ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွားရသည်။
ရိုင်းစိုင်းလိုက်တာ…
တကယ့်ကို ရိုင်းစိုင်းစုတ်ပြတ်လွန်းတဲ့ကောင်…
ဒီလောကကြီးထဲမှာ ဒီလောက်အပြောအဆို ရိုင်းစိုင်းတဲ့လူမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ သူ့ရဲ့ စရိုက်ကဗျာနဲ့ ရုပ်ရည်သွင်ပြင်က လုံးဝကို ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်နေတော့သည်။
ကုချင်း၀မ်အနေဖြင့် သူမ နောက်ထပ် ဆယ်နှစ်အတွင်း အသက်ပျောက်ပြီး တာအိုလမ်းစဉ် ပျက်စီးရလိမ့်မည်ဟု လုချန်က ဘာကြောင့် ဒီလောက်အပိုင်တွက်ထားရသလဲဆိုသည်ကို သိချင်စိတ်သာမရှိပါက... သူမရှေ့က ရိုင်းစိုင်းလှသော ကောင်စုတ်ကို အခုချက်ချင်းပင် အသက်ပျောက်ပြီး တာအိုလမ်းစဉ် ချုပ်ငြိမ်းသွားအောင် လုပ်ပစ်လိုက်မိသည်မှာ ကြာချေပြီ။
ဒေါသကို အနိုင်နိုင်ထိန်းချုပ်ရင်း ကုချင်း၀မ်သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကြည့်ကာ မည်သည့်ခံစားချက်မျှမရှိသည့် မျက်နှာထားဖြင့် ပြောလိုက်လိုက်သည်။
“အားလုံးပဲ...သွားကြတော့”
ယောင်ချီသန့်စင်နယ်မြေရှိ လုချန်၏ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများမှာ ထိုစကားကို ကြားရသောအခါ အနည်းငယ် နှမြောတသ ဖြစ်သွားကြရသည်။ တကယ်တော့ လူတိုင်းက လုချန်တစ်ယောက် ကုချင်း၀မ်၏ သွေးကြောကို စမ်းသပ်ကုသပေးမည့် မြင်ကွင်းကို အနီးကပ် စောင့်ကြည့်ချင်နေကြခြင်း ဖြစ်၏။
လူတစ်ယောက်သည် အလုပ်တစ်ခုကို အလေးအနက်ထား လုပ်ဆောင်နေချိန်တွင် အချောမောဆုံးဖြစ်သည်ဟု ဆိုရိုးရှိရာ လုချန်တစ်ယောက် လူနာတစ်ဦးကို အလေးအနက်ထား ကုသပေးနေသည့် ပုံစံမှာမူ အချောဆုံးထဲက အချောဆုံး... အထာအကျဆုံးထဲက အထာအကျဆုံးပင် ဖြစ်သည်။ ထိုမြင်ကွင်းက တကယ့်ကို ပန်းချီကားတစ်ချပ်အလား လှပလွန်းလှမှာမလွဲပေ။
ယခင်ကဆိုလျှင် လူတိုင်းသည် လုချန်၏ ကုသမှုကို ခံယူရန်အတွက် မကြာခဏဆိုသလို ဖျားချင်ယောင်ဆောင်ကာ ရှန်ယွန်းတောင်ထိပ် တစ်ခုလုံး ပြည့်နှက်သွားအောင်အထိ လာရောက်တတ်ကြသည်။
