အခန်း ၂ ဆရာကြီးစတိုင်နှင့် ဝမ်ဟူ
ဖုန်းခေါ်ဆိုမှု လိုင်းဝင်သွားခဲ့သည်။
"ဟေး... ဘာကိစ္စလဲ သားကြီး။ မင်းအဖေကို သတိရလို့လား။" ဝမ်ဟူ၏ အူမြူးနေသော အသံက ဖုန်းအလှမ်းမှ ထွက်ပေါ်လာသည်။
"မင်းက ငါ့ကို အဲဒီလို ပြောရဲတယ်ပေါ့။ မင်း ဘယ်မှာလဲ။ မင်းနဲ့ စကားပြောစရာ ရှိတယ်။" လင်းဖန်သည် လိုရင်းကို တန်းပြောလိုက်သည်။
ဝမ်ဟူက "ငါ အခု ပစ္စည်းပို့ဆောင်ရေး အစီအစဉ်တစ်ခု လုပ်နေလို့ နည်းနည်း အလုပ်ရှုပ်နေတယ်ကွ။" ဟု ဆိုသည်။
"လူလို ပြောစမ်းပါ။"
"ပါဆယ်ပို့နေတာလေကွာ မနာလိုဖြစ်သွားပြီလား။"
"ကမ္ဘာပျက်တော့မယ် မင်းက ပါဆယ်ပို့နေတုန်းပဲလား။ မြန်မြန် ငါ့အိမ်ကို လာခဲ့စမ်း။" လင်းဖန်သည် နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
"မရသေးဘူးကွ ငါ ပို့စရာ ပါဆယ်အနည်းငယ် ကျန်သေးတယ်။ မဟုတ်ရင် ကုမ္ပဏီက ငါ့ပိုက်ဆံတွေကို ဖြတ်လိမ့်မယ်။"
"ငါ မင်းကို မုန့်ကျွေးမယ် မြန်မြန်လာခဲ့။" လင်းဖန်သည် သူနှင့် နောက်ပြောင်မနေချင်တော့ပေ။ ဤကောင်သည် စကားအလွန်များသော ကောင် ဖြစ်သည်။
"အေးပါကွာ လာခဲ့မယ်။" ဝမ်ဟူက ဖုန်းထဲမှ ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
...
ဖုန်းချပြီးနောက် လင်းဖန်သည် အခွင့်အရေး မှန်သမျှကို အသုံးချရန် အွန်လိုင်းချေးငွေ အက်ပလီကေးရှင်းများကို ဖုန်းထဲတွင် ဆက်လက်ရှာဖွေနေခဲ့သည်။ ရနိုင်သမျှ ငွေကို ရှာဖွေရမည် ဖြစ်သည်။ အကြောင်းမှာ ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် လက်ရှိ ငွေကြေးစနစ်သည် ပျက်စီးသွားမည်ဖြစ်ပြီး ပိုက်ဆံများသည် စက္ကူစုတ်မျှသာ ဖြစ်သွားတော့မည် မဟုတ်ပါလား။
နာရီဝက်ခန့် ကြာပြီးနောက်...
"ဒေါက်... ဒေါက်... ဒေါက်..."
