ကုသလို့... ကုသလို့ ရတယ် တဲ့လား…
တကယ်ပဲ ကုသလို့ရတဲ့ နည်းလမ်း ရှိတာလား..
ကုချင်း၀မ်သည် မယုံကြည်နိုင်လွန်းလှသဖြင့် မျက်နှာထက်တွင် အံ့ဩမှင်တက်ခြင်းများ ပြည့်နှက်လျက် လုချန်ကို စိုက်ကြည့်နေမိတော့သည်။ ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
တကယ်လို့ လုချန်သာ ထိုစကားကို အပြင်မှာ နှုတ်ကထုတ်ပြောခဲ့ရင် ကုချင်း၀မ် ဘယ်လိုနည်းနဲ့မှ ယုံကြည်မည်မဟုတ်ပေ။
သို့သော်... သို့သော် လုချန်က အပြင်မှာ ထုတ်ပြောခဲ့ခြင်း မဟုတ်ချေ လုချန်၏ စိတ်ထဲက စစ်မှန်သော အတွေးများသာ ဖြစ်သည် စောစောက သူ စိတ်ထဲမှာ သူမ သုံးနှစ်အတွင်း သေလိမ့်မည်ဟု ကောက်ချက်ချခဲ့စဉ်ကလိုပင် အရာအားလုံးသည် သူ၏ ရိုးသားလှသော အတွေးကမ္ဘာထဲက ဖြစ်၏။ ဒီနေရာမှာ လိမ်ညာလှည့်ဖြားခြင်း ဆိုတာ လုံးဝ မရှိနိုင်ပေ။
ကုချင်း၀မ်တစ်ယောက် မယုံနိုင်ဘဲ မိန်းမောနေဆဲမှာပင် လုချန်၏ စိတ်ထဲက အတွေးသံများသည် သူမ၏ နားထဲသို့ ထပ်မံ၍ သဲသဲကွဲကွဲ စီးဝင်လာပြန်သည်။
【ထားလိုက်ပါတော့... ထားလိုက်ပါတော့... ငါ ဝင်မပါတော့ဘူး ငါက ဒီဧကရီနဲ့ ရင်းနှီးတာလည်း မဟုတ်ဘူး... မိတ်ဆွေတွေလည်း မဟုတ်ကြဘူး】
【တကယ်လို့ ငါသာ အဲ့ဒီကုသနည်းကြီးကို သွားပြောလိုက်ရင်... ဒီမိန်းမကြီးက ငါ့ကို ရိုက်သတ်ပစ်မှာ သေချာတယ်】
【ငါ့အသက်လေးက ပိုအရေးကြီးပါတယ်】
ကုချင်း၀မ် : "..."
‘မဟုတ်ဘူး... မလုပ်ပါနဲ့’
‘မင်းမှာ ပြောစရာရှိရင်လည်း အပြင်မှာပဲ တန်းပြောလိုက်ပါတော့…’’
‘ဘာလို့ စိတ်ထဲမှာပဲ အမြဲတမ်း ပွစိပွစိ လုပ်နေရတာလဲ…’’
‘အဲ့ဒီ ကုသနည်းက အတိအကျ ဘာလဲဆိုတာကိုသာ ပြောပြပါ... ငါ ယုံပါ့မယ်’
‘ငါ အခု မင်းနဲ့ ရာနှုန်းပြည့် ပူးပေါင်းဖို့ အသင့်ပဲမို့လို့... ဒီအတိုင်းသာ ပြောချင်တာ ပြောလိုက်စမ်းပါ’
ကုချင်း၀မ်တစ်ယောက် စိတ်ထဲတွင် အလွန်အမင်း ပူပန်သောက ရောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာထက်တွင်တော့ ထိုအမူအရာကို လုံးဝ မပြဝံ့ချေ။ သူမသည် တည်ငြိမ်အေးဆေးသော ပုံစံဖမ်းကာ လုချန်ကို ကြည့်ပြီး မေးလိုက်ရုံသာ တတ်နိုင်ရှာသည်။
“ကဲ... ဒါဆို ငါ့ရဲ့ရောဂါကို ဘယ်လိုပုံစံနဲ့ ကုသရမှာလဲ”
ယခုအချိန်တွင် လုချန်ကတော့ စိတ်ပိုင်းဖြတ်ပြီးသွားပြီ ဖြစ်သည်။ သူသည် စောစောက အသုံးပြုခဲ့သော ပိုးပဝါကို ပြန်လည်သိမ်းဆည်းလိုက်ရင်း အလိုက်သင့် ရိုသေဟန်ဆောင်ထားသည့် အပြုံးလေးဖြင့် ပြန်လည်လျှောက်တင်လိုက်၏။