သို့သော်လည်း ရှန်ယွန်းတောင်ထိပ်၏ တောင်ထိပ်သခင်မလေး ‘ယွင်လော့လီ ’ ခရီးထွက်ရာမှ ပြန်လာပြီး ထိုမြင်ကွင်းကို မြင်တွေ့သွားချိန်တွင်မူ...‘ဘယ်သူမဆို ငါ့တပည့်ကို နှောင့်ယှက်ဖို့ တမင်သက်သက် ဖျားချင်ယောင်ဆောင်ရဲရင် ခန္ဓာကိုယ်ကို သံချွန်နဲ့ထိုးပြီး အသားကင်လို ကင်ပစ်မယ်’ ဟု ဒေါသတကြီး ကြိမ်းမောင်းလိုက်မှသာ လူတိုင်း ငြိမ်ကုပ်သွားကြခြင်း ဖြစ်သည်။
သို့သော် ယွင်လော့လီ၏ ထိုလုပ်ရပ်အပေါ် လူတိုင်းက နှာခေါင်းရှုံ့ခဲ့ကြသည်။ တကယ်ပါပဲ... သူမက တစ်နှစ်မှ တစ်ခါလောက်သာ ပြန်လာတတ်ပြီး စီနီယာအစ်ကိုကြီး လုချန်ကိုကျတော့ တစ်ယောက်တည်း သိမ်းပိုက်ထားချင်နေတာ... တကယ့်ကို မနာလိုစရာကောင်းလှသည်။
ဟုတ်ပါတော့သည်... ဒါက စိတ်ထဲကပဲ ပြောရဲခြင်း ဖြစ်၏။ အခု ဧကရီအရှင်မ ကိုယ်တိုင် ပြောလိုက်လိုက်ပြီဖြစ်ရာ မည်သူမျှ မဆိုင်းမတွဝံ့တော့ဘဲ မိမိတို့၏ ဓားပျံများကို ထုတ်ကာ ပင်မခန်းမဆောင်ရှေ့ ကွင်းပြင်မှ ပျံသန်းထွက်ခွာသွားကြတော့သည်။
ထွက်ခွာသွားချိန်တွင် စီနီယာ... ဂျူနီယာလေးများမှာ သုံးလှမ်းလှမ်းတိုင်း တစ်ချက်လှည့်ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်နှင့် လွမ်းဆွတ်တမ်းတနေသည့် အကြည့်များကို ပေးနေကြရာ ကုချင်း၀မ်၏ နှုတ်ခမ်းများ ထပ်မံတွန့်ကွေးသွားရပြန်သည်။
ကုချင်း၀မ် ခံစားမိသည်မှာ... တကယ်လို့ သူမသာ ဒီကောင်လေးကို ဂိုဏ်းကနေ တကယ်မောင်းထုတ်လိုက်ပါက လက်ရှိဂိုဏ်းထဲက လူဦးရေ ထက်ဝက်ကျော်လောက်ကပါ လိုက်ထွက်သွားကြလိမ့်မည် ထင်သည်။
ထိုတပည့် များအားလုံး ထွက်ခွာသွားပြီးနောက် ကုချင်း၀မ်သည် သူမဘေးတွင် ရပ်နေဆဲဖြစ်သော ယောင်ချီဂိုဏ်းချုပ်ကို မည်သည့်ခံစားချက်မျှမရှိသည့် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။
ယောင်ချီဂိုဏ်းချုပ် တစ်ချက်လန့်သွားပြီးနောက် ကြောင်တောင်တောင် မျက်နှာပေးဖြင့် မေးလိုက်မိ၏။
“ကျွန်တော်မျိုးမလည်း ထွက်သွားရမှာလား”
ကုချင်း၀မ် မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဒါဆို ငါက ထွက်သွားရမှာလား”
ယောင်ချီဂိုဏ်းချုပ် : “...”
