ဧကရာဇ်အဆင့် …
ဒီအဆင့်က အောက်လောက၏ နိယာမစည်းမျဉ်းအားလုံးကို ကျော်လွန်လွန်မြောက်နေသောအဆင့် ဖြစ်သည်။
ဧကရာဇ်အဆင့်ဟူသည် အရာခပ်သိမ်းထက် သာလွန်ဆန်းကြယ်သော တည်ရှိမှုဖြစ်ပြီး ထိုအဆင့်သို့ ရောက်ရှိရန်အတွက် ကျင့်ကြံသူသည် ယခင်ရှိခဲ့သမျှ အရာအားလုံးကို စွန့်ပယ်ပြီး သန့်စင်ချေဖျက်ပစ်ရမည် ဖြစ်၏။
ထိုနေရာတွင် ‘နှလုံးသားမိစ္ဆာ’ ဟူသည် ဧကရာဇ်အဆင့်သို့ တက်လှမ်းမည့်သူများအတွက် အကြီးမားဆုံးသော အတားအဆီးပင် ဖြစ်တော့သည်။
နှလုံးသားမိစ္ဆာဆိုသည်မှာ သတ်သတ်မှတ်မှတ်အရာတစ်ခုကို ညွှန်းဆိုခြင်းမဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်မရောက်မီ ရှိခဲ့ဖူးသမျှသော မကျေနပ်မှုများ... အမုန်းတရားများ... ပျော်ရွှင်မှုများနှင့် စွန့်မလွှတ်နိုင်သော တွယ်တာမှုအားလုံးကို ခြုံငုံခေါ်ဆိုခြင်း ဖြစ်၏။
နှလုံးသားမိစ္ဆာသည် ကောင်းခြင်း... ဆိုးခြင်း အရာအားလုံး ပေါင်းစပ်နေသော အရာဖြစ်ပြီး... အလွယ်ပြောရလျှင် လောကီအာရုံဟုပင် ဆိုနိုင်သည်။ ၎င်းသည် အလွန်ပင် ရှုပ်ထွေးပြီး အန္တရာယ်ကြီးမားလှပေသည်။ စစ်မှန်သော ဧကရာဇ်တစ်ပါးအဖြစ် တာအိုလမ်းစဉ်ကို သက်သေပြနိုင်ရန်အတွက် နှလုံးသားမိစ္ဆာကို အကြွင်းမဲ့ သန့်စင်ချေဖျက်ပစ်ရမည် ဖြစ်၏။
ကုချင်း၀မ်သည် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် တံခါးပိတ်ကျင့်ကြံခဲ့ရခြင်းမှာလည်း ဒီနှလုံးသားမိစ္ဆာကို သန့်စင်ရန်အတွက် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ကုချင်း၀မ်၏ နှလုံးသားမိစ္ဆာ သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ ချောမွေ့မနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကုချင်း၀မ်၏ စိတ်ထဲတွင် အချို့သောအရာများကို မစွန့်လွှတ်နိုင်ခြင်းကြောင့် ဖြစ်၏။ သို့မဟုတ် ဧကရာဇ်ဖြစ်ရန် စွန့်လွှတ်ရမည်ကို သိသော်လည်း သူမ၏ ရင်ထဲအောက်ခြေမှ အရာအချို့ကို စွန့်မလွှတ်ချင်ခဲ့ပေ။ ဒီလိုသောအရာမျိုးကို မိမိကိုယ်မိမိ လိမ်ညာ၍မရနိုင်ရာ ထို့ကြောင့်ပင် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် ကြာမြင့်သွားခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကုချင်း၀မ်သည် ဆက်မစောင့်နိုင်တော့ဘဲ သူမ၏စွမ်းအားဖြင့် နှလုံးသားမိစ္ဆာကို အတင်းအဓမ္မ ဖိနှိပ်သန့်စင်ပစ်လိုက်တော့သည်။ သူမက နှလုံးသားမိစ္ဆာကို အမြစ်ပြတ်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရခြင်းအားဖြင့်...
