ဒေါသထွက်စရာ ကောင်းလိုက်တာ…
လုံးဝကို ဒေါသထွက်စရာ ကောင်းလွန်းလှတယ်…
သူမမှာ အသက်ရှင်ဖို့ သုံးနှစ်ပဲ ကျန်တော့တယ် ဟုတ်လား….
ကုချင်း၀မ်သည် ဒေါသတကြီးဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး လုချန်ကို စကားအချို့ လှမ်းပြောရန် ပြင်လိုက်မိသည်။
သို့သော် ပါးစပ်ဟရုံရှိသေး ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။ ထိုအရာများသည် လုချန်၏ စိတ်ထဲက အတွေးများသာဖြစ်ပြီး အပြင်သို့ ထုတ်ပြောခဲ့ခြင်း မဟုတ်ပေ။
သို့သော်လည်း ကုချင်း၀မ်မှာ ဒေါသအလိပ်လိပ် ထွက်နေဆဲဖြစ်ပြီး လုချန်ကို စိတ်ထဲမှနေ၍ ‘လူလိမ်ကောင်’ ဟု အကြိမ်ပေါင်း ရာချီ၍ ကျိန်ဆဲနေမိတော့သည်။
ယခုမှ သူမကိုယ်သူမ အလွန်အမင်း မိုက်မဲခဲ့မိသည်ဟု ခံစားလိုက်ရ၏။ နှစ်ပေါင်းတစ်သောင်းလုံးလုံး တံခါးပိတ်ကျင့်ကြံနေခဲ့ရသဖြင့် သူမ၏ ဦးနှောက်မှာ အနည်းငယ် ထုံထိုင်းသွားပုံရသည်။ သူမသည် မဟာဧကရာဇ်တစ်ပါး ဖြစ်သည် အောက်လောက ၏ အင်အားအကြီးဆုံး ဧကရီတစ်ပါး…
ပြီးတော့ သူမရှေ့က ရပ်နေတဲ့သူက ဘာလဲ သူက သာမန်လူသား မဟုတ်ရင်တောင်မှ ပါရမီရှင်တစ်ယောက်အဆင့်ပဲ ရှိဦးမည်။ သူသည် ဧကရာဇ်အဆင့် မဟုတ်သလို ခြေလှမ်း၀က်ဧကရာဇ်အဆင့်တောင် မရှိချေ။
ထိုကဲ့သို့သော လူစားမျိုးက သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီး မှတ်ချက်ပေးရဲအောင်... သူက ဘာအရည်အချင်း ရှိလို့လဲ ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းလှပေသည်။ သူမ၏ လက်ကောက်ဝတ်ပေါ်ကို လက်ချောင်းအနည်းငယ် တင်ပြီး မိနစ်ဝက်လောက် စမ်းသပ်ရုံနဲ့ ဟုတ်လား အဓိပ္ပာယ်မရှိလိုက်တာ…
ကုချင်း၀မ်သည် သူမ၏လက်ကို ချက်ချင်းပင် ပြန်ရုပ်သိမ်းလိုက်ချင်သော်လည်း လုချန်၏ လက်ရှိပုံစံကို ကြည့်ကာ ခဏမျှ မှင်တက်သွားရပြန်သည်။
လက်ရှိလုချန်သည် အလွန်ပင် ချောမောလွန်းလှသည်။ အထူးသဖြင့် မျက်ခုံးလေး အနည်းငယ်ကုတ်ကာ အလွန်အမင်း အလေးအနက်ထားနေသည့် အမူအရာမှာ တမင်သက်သက် ဟန်ဆောင်နေသည့် ပုံစံမျိုး လုံးဝမဟုတ်ပေ။ သူက လူလိမ် တစ်ဦးနှင့်လည်း လုံးဝ မတူချေ။
သူမ၏ ခေတ်အခါတုန်းက ကုချင်း၀မ်သည် အံ့မခန်း ပါရမီရှင်များစွာကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသည်။
သို့သော် သူတို့ထဲတွင် မည်သူမျှ ယခုရှေ့က ကောင်စုတ်လေးကဲ့သို့...ညင်သာသော လေပြေညင်းအလား ကြည်လင်သန့်စင်ပြီး... လမင်းအလား ဝင်းပကာ... ကမ္ဘာလောကကြီးနှင့် တသားတည်း ဖြစ်နေသည့် အရှိန်အဝါမျိုး မရှိကြပေ။
