လုချန် သတိပြန်ဝင်လာပြီး လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်...
“ဧကရီ... ထားလိုက်ပါတော့ ကျွန်တော်မျိုးက သာမန်ရုပ်ခန္ဓာပဲရှိတဲ့ လူသားသက်သက်မို့လို့ ဝိညာဉ်အမြစ်မရှိပါဘူး... ဒါကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ မဖြစ်နိုင်ပါဘူး ဧကရီ အနေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာမျိုးစုံကို ပုံအောပေးရင်တောင်မှ အလဟဿပဲ ဖြစ်သွားပါလိမ့်မယ် ကျွန်တော်မျိုးရဲ့ ဆရာမလည်း ဒါကို စမ်းသပ်ကြည့်ဖူးပါတယ်”
လုချန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ် မျက်ခုံးပင့်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လိုက်၏...
“ငါက မဟာဧကရာဇ်တစ်ပါးပဲ... မင်းရဲ့ ဆရာက ငါနဲ့ နှိုင်းယှဉ်လို့ရလို့လား”
“ငါက ဖြစ်နိုင်တယ်လို့ ပြောရင်... အဲဒါ ဖြစ်ကိုဖြစ်ရမယ်”
လုချန်တစ်ယောက် အကြပ်ရိုက်သွားရရှာသည်။
【ဟ့… မဟာဧကရာဇ်ဖြစ်တာ ဘာဆန်းလို့လဲ ငါ့ရဲ့ ကျင့်ကြံခြင်းက နောင်တစ်ချိန်ကျရင် မဟာဧကရာဇ်ထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်... ပိုပြီး ခန့်ညားဦးမှာ】
လုချန်၏ စိတ်ထဲက စိန်ခေါ်သံကြောင့် ကုချင်း၀မ် သွားကို တကြိတ်ကြိတ် ဖြစ်သွားရပြန်သည်။
ဒီကောင်စုတ်လေးက တကယ့်ကို မောက်မာလွန်းလှပေသည် မဟာဧကရာဇ် ဖြစ်တာ ဘာဆန်းလို့လဲ ဟုတ်လား ဒီကောင်လေး၏ မျက်လုံးထဲတွင် အောက်လောက၏ အင်အားအကြီးဆုံး ဧကရာဇ်က တကယ်ပဲ တန်ဖိုးမရှိသလောက် ဖြစ်နေရော့သလား။
ကုချင်း၀မ် စိတ်ကို ထိန်းချုပ်လိုက်ပြီး လုချန်ကို ထပ်မံစကားပြောခွင့် မပေးတော့ဘဲ ရွှေရောင်နဂါးပလ္လင်တော်ကြီးပေါ်မှ တိုက်ရိုက် ထရပ်လိုက်ကာ ပြောလိုက်တော့သည်...
“တော်ပြီ... ငါ ဒီနေ့ပဲ ကျင့်ကြံရာ ကထွက်လာတာဆိုတော့ ရှန်လင်းတိုက်ကြီး ရဲ့ လက်ရှိအခြေအနေတွေကို နားလည်အောင် အရင်လုပ်ရဦးမယ် မနက်ဖြန်ကစပြီး မင်း ငါ့နောက်ကိုလိုက်ပြီး ကျင့်ကြံခြင်း စရမယ်။ အခု ပြန်လို့ရပြီ... မနက်ဖြန်ကျရင် ငါ့ဆီကို ဒီနေရာမှာပဲ လာရှာချေ”
လုချန်သည် ရပ်နေသည့်နေရာမှနေ၍ ကုချင်း၀မ်၏ သွယ်လျ ဖွံ့ဖြိုး အရပ်ရှည်လှသော ပုံပန်းသဏ္ဍာန်ကို ကြည့်ကာ သက်ပြင်းမောတစ်ချက်ကိုသာ အသာအယာ ချလိုက်မိတော့သည်။
ကုချင်း၀မ်သည် မူလကတည်းက လုချန်နှင့် အရပ်အမောင်း အတူတူလောက် ရှိသော်လည်း ယခုအခါ ကျောက်စိမ်းဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားသဖြင့် လုချန်ထက် ခေါင်းတစ်ဝက်စာခန့် ပိုမိုမြင့်မားနေခဲ့ပြီ ဖြစ်၏။
ဒီလို အပေါ်စီးမှ ဖိနှိပ်ထားသော အရှိန်အဝါကို ရင်ဆိုင်ရသဖြင့် လုချန်သည် စိတ်ပျက်လက်ပျက်ဖြင့်သာ ခေါင်းငုံ့ထားလိုက်ရရှာသည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ ကုချင်း၀မ်ကို ‘အဘွားကြီးစုတ်’ ဟု အကြိမ်ပေါင်း ရာချီ၍ ကျိန်ဆဲနေခဲ့၏။
ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ရှေ့က လုချန်ကို ကြည့်ကာ နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ဆူပူလိုက်ရတော့သည်...
