ကောင်းကင်ယံတွင် မဟာဧကရာဇ် ရွှမ်မင် နှင့် အဖွဲ့ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် ကုချင်း၀မ် က လုချန် ကို ကြည့်ကာ ပြောလိုက်သည်။
"ကဲ... နိုးပြီဆိုရင်လည်း မျက်နှာသစ်ပြီး ဂိုဏ်းရဲ့ ပင်မခန်းမဆောင်ကို လာခဲ့။ အလျင်စလို လုပ်စရာမလိုပါဘူး... အထက်လောကက အင်မော်တယ်ဆိုတော့ အခမ်းအနားတွေ ရှိဦးမှာ…နင် အေးဆေး လမ်းလျှောက်လာရင် အချိန်ကွက်တိပဲ"
ထို့နောက် ဆုလီယန် ကို မျက်စောင်းထိုးကာ..
"နင်လည်း မြန်မြန်လာခဲ့... ချန်ရှန့်တောင်က လူကြီးတွေကိုလည်း ခန်းမဆောင်ထဲ လာနားထောင်ဖို့ ခေါ်ခဲ့ဦး" ဟု ပြောကာ ထွက်သွားတော့သည်။
ဆုလီယန် ကတော့ အလျင်မလိုဘဲ လုချန် ကို နူးညံ့စွာ မေးသည်။
"မင်းကို... အစ်မကြီး မျက်နှာသစ်ပေးရမလား"
လုချန် က ရှက်ကိုးရှက်ကန်းဖြင့် - "မလိုပါဘူး... မလိုပါဘူး… ကျွန်တော် ဘာသာပဲ သစ်ပြီး လာခဲ့ပါ့မယ်"
လုချန် မျက်နှာသစ်ပြီးနောက် စားပွဲပေါ်မှ ကျန်နေသော ဆီးသီးယို တုတ်ထိုးများကို ယူကာ ပင်မခန်းမဆောင်ဆီသို့ အေးဆေးစွာ လမ်းလျှောက်လာခဲ့သည်။ သူသည် အင်မော်တယ်၏ ဟောပြောပွဲကို စိတ်မဝင်စားသော်လည်း ကုချင်း၀မ် ၏ နားရွက်ဆွဲခြင်းကိုမူ ကြောက်ရွံ့လှသည်။
သူ လမ်းလျှောက်လာသည်မှာ နှစ်နာရီခန့် ကြာသွားသော်လည်း ခန်းမဆောင်သို့ ရောက်သောအခါ ဟောပြောပွဲက မစရသေးချေ။ ကြိုဆိုပွဲ အကအလှများပင် ယခုလေးတင် ပြီးဆုံးသွားခြင်း ဖြစ်သည်။
ဂိုဏ်းမှ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများ ကပြဖျော်ဖြေခဲ့ရသည်ကို သိသဖြင့် လုချန် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်မိသည်။
သူတို့သည် ကချေသည်များ မဟုတ်ကြချေ။ သို့သော် ဒီလောကတွင် အားလုံးက သူ့လို လှဲအိပ်ရုံဖြင့် သန်မာလာနိုင်ကြသည် မဟုတ်သဖြင့် ဘဝ၏ လက်တွေ့တရားကို လက်ခံရုံသာ ရှိတော့သည်။
ခန်းမဆောင်ထဲတွင် လူများ စုံလင်နေပြီး ဘယ်ဘက်တွင် ယောင်ချီသန့်စင်နယ်မြေ အဖွဲ့နှင့် ညာဘက်တွင် ချန်ရှန့်တောင်အဖွဲ့တို့ ထိုင်နေကြသည်။ အလယ်မှ အဓိကထိုင်ခုံကြီးကိုတော့ ဧကရာဇ် ရွှမ်မင် အတွက် ချန်ထားခြင်း ဖြစ်သည်။
လုချန် ဝင်လာသည်ကို ကုချင်း၀မ် ကော ဆုလီယန် ပါ ချက်ချင်း မြင်သွားကြသည်။ ကုချင်း၀မ် က သူမ၏ ဘေးနားရှိ လွတ်နေသောနေရာကို ပုတ်ပြကာ ထိုင်ရန် အချက်ပြသော်လည်း ဆုလီယန် ကတော့ ပို၍ ပွင့်လင်းစွာဖြင့် - "လုချန်... ဒီမှာ လာထိုင်" ဟု လှမ်းခေါ်သည်။
သို့သော် လုချန် က လူမြင်ကွင်းကြီးတွင် မထိုင်ချင်သဖြင့် ခန်းမ၏ ထောင့်စွန်းတစ်နေရာသို့ သွားထိုင်လိုက်သည်။