ကုချင်း၀မ် စိတ်ထဲ ထူးဆန်းသွားရသည်။ သူမသည် ဧကရာဇ်အဆင့် ဖြစ်သည် သူမ၏ ဧကရာဇ်နှလုံးသားက အနည်းငယ် မတည်မငြိမ် ဖြစ်နေသော်လည်း သူမသည် ဧကရာဇ်တစ်ပါး ဖြစ်နေဆဲပင် ဒါ့အပြင် ယောင်ချီကျင့်စဉ်၏ ထူးခြားလှသော ‘ကြည်လင်သော စိတ်နှလုံး’ အာနိသင်ကြောင့် သူမသည် အခြားသူတစ်ပါး၏ စိတ်အာရုံ သို့မဟုတ် အသိစိတ်နောက်သို့ လုံးဝ ပါသွားစရာ အကြောင်းမရှိပေ။
သို့သော်ငြားလည်း ယခုအခါတွင် ကုချင်း၀မ်သည် လုချန်၏ စိတ်အာရုံကြောင့် အနည်းငယ် သက်ရောက်မှုရှိနေသကဲ့သို့ ခံစားနေရသည်။
ခဏမျှ စဉ်းစားပြီးနောက် သူမသည် ဒီကောင်စုတ်လေးကို နောက်ထပ် အခွင့်အရေးတစ်ကြိမ် ထပ်ပေးသင့်သည်ဟု တွေးလိုက်မိသည်။ ဟုတ်သည်... သူ နောက်ထပ် ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်တွေးပြီး ညည်းညူဦးမလဲဆိုတာ စောင့်ကြည့်ရဦးမည်။
လုချန်ကတော့ ယခုအချိန်တွင် အလွန်အာရုံစိုက်နေသည်။ သူသည် အခြားအရာများကို ဘာမှမတွေးတော့ဘဲ စောစောက ဖြစ်ပျက်ခဲ့သမျှကို မေ့ပျောက်လျက် ကုချင်း၀မ်၏ သွေးကြောကို အလေးအနက်ထားကာ သေချာစမ်းသပ်နေခဲ့သည်။
လုချန်သည် စိတ်သဘောထား သေးသိမ်သူတစ်ဦး မဟုတ်ပေ။ အမှန်တော့ သူက အတော်ပင် စိတ်သဘောထား ပြည့်ဝသူတစ်ဦး ဖြစ်သည်။
သူ ကူညီနိုင်မည့် အခြေအနေမျိုးတွင် သူ၏ ပညာကို ဖုံးကွယ်ထားခြင်း သို့မဟုတ် တမင်သက်သက် ငြင်းဆန်ခြင်းမျိုးကို ဘယ်သောအခါမျှ လုပ်လေ့မရှိပေ။
ဘဝတွင် အားစိုက်ထုတ်မှု အနည်းငယ်ဖြင့်တင် အခြားသူကို ကူညီနိုင်သည့်အခါမျိုးတွင် မိမိ၏ စွမ်းရည်ကို ဘာကြောင့် ဖုံးကွယ်ထားရပါမည်နည်း။
ယောင်ချီသန့်စင်နယ်မြေတွင် စီနီယာအစ်မ သို့မဟုတ် ဂျူနီယာညီမလေးတစ်ဦးဦး ဖျားနာပါက သူက တစ်ချက်ကြည့်ရုံဖြင့် ဆေးညွှန်းပေးကာ ကုသပေးခဲ့သည်ပဲ မဟုတ်ပါလား။ သူက ဘာလို့ မကူညီဘဲ နေပါမည်နည်း။
ယခုအကြိမ်တွင်လည်း ထို့အတူပင် ဖြစ်သည်။ လုချန်သည် မည်သည့်အကြောင်းကြောင့်မျှ ပေါ့ပေါ့တန်တန် လုပ်မည်မဟုတ်ပေ။
ကုသပေးရန် ဆုံးဖြတ်ပြီး သွေးကြောကို စမ်းသပ်နေပြီဖြစ်ရာ သူ သေသေချာချာ စစ်ဆေးပြီး ဒီမိန်းမကြီးကို ကယ်တင်နိုင်မည့် နည်းလမ်း ရှိ... မရှိကို ကြည့်ရှုရမည် ဖြစ်သည်။
ထို့ပြင် လုချန်သည် မိမိအတတ်နိုင်ဆုံးထက် ကျော်လွန်ပြီး အတင်းအဓမ္မ လုပ်ဆောင်မည့်သူလည်း မဟုတ်ချေ။
ကူညီနိုင်လျှင် ကူညီမည်ဖြစ်ပြီး... မကူညီနိုင်ပါကလည်း ဒီအတိုင်းပဲ ထားလိုက်မည် ဖြစ်သည်။ နောက်မှ ဆင်ခြေတစ်ခုခု ပေးပြီး ရှောင်ထွက်လိုက်ရုံသာ ရှိသည်။
စောစောက မကျေမနပ်ဖြစ်နေသော ကုချင်း၀မ်သည် လုချန်၏ အလွန်အမင်း တည်ကြည်လေးနက်နေသည့် မျက်နှာထားကို မြင်တွေ့ရသောအခါ ဝင်ရောက်မနှောင့်ယှက်တော့ဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေမိတော့သည်။ ထိုအချိန်မှာပင် လုချန်၏ စိတ်ထဲက အတွေးသံများသည် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ထပ်မံ၍ တတွတ်တွတ် စီးဝင်လာပြန်သည်။