“မင်း ဘာလို့ အခုထိ မသွားသေးတာလဲ ဘာတွေကို အချိန်ဆွဲပြီး တွန့်ဆုတ်နေတာလဲ”
ကုချင်း၀မ်သည် တကယ်ကို ကြောက်ရွံ့မိနေခြင်း ဖြစ်၏။ တကယ်လို့ လုချန်သာ စိတ်ထဲကနေ ‘အဘွားကြီး’ ဟု နောက်ထပ် နှစ်ကြိမ်လောက် ထပ်ခေါ်လိုက်ပါက သူမ စိတ်မထိန်းနိုင်ဘဲ ဒီကောင်စုတ်လေးကို လက်ဝါးဖြင့် ရိုက်သတ်ပစ်မိတော့မည် ဖြစ်သည်။
ကုချင်း၀မ်၏ ဆူပူမှုကို ခံရမှသာ လုချန် သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် အမိန့်တော်ခံကာ လှည့်ထွက်ပြေးတော့သည်။
【ဒီအဘွားကြီးက ဘာတွေ ရူးကြောင်ကြောင် ထလုပ်နေပြန်တာလဲ မသိဘူး... ထားလိုက်ပါတော့... ငါ လစ်ပြီ】
ကုချင်း၀မ် : "..."
လုချန် မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီးနောက် သူမအနေဖြင့် သူ၏ စိတ်ထဲက အတွေးသံများကို မကြားရတော့ချေ။ စောစောကအထိ အေးစက်ပြီး မောက်မာလှသော အမူအရာကို ထိန်းသိမ်းထားသည့် ကုချင်း၀မ်သည် ယခုအခါ အားအင်ကုန်ခမ်းသွားသကဲ့သို့ ရွှေရောင်နဂါးပလ္လင်တော်ပေါ်တွင် ဘေးတစ်စောင်း မှီချလိုက်တော့သည်။
လုချန် ထွက်ခွာသွားသော အရပ်မျက်နှာကို ကြည့်ရင်း ကုချင်း၀မ် ခေါင်းကိုသာ ခါယမ်းမိလိုက်၏။ ဒီကောင်လေးသည်... တကယ့်ကို လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော လူသားတစ်ဦးပင် ဖြစ်သည်။
ငါက ဘာဖြစ်လို့ ဒီကောင်လေးရဲ့ စိတ်ထဲက အတွေးတွေကို အတိုင်းသား ကြားနေရတာလဲ။
သူက ဘာဖြစ်လို့ ငါ့ရဲ့ ဧကရာဇ်နှလုံးသား မတည်မငြိမ်ဖြစ်နေတာကို တစ်ချက်ကြည့်ရုံနဲ့ သိတာလဲ။
သူက ဘာဖြစ်လို့ ငါ့ခန္ဓာကိုယ်ထဲက နှလုံးသားမိစ္ဆာ တည်ရှိရာနေရာကို အတိအကျ ရှာတွေ့နိုင်ရတာလဲ။
ထိုအရာများသည် အလွန်ပင် ဆန်းကြယ်လွန်းလှပြီး ယခုလောလောဆယ်တွင် ကုချင်း၀မ် မည်သို့မျှ အဖြေရှာမရနိုင်သော ကိစ္စရပ်များ ဖြစ်ကြသည်။
သို့သော်လည်း ကုချင်း၀မ်သည် လုချန်အပေါ် အချိန်ပေးပြီး သူ့ကို တဖြည်းဖြည်းချင်း စောင့်ကြည့်လေ့လာရန် ဆုံးဖြတ်လိုက်၏။
အထက်ပါ ကိစ္စရပ်များက အရေးမကြီးပါချေ။ အချိန်ကသာ သူမကို အဖြေပေးလိမ့်မည်ဟု ခံစားရသဖြင့် သူမ အလောတကြီး သိချင်စိတ် မရှိတော့ပေ။
သို့သော်... ကုချင်း၀မ် အဖြေရှာမရဆုံးနှင့် အခဲမကျဆုံး အချက်ကတော့...