“ဧကရီက မဟာဧကရာဇ်တစ်ပါးပဲဟာ... ဘယ်လိုလုပ် ရောဂါဖြစ်နိုင်ပါ့မလဲ အလွန်ဆုံးရှိလှ ခန္ဓာကိုယ်ထဲမှာ အနည်းငယ် မသက်မသာ ဖြစ်ရုံပါပဲ ဒါက ဧကရီ နှစ်ပေါင်းတစ်သောင်းလုံးလုံး တံခါးပိတ်ကျင့်ကြံခဲ့ရလို့ ဖြစ်တဲ့ ပြဿနာအသေးအမွှားလေး ဖြစ်မှာပါ... ရက်ပိုင်းလောက်နေရင် သူ့အလိုလို သက်သာသွားပါလိမ့်မယ်”
လုချန်ကတော့ တကယ်ကို ဝင်မပတ်သက်တော့ရန် ဆုံးဖြတ်ထားပုံရသည်။
ထိုအချက်ကို ကုချင်း၀မ် ကောင်းကောင်း ရိပ်မိလိုက်၏။
ကုချင်း၀မ်သည် ပစ္စည်းများကို သိမ်းဆည်းကာ အချိန်မရွေး လစ်ထွက်ရန် ပြင်နေသော လုချန်ကို ကြည့်ရင်း ခဏမျှ ငိုင်ကျသွားပြီးနောက်... သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
‘ငါ... ဒီကောင်လေးနဲ့ ရင်းနှီးအောင် တတ်နိုင်သမျှ ကြိုးစားရမယ်’
သူမကို မကူညီချင်ရခြင်းမှာ သူ၏ ကုသနည်းကြောင့် သူမ ဒေါသထွက်ပြီး သူ့ကို သတ်ပစ်မည်ကို ကြောက်ရွံ့နေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် ကောင်စုတ်လေးနှင့် ရင်းနှီးသော မိတ်ဆွေဖြစ်အောင် လုပ်ပြီး... သူမဘက်က သူ့အသက်ကို ဘယ်သောအခါမျှ ရန်ရှာမည်မဟုတ်ကြောင်း အသိပေးနိုင်ခဲ့လျှင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။
သို့သော်လည်း... ခဏမျှ စဉ်းစားကြည့်ပြီးနောက် ကုချင်း၀မ် အနည်းငယ် အခက်တွေ့သွားရပြန်သည်...
သူမက လုချန်နှင့် ဘယ်လိုပုံစံမျိုးနဲ့ ရင်းနှီးအောင် လုပ်ရမည်နည်း။
လူနှစ်ယောက် နီးစပ်သွားရန်အတွက် နေ့တိုင်း အတူတူ စကားစမြည်ပြောဆိုခြင်းထက် ပိုကောင်းသော နည်းလမ်းမရှိချေ။ သို့သော် ပြဿနာမှာ... ကုချင်း၀မ်က ယောင်ချီသန့်စင်နယ်မြေ၏ ဧကရီတစ်ပါး ဖြစ်နေပြီး... လုချန်ကတော့ သာမန်တပည့်တစ်ဦး... အပေါ်ယံတွင် သာမန်လူသားတစ်ဦးအဆင့်သာ ရှိနေခြင်း ဖြစ်သည်။ သူတို့နှစ်ဦး၏ အဆင့်အတန်းမှာ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလွန်းလှပေသည်။
ကုချင်း၀မ်အနေဖြင့် ဂိုဏ်း၏ အနာဂတ်အရေးကို ဆွေးနွေးရန်ဟူသော အကြောင်းပြချက်မျိုးဖြင့် လုချန်ကို သူမ၏အနားတွင် အတင်းအကျပ် ဆွဲထား၍လည်း မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် မဟာဧကရာဇ်တစ်ပါးက ဂိုဏ်းထဲက သာမန်လူသားတပည့်တစ်ဦးနှင့် ဘာများ ဆွေးနွေးစရာ ရှိပါမည်နည်း။
ဒါ့အပြင် အကြောင်းပြချက်မရှိဘဲ လုချန်၏ နေအိမ်သို့ နေ့တိုင်း သွားရောက်လည်ပတ်နေရန်မှာလည်း ပို၍ပင် ထူးဆန်းနေပေလိမ့်မည်။
