[အခန်း ၂၆ မုန်တိုင်းဆင်တော့မည်]
လင်းဖန်နှင့် ရှောင်လီတို့သည် သူတို့၏ ကုလားထိုင်များပေါ်တွင် ဟန်ပန်မပျက် ထိုင်နေကြဆဲပင်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့နှစ်ဦးစလုံးသည် နည်းပညာအာရုံ အပြည့်ရှိပြီး ခန့်ညားထည်ဝါကာ အရှိန်အဝါကြီးမားလှသော အနက်ရောင် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။ လျန်ကွန်သည် သူတို့နှစ်ဦး ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရဘဲ ဘေးကင်းနေသည်ကို မြင်လိုက်ရသောအခါ လုံးဝ ဆွံ့အသွားခဲ့ရသည်။ လူတစ်ဒါဇင်ကျော်က ကျည်အိမ်များကို ပြောင်အောင် ပစ်ခတ်ခဲ့ကြသော်လည်း သူတို့ကို အနည်းငယ်မျှပင် ဒဏ်ရာမရစေခဲ့ပေ။ ဒါက လူသားမှ ဟုတ်ရဲ့လား။ ဒါ ရုပ်ရှင်ရိုက်ကွင်း မဟုတ်တာ သေချာရဲ့လား။ "မင်း မင်းတို့ အဆင်ပြေရဲ့လား။ အာယု မင်း အဆင်ပြေရဲ့လား။" လင်းဖန် မတ်တတ်ရပ်ကာ အညောင်းဆန့်လိုက်သည်"ငါတို့ကတော့ အဆင်ပြေတာ သေချာပါတယ် ဒါပေမဲ့ နောက်ကျရင် မင်းတို့ကတော့ ပြဿနာတက်တော့မှာပါ။" "ရှောင်လီ ဒီကွန်ကွန် ကလွဲလို့ ကျန်တဲ့ကောင်တွေအကုန်လုံးကို ရှင်းပစ်လိုက်။" "အိုကေ။" ရှောင်လီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး နဂါးစိမ်းဂိုဏ်း၏ သေနတ်သမားများထံသို့ လမ်းလျှောက်သွားတော့သည်။ နဂါးစိမ်းဂိုဏ်းသား တစ်ဒါဇင်ကျော်သည် သူတို့ထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာနေသည့် လူနှစ်ဦးကို ကြောက်လန့်တကြား အမူအရာများဖြင့် ကြည့်ရင်း နောက်သို့ ဆုတ်သွားကြသည်။ ထိုလူနှစ်ဦးသည် လက်နက်မျိုးစုံကို ခံနိုင်ရည်ရှိနေသည့် မြင်ကွင်းက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပြီး ယုတ္တိဗေဒအားလုံးကို ဆန့်ကျင်နေသည်။ သူတို့က ကာဗွန်အခြေခံ သက်ရှိတွေကော ဟုတ်ရဲ့လား။ "ပြေးကြစမ်း။" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် နဂါးစိမ်းဂိုဏ်းသား တစ်ဒါဇင်ကျော်သည် ချက်ချင်းပင် ဖရိုဖရဲ ထွက်ပြေးကြတော့သည်။ သူတို့သည် သေနတ်များကို ပစ်ချကာ စက်ရုံတံခါးဝဆီသို့ အသည်းအသန် ပြေးကြတော့သည် အခုအချိန်တွင် သူတို့ အသက်ရှင်သန်ရေးမှတစ်ပါး အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ စက်ရုံတံခါးဝသို့ ရောက်လုနီးပြီဖြစ်သည်ကို မြင်လိုက်ရသဖြင့် လူများစွာသည် စိတ်ထဲကနေ သက်ပြင်းချလိုက်မိကြသည်။ ထိုအချိန်မှာပင် အဝင်ဝတွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ "အကုန်လုံး သေကြစမ်း။" ရှောင်လီက ဆန်းကြယ်စွာ ရယ်မောလိုက်သည်။ သူသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် လူအုပ်ကြီး၏ ရှေ့တွင် တစ္ဆေတစ်ကောင်အလား ပေါ်လာခဲ့သည်။ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်နှင့်အတူ သူ့လက်ထဲက ဓားမြှောင်သည် လူတစ်ယောက်၏ လည်ပင်းကို လျင်မြန်စွာ ပိုင်းဖြတ်သွားခဲ့ရာ မည်သူမျှ သတိမထားမိလိုက်ကြပေ။ သူ့၏ဓားမြှောင်က အဋ္ဌမမြောက်လူ၏ လည်ပင်းကို ပိုင်းဖြတ်သွားသည့်တိုင်အောင်ပင်။ ပထမဆုံး ဓားဖြင့် အထိုးခံရသည့် နဂါးစိမ်းဂိုဏ်းသားသည် တစ်ခုခုမှားနေပြီဆိုသည်ကို သတိပြုမိသွားသည်။ သူသည် သွေးများပန်းထွက်နေသည့် သူ့လည်ပင်းကို ဆုပ်ကိုင်ထားရင်း မျက်လုံးများထဲတွင် ကြောက်လန့်ရိပ်များ ပြည့်နှက်နေသည်။ "အင့်။" သူ လဲကျသွားသည်နှင့်အတူ ဒိုမီနိုအကျိုးသက်ရောက်မှုကဲ့သို့ လူများသည် သူတို့၏လည်ပင်းကို ဆုပ်ကိုင်ကာ လဲကျကုန်ကြတော့သည်။ ဆယ်စက္ကန့်အတွင်းမှာပင် နဂါးစိမ်းဂိုဏ်း၏ သေနတ်သမား တစ်ဒါဇင်ကျော် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ လူတိုင်းသည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ လျင်မြန်ပြတ်သားသော တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရှောင်လီသည် သူ့ဓားမြှောင်ကို အေးအေးလူလူပင် ပြန်သိမ်းလိုက်သည်။ ထိုဓားမြှောင်က သံချပ်ကာနှင့်အတူ ပါလာသည့် လက်နက်ဖြစ်ပြီး သံကို ဖြတ်လျှင် နွံကို ဖြတ်သကဲ့သို့ ပြတ်ရှကာ ဖျက်ဆီး၍မရနိုင်သော ပစ္စည်းဖြစ်သည်။ သေနတ်သမား တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ပြီးနောက်တွင်လည်း ရှောင်လီ၏ မျက်နှာက အမူအရာ ပြောင်းလဲခြင်းမရှိဘဲ သူသတ်လိုက်သည်မှာ လူတစ်ဒါဇင်မဟုတ်ဘဲ ပုရွက်ဆိတ်တစ်ဒါဇင်ကို သတ်လိုက်သည့်အလား ဖြစ်နေသည်။
ဤအချိန်တွင် လျန်ကွန်မှာမူ အလွန်အမင်း ကြောက်လန့်သွားသဖြင့် ဆီးပင် ထွက်ကျသွားရသည်။ သူသည် လူမိုက်လောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ပြုမူတတ်သူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ့၏ ညီအစ်ကို တစ်ဒါဇင်ကျော်သည် မိနစ်ဝက်ပင်မပြည့်သော အချိန်အတွင်းမှာပင် ဖရုံသီး ဖရဲသီးကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ ရှင်းလင်းခြင်း ခံလိုက်ရသည်။ သူသည် မိမိ၏ မဆင်မခြင် စကားလုံးများကို ပြန်တွေးမိတိုင်း