လုံးဝမဟုတ်ပေ…
ကျင့်ကြံရာမှ ထွက်လာကတည်းက ကုချင်း၀မ် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိခဲ့သည်။ သူမတွင် ဧကရာဇ်တစ်ပါး၏ ကျင့်ကြံခြင်းအဆင့်အတန်း သာရှိပြီး ဧကရာဇ်တစ်ပါး၏ စစ်မှန်သော စွမ်းအားမျိုး မရှိချေ။ ယခင်ကမူ သူမသည် အတင်းအဓမ္မ ဖိနှိပ်ခဲ့ခြင်းကြောင့် ဧကရာဇ်နှလုံးသား မတည်မငြိမ်ဖြစ်နေရခြင်းဖြစ်ပြီး တည်ငြိမ်သွားပါက စွမ်းအားများ ပြန်လည်ရရှိလာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုကြည့်ရသည်မှာ... အတိအကျပြောရလျှင် သူမသည် ဧကရာဇ်အဆင့်သို့ လုံးဝ ရောက်ရှိမနေခဲ့ခြင်း ဖြစ်၏။ ဟုတ်ပါသည်... ထိုအချက်က အဓိက မဟုတ်သေးပေ။
သူမ ဧကရာဇ်အဆင့် ဟုတ်မဟုတ်က အရေးမကြီးတော့ဘဲ အရေးကြီးသည်မှာ ထိုနှလုံးသားမိစ္ဆာသည် သူမ၏ ဧကရာဇ်နှလုံးသားအတွင်း၌ ပုန်းကွယ်နေပြီး ထိန်းချုပ်မရသော အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေအရ နှလုံးသားမိစ္ဆာသည် မကြာမီ ဧကရာဇ်နှလုံးသားကို ဝါးမြိုကြီးစိုးသွားတော့မည် ဖြစ်၏။ ဝါးမြိုလိုက်သည့် အခိုက်အတန့်သည် ကုချင်း၀မ် အသိစိတ်ပျောက်မည့် အချိန်ပင် ဖြစ်သည်။
ထိုအချိန်ကျလျှင် ကုချင်း၀မ်သည် လောဘ... ဒေါသ... မကျေနပ်မှု... အမုန်းတရားနှင့် စွဲလန်းမှုတို့ဖြင့် ပြည့်နှက်နေသော မိစ္ဆာသတ္တဝါကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဒါ့အတွက် အချိန်သုံးနှစ်သာ လိုတော့သည်...
လုချန်၏ တွက်ချက်မှုမှာ တန်းတန်းမတ်မတ် မှန်ကန်နေခဲ့ပေသည်။ လက်ရှိ နှလုံးသားမိစ္ဆာ၏ အခြေအနေအရ သူမ၏ ဧကရာဇ်နှလုံးသားကို အပိုင်စီးရန် သုံးနှစ်ခန့်သာ လိုတော့သည်။
ပြီးတော့ ပိုပြီး အရေးကြီးတဲ့အချက်က... ကုချင်း၀မ်တွင် နှလုံးသားမိစ္ဆာကို ဖြေရှင်းရန် မည်သည့်နည်းလမ်းမျှ မရှိတော့ခြင်း ဖြစ်၏။ နှလုံးသားမိစ္ဆာက ဧကရာဇ်နှလုံးသားထဲတွင် ပုန်းကွယ်နေသဖြင့် ဒါကို ဖျက်ဆီးရန်အတွက် ဧကရာဇ်နှလုံးသားကိုပါ အရင်ဖျက်ဆီးရမည်ဖြစ်ရာ ထိုသို့လုပ်ပါကလည်း ကုချင်း၀မ် သေဆုံးရမည်သာ ဖြစ်သည်။
ကုချင်း၀မ်၏ မျက်နှာထက်မှ အံ့ဩမှင်တက်နေသော အမူအရာသည် ယခုအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခြင်းအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လုချန်ကမူ မျက်ခုံးပင့်လျက် ကုချင်း၀မ်ကို စိုက်ကြည့်နေမိ၏။
【ဒီမိန်းမကြီးက ဘာမျက်နှာပေးကြီး ဖြစ်သွားတာလဲ】
【မဟုတ်သေးပါဘူး... ဘာတွေ ဖြစ်နေတာလဲ ငါ အစောနက မေးတဲ့မေးခွန်းကိုပဲ အရင်ဖြေဦးလေ】
လုချန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် ကုချင်း၀မ်၏ မျက်နှာရှေ့တွင် သူ၏လက်ကို သတိထားလျက် ဝှေ့ယမ်းပြလိုက်သည်။
“ဧ... ဧကရီ”
“ဒီမှာ ရှိသေးရဲ့လား ”
