ဆုလီယန် သည် ဤလောကတွင် သူမ ကိုင်တွယ်ရ အခက်ဆုံးလူ နှစ်ယောက်ရှိကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ တစ်ယောက်က ဘေးတွင် အိပ်ပျော်နေသော လုချန် ဖြစ်ပြီး... သူမသည် လုချန် ကို မြင်တိုင်း အကြောင်းရင်းမရှိဘဲ ရှက်သွေးဖြန်းလာတတ်သည်။
အခြားတစ်ယောက်မှာ အမြဲတမ်း တည်ငြိမ်အေးစက်နေသော မျက်နှာထားရှိသည့် ကုချင်း၀မ် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ပထမဆုံးတွေ့ကတည်းက သူမသည် ကုချင်း၀မ် ကို မနိုင်ခဲ့ချေ။
ထိုမိန်းမသည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေသော်လည်း စကားပြောလျှင် ဆုလီယန် အနာကျင်ဆုံးနေရာကို ကွက်တိ ထိုးနှက်နိုင်စွမ်းရှိသည်။
အဆုံးတွင် ဆုလီယန် က ဟန်မဆောင်တော့ဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"လျှို့ဝှက်နယ်မြေ အကြောင်းပဲ ပြောရအောင်"
ကုချင်း၀မ် က ဆီးသီးယို တုတ်ထိုးစားရင်း ပြောသည်။
"ငါ နားထောင်ဖို့ အဆင်သင့်ဖြစ်နေတာ ကြာပြီ"
ဒီအကြောင်းကို မနေ့ကတည်းက ဆွေးနွေးရမှာ ဖြစ်သော်လည်း ထိုလူရှုပ်လေး လုချန် က ဆုလီယန် ၏ နားရွက်များကိုသာ အာရုံစိုက်နေသဖြင့် ဖယ်ထားခဲ့ရခြင်း ဖြစ်သည်။
"အကျဉ်းချုပ်ပြောရရင် ဒီလျှို့ဝှက်နယ်မြေက ကြီးမားတဲ့ အစီအရင်ကြီးတစ်ခုပဲ... သာမန်အစီအရင်မျိုး မဟုတ်ဘူး"
ဆုလီယန် သည် ကုချင်း၀မ် ကို မကြည့်တော့ဘဲ အိပ်ပျော်နေသော လုချန် ကို နူးညံ့စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
ကြီးမားတဲ့ အစီအရင်ကြီး သာမန်မဟုတ်ဘူး ဟုတ်လား…
ကုချင်း၀မ် ၏ ဝါးနေသော ပါးစပ်က ခေတ္တရပ်သွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဘာလို့ သာမန်မဟုတ်တာလဲ ငါလည်း အစီအရင်တွေကို နားလည်ပါတယ်... အထွတ်အထိပ်အဆင့် မဟုတ်ရင်တောင် ထူးချွန်တဲ့အဆင့်တော့ ရှိတယ်"
ဆုလီယန် က -
"ဒါက ငါတို့သိထားတဲ့ အစီအရင်တွေနဲ့ လုံးဝ မတူဘူး... ကွဲပြားခြားနားတဲ့ အမျိုးအစားတွေပဲ"
ကုချင်း၀မ် က မျက်မှောင်ကုတ်လျက် - "ဒါဆို နင်ကော နားလည်လို့လား"
ဆုလီယန် က တိုက်ရိုက်ပင် ငြင်းလိုက်သည်။
"အသေအချာပေါ့... ငါလည်း နားမလည်ဘူး... နန်ချင်းကျန့်ပြည်နယ် မှာရှိတဲ့ ဘယ်သူမှလည်း နားမလည်ကြဘူး။ ဒါပေမဲ့ နားလည်တဲ့လူတစ်ယောက်ကို ငါ ရှာထားတယ်။ နန်ချင်းကျန့်ပြည်နယ် ကနေ မသေမျိုးအဖြစ် အထက်လောကကို နောက်ဆုံး တက်လှမ်းသွားတဲ့ မဟာဧကရာဇ်ကို မှတ်မိလား"
ကုချင်း၀မ် က အံ့ဩသွားပြီးမှ - "ဧကရာဇ် ရွှမ်မင်" ဟု ရေရွတ်လိုက်သည်။
ထို့နောက် မယုံကြည်နိုင်စွာဖြင့် ဆက်မေးသည်။
"နင်က ဧကရာဇ် ရွှမ်မင် ကို ဘယ်လိုလုပ် သိတာလဲ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းကတည်းက အထက်လောကကို ရောက်သွားတာ။ အဲဒီတုန်းက ယောင်ချီသန့်စင်နယ်မြေ ကော ချန်ရှန့်တောင်ကော မရှိသေးဘူး"
ဆုလီယန် က ပြုံးလျက် ..
