကြားတယ် သူမကိုလည်း သေချာ စောင့်ကြည့်ထားလိုက်။" "စိတ်ချပါ သူဌေးကြီး ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ် ဟဲဟဲ" ကျန်းပေါင်က ကာမရာဂစိတ် ပြည့်နှံနေသော အပြုံးဖြင့် ပြောလိုက်သည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြတော့သည်။ ... "ဟူး~" လင်းဖန်သည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီး ခန္ဓာကိုယ်တွင်းမှ လေဟောင်းများကို မှုတ်ထုတ်လိုက်သည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စွမ်းအင်ကုန်ခမ်းသွားသည့် ပုံဆောင်ခဲအမြုတေများကို ကြည့်ရင်း လင်းဖန် သက်ပြင်းချလိုက်မိသည်။ သူသည် ဝိညာဉ်ဆင့်ကဲပြောင်းလဲသူနယ်ပယ်၏ ပထမအဆင့်မှ ဒုတိယအဆင့် အစောပိုင်းအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သော်လည်း ပုံဆောင်ခဲအမြုတေပေါင်း ၁,၀၀၀ နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဒါက သာမန်ဝိညာဉ်ဆင့်ကဲပြောင်းလဲသူတစ်ယောက် ကုန်ဆုံးမှုထက် အဆပေါင်း တစ်ရာကျော် ပိုများနေသည်။ 'ငါ့ရဲ့ ခန္ဓာကိုယ်က တကယ့်ကို အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုပဲ' သူ့စိတ်ထဲတွင် သက်ပြင်းချရင်း လင်းဖန် ထရပ်လိုက်ပြီး ခြေလက်များကို ဆန့်ထုတ်လိုက်ရာ ချက်ချင်းပင် တဂျောက်ဂျောက်နှင့် အရိုးမြည်သံများ ထွက်ပေါ်လာသည်။ ဝိညာဉ်ဆင့်ကဲပြောင်းလဲသူနယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ကိုယ်ခန္ဓာအင်အားသည် ယခင်ကထက် သုံးဆခန့် တိုးပွားလာခဲ့သည်။ သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ညွှန်းကိန်းများမှာ ယခုအခါ မယုံနိုင်စရာကောင်းလောက်အောင် သန်မာနေပြီ ဖြစ်သည်။ သူ၏ လက်သီးချက်တစ်ချက်၏ အားပြင်းမှုမှာ အနည်းဆုံး ဂျင်း တစ်သိန်း (ကီလိုဂရမ် ၅၀,၀၀၀) ခန့် ရှိနေသဖြင့် တကယ့်ကို ထိတ်လန့်ဖွယ်ရာ ဖြစ်ပေသည်။ လင်းဖန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားသူများအားလုံး သူ့ကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ "မင်းတို့အားလုံး ငါ့ကို ဘာလို့ ဒီလိုကြီး ကြည့်နေကြတာလဲ" လင်းဖန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ ဝမ်ဟူက သူ့ကို မယုံနိုင်စရာကောင်းလောက်အောင် ကြည့်ရင်း "အစ်ကိုလင်း အစ်ကိုက ဖီရှူ ( စားရုံပဲ စားပြီး ပြန်မစွန့်ထုတ်တဲ့ ဒဏ္ဍာရီလာ သတ္တဝါ) လား အစ်ကိုက စားပဲစားပြီး ပြန်မထုတ်ဘူး။ ငါတို့က အဆင့်မြှင့်ဖို့ ပုံဆောင်ခဲအမြုတေ ၁၀၀ ပဲ သုံးရတာကို အစ်ကိုကျတော့ ၁၀၀၀ တောင် သုံးပစ်တယ်" "အများကြီးပဲလား မင်းတို့လည်း အဲ့ဒီလိုပဲ ထင်နေတာ။" လင်းဖန် ပခုံးတွန့်ပြလိုက်သည် "ဖြစ်နိုင်တာက ငါကပဲ အရမ်း သန်မာနေလို့ ဖြစ်မှာပါ" "အစ်ကိုက အဲ့လောက်တောင် အစွမ်းထက်နေတာလား" ဝမ်ဟူက သူ့လည်ပင်းကို လှည့်ရင်း မကျေမနပ် မေးလိုက်သည် "အစ်ကို့ရဲ့ စွမ်းရည်တွေက တကယ်ပဲ အဲ့လောက် ကောင်းမကောင်း ငါ့ကို စမ်းခွင့်ပေးပါဦး..." "ဘုန်း" "ခိုးတိုက်ခိုက်တာပဲ" ဝမ်ဟူ စကားပင် မဆုံးသေးမီ လင်းဖန်က သူ့ကို ကန်ထုတ်ပစ်လိုက်သည်။ "အားးးးး သေစမ်း" ဝမ်ဟူ၏ အော်ဟစ်သံသည် ခိုလှုံရာစခန်း အထက်တွင် ပဲ့တင်ထပ်သွားပြီး