လုချန် နှစ်ကြိမ်တိုင်တိုင် လှမ်းခေါ်လိုက်မှသာ ကုချင်း၀မ်သည် သူမ၏ ထိတ်လန့်မှုထဲမှ သတိပြန်ဝင်လာခဲ့ရသည်။ အမှန်တော့ သတိဝင်လာသည်ထက် ထိတ်လန့်တုန်လှုပ်ခြင်းများစွာ ရှိနေဆဲဖြစ်ပြီး လုချန်ကို ကြည့်ကာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ငါ... ငါ အကြောင်းရင်းကို ရှာတွေ့ပြီ”
လုချန်က ကုချင်း၀မ်ကို ဇဝေဇဝါမျက်နှာထားဖြင့် ကြည့်လိုက်မိသည်။
【ဟမ်】
【ခင်ဗျားက အကြောင်းရင်းကို ရှာတွေ့ပြီ ဟုတ်လား】
【ငါတောင် သေသေချာချာ မရှာရသေးဘူး... ခင်ဗျားက အရင်ရှာတွေ့သွားတယ်ပေါ့】
ကုချင်း၀မ်သည် လုချန်၏ စိတ်ထဲက ပွစိပွစိ ပြောသံကို အတိုင်းသား ကြားနေရသည်။ သို့သော်ငြားလည်း ယခုအချိန်တွင် ကုချင်း၀မ်၏ ဦးနှောက်မှာ ဗလာဖြစ်နေပြီး လုချန် စိတ်ထဲက ဘာတွေ ညည်းညူနေသည်ကို ဂရုစိုက်ချင်စိတ် မရှိတော့ပေ။
လုချန် ပြောသည့်အတိုင်းပင် သုံးနှစ်...အလွန်ဆုံးရှိလှ သုံးနှစ်အတွင်း သူမ သေဆုံးပြီး တာအိုလမ်းစဉ် ချုပ်ငြိမ်းရတော့မည် ဖြစ်သည်။
အတိအကျပြောရလျှင် နှလုံးသားမိစ္ဆာကို သတ်ရန် ဧကရာဇ်နှလုံးသားကို ဖျက်ဆီးရမည်ဖြစ်ပြီး... ဧကရာဇ်နှလုံးသား ပျက်စီးပါကလည်း သူမ သေရမည်။ သို့သော် မဖျက်ဆီးဘဲ ဒီအတိုင်း လွှတ်ထားပါကလည်း ဝါးမြိုခံရပြီး သေရမည်သာ ဖြစ်၏။
ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ.
မျှော်လင့်ချက်မဲ့ခြင်း စစ်မှန်သော မျှော်လင့်ချက်မဲ့ခြင်းပင် ဖြစ်တော့သည်။
လုချန်သည်လည်း ကုချင်း၀မ်၏ လက်ရှိမျက်နှာထားကို ကြည့်ကာ သူ၏ စောစောက အတွေးများမှာ လုံးဝမှန်ကန်ကြောင်း လျင်မြန်စွာ ရိပ်မိသွားသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ကုချင်း၀မ်သည် လုချန်ကို ကြည့်ကာ သရဲဝင်ပူးသကဲ့သို့ မေးလိုက်မိ၏။
“ဒါဆို... ငါ့ရဲ့ရောဂါကို ကုသလို့ရနိုင်မလား”
လုချန်သည် ကုချင်း၀မ်၏ စကားကြောင့် လန့်သွားပြီး လက်နှစ်ဖက်ကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။
“ဟမ်…ဧကရီက...နောက်နေတာလား ဧကရီရဲ့ရောဂါက အသေးအဖွဲလေးတင်ပါ။ ကုလို့ရမရ ဆိုတာတွေအထိ တွေးနေစရာ မလိုပါဘူး... ဒါက ပြဿနာအသေးအမွှားလေးပဲ ရှိပါသေးတယ်”
လုချန်၏ စကားများက ကုချင်း၀မ်၏ စိတ်ဓာတ်ကို မြှင့်တင်မပေးနိုင်ခဲ့ဘဲ သူမ၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်မဲ့မှုများကလည်း ပြောင်းလဲမသွားခဲ့ပေ။
အမှန်စင်စစ်... ကုချင်း၀မ်သည် ပို၍ပင် စိတ်ပျက်အားလျော့သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် လုချန်၏ စိတ်ထဲက အတွေးအားလုံးကို ကြားခဲ့ရပြီးဖြစ်၍ ဖြစ်၏။
လုချန်တွင်လည်း မည်သည့်နည်းလမ်းမျှ ရှိလိမ့်မည်မဟုတ်ပေ။ အခြေအနေ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူမကိုယ်တိုင်ထက် ပိုသိမည့်သူ မရှိချေ။ မဟာဧကရာဇ် ဖြစ်သော သူမကို ထားပါဦး... အထက်လောကမှ စစ်မှန်သော အင်မော်တယ်တစ်ပါး ဆင်းလာရင်တောင် ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိမည်မဟုတ်။ ဒါက လမ်းပိတ်နေပြီ ဖြစ်သည်။