"ဧကရာဇ် ရွှမ်မင် က ချင်းဟန်နန်းဆောင် ကနေ လာတာ... ငါ ချင်းဟန်နန်းဆောင် ရဲ့ သခင် လဲ့ယန် နဲ့ သဘောတူညီချက် ရထားပြီးပြီ။ သူက ဧကရာဇ် ရွှမ်မင် ကို ယောင်ချီသန့်စင်နယ်မြေ ဆီ ခေါ်လာပြီး အစီအရင်အကြောင်း သင်ပေးလိမ့်မယ်”
“ဒါပေမဲ့ အထက်လောကက မသေမျိုးတစ်ယောက်က အောက်လောကကို ခွင့်ပြုချက်မရှိဘဲ လာလို့မရတော့ သူက လျှို့ဝှက်လာမှာဖြစ်ပြီး သုံးရက်ပဲ နေလို့ရမယ်"
"ဒီသုံးရက်အတွင်း ငါတို့ သင်ယူနိုင်မလားဆိုတာကတော့ ကံတရားအပေါ်ပဲ မူတည်တယ်။ ရက်တွက်ကြည့်ရင် သူ နောက်ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။
ဒါကြောင့် ဒီတစ်ကြိမ်က ချန်ရှန့်တောင်.. ယောင်ချီသန့်စင်နယ်မြေ နဲ့ ချင်းဟန်နန်းဆောင် သုံးဖွဲ့ပေါင်း ပူးပေါင်းဆောင်ရွက်မှုပဲ"
ချင်းဟန်နန်းဆောင် ဧကရာဇ် ရွှမ်မင်…
ကုချင်း၀မ် က သံသယဖြင့် မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
"ဒီလျှို့ဝှက်နယ်မြေက အစီအရင်ကြီးတစ်ခုဆိုရင် အစီအရင်ကို ဖြိုခွဲနိုင်တဲ့လူ ရှိတာနဲ့တင် ရတနာအားလုံးကို တစ်ဦးတည်း သိမ်းပိုက်နိုင်တာပဲ။ ဘာလို့ ချင်းဟန်နန်းဆောင် က ငါတို့နဲ့ လာပူးပေါင်းတာလဲ ငါတို့ကို အလကား အကျိုးအမြတ် ပေးမယ့်အပြင် ရတနာတွေကိုပါ ခွဲဝေပေးဦးမယ် ဟုတ်လား"
ထိုအခါ ဆုလီယန် က သူမ၏ လှပဆွဲဆောင်မှုရှိသော မျက်နှာဖြင့် ကုချင်း၀မ် ကို ကြည့်ကာ မေးလိုက်သည်။
"နင် ဘယ်လိုထင်လဲ"
ကုချင်း၀မ် က ကြောင်သွားပြီးမှ "နင် အဲဒီ လဲ့ယန် ကို ဘာကတိပေးလိုက်တာလဲ"
ဆုလီယန် က ခေါင်းလေးစောင်းကာ…
"ငါက ဘယ်သူ့ကိုမှ ဘာကတိမှ မပေးဘူး... ဒီလို ယောက်ျားတွေ ဘာလိုချင်လဲဆိုတာ ငါ ကောင်းကောင်းသိလို့ပဲ…ငါ သူတို့ကို တစ်ချက်မျက်စိမှိတ်ပြလိုက်တာနဲ့တင် သူတို့က ငါ့အတွက် အသက်စွန့်ဖို့ အသင့်ဖြစ်နေကြတာ"
ကုချင်း၀မ် က ခေတ္တတိတ်ဆိတ်သွားပြီးနောက် သံသယဖြင့် မေးပြန်သည်။
"ဒါဆိုရင်လည်း ချန်ရှန့်တောင်နဲ့ ချင်းဟန်နန်းဆောင် ပဲ ပူးပေါင်းလိုက်လို့ ရတာပဲ... ယောင်ချီသန့်စင်နယ်မြေ က ပါစရာမလိုဘူး ဘာလို့ ငါ့ဆီ လာပူးပေါင်းတာလဲ"