သို့သော်... ယခုတစ်ကြိမ်တွင်မူ သူ၏ အတွေးများသည် စောစောကကဲ့သို့ ညည်းညူကျိန်ဆဲသံများ မဟုတ်တော့ဘဲ ကုချင်း၀မ် လုံးဝနားမလည်နိုင်သည့် အလွန်နက်ရှိုင်းဆန်းကြယ်လှသော အသုံးအနှုန်းများ ဖြစ်နေခဲ့သည်...
【ရန်ကူသွေးကြောအမှတ် က ပိတ်ဆို့နေတာပဲ... ဒါဆိုရင် လင်းချင်သွေးကြောအမှတ်မှာ ပြဿနာရှိနေတာပေါ့...】
【လင်းချင်သွေးကြောအမှတ်က ကျင့်ကြံခြင်းမရီဒီယန် ကိုးသွယ် ဆုံဆည်းတဲ့နေရာဆိုတော့... ခဏလောက် ရှာရခက်နေတယ်... ထားလိုက်ပါတော့... ငါ တစ်ခုချင်းစီ လိုက်ရှာကြည့်မယ်】
【ကျင်ကူအမှတ် တော့ မဟုတ်ဘူး...】
【ကျူလင်းအမှတ် လည်း မဟုတ်ပြန်ဘူး...】
【ဒါက မမှန်သေးဘူး...】
【မမှန်သေးဘူး...】
【မဟုတ်သေးဘူး... အာ တွေ့ပြီ】
လုချန်၏ စိတ်ထဲက ရုတ်တရက် အာမေဍိတ်သံကြောင့် ကုချင်း၀မ်ပင် စိတ်လှုပ်ရှားပြီး ရင်ခုန်သွားရသည်။ မိမိခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူးဟု ယုံကြည်ထားသော်လည်း လုချန်၏ စိတ်ထဲက အော်ဟစ်သံကြောင့် သူမ ထိတ်လန့်သွားမိရခြင်း ဖြစ်၏။
တကယ်ပဲ... တစ်ခုခု ရှိနေလို့လား
ထိုအချိန်တွင် လုချန်၏ လက်ချောင်းများသည် ကုချင်း၀မ်၏ လက်ကောက်ဝတ်ပေါ်မှ ခွာသွားခဲ့ပြီ ဖြစ်သည်။ သူသည် မတ်တတ်ရပ်ကာ ခဏမျှ တွေးတောပြီးနောက် ကုချင်း၀မ်ကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဧကရီ... ကျေးဇူးပြုပြီး ခဏလောက် ထပေးပါဦး”
လုချန်၏ မျက်နှာအမူအရာမှာ ယခုအခါ အလွန်ပင် လေးနက်နေပြီး... ယခင်ကဲ့သို့ ဟန်ဆောင်နေခြင်းမျိုး မဟုတ်တော့ပေ။
နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး လူပေါင်းစုံကို မြင်ဖူးခဲ့သော ကုချင်း၀မ်သည် လုချန်၏ ယခင်က အတင်းအဓမ္မ လုပ်ယူထားရသော လိမ္မာရိုသေမှု အမူအရာကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ယခု လုချန်၏ အစစ်အမှန် လေးနက်နေသော အမူအရာကို မြင်လိုက်ရသောအခါ ကုချင်း၀မ် ခဏမျှ ကြောင်အမ်းသွားပြီးနောက် မည်သည့်စကားမျှ ထပ်မမေးတော့ဘဲ နဂါးပလ္လင်တော်ပေါ်မှ တိုက်ရိုက် ထရပ်လိုက်လေသည်။
【ကောင်းပြီ... သူ ဘာမှမမေးဘဲ တန်းထလာတာပဲ ဒါကို ကြည့်ခြင်းအားဖြင့် သူရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို ရိပ်မိနေပုံရတယ်... မဟုတ်ရင် ဒီလောက်လွယ်လွယ်နဲ့ ထလာမှာ မဟုတ်ဘူး】
【ဟုတ်တယ်... သူ သိကိုသိရမယ်။ အဲဒီလောက် အန္တရာယ်ရှိတဲ့အရာကြီး ခန္ဓာကိုယ်ထဲမှာ ရှိနေတာကို... ဝက်တစ်ကောင်တောင် သတိထားမိမှာပဲ】
ကုချင်း၀မ် : “...”