ဆီးထွက်မတတ် ကြောက်လန့်နေမိသည်။ လင်းဖန်သည် သံချပ်ကာကို ပြန်သိမ်းလိုက်ပြီး စီကရက်တစ်လိပ်ကို အေးအေးလူလူ ထုတ်ယူကာ ညှိလိုက်သည်။ "ဝူး။" "အခုကျတော့ မမိုက်ချင်တော့ဘူးလား။ မင်း ခုနက စော်ကားမော်ကား လုပ်နေတဲ့ ပုံစံကို ငါ ပိုသဘောကျသေးတယ်" ဟု လင်းဖန်က သူ့ကို မဲ့ပြုံးပြုံးပြရင်း မျက်မှောင်ကုတ်ကြည့်လိုက်သည်။ လျန်ကွန်သည် ငိုမဲ့မဲ့မျက်နှာဖြင့် အတင်းအကျပ် ပြုံးလိုက်ရသည်"အစ်ကိုကြီးတို့ ကျွန်တော် ခုနက အသံကျယ်သွားတာကို ဝန်ခံပါတယ်။ ကျွန်တော် မှားသွားပါပြီ။ ကျွန်တော် အစ်ကိုကြီးတို့ကို ဦးချပါရစေ။" လျန်ကွန်သည် ဒူးထောက်ချလိုက်ပြီး လင်းဖန်နှင့် အခြားတစ်ယောက်ကို ကနဦး ဦးချတော့သည်။ "မင်းတို့ နဂါးစိမ်းဂိုဏ်းက တကယ်ကို ကြီးကျယ်တာပဲ မဟုတ်လား။ အခု စစ်ကူတွေ ခေါ်ဖို့ မင်းအတွက် အခွင့်အရေးပေးမယ်။" လင်းဖန်သည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူ့ကို အေးအေးလူလူ ကြည့်လိုက်သည်။ လျန်ကွန်က ခေါင်းခါလိုက်သည်"ဟင့်အင်း ဟင့်အင်း ကျွန်တော် ခုနက ကြွားဝါမိတာပါ အစ်ကိုကြီး။" "မင်း တိုက်မှာလား မတိုက်ဘူးလား။" လင်းဖန်၏ အမူအရာ ပြောင်းလဲသွားသည်။ လျန်ကွန် ခေါင်းကို ထပ်မံခါယမ်းလိုက်ပြန်သည်။ သူသာ ဖုန်းခေါ်လိုက်လို့ အဖွဲ့အစည်းက သူသစ္စာဖောက်မှန်း သိသွားရင် သူ့ရဲ့ ကံကြမ္မာက ပိုလို့တောင် ဆိုးရွားသွားလိမ့်မည် သူ ဤအခြေခံသဘောတရားကို နားလည်သည်။ "ရှောင်လီ နားကိုလာပြီး ငါတို့ကို စမ်းသပ်ခွင့်ပေးလိုက်စမ်း။" လင်းဖန်က ရှောင်လီကို လက်လှမ်းပြလိုက်သည်။ "လာပါပြီ။" ရှောင်လီက ဆိုးယုတ်စွာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ သူ့ခါးက ဓားမြှောင်ကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ "မင်း ဘာလုပ်မလို့လဲ။" ရှောင်လီ သူ့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ လျန်ကွန် မျက်နှာ ပျက်သွားပြီး ဆီးထွက်မတတ် ကြောက်လန့်သွားရှာသည်။ "ဘာလုပ်မလို့လဲ ဟုတ်လား။" ရှောင်လီက နှာခေါင်းရှုံ့လိုက်သည်"ကျွန်တော့်ရဲ့ စုမိသားစု ဘိုးဘေးတွေက နန်းတွင်းရေးရာဌာနက ဖြစ်ကြတယ်။ နန်းတွင်းရေးရာဌာနက ဘာလဲဆိုတာ မင်းသိလား။ အဲ့ဒါက လူတွေကို မိန်းမစိုး ဖြစ်အောင် လုပ်တဲ့နေရာပဲ ဟီးဟီးဟီး။" "အား။" လျန်ကွန်သည် မိမိ၏ ညီပုလေး ပျောက်ကွယ်တော့မည်ကို ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားရသည်"မင်းတို့နှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်တွေပဲ ရှိသေးတာ ရာဇဝတ်မှု လမ်းကြောင်းပေါ်ကို မလျှောက်လှမ်းကြပါနဲ့ဗျာ။" "စိတ်မပူပါနဲ့ ကျွန်တော့်ရဲ့ ကျရှုံးနိုင်ခြေက ၉၉ ရာခိုင်နှုန်းပဲ ရှိတာမို့လို့ ခံနိုင်ရည်ရှိအောင် လုပ်ထားလိုက်။" ရှောင်လီက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ "ကျွန်တော့်ကို မိန်းမစိုး မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်မိသားစုမှာ သုံးဆက်တိုင်တိုင် သားတစ်ယောက်တည်း ရှိတာပါ။ ကျွန်တော့်မိသားစုအတွက် မျိုးဆက်ကျန်ရစ်ပါစေဦး။" လျန်ကွန် မြေပြင်ပေါ်တွင် ဝပ်စတွန်းရင်း ကြောက်ရွံ့တုန်ရင်စွာဖြင့် ကရုဏာသက်ရန် တောင်းပန်ရှာသည်။ "ကျွန်တော် ခင်ဗျားတို့ကို ကျွန်တော်တို့ ဂိုဏ်းရဲ့ လောင်စာဆီ သိုလှောင်ရုံဆီ ခေါ်သွားပေးနိုင်ပါတယ် အဲ့ဒီမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ အများကြီး သိုလှောင်ထားတာ ရှိပါတယ်" ဟု လျန်ကွန်က အော်ဟစ်လိုက်သည်။ "အင်း။" လင်းဖန် ဤအရာကို ကြားလိုက်ရသောအခါ မျက်လုံးများ တောက်ပသွားသည်"မင်း အမှန်အတိုင်း ပြောနေတာလား။" "အမှန်ပါ အမှန်ပါပဲ။" လျန်ကွန် ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်"ကျွန်တော်တို့ ဂိုဏ်းက ပန်းမြို့မှာ လောင်စာဆီ မှောင်ခိုသွင်းတဲ့နေရာမှာ အကြီးဆုံးဂိုဏ်း ဖြစ်ပါတယ်။" "ကောင်းပြီ။" လင်းဖန်က တောက်ပသော အပြုံးဖြင့် လျန်ကွန်၏ ပခုံးကို ပုတ်ပေးလိုက်သည်"ဒါဆိုရင် ငါ့ကို ခေါ်သွားပေးတော့။"
လင်းဖန်နှင့် ရှောင်လီတို့သည် အလောင်းများကို အလျင်အမြန် ရှင်းလင်းလိုက်ကြပြီး လျန်ကွန်ကို စက်ရုံအပြင်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့နှစ်ဦးသည် လျန်ကွန်၏ အကူအညီဖြင့် သူတို့ဝယ်ယူထားသည့် ကုဗမီတာ ၃၀၀၀ ခန့်ရှိသော လောင်စာဆီ ကားအစီးရေ ၁၀၀ ကို အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ လင်းဖန်သည် လျန်ကွန်၏ မျက်စိရှေ့မှောက်မှာပင် ပစ္စည်းအားလုံးကို မိမိ၏ သိုလှောင်လက်စွပ် ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ထည့်သွင်းသိမ်းဆည်းလိုက်သည်။ လျန်ကွန်သည် လင်းဖန်၏ မယုံနိုင်လောက်အောင် ထူးဆန်းသော လှုပ်ရှားမှုကို ကြည့်ပြီး အံ့အားသင့်လွန်းသဖြင့် အာစပ်သွားရသည်။ ထို့နောက် လင်းဖန်သည် နဂါးစိမ်းဂိုဏ်း၏ သိုလှောင်မှုဗဟိုချက်ဆီသို့ ကားကို မောင်းနှင်ခိုင်းလိုက်တော့သည်။
...