နောက်ဆုံးတွင်တော့ ခမ်းနားကျယ်ပြောလှသော ပင်မခန်းမဆောင်ရှေ့ ကွင်းပြင်ကြီးထဲတွင် လုချန်နှင့် ကုချင်း၀မ် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ငါးရောင်ခြယ် ကြာပန်းရေကန်များ ရှိနေပြီး တသွင်သွင်စီးဆင်းနေသည့် ရေစီးသံလေးနှင့်အတူ တကယ့်ကို လှပဆိတ်ငြိမ်လှသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။
သို့သော် လုချန်မှာ ထိုလှပသော ရှုခင်းကို ငေးမောရန် စိတ်ကူးမရှိပေ။ သူ၏ ဦးနှောက်ထဲတွင် ကုချင်း၀မ်ကို မည်သို့လှည့်ပတ်ညာရမလဲဆိုသည့် အတွေးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ကုချင်း၀မ်ကတော့ လုချန်၏ စိတ်ထဲက တတွတ်တွတ် ငြီးတွားသံများကို အတိုင်းသား ကြားနေရ၏။ သူမသည် တည်ငြိမ်မှုကို ထိန်းသိမ်းရင်း လုချန်ကို ကြည့်ကာ မျက်ခုံးပင့်လျက် မေးလိုက်သည်။
“ကဲ... မင်း ငါ့ကို ဘယ်လိုစစ်ဆေးမှာလဲ ငါ ဒီအတိုင်းပဲ မတ်တတ်ရပ်နေရမှာလား”
ကုချင်း၀မ် စကားပြောပြီးနောက် လုချန် သတိပြန်ဝင်လာပြီး ချက်ချင်းပင် လိမ္မာယဉ်ကျေးသော ပြုံးရွှင်သည့် မျက်နှာပေးကို ဖန်တီးလိုက်လေသည်။
“ဧကရီ... ခင်ဗျား ထိုင်ဖို့ လိုအပ်ပါတယ် ကျွန်တော်မျိုး သွေးကြော စမ်းသပ်ရမှာမို့လို့ ခန်းမဆောင်ထဲကို ကြွပါမလား ”
သွေးကြောစမ်းသပ်တာ ဟုတ်လား…
ကုချင်း၀မ် မျက်ခုံးပင့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“သွေးကြောစမ်းသပ်တယ်ဆိုတာ ဘာလဲ”
လုချန် နှုတ်ခမ်းကို မသိမသာစေ့လိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာမျိုး ဖြစ်သွားရသည်…ကျင့်ကြံခြင်းကမ္ဘာတွင် ရောဂါကုသပုံမှာ တခြားကမ္ဘာတွေနှင့် မတူညီပေ ဤနေရာတွင် သွေးကြောစမ်းသပ်သည် ဆိုသည့်အရာ မရှိချေ။
【သွားပါပြီ... ငါ ထပ်ပြီး ရှင်းပြရဦးမယ်… ဘာလို့ မေးခွန်းတွေ ဒီလောက်များနေရတာလဲ ထိုင်ဆိုရင်လည်း ထိုင်လိုက်ပေါ့... ရှင်းပြရင်ကော ခင်ဗျား နားလည်မှာကျလို့】
လုချန်၏ အတွေးကို ကြားလိုက်ရသောအခါ ကုချင်း၀မ် သွားကို ကြိတ်လိုက်မိသည်။ ဒီကောင်စုတ်လေးက တကယ့်ကို စည်းကမ်းမရှိတာပဲ ငါက သိချင်စိတ်နဲ့ အေးအေးဆေးဆေး မေးတာကို သူက စိတ်ထဲကနေ ဒီလောက်တောင် ပွစိပွစိ ပြောနေတယ်…
လုချန်က အသက်ကို ဝဝရှူလိုက်ပြီး ကုချင်း၀မ်ကို သေချာရှင်းပြရန် ပြင်ဆင်လိုက်စဉ်မှာပင် သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်လိုက်တော့သည်။
“ထားလိုက်ပါတော့... ရှင်းပြမနေနဲ့တော့ ခန်းမထဲကို သွားစရာမလိုဘူး... ဒီနေရာတင်ပဲ အဆင်ပြေတယ်”
ကုချင်း၀မ်က ကျောက်စိမ်းကဲ့သို့ လှပသော လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ကြီးမားထည်ဝါလှသော ရွှေနဂါးပလ္လင် တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမသည် မည်သည့် ပလ္လင်တော်ပေါ်တွင် အေးအေးလူလူ မှီထိုင်လိုက်ရင်း လုချန်ကို မျက်ခုံးပင့်ကြည့်ကာ မေးလိုက်သည်။