‘ငါက အဲဒီလောက်တောင် ကြောက်စရာကောင်းလို့လား ငါက ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက်မို့လို့လား’
‘သူက ဘာလို့ ငါ့အပေါ် အဲဒီလောက်အထိ ရန်လိုစိတ် ပြင်းထန်နေရတာလဲ’
စောစောက သူ စိတ်ထဲက ခေါ်လိုက်သော ‘အဘွားကြီး’ နှင့် ‘အဘွားကြီးစုတ်’ ဟူသည့် စကားလုံးများက ကုချင်း၀မ်ကို တကယ်ပင် ဒေါသအိုး ပေါက်ကွဲစေခဲ့သည်။
အခြားအရာများကို ထားပါဦး... သူမ၏ ဧကရီ ဟူသောအဆင့်အတန်းနှင့်တင် သူမနှင့် ပတ်သက်ခွင့်ရရန်အတွက် လူပေါင်းများစွာ မည်မျှအထိ လုယက်တိုးဝှေ့ကြမည်ကို မသိနိုင်ချေ။
သူမ၏ စွမ်းအားကို ခေတ္တဖယ်ထားပြီး ရုပ်ရည်အလှအပကိုသာ ပြောမည်ဆိုလျှင်ပင်... လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက မည်မျှအထိ ပါရမီရှင် လူငယ်များနှင့် အင်အားကြီး ပုဂ္ဂိုလ်ကြီးများက သူမ၏ မျက်နှာကို တစ်ချက်မျှ မြင်ခွင့်ရရန်အတွက် ယောင်ချီသန့်စင်နယ်မြေ၏ အပြင်ဘက်တွင် နေ့စဉ်နှင့်အမျှ စောင့်ဆိုင်းခဲ့ကြဖူးသည်။
တကယ်လို့ သူမက ထိုသူများကို စကားအနည်းငယ် ပြန်ပြောလိုက်မည်ဆိုပါက ထိုသူများအတွက် နှစ်နှစ် သုံးနှစ်ခန့်အထိ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်ပြောနိုင်မည့် ကိစ္စကြီး ဖြစ်သွားပေလိမ့်မည်။
ကုချင်း၀မ်၏ ရုပ်ရည်သည် ထိုခေတ်အခါက အလှဆုံးဖြစ်ခဲ့ပြီး... အလွယ်ပြောရလျှင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတင်မကဘဲ ယခု နှစ်ပေါင်းတစ်သောင်း ကြာမြင့်ပြီးသည့်တိုင်အောင် ကမ္ဘာပေါ်တွင် အလှပဆုံးအမျိုးသမီး ဖြစ်နေဆဲပင် ဖြစ်၏။
သို့သော်လည်း လုချန်ဟူသော ကောင်လေးမှာမူ သူမနှင့် စကားအများကြီး မပြောချင်... သူမအနားမှာ မနေချင်ရုံသာမက စိတ်ထဲကနေပါ သူမကို ‘အဘွားကြီးစုတ်’ ဟုသာ အမြဲတစေ ခေါ်ဝေါ်နေခဲ့သည်။
ခဏမျှ စဉ်းစားကြည့်ပြီးနောက် ကုချင်း၀မ်ပင် သူမကိုယ်သူမ ရုပ်ဆိုးမကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီလားဟု သံသယ ဝင်မိသွားရရှာသည်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ နှစ်ပေါင်းတစ်သောင်း တံခါးပိတ်ကျင့်ကြံပြီးနောက် သူမ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူမ၏ လောကလွန်ဆန်သော နတ်ဘုရားမအရှိန်အဝါနှင့် ရင်သပ်ရှုမောဖွယ် အလှတရားများမှာ ယခုအခါ လက်ဖျားခါလုနီးပါး ဖြစ်နေပြီး လူပေါင်းစုံကို မိန်းမောသွားစေနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။
ကုချင်း၀မ်သည် သူမ၏ ရုပ်ရည်အလှအပကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘဲ အလှအပကို အသုံးချပြီး ကိစ္စရပ်များကို ဆောင်ရွက်လေ့မရှိသော်လည်း... လုချန်က သူမကို ‘အဘွားကြီးစုတ်’ ဟု အမြဲတစေ ခေါ်နေခြင်းကိုတော့ သူမ မည်သို့မျှ နားမလည်နိုင်ဘဲ ရှိနေရတော့သည် လုံးဝကို အဖြေရှာမရနိုင်ခြင်း ဖြစ်၏
