ကုချင်း၀မ် သည် လုချန် အတွက် ထူးခြားသော အဓိပ္ပာယ်ရှိသူ ဖြစ်သည်။ သူမသည် လုချန် နှင့် စိတ်ချင်း အဆက်အစပ်ဆုံးသူ ဖြစ်ပြီး... နှစ်ဦးသားမှာ ကမ္ဘာဦးကတည်းက အထီးကျန်ခဲ့ကြသူများ ပီပီ တစ်ဦးကိုတစ်ဦး ကောင်းကောင်း နားလည်ကြသည်။
လုချန် သည် ဤကမ္ဘာမှ လူမဟုတ်သဖြင့် ညဉ့်နက်ချိန်တွင် အထီးကျန်တတ်ပြီး... ကုချင်း၀မ် သည်လည်း မာနကြီးလွန်းသဖြင့် သူငယ်ချင်း မရှိချေ။
ဒီရက်ပိုင်းအတွင်း လုချန် က သူမကို အစ်မကြီးတစ်ယောက်လိုကော... ကလေးတစ်ယောက်လိုကော သံယောဇဉ် တွယ်မိသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ မိမိအတွက် အရေးပါသော လူတစ်ယောက်ကို အခြားလူတစ်ယောက်က လာရောက် စောင်းမြောင်း ပြောနေသည်ကို မြင်ရသဖြင့် လုချန် လုံးဝ သည်းမခံနိုင်တော့ချေ။
ဧကရာဇ် ရွှမ်မင် သည် ကုချင်း၀မ် ကို မေးခွန်းများ တမင်သက်သက် လျှောက်မေးပြီး သူမ မဖြေနိုင်သောအခါ စာနာမှုမရှိဘဲ ရွဲ့စောင်းပြောဆိုနေခြင်း ဖြစ်သည်။
အဓိကအချက်မှာ မဟာဧကရာဇ် ရွှမ်မင် ၏ အစီအရင် ဗဟုသုတမှာ လုချန် ၏ အမြင်တွင် "ရေတစ်ဝက်သာရှိသော ပုလင်း" ကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။
[ဒီလောက် အသိဉာဏ်အဆင့်အတန်းလေးနဲ့ ငါ့ရဲ့ ကုချင်း၀မ် ကို လာရွဲ့နေရဲတယ်]
[ငါကိုယ်တိုင်တောင် သူမကို စကားကျယ်ကျယ် မပြောရက်တာကို... ဒီအဖိုးကြီးက ဘာမို့လို့လဲ]
ကုချင်း၀မ် သည် ထိုအတွေးကို ကြားရသောအခါ ရင်ထဲတွင် နွေးထွေးသွားရသည်။
သူမ ခိုးအိပ်ချင်နေသော လုချန် ကြောင့် စိတ်အာရုံ လွင့်ပါးသွားခဲ့မိခြင်း ဖြစ်ပြီး... အပြစ်တင်ခံရသဖြင့် စိတ်မကောင်းဖြစ်နေရရှာခြင်း ဖြစ်သည်။ သို့သော် လုချန် ၏ ကာကွယ်ပေးမှုကို ကြားရသောအခါ စိတ်အာရုံများ ကြည်လင်သွားတော့သည်။
လုချန် က စိတ်တိုတိုဖြင့် ထိုင်ရာမှ ထရန် ပြင်စဉ် ဆုလီယန် က သူ့ပါးစပ်ကို လက်ဖြင့် လှမ်းပိတ်ကာ တားလိုက်သည်။
"စကားတွေ လျှောက်မပြောနဲ့…သူက အထက်လောကက အင်မော်တယ်မို့လို့ အရမ်းစွမ်းအားကြီးတယ်…စိတ်ဆိုးရင်တောင် အောင့်ထားရမယ်"
လုချန် က မျက်တောင်ခတ်လိုက်သည်။
[အော်... ဟုတ်သားပဲ... သူက အင်မော်တယ်ပဲ]
[ငါ့အစီအရင်က သူ့ထက် တော်ပေမဲ့... တကယ့်စွမ်းအားချင်း ယှဉ်ရင်တော့ ငါက အောက်ကပဲ…ဒါပေမဲ့ ငါ့ရဲ…ကုချင်း၀မ် ဒီလို အပြောခံနေရတာကိုတော့ ငါ လုံးဝ ကြည့်မနေနိုင်ဘူး]
ကုချင်း၀မ် ၏ မျက်နှာထက်တွင် နူးညံ့သောအပြုံးလေးတစ်ခု ပေါ်လာသည်။
‘လူရှုပ်ကောင် မင်းရဲ့ ဒီစကားတွေနဲ့တင် ငါ အပြောခံရကျိုး နပ်ပါပြီ’
ထိုအချိန်တွင် ဆုလီယန် က လုချန် ကို ကြည့်ကာ တိုးတိုးလေး ဆက်ပြောသည်။
"ဒါပေမဲ့ မကြောက်ပါနဲ့…အထက်လောကက လူတွေက အောက်လောကကို ဆင်းလာရင် ဧကရာဇ်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားတွေကို သုံးလို့မရဘူး…ဒါကြောင့် မင်းကို ဒီအစ်မက ကာကွယ်ပေးမယ်"
လုချန် က မျက်လုံးပြူးသွားပြီး - "အော်... ဟုတ်လား"
ဆုလီယန် က ပြုံးလျက် - "ဒီအစ်မက မင်းကို ဘယ်တော့မှ မလိမ်ဘူး…သူ မင်းကို ရန်ပြုရဲရင် ဒီအမက အင်မော်တယ် ကိုလည်း ကြောက်မှာ မဟုတ်ဘူး"
လုချန် က မျက်ရည်ဝဲဟန်ဖြင့် - "အစ်မတော်က အကောင်းဆုံးပဲ..."
ဆုလီယန် က ပြုံးကာ တစ်ခုခု ပြောရန် ပြင်စဉ်... လုချန် ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဆုလီယန် ၏ ရင်ခွင်ထဲမှ ဝုန်းခနဲ ထရပ်ကာ ခန်းမအလယ်သို့ လက်ညှိုးထိုးလျက် အော်ဟစ်လိုက်တော့သည်။
"ဒီမှာ... အဖိုးကြီး မင်း ပြောလို့ မပြီးသေးဘူးလား"
"မင်းက မိန်းမလျာမို့လို့လား ဒီမှာ လာရွဲ့နေတာလား သင်ပေးနိုင်ရင် သင်ပေး... မသင်ပေးနိုင်ရင် လစ်လိုက်တော့"
"ကိုယ့်ဘာသာတောင် သေချာနားမလည်ဘဲနဲ့ သူများကို လာသင်နေသေးတယ်…ငါတို့ ဧကရီကုချင်း၀မ် က စိတ်ကောင်းရှိလို့ သည်းခံနေတာ... ငါသာဆိုရင် စားပွဲကို လှန်ပစ်တာ ကြာပြီ"
ထိုအခါ ဘေးတွင် ထိုင်နေသော ဆုလီယန် မှာ ဆွံ့အလျက် - "...."
‘ဟင်... ဘာဖြစ်သွားတာလဲ’