လုချန်က ဒါကို ပြဿနာအသေးအမွှားလေးဟု ပြောနေသော်လည်း ကုချင်း၀မ်သည် သူ၏ စိတ်ထဲက...‘ကူညီနိုင်ရင် ကူညီမယ်... မကူညီနိုင်ရင်လည်း ဒီအတိုင်းပဲ ထားလိုက်မယ်’ ဆိုသည့် စကားကို ကြားခဲ့ရပြီး ဖြစ်သည်။
ဒီလိုသော ရောဂါမျိုးကို ရောဂါအသေးအဖွဲဟု ပြောနေခြင်းမှာ သူလည်း ဖြေရှင်းနိုင်စွမ်း မရှိသဖြင့် ပြီးစလွယ် ဖုံးကွယ်ချင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့နောက် သူမကို ဒီအတိုင်းပဲ ပစ်ထားခဲ့တော့မည် ဖြစ်၏။
ကုချင်း၀မ်သည် အခြေအနေကို ကောင်းကောင်းရိပ်မိသဖြင့် လုချန်၏ စကားကို ကြားရသောအခါ ပို၍ပင် မျှော်လင့်ချက် ကုန်ဆုံးသွားရတော့သည်။
အစောပိုင်းက မျှော်လင့်ချက် ရောင်ခြည်လေး တစ်လက်စာ ရှိခဲ့သည်မှာ လုချန်က သူမ၏ ခန္ဓာကိုယ်ထဲက နှလုံးသားမိစ္ဆာကို တစ်ချက်ကြည့်ရုံဖြင့် သိခဲ့သောကြောင့် နည်းလမ်းရှိနိုင်မလားဟု တွေးမိခဲ့ခြင်းကြောင့် ဖြစ်၏။
သို့သော် ယခုကဲ့သို့ စကားမျိုး ပြောလာခြင်းမှာ မျှော်လင့်ချက် လုံးဝမရှိတော့ဘဲ လုချန်လည်း တတ်နိုင်စွမ်းမရှိတော့ကြောင်း ပြသနေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကုချင်း၀မ်၏ မျက်နှာမှာ မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေပြီး ဦးနှောက်မှာလည်း ဗလာဖြစ်နေခဲ့သည်။
ကုချင်း၀မ် အလွန်ပင် မကျေနပ်နိုင် ဖြစ်ရ၏။ နှစ်ပေါင်းတစ်သောင်းတိုင်တိုင် အပင်ပန်းခံ ကျင့်ကြံခဲ့ပြီး ဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံကာ နောက်ဆုံးတွင် ဂူအပြင်သို့ ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သုံးနှစ်အတွင်းမှာတင် အသက်ပျောက်ပြီး တာအိုလမ်းစဉ် ပျက်စီးရတော့မည်ဟူသောအချက်ကို သူမ မည်သို့မျှ လက်မခံနိုင်ဘဲ ရှိနေရတော့သည်။
ကုချင်း၀မ် တကယ်ကို မကျေမနပ် ဖြစ်လွန်းလှပေသည်။
【တော်သေးတာပေါ့... ဒါက တကယ်ပဲ ပြဿနာအသေးအမွှားလေးမို့လို့ ငါ ထင်ထားသလောက် မခက်ခဲပါဘူး... ကုသလို့ ရတယ်】
ကုချင်း၀မ် : "...."
【ငါ စိတ်ထဲကနေ ကုသနိုင်မယ့် နည်းလမ်းပေါင်း သုံးရာ့ခုနစ်ဆယ့်နှစ်နည်းတောင် တွေးမိထားပြီးပြီ】
ကုချင်း၀မ် : "..."
【ဒါပေမဲ့ ပြဿနာက... သူ့ကို ငါ ဘယ်လိုပုံစံနဲ့ ကုပေးရမလဲဆိုတာပဲ】
【ကျွတ်စ်... တကယ်လို့ ငါက အဲဒီလို ကုသနည်းမျိုးကို ထုတ်ပြောလိုက်ရင်... သူက ငါ့ကို ကာမရူး နှာဘူးကြီးလို့ သတ်မှတ်သွားမှာ သေချာတယ်... ဟုတ်တယ်မလား】
【ပြီးတော့... ငါ အဲ့ဒီနေရာတင်ပဲ ချက်ချင်း အသတ်ခံရဖို့တောင် ရာခိုင်နှုန်း တော်တော်များတယ်】
ကုချင်း၀မ် : "...."