ယခုအခါ ကုချင်း၀မ်သည် လုချန်နှင့် ပတ်သက်လာလျှင် လုံးဝ အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရရှာသည်။ နောင်အနာဂတ်တွင် လုချန်နှင့် ဘယ်လိုပုံစံမျိုးဖြင့် ရင်းနှီးအောင် လုပ်ရမည်ကို သူမ မသိတော့ချေ။
သို့သော်လည်း ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကုချင်း၀မ်အနေဖြင့် သူမ၏ သိက္ခာကို ချပြီး သူ့ကို ဖားယားအောက်ကျို့ခံမည် မဟုတ်ပေ။
ကုချင်း၀မ်၏ စရိုက်အရ အသက်ရှင်သန်နိုင်ရေးအတွက် အခြားသူတစ်ဦးကို အောက်ကျို့ဖားယားရမည်ဆိုပါက သူမအနေဖြင့် သေခြင်းတရားကိုသာ ရွေးချယ်ပေလိမ့်မည်။
ရှန်ယွန်းတောင်ထိပ် သို့ပြန်ရောက်သောအခါ လုချန်သည် ဟင်းချက်ရန်အတွက် ဟင်းသီးဟင်းရွက်များကို ဆွတ်ခူးရင်း... သူ ချက်ချင်းပင် ပစ္စည်းများသိမ်းဆည်းကာ ဂိုဏ်းထဲကနေ ထွက်ပြေးရမလားဟု တွေးတောနေခဲ့သည်။
သူ့ကို အတင်းအကျပ် ကျင့်ကြံခိုင်းခြင်းကတော့ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမည်မဟုတ်ပေ။ လုချန်အနေဖြင့် ပိုမိုအစွမ်းထက်လာချင်ပါက စနစ်ကိုသာ အားကိုးရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုချန်တွင် ဝိညာဉ်အမြစ် မရှိသဖြင့် ကောင်းကင်နှင့်မြေကြီးကြားက ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်စွမ်း မရှိရာ အခြားနည်းလမ်းဖြင့် ပိုမိုသန်မာလာရန် မဖြစ်နိုင်သောကြောင့် ဖြစ်၏။
သို့သော်လည်း တကယ်လို့ အခုချက်ချင်း ထွက်သွားမယ်ဆိုရင်တော့... လုချန် စိတ်ထဲမှာ မသွားချင်သေးပြန်ပေ။
အဓိကအချက်ကတော့ သူ၏ လှပချောမောလှသော ဆရာမလေးကို မနှုတ်ဆက်ရသေးခြင်းကြောင့် ဖြစ်၏။
လုချန်သည် သူ၏ ချောမောလှပသော ဆရာမလေးကို မိသားစုဝင်တစ်ဦးကဲ့သို့ သဘောထားသည်။ ထိုစဉ်တုန်းက ဆရာမလေးက သူ့ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ သူ ထွက်ခွာသွားမည်ဆိုပါကလည်း ဆရာမလေးကို အရင်ဆုံး အသိပေးနှုတ်ဆက်ရမည် ဖြစ်၏။ နှုတ်မဆက်ဘဲ ဒီအတိုင်း ထွက်သွားခြင်းက မလျော်ကန်ပေ။
ဒါပေမဲ့ ပြဿနာကတော့... သူ၏ လှပသော ဆရာမလေးက ဘယ်အချိန်မှ ပြန်လာမည်ကို လုချန် မသိခြင်း ဖြစ်သည်။ ဆရာမလေးသည် သူမ၏ စိတ်အလိုအတိုင်းသာ ပြုမူတတ်သူဖြစ်ရာ ယခုလတွင် အပြင်ထွက်သွားပါက နောက်လတွင် သေချာပေါက် ပြန်လာလိမ့်မည်ဟု အာမခံချက် မရှိချေ။
ယောင်ချီသန့်စင်နယ်မြေတွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့စဉ်အတွင်း လုချန်သည် ဆရာမလေးက တစ်နှစ်မှ တစ်ကြိမ်သာ ပြန်လာသည့် အခြေအနေမျိုးကိုလည်း ကြုံတွေ့ဖူးခဲ့သည်။
လက်ရှိ အခြေအနေအရမူ လုချန်အနေဖြင့် တစ်နှစ်မပြောနှင့်... တစ်လမပြည့်မီမှာတင် ဂိုဏ်းထဲကနေ အတင်းအကျပ် မောင်းထုတ်ခံရမည်ကို စိုးရိမ်နေရခြေပြီ။
တကယ်ကို ဒုက္ခပါပဲ...