“ကဲ... နောက်ထပ် ဘာလုပ်ရမလဲ”
ကုချင်း၀မ်၏ သိမ်မွေ့ကာ စွင့်ထွားသော ကိုယ်နေဟန်ထားကို မြင်လိုက်ရသည့်အခါ လုချန်သည် တံတွေးကို အသာအယာ မျိုချလိုက်မိပြီးနောက် ချက်ချင်းပင် တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။
“ဧကရီ... ရဲ့ လက်ကောက်ဝတ်ကိုပဲ ဆန့်ထုတ်ပေးပါ”
လုချန်သည် စိတ်ထဲတွင် ပါးစပ်သရမ်းချင် သရမ်းနေလိမ့်မည်ဖြစ်သော်လည်း... သူ၏ ဆေးပညာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိသွားသည့်အခါမျိုးတွင်မူ စိတ်အာရုံကို ဘယ်သောအခါမျှ အာရုံပျံ့လွင့်ခွင့်ပေးသူ မဟုတ်ပေ။
လုချန်၏ စကားကို ကြားသောအခါ ကုချင်း၀မ် အပိုစကား မပြောတော့ဘဲ ဥခွံနွှာထားသည့်အလား ဖြူစင်ဝင်းမွတ်နေသော လက်မောင်းလေးကို အနည်းငယ် ဆန့်ထုတ်ကာ နဂါးပလ္လင်တော်၏ လက်တင်ပေါ်တွင် တင်လိုက်လေသည်။
ထိုအချိန်တွင် လုချန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ပိုးချည်ပဝါစလေးတစ်ထည်ကို ထုတ်ယူလိုက်ပြီး ကုချင်း၀မ်၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်ကာ ဘေးတွင် ဆောင့်ကြောင့်လေးထိုင်လျက် သွေးကြောကို စမ်းသပ်တော့သည်။
ကုချင်း၀မ်သည် ဒီလိုသော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုမျိုးကို တစ်ခါမျှ မမြင်ဖူးသော်လည်း လုချန်က သူမ၏လက်ပေါ်သို့ ပိုးပဝါစလေး တင်လိုက်သည်ကို မြင်ရသောအခါ စိတ်ထဲမှ အသိအမှတ်ပြု ချီးကျူးမိသွားသည်။
ကုချင်း၀မ်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကြွားဝါခြင်းမဟုတ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်း သူမ၏ ခေတ်အခါက သူမအနားသို့ ချဉ်းကပ်ချင်ကြသူများမှာ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။ သူမရှေ့က ကောင်စုတ်လေးမှာမူ ဆေးစစ်ခြင်းဟူသော အခွင့်ကောင်း အကြောင်းပြချက် ရှိနေပါလျက်နှင့် မည်သည့် အခွင့်အရေးယူသည့် အပြုအမူမျိုးကိုမျှ မပြသခဲ့ပေ။
ဒါကတော့ သူမအနေဖြင့် လုချန်အပေါ် အမြင်အနည်းငယ် ပိုကောင်းသွားစေသည်။ အမှန်အတိုင်းပင်... ဒီကောင်စုတ်လေး ယောင်ချီသန့်စင်နယ်မြေမှာ ဒီလောက်တောင် ရေပန်းစားနေရတာ အကြောင်းမဲ့တော့ မဟုတ်ပေ။
ကုချင်း၀မ်က လုချန်ကို ချီးကျူးဂုဏ်ပြုတတ်သော အကြည့်ဖြင့် ငေးကြည့်နေစဉ်မှာပင် လုချန်၏ စိတ်ထဲက အတွေးသံများက သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ထပ်မံ စီးဆင်းလာပြန်တော့သည်။
【အမလေး... သွားပြီ စောစောက ငါ ခန့်မှန်းတာ မှားသွားတာပဲ... ဆယ်နှစ် မဟုတ်ဘူး】