တံခါးခေါက်သံ မြည်လာသည်။ လင်းဖန်သည် တံခါးဆီသို့ အမြန်လျှောက်သွားပြီး ဖွင့်ပေးလိုက်သည်။
ဝမ်ဟူသည် အားမနာတမ်း အခန်းထဲသို့ လျှောက်ဝင်လာပြီး ဆိုဖာပေါ်တွင် ဆရာကြီးစတိုင်ဖြင့် ထိုင်လိုက်ကာ စီးကရက်တစ်လိပ်ကို ထုတ်၍ လင်းဖန်ထံ ပစ်ပေးပြီး သူ့အတွက်လည်း မီးညှိလိုက်သည်။
"ဒီည ဘယ်မှာ သောက်ကြမလဲ။ ခြေထောက်နှိပ်မလား ကာရာအိုကေ သွားမလား။ မြို့သစ်ဘက်မှာ ဆိုင်အသစ်တစ်ဆိုင် ဖွင့်ထားတာ မိန်းကလေးတွေ လန်းတယ်လို့ ကြားတယ်ဟ။ ငါ ပြီးခဲ့တဲ့ အပတ်ကတင် သွားခဲ့သေးတယ် တကယ် အမိုက်စားပဲ။" ဝမ်ဟူက မတ်တတ်စတိုင်ဖြင့် ပြောလိုက်သည်။
လင်းဖန်က သူ့ကို မျက်စောင်းထိုးရင်း "မင်းရဲ့ လစာအနည်းငယ်နဲ့ဆိုရင် တစ်ခေါက်သွားရုံနဲ့ လဝက်စာ လစာ ပြောင်သွားလိမ့်မယ်။"
"ဘာဖြစ်လဲကွာ စုသင့်တာစုပြီး သုံးသင့်တာ သုံးရမှာပဲ။ ပိုက်ဆံကို အကျိုးရှိရှိ သုံးရမယ်လေ။"
"ကဲ... တော်ပြီ အပိုတွေ ပြောမနေနဲ့တော့။ အတည်ပြောရအောင်။" လင်းဖန်သည် စီးကရက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်စွာဖြင့် "ဝမ်ဟူ... မင်း ငါ့ကို ယုံလား။"
ဝမ်ဟူက အားရပါးရ ရယ်မောလိုက်ပြီး "မင်းကို မယုံရင် ဘယ်သူ့ကို ယုံရမလဲကွ။ ငါတို့က မိဘမဲ့ဂေဟာကတည်းက အတူတူ ကြီးပြင်းလာခဲ့တဲ့ ညီအစ်ကိုတွေပဲ။"
လင်းဖန် ခေါင်းညိတ်လိုက်သည်။
"မင်း ငါ့ကို ယုံတယ်ဆိုရင် ငါ အခု ပြောပြမယ်။ နောက် ရက်ပေါင်းနှစ်ဆယ်ကြာရင် ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာတော့မယ်။ လူသားတွေဟာ မကြုံစဖူး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။"
ဝမ်ဟူသည် လင်းဖန်ကို အံ့ဩတကြီး ကြည့်လိုက်မိပြီး လက်ထဲမှ စီးကရက်ပင် လွတ်ကျသွားခဲ့သည်။
"ဟွတ်... ဟွတ်... မင်း ငါ့ကို နောက်နေတာလား။" ဝမ်ဟူသည် စီးကရက်မီးခိုး သီးသွားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
"ငါ မင်းကို လိမ်နေတဲ့ ပုံပေါက်လို့လား။" လင်းဖန်က တည်ကြည်စွာဖြင့် "ငါ မင်းရဲ့ အသက်နဲ့ ကျိန်ဆိုရဲတယ် ငါက အနာဂတ် သုံးနှစ်ကနေ အသက်ပြန်ရှင်လာတဲ့သူပဲ..."
လင်းဖန်သည် ဝမ်ဟူ၏ သံသယစိတ်များ ပျောက်ဆုံးသွားစေရန် နာရီဝက်ခန့် အသေးစိတ် ရှင်းပြခဲ့ရပြီး နောက်ဆုံးတွင် ဝမ်ဟူ ယုံကြည်သွားခဲ့သည်။
"လင်းဖန်... ငါ မင်းစကားကို နားထောင်ပါ့မယ်။ မင်း ဘာပဲပြောပြော ငါ လုပ်မယ်။" ဝမ်ဟူသည် စီးကရက်ကို ငြှိမ်းလိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ဒါဆို အရင်ဆုံး အွန်လိုင်းချေးငွေတွေ အတူတူ လျှောက်ကြရအောင်။" လင်းဖန်က အေးအေးလူလူ ပြောလိုက်သည်။
ဝမ်ဟူမှာ ဆွံ့အသွားရသည်။
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ။" လင်းဖန်က ရေတစ်ငုံ သောက်လိုက်ရင်း "ငါတို့မှာ ပိုက်ဆံမရှိရင် ရိက္ခာတွေကို ဘယ်လိုစုဆောင်းမလဲ။ မင်းမှာ ပိုက်ဆံရှိလို့လား။"
"ငါ့မှာ အဲဒီလောက် မရှိဘူးလေ။" သူက ဖုန်းကို ထုတ်ကာ အက်ပလီကေးရှင်းများကို လိုက်လံဒေါင်းလုဒ်ဆွဲရင်း "ဒါပေမဲ့ စိတ်ထဲ တစ်မျိုးကြီးပဲကွာ..." ဟု ညည်းတွားလိုက်သည်။
"စကားများမနေနဲ့ အလုပ်လုပ်စမ်း။"
ဝမ်ဟူသည် အက်ပလီကေးရှင်းမျိုးစုံကို ဒေါင်းလုဒ်ဆွဲကာ ချေးငွေများ လျှောက်ထားပါတော့သည်။ နှစ်နာရီအတွင်း ဝမ်ဟူသည် ငွေကျပ် ၂ ဒသမ ၅၄ သန်းကို အောင်မြင်စွာ ချေးယူနိုင်ခဲ့သည်။
သူတို့နှစ်ဦး ပေါင်းလိုက်ပါက ငွေ ၅ ဒသမ ၄ သန်း ရရှိပြီး စနစ်၏ ရည်မှန်းချက်ဖြစ်သော ၁၀ သန်း ရောက်ရန် ၄ ဒသမ ၆ သန်း လိုအပ်နေသေးသည်။ ထိုမျှကြီးမားသော လိုအပ်ချက်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် နောက်ဆုံး မျှော်လင့်ချက်ကို လင်းလင်းအာထံတွင်သာ ထားရှိလိုက်တော့သည်။
သူမကို ပြောပြလျှင် သူမ ယုံကြည်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။
"ငါတို့ရဲ့ ဆက်ဆံရေးအရ လင်းလင်းအာ ငါ့ကို ယုံမှာပါ။" လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
သူသည် စာတိုပေးပို့စနစ်ကို ဖွင့်ကာ လင်းလင်းအာထံ စာပို့လိုက်သည်။
[အသည်းလေး... ဘယ်မှာလဲ။ မင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိလို့။]
လင်းလင်းအာက မိနစ်ဝက်ပင်မပြည့်မီ ပြန်စာပို့လာသည်။
[ငါ အခုတင် အလုပ်ဆင်းတာ။ ဒီည ချူဒီနဲ့ အတူတူ မုန့်စားဖို့ ချိန်းထားတာ မေ့သွားပြီလား။]
လင်းလင်းအာသည် သူတို့တွေ့ဆုံရန် ချိန်းဆိုထားသည့် ဟိုတယ်၏ တည်နေရာကို ပို့ပေးလာခဲ့သည်။ လင်းဖန် ချက်ချင်း သတိရသွားသည်။ သူ တကယ်ပဲ ချူဒီကို မုန့်ကျွေးရန် ချိန်းဆိုထားခဲ့ခြင်း ဖြစ်သည်။
