ကုချင်း၀မ် သည် အိပ်ပျော်နေသော လုချန် ကို ကြည့်လိုက်ပြီးနောက် ဘေးနားရှိ စားပွဲပေါ်မှ (စတော်ဘယ်ရီ)ဆီးသီးယို တုတ်ထိုးတုတ်ထိုး ပန်းကန်ကို လှမ်းကြည့်လိုက်သည်။
သူမ၏ မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာမှာ ဆုလီယန် ကဲ့သို့ပင် ရေကဲ့သို့ နူးညံ့သိမ်မွေ့သွားတော့သည်။ သူမသည် အိပ်ပျော်နေသော လုချန် နားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး တစ်ချက်ငုံ့ကြည့်ကာ နှုတ်ခမ်းထောင့်တွင် မထင်မရှား အပြုံးလေးတစ်ခုဖြင့် တိုးတိုးလေး မေးလိုက်သည်။
"သူ ဘယ်တုန်းက အိပ်ပျော်သွားတာလဲ"
ဆုလီယန် က ယပ်ခတ်ရင်း တိုးတိုးလေး ပြန်ဖြေသည်။
"အခုလေးတင် အိပ်ပျော်သွားတာ"
ထို့နောက် ဆုလီယန် သည် သူမ၏ နုနယ်သောလက်ကို ဝှေ့ယမ်းလိုက်ရာ လုချန် ရှိသောနေရာကို အနီရောင်သန်းသော အလင်းတန်းတစ်ခုက လွှမ်းခြုံသွားပြီး ပြင်ပအသံများ လုံးဝမဝင်နိုင်တော့ချေ။
အားလုံးပြီးမှ ဆုလီယန် သည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ အကြောဆန့်လိုက်ရာ သူမ၏ ကောက်ကြောင်းများမှာ စိတ်ကူးယဉ်စရာ ကောင်းလောက်အောင် အလှပဆုံး ပေါ်လွင်နေတော့သည်။
ဆုလီယန် က အရင်ပုံစံအတိုင်း ပြန်ထိုင်ရင်း ထမင်းစားပွဲတွင် ထိုင်နေပြီးဖြစ်သော ကုချင်း၀မ် ကို ကြည့်ကာ ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။
"အို... နင်က မနက်တိုင်း မနက်စာစားဖို့ ပြန်လာရမှန်း သိသေးသားပဲ"
ဆုလီယန် က ရွဲ့စောင်းပြောနေခြင်းဖြစ်သော်လည်း ကုချင်း၀မ် က ဂရုမစိုက်ဘဲ ဆန်ပြုတ်ကို နှစ်ငုံခန့် သောက်ပြီးနောက် မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
"ဒါကို လုချန် လုပ်တာ မဟုတ်ဘူးလား"
"ဒါဆို ငါမစားတော့ဘူး"
ပြောပြောဆိုဆိုဖြင့် ဘေးနားရှိ ဆီးသီးယို တုတ်ထိုးကို ယူကာ စိတ်မရှည်စွာ တစ်ကိုက် ကိုက်လိုက်သည်။ ထို့နောက် ဆီးသီးယို တုတ်ထိုး၏ အချိုဓာတ်က ရင်ထဲထိ ရောက်သွားသည့်အလား ကုချင်း၀မ် ၏ အေးစက်လှပသော မျက်နှာထက်တွင် ပျော်ရွှင်ရိပ်လေး တစ်ချက် ဖြတ်ပြေးသွားသည်။
ဆုလီယန် သည် ကုချင်း၀မ် မနက်စာမစားခြင်းကို စိတ်မဆိုးပါ။ အဘယ်ကြောင့်ဆိုသော် သူမသည် လုချန် အတွက်သာ လုပ်ထားခြင်း ဖြစ်သောကြောင့် ကုချင်း၀မ် စားသည်ဖြစ်စေ... မစားသည်ဖြစ်စေ သူမကိစ္စ မဟုတ်ပေ။
ထို့နောက် ဆုလီယန် က ဆီးသီးယို တုတ်ထိုးစားခြင်းကိုသာ အာရုံစိုက်နေသော ကုချင်း၀မ် ကို ကြည့်ကာ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
"လုချန် က ဘာလဲဟင် သူက အရမ်းသန်မာရမှာကို ဘာလို့ လူသာမန်တစ်ယောက်လို ဖြစ်နေရတာလဲ"
ညက ဆုလီယန် သည် လုချန် တစ်ခုခု ဟန်ဆောင်နေသည်ဟု သံသယဝင်ခဲ့မိသည်။
လက်နက်တစ်ခုခုကို အလွယ်တကူ သွန်းလုပ်ရုံဖြင့် ကောင်းကင် မိုးကြိုးဘေးဒုက္ခ ကို ဖြစ်ပေါ်စေနိုင်သောသူက သန်းခေါင်ကျော်အထိ ဘာလို့ မောပန်းပြီး မအိပ်ဘဲ မနေနိုင်ရမှာလဲ သို့သော် နောက်ပိုင်းတွင် လုချန် ပင်ပန်းလွန်း၍ မျက်လုံးများ နီရဲနေသည်ကို မြင်ရသောအခါ သူမ တကယ်ပင် စိတ်မကောင်းဖြစ်ရပြီး အခြားအရာများကို သံသယဝင်ရန် အင်အားမရှိတော့ချေ။