【တကယ်ပါပဲ... ဆေးပညာစစ်ဆေးမှုတွေကို ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး။ အကဲခတ်ခြင်း... အနံ့ခံခြင်း... မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်း ဆိုတဲ့ ဆေးပညာအဆင့်လေးဆင့်ထဲက တစ်ဆင့်မှ ကျော်သွားလို့မရဘူး အစောနက ငါ ဝေးဝေးကနေ ဒီအတိုင်း ဖြတ်ခနဲ ကြည့်ပြီး ဆုံးဖြတ်လိုက်မိတာ တကယ့်ကို အဆင်အခြင်မဲ့သွားတာပဲ...】
လုချန်၏ အတွေးကို ကြားလိုက်ရသောအခါ ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်တွင် သင်းပျံ့သော အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူမ ထင်တဲ့အတိုင်းပဲ... သူမရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး…
အတိအကျပင်... သူမရဲ့ ခန္ဓာကိုယ်အခြေအနေကို သူမကိုယ်တိုင်ထက် ဘယ်သူက ပိုသိပါဦးမည်နည်း။ သူမရဲ့ ဧကရာဇ်နှလုံးသားက ခဏတဖြုတ် မတည်မငြိမ် ဖြစ်နေရုံသက်သက်သာ ရှိတာဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက် ပြန်လည်ကုစားလိုက်ရင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ပေ။
ဒီနှစ်အနည်းငယ်အတွင်း သန့်စင်မြေက တပည့်တွေကို ဆုံးမသွန်သင်ပေးရင်း အချိန်ကုန်လွန်စေတာက အကောင်းဆုံး အစီအစဉ်ပဲ မဟုတ်ပါလား။
အစောပိုင်းက လုချန်၏ စိတ်ထဲက ကျိန်ဆဲသံများကြောင့် ကုချင်း၀မ် စိုးရိမ်ပူပန်နေခဲ့ရသော်လည်း အခုတော့ သူမ နောက်ဆုံးတွင် သက်ပြင်းချကာ စိတ်အေးသွားနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူမသည် လုချန်ကို အထင်ကြီးဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူ အစောပိုင်းက မှားယွင်းစွာ တွက်ချက်ခဲ့ရင်တောင်မှ သူမ၏ ဧကရာဇ်နှလုံးသား မတည်ငြိမ်ဖြစ်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ခြင်းကပင် သူ၏ အရည်အချင်းက ကြီးမားလှကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ကုချင်း၀မ် တစ်စုံတစ်ခုကို ပြောလိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် လုချန်၏ အတွေးသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
【အခု သေချာစမ်းသပ်ကြည့်လိုက်တော့မှ... အလွန်ဆုံးရှိလှ သုံးနှစ်ပဲ သုံးနှစ်အတွင်းမှာပဲ ဒီမိန်းမကြီးက သေတ္တာထဲ ဝင်သွားရတော့မှာ... ဘယ်လိုမှ ဆယ်နှစ်အထိ မခံနိုင်ဘူး】
【အတိအကျ ပြောရရင်တော့... သုံးနှစ်... နှစ်လနဲ့ ဆယ်ရက်...】
【အော်... နေဦး... ဒီနေ့ကလည်း ကုန်တော့မှာဆိုတော့ ကိုးရက်ပဲ ကျန်တော့တာပေါ့】
【သနားစရာကောင်းလိုက်တာ~~ နှစ်ပေါင်းတစ်သောင်းလုံးလုံး တံခါးပိတ်ကျင့်ပြီး အပင်ပန်းခံကျင့်ကြံလာခဲ့ရတာ... နောက်ဆုံး ဂူအပြင်ထွက်လာပြီး သုံးနှစ်ပဲ ခံရှာတယ်...】
ကုချင်း၀မ် : "..."