သူသည် ထိုနေရာတွင် ခိုးအိပ်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။ ဆုလီယန် ကတော့ သူမ စိတ်အလိုအတိုင်း လုချန် ရှိရာ ထောင့်စွန်းသို့ လိုက်လာပြီး ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။
"ဟို ဧကရာဇ် ရွှမ်မင် က ဘယ်မှာလဲ" လုချန် က သမ်းဝေရင်း မေးလိုက်သည်။
ဆုလီယန် က လုချန် ၏ ဆံပင်များကို သပ်တင်ပေးရင်း တိုးတိုးလေး ပြောသည်။
"သူ အကကြည့်ပြီးတော့ အဝတ်အစား သွားလဲနေတာ..ခဏနေရင် လာလိမ့်မယ်"
လုချန် က ဂရုမစိုက်စွာ ခေါင်းညိတ်လိုက်သည်။
[အင်မော်တယ်ကလည်း အကြောင်းတရားတွေ အတော်များတာပဲ]
လုချန် ၏ စိတ်ထဲက အသံကို ကြားရသဖြင့် ကုချင်း၀မ် သက်ပြင်းချမိသည်။ ထားလိုက်ပါတော့... သူ မသင်ယူချင်လည်း ဘာဖြစ်လဲ... သူက သန်မာပြီးသားပဲလေ။
နောက်ဆုံးတွင် မဟာဧကရာဇ် ရွှမ်မင် ရောက်လာပြီး လူတိုင်း မတ်တတ်ရပ်ကာ အရိုအသေပေးကြသော်လည်း လုချန် နှင့် ဆုလီယန် ကတော့ ထောင့်စွန်းတွင် ထိုင်မြဲအတိုင်း ထိုင်နေကြသည်။
"ဒီအစ်မရဲ့ ပေါင်ပေါ် ခေါင်းအုံးပြီး အိပ်မလား" ဆုလီယန် က လုချန် ၏ နားနား ကပ်ပြောလိုက်သည်။
လုချန် ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ ဆုလီယန် ခြေထောက်တွင် တွင် မီးခိုးရောင် ပိုးသားခြေအိတ်အသစ် ကို ဝတ်ဆင်ထားပြီး ပုံဖော်ထားသော ပန်းပွင့်လေးများပင် ပါရှိသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့" လုချန် က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ကာ ဆုလီယန် ၏ ပေါင်ပေါ်သို့ လှဲချလိုက်တော့သည်။
"လူဆိုးလေး... အိပ်ရင်လည်း ငြိမ်ငြိမ်အိပ်... ဟိုဟိုဒီဒီ လျှောက်မပွတ်နဲ့" ဆုလီယန် က ရှက်သွေးဖြန်းကာ တိုးတိုးလေး မာန်လိုက်သည်။ လုချန် ကတော့ သိုးကလေးလို ငြိမ်သက်သွားရှာသည်။
သို့သော် မဟာဧကရာဇ် ရွှမ်မင် ၏ ဟောပြောသံမှာ ခန်းမတစ်ခုလုံး ဟိန်းထွက်နေသဖြင့် လုချန် ကောင်းကောင်း အိပ်မပျော်ချေ။ နားထောင်ကြည့်လိုက်တော့မှ အစီအရင် များအကြောင်း ဖြစ်နေသည်။
ဤအစီအရင်များနှင့် ပတ်သက်၍ လုချန် က လွန်ခဲ့သော ကိုးနှစ်ကတည်းက စနစ် မှတစ်ဆင့် အထွတ်အထိပ်အဆင့်ထိ တတ်မြောက်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ် ရွှမ်မင် ၏ ဟောပြောချက်များကို ကြားရသောအခါ လုချန် စိတ်ပျက်လွန်း၍ စိတ်ထဲကနေ ကျိန်ဆဲမိတော့သည်။
[ဒီလောက် အဆင့်အတန်းနဲ့ လာသင်နေသေးတယ်]
[သင်မယ့်အစား အိမ်မှာပဲ နားနေပါလား ]