ချူဒီအကြောင်းကို တွေးမိသောအခါ လင်းဖန်၏ မျက်နှာက အေးစက်သွားရသည်။ ဤမိန်းမသည် သူနှင့် လင်းလင်းအာကြားတွင် အမြဲတမ်း ရန်တိုက်ပေးတတ်ပြီး သူတို့ကို လမ်းခွဲစေရန် ကြိုးစားတတ်သူ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦး၏ သံယောဇဉ်က ခိုင်မြဲသောကြောင့် သူမ၏ အကြံအစည်များ မအောင်မြင်ခဲ့ပေ။
ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် ဤမိန်းမသည် ခါးတွင်ထိုးထားသော ဝက်ရုပ်ဆေးမင်ကြောင်ကြောင့် အသုံးမဝင်ဆုံးသော ထူးခြားဆန်းပြားစွမ်းအားတစ်ခုကို နိုးထစေခဲ့သည်။ သူမသည် အဆင့်နိမ့် စွမ်းအားရှင်ဖြစ်သော်လည်း အသွင်ပြောင်းလဲသူ ဖြစ်လာသည့်အတွက် အထက်တန်းလွှာထဲ ရောက်ရှိသွားကာ သူတို့ကို အထင်မြင်သေးစွာ ဆက်ဆံခဲ့သည်။ သူမသည် သူတို့ကို အကြိမ်ကြိမ် လှောင်ပြောင်ခဲ့ဖူးသည်။
ဒီတစ်ကြိမ်တွင်မူ သူသည် အခြေအနေကို ပြောင်းလဲပစ်ကာ ထိုမိန်းမကို နောင်တရစေပြီး မနာလိုစိတ်များဖြင့် နာကျင်စွာ ရှင်သန်ရအောင် ပြုလုပ်မည် ဖြစ်သည်။
လင်းဖန်သည် ဆိုဖာပေါ်တွင် စီးကရက်သောက်နေသော ဝမ်ဟူကို လှမ်းကြည့်လိုက်သည်။
"သွားစို့... မုန့်သွားစားမယ်။ ဒီည လင်းလင်းအာက ငါတို့ကို မုန့်ကျွေးလိမ့်မယ်။"
"ဟေး... ခပ်မိုက်မိုက် မမကြီးက ကျွေးမှာလား။ သွားကြစို့။" ဝမ်ဟူသည် စီးကရက်ကို ငြှိမ်းကာ ထရပ်လိုက်သည်။
သူတို့နှစ်ဦးသည် အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ လင်းဖန်သည် လျှပ်စစ်စကူတာ သော့ကို ထုတ်လိုက်ပြီး သူတို့သည် ကိုယ်စီစကူတာများဖြင့် ချိန်းဆိုထားသည့် နေရာသို့ ထွက်ခွာလာခဲ့ကြသည်။
ထိုဆိုင်သည် လင်းဖန် နေထိုင်ရာနေရာနှင့် မဝေးလှပေ။ ယာဉ်ကြပ်ပိတ်ချိန် ဖြစ်သော်လည်း လျှပ်စစ်စကူတာ စီးလာသည့် သူတို့အတွက် အဆင်ပြေလှသည်။ ဆယ်မိနစ်မပြည့်မီမှာပင် သူတို့ ရောက်ရှိသွားခဲ့ကြသည်။
စကူတာကို ရပ်လိုက်ပြီးနောက် လင်းဖန်သည် ဟိုတယ်ဝင်ပေါက်၌ မတ်တတ်ရပ်နေသော လင်းလင်းအာနှင့် သူမ၏ဘေးတွင် ရှိနေသော ချူဒီတို့ကို ချက်ချင်း မြင်လိုက်ရသည်။
လင်းလင်းအာသည် ယနေ့တွင် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ကျော့ရှင်းလှပနေသည်။ ဒေါက်ဖိနပ်အမည်းကို စီးထားကာ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များက ကျောပြင်ထက်တွင် ဝဲဖြာနေပြီး အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေသည်။ သူမ၏ မျက်နှာမှာ အသေးစိတ် ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုကဲ့သို့ လှပလွန်းလှပြီး မျက်ခုံးနုနုနှင့် အေးစက်စူးရှသော မျက်ဝန်းများက သန့်စင်မြင့်မြတ်သော အသွင်ကို ဆောင်နေသည်။ သူ တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် လင်းလင်းအာသည် အမြဲတမ်း စိတ်လှုပ်ရှားမှုကို ပေးနိုင်သူ ဖြစ်သည်။