ဆုလီယန် က အိပ်ပျော်နေသော လုချန် ကို ထပ်ကြည့်ကာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါ အဲဒီယောက်ျားတွေကို မယုံဘူး… မဟာဧကရာဇ် ရွှမ်မင် က လျှို့ဝှက်နယ်မြေထဲ ဝင်လို့မရဘူး... လဲ့ယန် တစ်ယောက်တည်းကိုပဲ ယုံကြည်လို့ ဘာထူးမှာလဲ မြင့်မြတ်ရတနာ(သူတောင်စင်အဆင့်ဆေးလုံးလိုဟာမျိုး) လိုအပ်တဲ့ လျှို့ဝှက်နယ်မြေမျိုးက နန်ချင်းကျန့်ပြည်နယ် မှာ ဒါပထမဆုံးပဲ။ ငါ တစ်ယောက်တည်း စွန့်စားရမှာထက် အန္တရာယ်ကင်းအောင် နင်နဲ့ပါ ရတနာခွဲဝေပြီး အတူသွားတာက ပိုစိတ်ချရတယ်"
ကုချင်း၀မ် က ခေါင်းငြိမ့်လိုက်သည်…ဒါဟာ ဆုလီယန် ၏ စရိုက်အမှန်ပင် ဖြစ်သည်။ သူမသည် မည်သူ့ကိုမှ မယုံကြည်ချေ။
ကုချင်း၀မ် တစ်ခုခု ဆက်ပြောရန် ပြင်စဉ် ကောင်းကင်ယံမှ ကြီးမားလှသော ဝိညာဉ်စွမ်းအား လှိုင်းထန်မှုကို နှစ်ဦးသား ချက်ချင်း ခံစားလိုက်ရသည်။ ဤမျှ ပြင်းထန်သော စွမ်းအားမျိုးမှာ အထက်လောကမှ အင်မော်တယ်သာ ဖြစ်နိုင်သည်။
ကုချင်း၀မ် က ချက်ချင်းပင် ဆုလီယန် ကို ကြည့်ကာ ပြောလိုက်သည်။
"ဟိုလူရှုပ်လေးကို နှိုးလိုက်... သူလည်း အတူလာပြီး နားထောင်ပါစေ"
ဆုလီယန် က မျက်မှောင်ကုတ်လျက် - "သူ အခုလေးတင် အိပ်ပျော်သွားတာလေ"
ကုချင်း၀မ် က အံကြိတ်ကာ -
"အထက်လောကက အင်မော်တယ်တစ်ယောက်က လာသင်ပေးမှာနော် ဘယ်လောက်တန်ဖိုးရှိတဲ့ အခွင့်အရေးလဲ တခြားလူတွေဆို မြင်ရဖို့တောင် မလွယ်ဘူး…အိပ်ချိန်ဆိုတာ နောက်မှ အိပ်လည်း ရတယ် မြန်မြန်နှိုး"
ဆုလီယန် တွေဝေသွားသည်။ ကုချင်း၀မ် ပြောတာလည်း ဟုတ်နေသည်။ သို့သော် အိပ်ပျော်နေသော လုချန် ကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ သူ အိပ်ပျော်တာ တစ်နာရီပင် မပြည့်သေးချေ။
ဆုလီယန် တွေဝေနေစဉ် ကုချင်း၀မ် က စိတ်မရှည်တော့ဘဲ ဆုလီယန် လုပ်ထားသော အကာအကွယ်ကို ဖြိုခွဲကာ လုချန် ကို လှုပ်နှိုးလိုက်သည်။
"မြန်မြန်နိုးတော့"
လုချန် သည် မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် ဖွင့်လာကာ မကျေမနပ် ပြောရှာသည်။
"ဘာဖြစ်လို့လဲ"