ထိုအချိန်မှာပင်။ နဂါးစိမ်းဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌ ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင် လုံကျန့်ထျန်းနှင့် အဆင့်မြင့်အဖွဲ့ဝင် တစ်စုသည် သူတို့ရှေ့ရှိ မော်နီတာကို အာရုံစိုက်ကာ ကြည့်နေကြသည်။ ထိုနေရာတွင် ရှိနေသူအားလုံး လုံးဝ တိတ်ဆိတ်နေကြပြီး သူတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်နေကြသည်။ ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ဂိုဏ်းဒုခေါင်းဆောင်က ဒေါသတကြီးဖြင့် စကားဆိုလာခဲ့သည်"ဒီလျန်ကွန်က တကယ်ပဲ အညံခံသွားပြီပဲ။ တကယ့်ကို အရိုးမရှိတဲ့ လူဖျင်းလူအပဲ သောက်သုံးမကျတဲ့ကောင်။" "ဒီလင်းဖန်က တကယ်တော့ ဘယ်သူလဲ ပြီးတော့ သူဝတ်ထားတဲ့ သံချပ်ကာကကော ဘာလဲ။" ဒုခေါင်းဆောင်က စောင့်ကြည့်ရေး ဗီဒီယိုမှတ်တမ်းကို ကြည့်ရင်း အလိုမကျစွာ တွေးနေမိသည်။ သူတို့ စိတ်တိုနေရုံသာမက စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်လည်း ရှိနေသည်။ အထူးသဖြင့် ရှောင်လီ၏ မယုံနိုင်လောက်အောင် လျင်မြန်လှသော ဓားချက်ကို ထိုနေရာတွင် ရှိနေသူ မည်သူမျှ တားဆီးနိုင်ခြင်း မရှိပေ။ "ဒီလို အရှိန်အဟုန်မျိုးက လူသားတစ်ယောက်အနေနဲ့ တကယ်ပဲ ဖြစ်နိုင်လို့လား။ ကြောက်စရာကောင်းလိုက်တာ" ဟု ခန်းမသခင် တစ်ဦးက ရေရွတ်လိုက်သည်။ "ဒီလူက အနိုင်မရနိုင်ဘူး ကျွန်တော်တို့ တိုက်ပွဲကို ရှောင်ရှားရမယ်။" "အဲ့ဒါ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်တို့ ဘေးကင်းအောင် နေပြီး ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ မသက်ဆင်းအောင် လုပ်သင့်တယ်လို့ ထင်တယ်။" ... လူတိုင်း သူတို့၏ သဘောတူညီချက်ကို ထပ်ဆင့်ပြောဆိုကြသည် လူတိုင်း ကြောက်ရွံ့နေကြပြီး ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် မည်သူမျှ ရင်မဆိုင်ချင်ကြပေ။ ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေသည့် လုံကျန့်ထျန်း တစ်ဦးတည်းသာလျှင် သူ့မျက်လုံးထဲတွင် လောဘရိပ်များ တောက်ပနေခဲ့သည်။ "ဒီကောင်ရဲ့ သံချပ်ကာက ကျည်ကာပဲ။ ကျွန်တော်တို့ သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရဘူးလို့ ထင်တယ်။ ကျွန်တော်တို့ သူ့ကို ဉာဏ်ဆင်ရမယ်။" ကျန်းပေါင်က လက်ကိုမြှောက်ကာ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်"ကျွန်တော် ဒီကောင်နဲ့ အဆက်အသွယ် ရခဲ့ဖူးတယ်။ သူက တကယ့်ကို အန္တရာယ်များတဲ့ အငွေ့အသက်ကို ပေးစွမ်းနိုင်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးသမား ဖြစ်တဲ့ အဘိုးအိုမိုတောင် သူ့လက်ထဲမှာ ကျရှုံးသွားခဲ့ရတာကို မမေ့ပါနဲ့။" ဤအရာကို ကြားလိုက်ရသောအခါ အစည်းအဝေးခန်းမအတွင်းရှိ အခြားလူများသည် ခေါင်းခါလျက် သက်ပြင်းချလိုက်ကြသည်။ "လင်းဖန် သေရမယ်။" လုံကျန့်ထျန်းက စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်"သူတို့ရဲ့ မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်က သူတို့ဝတ်ထားတဲ့ သံချပ်ကာကြောင့် ဖြစ်ရမယ်။" လုံကျန့်ထျန်းက စိတ်အားထက်သန်စွာဖြင့်"ငါတို့သာ ဒီသံချပ်ကာ နှစ်စုံကို ရရှိမယ်ဆိုရင် ငါတို့ နဂါးစိမ်းဂိုဏ်းရဲ့ အင်အားက အဆမတန် တိုးတက်လာလိမ့်မယ်။" သူက လူတိုင်းကို ကြည့်ကာ ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်သည်"လူတိုင်း ဘယ်လိုပဲဖြစ်ဖြစ် ဒီလူနှစ်ယောက်ကို ဖမ်းဆီးရမယ်..."