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လုချန် အိပ်ရာမှ စောစောထခဲ့သည်။ ယနေ့သည် အတိတ်ကနှင့်မတူဘဲ သူသည် ဂိုဏ်း၏ ပင်မခန်းမဆောင်သို့ သွားရောက်ကာ ကုချင်း၀မ်ကို ရှာဖွေရမည်ဖြစ်ရာ စောစောထ... မျက်နှာသစ်... မနက်စာစားပြီးနောက် ထွက်ခွာရန် ပြင်ဆင်ရမည် ဖြစ်၏။
တံခါးကို တွန်းဖွင့်လိုက်သောအခါ လုချန်သည် နံနက်ခင်း၏ နေရောင်ခြည်ကို မျက်နှာမူလျက် သမ်းဝေကာ အကြောဆန့်လိုက်သည်။ ထိုအချိန်မှာပင် သူ၏ နားထဲ၌ စနစ်၏ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏...
[[ဒင်…မနေ့က ရရှိခဲ့တဲ့ သာမန်လူသားမှတ် + ၁၀၅၀”]]
ထိုအသံကို ကြားလိုက်ရသောအခါ လုချန် အံ့အားသင့်ကာ ကြောင်အမ်းသွားရရှာသည်။ သာမန်လူသားမှတ်... တစ်ထောင်ကျော် တဲ့လား ဒီလောက်အထိ အများကြီး တိုးလာရတာလဲ
ပုံမှန်အားဖြင့် လုချန်၏ သာမန်လူသားမှတ်သည် တစ်ရက်လျှင် တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ တိုးလေ့ရှိသော်လည်း ယခုအကြိမ်တွင်မူ ရုတ်တရက် တစ်ထောင်ကျော်အထိ ခုန်တက်သွားခြင်း ဖြစ်၏။ လုချန်တစ်ယောက် ဇဝေဇဝါဖြစ်နေပြီး ဘာကြောင့် ဤမျှအထိ တိုးလာရသည်ကို အဖြေရှာမရသေးမီမှာပင်...
ချက်ချင်းဆိုသလို သူ၏ နားထဲ၌ စနစ်၏ နောက်ထပ် ကြည်လင်ပြတ်သားသော အကြောင်းကြားသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်...
[[ဒင်…အိမ်ရှင် သည် တစ်ရက်အတွင်း သာမန်လူသားမှတ် ၁၀၀၀ ကျော်လွန်ခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် အောင်မြင်ခဲ့ပါသည်။ ဆုလာဘ်: ပါးကွရှစ်ကွက် မီးဖိုကြီး”]]
[[အိမ်ရှင်၏ ချန်ခွန်းအိတ်ထဲတွင် သိမ်းဆည်းပေးထားပြီး ဖြစ်ပါသည်”]]
ပါးကွရှစ်ကွက် မီးဖိုကြီး ဟုတ်လား…
လုချန် မျက်တောင်လေး ကလတ်ကလတ်ဖြင့် ကြောင်အမ်းသွားရတော့သည်။ ထိုအရာက... နတ်ဘုရား ‘ထိုက်ရှန်းလောင်ကျွင်း ’ ပိုင်ဆိုင်တဲ့ မီးဖိုကြီးမလား။