အခြားသူများ၏ အမြင်ကို ထားပါဦး... ထိုသို့လုပ်ဆောင်ခြင်းက လုချန်ကို ပိုမိုထိတ်လန့်သွားစေနိုင်ပေသည်။
ထို့အတူ ကုချင်း၀မ်သည် လုချန်၏ တကယ့်လျှို့ဝှက်ချက်များကိုလည်း ဖော်ကောင်လုပ်၍ မဖြစ်သေးချေ။ သို့မဟုတ်ပါက သူက ချက်ချင်းပင် ဂိုဏ်းမှ ထွက်ပြေးသွားနိုင်ရာ အရာအားလုံး ဇာတ်သိမ်းသွားပေလိမ့်မည်။
ထိုအချိန်တွင် ပစ္စည်းများ သိမ်းဆည်းပြီးသွားသော လုချန်သည် ကုချင်း၀မ်ကို ကြည့်ကာ ရိုသေစွာ ပြုံးပြလျက် လျှောက်တင်လိုက်သည်။
“ဒါဆိုရင် ဧကရီ... အခြားကိစ္စမရှိရင် ကျွန်တော်မျိုး သွားခွင့်ပြုပါဦး ဧကရီကလည်း ကျင့်ကြံရာ ကထွက်လာတာ မကြာသေးတော့... ဆောင်ရွက်စရာ ကိစ္စအဝဝ ရှိနေဦးမှာပါ”
【ဒီနေ့ကစပြီး ငါ ရှန်ယွန်း တောင်ထိပ် ပေါ်ကနေ လုံးဝ ပြန်မဆင်းတော့ဘူး ငါက ဒီဧကရီမရဲ့ မျက်စိရှေ့မှာ ခဏခဏ လာမပြဘဲ နေလိုက်ရင်... သူကလည်း ငါလို လူမွဲလေးတစ်ယောက်ကို မကြာခင် မေ့သွားမှာပဲ ဒါဆို ငါ့ရဲ့ သာမန်လူသားဖြစ်တည်မှုအတွက်လည်း ပြဿနာရှိတော့မှာ မဟုတ်ဘူး】
ဘာလုပ်ရမှန်း မသိဖြစ်နေသော ကုချင်း၀မ်သည် လုချန်၏ နောက်ဆုံးအတွေးကို ကြားလိုက်ရသောအခါ မျက်ဝန်းများ ချက်ချင်းပင် တောက်ပသွားရတော့သည်။
ဟမ်…
သတိပြန်ဝင်လာပြီးနောက် ကုချင်း၀မ်၏ နှုတ်ခမ်းအစုံတွင် နူးညံ့ပြီး လှပလွန်းလှသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ ထိုရင်သပ်ရှုမောဖွယ် အပြုံးထဲတွင် လိမ္မာပါးနပ်သော မြေခွေးအိုကြီးတစ်ကောင်၏ အရိပ်အယောင်များ စွက်ဖက်နေခဲ့၏။
ထို့နောက် ကုချင်း၀မ်သည် ကြီးမားလှသော ရွှေရောင်နဂါးပလ္လင်တော်ပေါ်တွင် တည်ငြိမ်စွာ ပြန်လည်ထိုင်လိုက်ပြီး ဘေးတစ်စောင်းမှီလျက် ခြေထောက်တစ်ဖက်ကို ချိတ်လိုက်လေသည်။
ကုချင်း၀မ် ဝတ်ဆင်ထားသော ဝတ်ရုံဖြူကြီးမှာ တရုတ်ရိုးရာ ‘ချောင်ဆမ်ဝတ်စုံ’ ကဲ့သို့ ဘေးနှစ်ဖက်မှ အလှခွဲထားရာ ခြေထောက်ချိတ်လိုက်သည့်အခါတွင် နှင်းကဲ့သို့ ဖြူဖွေးဝင်းပနေသော ပေါင်တံအလှတရားများက လုချန်ကို ရုတ်တရက် မျက်စိပတ်လည်လည် ဖြစ်သွားစေခဲ့သည်။
လုချန်သည် ယခင်ဘဝနှင့် ယခုဘဝ နှစ်ဘဝလုံးတွင် လူပျိုကြီးဖြစ်ခဲ့သော်လည်း အင်တာနက်ဗီဒီယိုများကို အများအပြား ကြည့်ဖူးခဲ့သဖြင့် ခုခံနိုင်စွမ်း အတန်အသင့် ရှိပါသည်။
သို့သော်လည်း... မိမိရှေ့မှောက်တွင် ရင်သပ်ရှုမောဖွယ် အလှနတ်ဘုရားမကြီးတစ်ပါးက ဒီလောက်အထိ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားကို ပြုလုပ်ပြလာသောအခါ လုချန်အနေဖြင့်လည်း တောင့်ခံရန် အမှန်တကယ်ပင် ခက်ခဲလွန်းလှပေသည်။