“ငါ ဘာလုပ်ရမလဲ”
လုချန် သတိပြန်ဝင်လာပြီး ချက်ချင်းပင် သူ၏ ညာလက်ကို မြှောက်ပြကာ ပြောလိုက်သည်။
“ဧကရီ... ကျွန်တော်မျိုးရဲ့ လှုပ်ရှားမှုကို လိုက်လုပ်ပေးပါ ညာလက်ကို လက်သီးဆုပ်ပြီး အပေါ်မြှောက်ထားပါ... ပြီးတော့ ဘယ်လက်ကိုတော့ ရင်ဘတ်ပေါ်မှာ တင်ထားပေးပါ”
ကုချင်း၀မ် မျက်မှောင်အနည်းငယ် ကုတ်လိုက်မိသည်။ ဒါက ဘာဆန်းပြားတဲ့ ကိုယ်ဟန်အနေအထားလဲ သို့သော်လည်း သူမသည် လုချန် ပြောသည့်အတိုင်း လိုက်လုပ်ပေးခဲ့သည်။
သို့သော် သူမ လိုက်လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် လုချန် အမူအရာ တုံ့ဆိုင်းသွားပြီး မျက်တောင်လေး ခတ်ကာ ပြောလိုက်၏။
“အာ... ညာလက်သီး မြှောက်ထားတာက အဆင်ပြေပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ ဘယ်လက်ကိုကျတော့ ဘယ်ဘက်ရင်အုပ်ပေါ်မှာ တင်ထားရမှာ လေ အခုလုပ်နေတဲ့ ပုံစံက ကြည့်ရတာ ‘အာထရာမန်း’’ လူစွမ်းကောင်းကြီး ပုံစံနဲ့ တူနေလို့ပါ”
“အာ... အာထရာမန်း”
ကုချင်း၀မ် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသော်လည်း တော်သေးသည်မှာ သူမ ယဉ်ပါးနေပြီ ဖြစ်၏။ ကောင်စုတ်လေးသည် သူမ နားမလည်နိုင်သော စကားလုံးဆန်းများကို ခဏခဏ ပြောတတ်သည် မဟုတ်ပါလား။
ကုချင်း၀မ်က အနေအထားကို ပြန်လည်ပြင်ဆင်လိုက်သောအခါ လုချန်က မျက်တောင်ခတ်ရင်း ထပ်ပြောပြန်သည်။
“ဘယ်လက်နဲ့ အုပ်ထားလိုက်ပါ...”
ကုချင်း၀မ် ဇဝေဇဝါမျက်နှာပေးဖြင့် မေးလိုက်၏။
“အုပ်... အုပ်ရမယ် ဘာကို အုပ်ရမှာလဲ”
ဟူး…လုချန်သည် ခါးကိုထောက်ကာ ပြောလိုက်တော့သည်။
“ဒီလောက်အထိ ကြီးမားလှတဲ့ အတုံးအခဲကြီး ရှိနေတာကို... ဘာကို အုပ်ရမယ်လို့ ထင်လို့လဲ”
ကုချင်း၀မ် : "...."