နောက်ဆုံးတွင် သူသည် ပတ်လမ်းကြောင်းအတိုင်း ပျံသန်းကာ မြို့ရိုးကို သွားရောက် တိုက်မိတော့သည်။ အာလီနှင့် အခြားသူများသည် မြို့ရိုးပေါ်မှနေ၍ အောက်သို့ လျင်မြန်စွာ ငုံ့ကြည့်လိုက်ကြရာ ဝမ်ဟူ မြေပြင်ပေါ်တွင် ပက်လက်လန်ကာ လဲကျနေသည်ကို တွေ့လိုက်ရသည်။ "အစ်ကိုဝမ် အစ်ကိုဝမ် သေသွားပြီလား" အာလီက အောက်သို့ ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ "အစ်ကိုဝမ် ပြန်လာခဲ့ပါ။ မြေပြင်က အေးတယ်။ အိမ်ပြန်ပြီး အိပ်တော့။" ကောက်ရှန့်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ "အား... ငါ့ရဲ့ အစ်ကိုဝမ်~~ ဝိုးးးး" လောက်ပါးက ဟန်ဆောင်ပြီး ငိုပြနေသည်။ လူတိုင်း ချက်ချင်းပင် တဟားဟား ရယ်မောကြတော့သည်။ ဝမ်ဟူသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လင်းဖန် ကန်လိုက်သည့် သူ့တင်ပါးကို ပွတ်သပ်ရင်း အထက်ရှိ လူအုပ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းတို့ ဘာရယ်နေကြတာလဲ အရှိုက်ခံချင်လို့လား ငါ့ကို မယုံရင် ခဏနေကျရင် မင်းတို့တစ်ယောက်ချင်းစီကို ပညာပေးပစ်မယ်။" ဤစကားကို ကြားလိုက်ရသဖြင့် လူတိုင်း ချက်ချင်းပင် လူစုခွဲလိုက်ကြတော့သည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဝမ်ဟူနှင့် သူ့အဖွဲ့သည် အမှန်တကယ်ပင် သူ့ကို ယှဉ်နိုင်စွမ်း မရှိကြပေ။ ဝမ်ဟူက သူတို့ကို ရိုက်နှက်ခြင်းမှာ လင်းဖန်က ဝမ်ဟူကို ရိုက်နှက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဟူသည် ဆေးမင်ကြောင်ငါးခု ရှိသော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် ၎င်းတို့ သူ့ကို မဆွရဲကြပေ။ အာလီနှင့် အခြားသူများ ကြောက်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် ဝမ်ဟူသည် နောက်ဆုံးတွင် ကျေနပ်စွာဖြင့် အကြည့်လွှဲလိုက်သည်။ သူ ခိုလှုံရာစခန်းအတွင်းသို့ ပြန်ဝင်ခါနီးတွင် ဝေးလံသောနေရာမှ ဆိုင်ကယ်နှစ်စီး မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။ မိနစ်ဝက်ခန့် ကြာပြီးနောက် ဆိုင်ကယ်သည် မြို့ရိုးခြေရင်းသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။ "ဟေး ဒါ ဝမ်သူဌေးကြီး မဟုတ်ဘူးလား ရက်ပိုင်းအတွင်းမှာတင် ဘာလို့ ဒီလောက်တောင် စုတ်ပြတ်သွားရတာလဲ" ၎င်းတို့မှာ ဝမ်ကျိုကျိနှင့် ဝမ်ရှောင်ယွီတို့ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဝမ်ဟူသည် ၎င်းတို့ကို နှုတ်ဆက်ရန် ချက်ချင်း ဆင်းလာခဲ့သည်။ ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကို ကြည့်ရင်း သူ မပြောင်ဘဲ မနေနိုင်ခဲ့ပေ။ "မင်းတို့နှစ်ယောက် ဒီကို ပျော်ပွဲစားထွက်လာတာလား" ဝမ်ဟူက ပြုံးရင်း မေးလိုက်သည်။ "ဘာပျော်ပွဲစားလဲ" ဝမ်ရှောင်ယွီက သူ့ကို မျက်စောင်းထိုးလိုက်သည် "ညကြီးမင်းကြီး ပျော်ပွဲစားထွက်ရအောင် နင် ရူးနေလား" "ဒါဆိုရင် ဘယ်သူက နင့်ကို သိမှာလဲ" ဝမ်ဟူ ပခုံးတွန့်ပြလိုက်သည် "လူရူးတစ်ယောက်က သူနေမကောင်းဘူးလို့ ဝန်ခံပါ့မလား"
ဝမ်ရှောင်ယွီ "နင် ပေါက်ကွဲတတ်တဲ့ စကားတွေ ပြောနေတာပဲ"
ဝမ်ဟူ "နင် အနံ့ရလို့လား"
ဝမ်ရှောင်ယွီ "..." "သေစမ်း..."