သူမဘေးတွင် ရှိနေသော ချူဒီကမူ မိတ်ကပ် အထူကြီး လိမ်းထားလေသည်။
လင်းဖန် လျှောက်လာသည်ကို မြင်သောအခါ လင်းလင်းအာ၏ အေးစက်နေသော မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ လင်းဖန်သည် ဘေးမှ ဝမ်ဟူကို ခေါ်ကာ လျှောက်သွားလိုက်သည်။
ချူဒီသည် ဝမ်ဟူကို အထင်မြင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဝမ်ဟူ... နင်က ဘာလို့ ဒီလို ဝတ်လာတာလဲ။ ဒါက အဆင့်မြင့်ဟိုတယ်ဟ။" ချူဒီသည် နှာခေါင်းကို ရှုံ့လိုက်ရင်း "နင်က ချွေးစော်နံနေတာပဲ။ အပြင်မထွက်ခင် အဝတ်အစားလေး ဘာလေး လဲလာသင့်တာပေါ့ ငါတို့ကို သိက္ခာချနေတာပဲ။" ဟု ပြောလိုက်သည်။
ဝမ်ဟူက နှာခေါင်းရှုံ့လိုက်သည်။
"မျက်နှာမှာ မိတ်ကပ်တွေ အထပ်လိုက်နဲ့ နင်ကကော ဘာတွေများ ဟန်ကိုယ်ဖို့ လုပ်နေတာလဲ။" ဝမ်ဟူက သူမကို အပေါ်အောက် ကြည့်လိုက်ရင်း "အပြင်ပန်းက ကြည့်ကောင်းပေမယ့် အတွင်းစိတ်ကတော့ သောက်သုံးမကျတာ ပေါ်လွင်နေတာပဲ။"
"နင်... ဘာပြောတယ်..." ချူဒီသည် ဒေါသတကြီးဖြင့် ဝမ်ဟူကို လက်ညှိုးထိုးလိုက်သည်။
"ဘာ ဘာပြောတယ်လဲ။ နင် နောက်တစ်ခါ စကားပြောရင် ပါးစပ်ကို ပိတ်ထားစမ်းပါ။ အနံ့က ဆိုးလွန်းလို့ နင် မစင်စားလာတယ်လို့ ထင်ရတယ်။"
ချူဒီ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။
"ကဲ... တော်ကြပါတော့။" လင်းဖန်က ပါးစပ်ကိုပိတ်ကာ ခိုးရယ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းရန် ဝမ်ဟူကို ဟန်ဆောင်ပန်ဆောင် ကန်လိုက်ရင်း "မင်းကလည်း ဘာလို့ အမှန်တရားတွေကို ကောက်ခါငင်ကာ ပြောနေတာလဲ။ ဒါကြောင့် မင်းမှာ သူငယ်ချင်းမရှိတာ။" ဟု ဆိုလိုက်သည်။
ချူဒီမှာ ဆွံ့အသွားရပြန်သည်။
"နင်တို့နှစ်ယောက် နောက်မနေနဲ့တော့။" လင်းလင်းအာက လင်းဖန်ကို မျက်စောင်းထိုးလိုက်ရင်း "အတွင်းထဲဝင်ပြီး မုန့်စားရအောင်။" ဟု ပြောကာ ဒေါသထွက်နေသော ချူဒီကို ဆွဲပြီး ဟိုတယ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ လင်းဖန်နှင့် ဝမ်ဟူတို့လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
သူတို့အားလုံး ပြတင်းပေါက်နားရှိ ဝိုင်းတစ်ခုတွင် ထိုင်လိုက်ကြသည်။ ထိုင်ပြီးသည်နှင့် လင်းဖန်သည် ဟင်းပွဲများကို မမှာယူသေးဘဲ လင်းလင်းအာ၏ လက်ကိုဆွဲကာ လိုရင်းကို တန်းပြောလိုက်သည်။
"လင်းလင်းအာ... ငါ မင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိတယ်..."