သူသည် သတိကို အမြန်ပြန်စုစည်းကာ မျက်နှာလွှဲလိုက်ရပြီး ချောမောသော မျက်နှာလေးမှာ ရှက်သွေးဖြာကာ အနည်းငယ် ရဲတက်သွားခဲ့ရရှာသည်။ လုချန်ကို သေသေချာချာ စောင့်ကြည့်နေသော ကုချင်း၀မ်သည် သူ၏ တုံ့ပြန်မှုကို သဘာဝကျကျပင် သတိပြုမိလိုက်၏။
ကုချင်း၀မ် ခဏမျှ ကြောင်အမ်းသွားပြီးနောက်... လှပသော မျက်ခုံးလေးများ အနည်းငယ် ပင့်တက်သွားသည်။
’ဒီကောင်စုတ်လေးက... တကယ်ကို... ချစ်စရာကောင်းသားပဲ’
ကုချင်း၀မ်သည် ယခုမှပင် လုချန်ကဲ့သို့ သာမန်လူသားတစ်ဦးက ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးတွင် မည်သည့်အတွက်ကြောင့် ဒီလောက်အထိ ရေပန်းစားပြီး မိန်းကလေးများ ဝိုင်းဝိုင်းလည်နေရခြင်းဖြစ်ကြောင်း နားလည်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော်... အနည်းငယ် စနောက်ကျီစယ်ရုံမျှဖြင့် ရှက်သွေးဖြာကာ မျက်နှာရဲတက်သွားတတ်သည့် ချစ်စရာကောင်းသော မောင်လေးတစ်ယောက်ကို မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။
ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ ပိုမိုကွေးညွတ်ကာ ပြုံးမိသွားရသည်။ သူမသည် ခေါင်းကို အနည်းငယ် စောင်းကာ လုချန်ကို ကြည့်ပြီး ပြောလိုက်၏။
“ထွက်သွားမယ် မင်းက ဘယ်လိုလုပ် ထွက်သွားလို့ရမှာလဲ”
“ကြည့်ရတာ... မင်းက ငါ့ရဲ့ရောဂါကို တစ်ခုမှ မကုသပေးရသေးဘူးလေ”
ကုချင်း၀မ်၏ အသံမှာ အလွန်ပင် ဆွဲဆောင်မှုရှိပြီး နူးညံ့ညင်သာလွန်းလှပေသည်။ ကုချင်း၀မ်သည် တစ်သက်နှင့်တစ်ကိုယ် မည်သူ့ကိုမျှ ဒီလိုသော အသံမျိုးဖြင့် စကားမပြောဖူးချေ။
ယခင်ကဆိုလျှင် စကားပြောတိုင်း ခံစားချက်မရှိဘဲ အေးစက်လွန်းလှသည်။ သို့သော် လုချန်နှင့် တွေ့ဆုံပြီးနောက်တွင် သူမ၏ စိတ်ထဲ၌ အပျော်သဘောမျိုး ဖြစ်ပေါ်လာကာ သူ့ကို စနောက်ကျီစယ်ချင်စိတ်ကို မအောင့်နိုင်ဖြစ်ရခြင်း ဖြစ်၏။
လုချန်ကတော့ ကုချင်း၀မ်၏ လေသံပြောင်းလဲသွားခြင်းကို သိပ်ပြီး သတိမထားမိဘဲ သူမ၏ စကားကို ကြားရသောအခါ အလျင်အမြန်ပင် ပြန်လည်ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ဧကရီ... မှာ တကယ်ပဲ ဘာရောဂါမှ မရှိတာမို့လို့ ကုသပေးစရာ မလိုပါဘူး”
ကုချင်း၀မ်သည် မျက်ခုံးပင့်လျက် လုချန်ကို စိုက်ကြည့်ကာ တည်ငြိမ်အေးဆေးစွာဖြင့် နှေးကွေးစွာ ပြောလိုက်တော့သည်။