သူ အခုလေးတင် အိပ်ပျော်ရုံရှိသေးသည်ကို ဘာလို့ ရုတ်တရက် လာနှိုးရသနည်း။ ဆုလီယန် က လုချန် ၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်ပြီး စိတ်မကောင်းဖြစ်ကာ ချက်ချင်းပင် ချော့မော့လိုက်သည်။
"အိုကေ... ရတယ်... ဘာမှမဖြစ်ဘူး။ ဆက်အိပ်... ဆက်အိပ်နော်"
ထို့နောက် ဆုလီယန် က ကုချင်း၀မ် ကို မကျေမနပ် ကြည့်ကာ -
"သူ အခု အရမ်းအိပ်ချင်နေတာကို နှိုးရင် ဘာမှမှတ်မိမှာ မဟုတ်ဘူး… ငါတို့နှစ်ယောက်ပဲ သွားရအောင်... ညကျမှ ငါ သူ့ကို ပြန်ရှင်းပြပေးမယ်"
ကုချင်း၀မ် က ပို၍ စိတ်တိုသွားကာ -
"နင်နဲ့ငါ ရှင်းပြတာက အထက်လောကက အင်မော်တယ် ရှင်းပြတာနဲ့ တူမလား"
"နင် သူ့ကို ဒီလိုအလိုလိုက်နေတာက သူ့ကို ဖျက်ဆီးနေတာပဲ..နောက်ကျမှ သူ ဒီလိုအခွင့်အရေး လက်လွတ်သွားမှန်း သိရင် နင့်ကို မုန်းလိမ့်မယ်"
ဆုလီယန် က ပြန်အော်သည်။
"အနာဂတ်က အနာဂတ်ပဲ... ဒါပေမဲ့ အခုတော့ သူ့အမုန်းမခံနိုင်ဘူး"
ကုချင်း၀မ် သည် စကားပြောရသည်မှာ အဆင်မပြေတော့သဖြင့် လုချန် ၏ နားရွက်ကို ဆွဲကာ ထူလိုက်တော့သည်။
"မြန်မြန်ထ... အထက်လောကက အင်မော်တယ် ရောက်နေပြီ"
နားရွက်အဆွဲခံလိုက်ရသဖြင့် လုချန် ၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။
"အား... အား... ထပါပြီ တကယ်ထပါပြီ လွှတ်ပါဦး"
လုချန် ၏ အော်သံကြောင့် ဆုလီယန် က ကုချင်း၀မ် ၏ လက်ကို ချက်ချင်း ရိုက်ဖယ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
"နင်ကလည်း ဘာဖြစ်ဖြစ် သူ့နားရွက်ကိုပဲ ဆွဲနေတာပဲ သူက ယောက်ျားလေးလေ... လူပုံအလယ်မှာ သူ့မျက်နှာ ကို ငဲ့ရဦးမယ်။ တခြားလူတွေ မြင်ရင် လုချန် မျက်နှာ ဘယ်နား သွားထားရမလဲ"
ပြောပြောဆိုဆိုဖြင့် ဆုလီယန် က လုချန် ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ လုချန် ကလည်း ဆုလီယန် ၏ ရင်ခွင်ထဲတွင် နားရွက်ကို ပွတ်ရင်း ခေါင်းညိတ်ရှာသည်။
"ဟုတ်ပ... ဟုတ်ပ... တကယ်နာတာ"
ထိုမြင်ကွင်းကို ကြည့်ပြီး ကုချင်း၀မ် ဆွံ့အသွားကာ ဆီးသီးယို တုတ်ထိုးကို မကျေမနပ် တစ်ကိုက် ကိုက်လိုက်မိတော့သည်။
‘ငါက လူဆိုးကြီး ဖြစ်သွားတာလား’