"ရပြီ ရှောင်ယွီ" ဆဲရေးတော့မည့် ဝမ်ရှောင်ယွီကို ဝမ်ကျိုကျိက ချက်ချင်းပင် အနောက်သို့ ဆွဲခေါ်လိုက်သည်။ ဝမ်ကျိုကျိက ပြုံးလိုက်ပြီး "ဝမ်ဟူရေ ငါနဲ့ ငါ့သမီး လင်းဖန်ဆီမှာ ခိုလှုံဖို့ လာခဲ့တာပါ" "အော်... ပြဿနာမရှိဘူး ပြဿနာမရှိဘူး။" ဝမ်ဟူ ချက်ချင်း ခေါင်းညိတ်လိုက်သည် "ခဏစောင့်ဦး ငါ အစ်ကိုလင်းကို သွားပြောလိုက်မယ်။" သူသည် လက်ကို ကတော့ပုံလုပ်ကာ အသံချဲ့စက်ကဲ့သို့ အသုံးပြု၍ မြို့ရိုးပေါ်သို့ အဆုတ်ကွဲမတတ် လှမ်းအော်လိုက်သည် "အစ်ကိုလင်း ဘေးအိမ်က အစ်ကိုကြီးဝမ် ရောက်နေတယ် တံခါးဖွင့်ပေးပါဦး"
ဝမ်ကျိုကျိ "…"
ဝမ်ရှောင်ယွီ "..."
မြို့ရိုးပေါ်တွင် စီးကရက်သောက်နေသော လင်းဖန်သည် ဝမ်ဟူ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် အောက်သို့ လှမ်းကြည့်လိုက်သည်။ ဝမ်ကျိုကျိနှင့် ဝမ်ရှောင်ယွီတို့ကို မြင်လိုက်ရပြီးနောက် သူ ခိုလှုံရာစခန်းတံခါးကို ချက်ချင်းဖွင့်ပေးကာ ၎င်းတို့ကို ဝင်ခွင့်ပြုလိုက်သည်။ ဝမ်ဟူသည် ဝမ်ကျိုကျိနှင့် ဝမ်ရှောင်ယွီတို့ကို ခိုလှုံရာစခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ခိုလှုံရာစခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ၎င်းတို့နှစ်ဦးစလုံးသည် ၎င်း၏ ခိုင်ခံ့လှသော ကာကွယ်ရေးစနစ်ကြောင့် ချက်ချင်းပင် မှင်တက်သွားကြတော့သည်။ မြို့ရိုးများမှာ အလွန်ကျယ်ဝန်းလှသဖြင့် မည်သည့်မကောင်းဆိုးဝါးမျှ ဖြတ်ကျော်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ တည်ဆောက်ပုံတစ်ခုလုံးမှာလည်း တစ်ဆက်တည်း သွန်းလောင်းထားသကဲ့သို့ ရှိနေသည်။ ဝေးလံသောနေရာရှိ အဆောက်အအုံများနှင့် စက်ရုံအမျိုးမျိုးမှာ သေသပ်လှပစွာ စီတန်းတည်ရှိနေကြသဖြင့် ကြည့်ရသည်မှာ အလွန် မျက်စိပသာဒ ဖြစ်စေသည်။ ခိုလှုံရာစခန်းအထက်ရှိ ကြီးမားလှသော ခုံးပုံစံ ဖန်နံရံကြီးသည် မီးရောင်များဖြင့် လင်းထိန်နေသဖြင့် ခိုလှုံရာစခန်းတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေသည်။ ခိုလှုံရာစခန်းတစ်ခုလုံး ပိတ်ဆို့ထားသော်လည်း အိုက်စပ်ခြင်း လုံးဝမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန် အေးမြနေသည်။ ဝမ်ကျိုကျိသည် လင်းဖန်၏ ရက်ရောမှုနှင့် စွမ်းဆောင်နိုင်မှုကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ ဤခိုလှုံရာစခန်းသည် တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းသော စခန်း ဖြစ်ပေလိမ့်မည်။