ချက်ချင်းပင် သတိဝင်လာပြီးနောက် ကုချင်း၀မ် စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ချင်မိသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤကိုယ်ဟန်အနေအထားမှာ အလွန်တရာ ရှက်စရာကောင်းလွန်းလှပြီး... အထူးသဖြင့် သူမထက် မျိုးဆက်ငယ်ပြီး အမျိုးသားတစ်ဦးဖြစ်သူ၏ ရှေ့တွင် လုပ်ဆောင်နေရခြင်းကြောင့် ဖြစ်၏။
သို့သော်လည်း ဒါက နောက်ဆုံးအဆင့် ဖြစ်နေသဖြင့် ကုချင်း၀မ်သည် လုချန်ကို စူးစိုက်ကြည့်ကာ သတိပေးလိုက်ရတော့သည်။
“မင်း ငါ့ကို ကစားနေတာလို့ ငါ သိလိုက်ရရင်တော့... နောင်တရစေရမယ်”
လုချန် လန့်သွားပြီး လက်နှစ်ဖက်ကို အားမနာစတမ်း ဖြန့်ပြကာ လျှောက်တင်လိုက်သည်။
“ကျွန်တော်မျိုးက ဘယ်လိုလုပ် ရဲပါ့မလဲ...”
ကုချင်း၀မ် အသင့်ဖြစ်သွားသောအခါ လုချန်က လေးနက်စွာ ပြောလိုက်သည်။
“ကဲ... အခု ဧကရီရဲ့ ဝိညာဉ်အရှိန်အဝါ ကို ညာဘက်လက်မောင်းနဲ့ ဘယ်ဘက်လက်ဆီကို တပြိုင်နက်တည်း လှည့်ပတ်စီးဆင်းစေလိုက်ပါ”
လုချန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ်သည် ဝိညာဉ်အရှိန်အဝါကို လိုက်လံလှည့်ပတ်လိုက်သည်။ လုချန်သည် ကုချင်း၀မ်၏ လက်ရှိအခြေအနေကို ကြည့်ကာ ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး မေးလိုက်၏။
“အခု ဧကရီရဲ့ ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းမှာ မသက်မသာ ဖြစ်တာမျိုး ခံစားရလား”
ဘယ်ဘက်အခြမ်းမှာ မသက်မသာ ဖြစ်တာ ဟုတ်လား…
ကုချင်း၀မ် ခဏမျှ မှင်တက်သွားရသည်။ အမှန်တကယ်ပင်... ထိုသို့သော ခံစားချက်မျိုး ရှိနေခဲ့သည်။
သို့သော်လည်း ကုချင်း၀မ်သည် အခြားသူ၏ ညွှန်ကြားချက်ကို မျက်စိစုံမှိတ် လိုက်နာမည့်သူ မဟုတ်ချေ။ ထိုအနေအထားကို ထိန်းသိမ်းထားရင်း သူမ၏ နတ်ဘုရားအသိစိတ်ကို ခန္ဓာကိုယ်အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ကြည့်ရှုလိုက်သည်။ သူမကိုယ်တိုင် သေသေချာချာ စစ်ဆေးချင်ခြင်း ဖြစ်၏။
သူမ၏ အသိစိတ် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး တစ်မိနစ်၏ ထက်ဝက်မျှပင် မပြည့်မီမှာတင်…(စက္ကန့်သုံးဆယ်)
ကုချင်း၀မ် ရုတ်တရက် မျက်လုံးများကို အပြူးသား ဖွင့်လိုက်မိတော့သည်။ သူမ၏ မျက်နှာအမူအရာမှာ လုချန်အပေါ် သံသယဝင်နေခြင်းမှသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ချောက်ချားသွားသည့် ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
ဒါ... ဒါက ဘယ်လိုလုပ်ပြီး...
ဘယ်လိုလုပ်ပြီး...အတွင်းစိတ် နှလုံးသားမိစ္ဆာ က...
နှလုံးသားမိစ္ဆာက ချေဖျက် သန့်စင်ခြင်း မခံရသေးဘဲ... သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေဆဲပဲ မဟုတ်ပါလား
ပြီးတော့... အဲဒါက တဖြည်းဖြည်းနဲ့ ပိုပြီးတော့တောင် ကြီးထွားလာနေတယ်…
(နှလုံးသားမိစ္ဆာဆိုသည်မှာ သတ်သတ်မှတ်မှတ်အရာတစ်ခုကို ညွှန်းဆိုခြင်းမဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်မရောက်မီ ရှိခဲ့ဖူးသမျှသော မကျေနပ်မှုများ... အမုန်းတရားများ... ပျော်ရွှင်မှုများနှင့် စွန့်မလွှတ်နိုင်သော တွယ်တာမှုအားလုံးကို ခြုံငုံခေါ်ဆိုခြင်း ဖြစ်၏)