“အဲဒါကတော့ ဟုတ်ပါတယ် ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး အရေးကြီးတာက မင်းရဲ့ စွမ်းအားကိစ္စပဲ မင်း ဘယ်လောက်ပဲ ဆေးပညာ တတ်မြောက်နေပါစေ... နောက်ဆုံးတော့ မင်းက သာမန်လူသားတစ်ယောက်ပဲ မဟုတ်လား”
“သာမန်လူသားတစ်ယောက်က ယောင်ချီသန့်စင်နယ်မြေထဲမှာ ဒီအတိုင်း ဆက်ရှိနေတာကို အပြင်လူတွေ သိသွားရင်... ငါတို့ဂိုဏ်းကြီးက လှောင်ပြောင်စရာကြီး ဖြစ်မသွားဘူးလား”
【တောက်... ဒီအဘွားကြီးစုတ်က ငါ့ကို လုံးဝကို ကြည့်မရဖြစ်နေတာပဲ... နောက်ဆုံးတော့လည်း ငါ့ကို ဂိုဏ်းထဲကနေ မောင်းထုတ်ချင်နေတာပေါ့】
【ဒါမျိုးဖြစ်မှန်းသိရင် စောစောက အပင်ပန်းခံပြီး အဲ့ဒီလောက်ကြီး လိုက်စစ်ဆေးမနေပါဘူးကွာ】
အ... အဘွားကြီး... အဘွားကြီးစုတ် ဟုတ်လား။
ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားရတော့သည်။
ဒီ... ဒီကောင်လေးက... သူမကို... အဘွား... အဘွားကြီးစုတ်လို့ ခေါ်လိုက်တာလား။
ထိုအခိုက်အတန့်တွင် ကုချင်း၀မ်သည် လုချန်ကို တကယ်ပင် လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားခဲ့သည်။
‘ဘယ်သူမှ ဆက်မရှင်နဲ့တော့…အားလုံး တူတူ ပျက်စီးကြတာပေါ့…ဒီနေ့ ငါတို့နှစ်ယောက်လုံး ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားကြနဲ့တော့..’
သို့သော်လည်း နောက်ဆုံးတွင် ကုချင်း၀မ် စိတ်ကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ရသည်။ သူမသည် သက်ပြင်းကို ပြင်းပြင်းရှူသွင်းကာ စိတ်ကို လျှော့ချပြီးနောက် ကြင်နာတတ်သော မျက်နှာပေးမျိုး ဖြစ်ပေါ်လာစေရန် နှုတ်ခမ်းကို အတင်းအကျပ် ပြုံးလျက် ပြောလိုက်ရတော့သည်။
“ဒါပေမဲ့... မင်း နှစ်ပေါင်းများစွာ ယောင်ချီသန့်စင်နယ်မြေအပေါ် ပေးဆပ်ခဲ့တဲ့ အကျိုးကျေးဇူးတွေကို ထောက်ထားတဲ့အနေနဲ့...”
“ဒီနေ့ကစပြီး... မင်းက ငါ့ရဲ့ ‘တိုက်ရိုက်တပည့်’ ဖြစ်တယ် ငါကိုယ်တိုင် မင်းကို သေသေချာချာ ‘လေ့ကျင့်ပညာပေး’ ပြီး အခြားသူတွေရဲ့ ပျမ်းမျှကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး အမီလိုက်နိုင်အောင် လုပ်ပေးမယ်”
ကုချင်း၀မ်သည် ကြင်နာသော အပြုံးမျိုးကို အစွမ်းကုန် ပြသရန် ကြိုးစားနေသော်လည်း သူမ၏ ပုံစံမှာ ကြင်နာမှုနှင့် လုံးဝ ဝေးကွာနေပြီး သွားများကိုပင် တကြိတ်ကြိတ် တောက်နေခဲ့ရှာသည်။ အထူးသဖြင့် ‘လေ့ကျင့်ပညာပေး’ ဆိုသည့် စကားလုံးကို သူမက အလွန်အမင်း အသံလေးပေးပြီး ပြောခဲ့ခြင်း ဖြစ်၏။
လုချန်ကတော့ လုံးဝကို ကြောင်အမ်းသွားရရှာတော့သည်။
【ဟမ်】