ကုချင်း၀မ် သည် ဆုလီယန် ၏ စကားကို မကြားချင်ယောင်ဆောင်ကာ ဆီးသီးယို တုတ်ထိုးကိုသာ ဆက်စားနေသည်။ ကုလားထိုင်ပေါ်မှ ဆုလီယန် က မျက်မှောင်ကုတ်ကာ အော်လိုက်သည်။
"ငါ နင့်ကို စကားပြောနေတာနော်"
ထိုအခါမှ ကုချင်း၀မ် ၏ လှပသော မျက်နှာထက်တွင် လှည့်စားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူမသည် မတ်တတ်ရပ်ကာ ရင်ဘတ်ကို လက်ပိုက်ပြီး ဆုလီယန် ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ထို့နောက် အထက်စီးမှ ငုံ့ကြည့်ကာ မာနထောင်လွှားသော အမူအရာဖြင့် ပြောလိုက်သည်။
"အို... နင်က လုချန် အကြောင်း သိချင်တာလား"
"ငါက ဘာလို့ နင့်ကို ပြောပြရမှာလဲ"
ဆုလီယန် ၏ မျက်ဝန်းထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ကုချင်း၀မ် က ချက်ချင်း သတိပြုမိသော်လည်း သူမသည် လုံးဝမကြောက်ဘဲ မာနကြီးစွာ ပြုံးလျက် ပြောလိုက်သည်။
"ဘာလဲ... နင် လုချန် နဲ့ တစ်နေကုန် အတူရှိနေတာတောင် အခြေအနေကို မမေးခဲ့ဘူးလား အခုမှ ငါ့ကို လာမေးနေရတယ်"
ဆုလီယန် က သတ်ဖြတ်လိုသော စိတ်ကို ချက်ချင်းပြန်ဖျောက်ပြီး ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။
"အို... ငါ လုချန် နဲ့ ရှိခဲ့တာ တစ်ရက်ပဲ ရှိသေးတာ... အဲဒါတွေ မေးဖို့ ဘယ်လိုလုပ် အချိန်ရမှာလဲ…ခုနက ငါမှားသွားတယ်... နင်သိရင် ပြောပြပါနော်…"
ဆုလီယန် ၏ အသံနှင့် အမူအရာများမှာ လွန်ခဲ့သော နှစ်ရက်က ပထမဆုံး ရောက်လာစဉ်ကအတိုင်း ဆွဲဆောင်မှု ရှိလွန်းလှသည်။ သို့သော် သူမ ရင်ဆိုင်နေရသည်မှာ ထိုလှည့်ကွက်များကို အတွေ့မခံသော ကုချင်း၀မ် ဖြစ်သည်။
ဆုလီယန် စကားဆုံးသည်နှင့် တပြိုင်နက် ကုချင်း၀မ် သည် ရှေ့သို့ တက်လှမ်းကာ ခြေထောက်တစ်ဖက်ဖြင့် ဆုလီယန် ၏ ကုလားထိုင်ကို ဝုန်းခနဲ နင်းခြေလိုက်သည်။
ထိုအခါ ဆုလီယန် သည် ဟန်ဆောင်မနေတော့ဘဲ မျက်နှာပျက်ကာ ထရပ်ရန် ပြင်လိုက်သော်လည်း ကုချင်း၀မ် က ချက်ချင်းဆိုသလို ကိုယ်ကို ငုံ့ချလိုက်သည်။ ယောက်ျားတိုင်းကို ရူးသွပ်စေနိုင်သော မိန်းမလှနှစ်ဦး၏ မျက်နှာမှာ စင်တီမီတာ အနည်းငယ်သာ ကွာဝေးတော့သည်။
"နင် လုချန် ကို သိတာ တစ်ရက်ပဲ ရှိသေးတယ်ဆိုတာ သိတယ်ပေါ့"
"ဒါဆို သူ ငါ့ကို သိတာ ဘယ်လောက်ကြာပြီလဲဆိုတာ နင်သိလား"
"ပြီးတော့ နင့်ကို ငါ အချိန်မရွေး မောင်းထုတ်နိုင်တယ်ဆိုတာကော သိလား ဒါဟာ ယောင်ချီသန့်စင်နယ်မြေ ပဲ"
"ဒီကုလားထိုင်ကောပဲ... ဒါ ငါ့ဟာ ငါ နင့်ကို ပေးထိုင်ထားတာက ငါ စိတ်မရှိလို့... ဒါပေမဲ့ ငါ စိတ်ပြောင်းသွားရင် နင် ချက်ချင်း ထွက်သွားရမယ်…နားလည်လား"
ကုချင်း၀မ် က စကားတစ်ခွန်းချင်းစီကို အေးစက်စွာ ပြောလိုက်သည်။
ဝူး...
ဆုလီယန် ၏ ကိုယ်ပေါ်တွင် အနီရောင်သန်းသော အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး ကုချင်း၀မ် ၏ ကိုယ်ပေါ်တွင်လည်း ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်လာကာ နှစ်ဦးသား စိုက်ကြည့်ရင်း အချိန်အတော်ကြာ တင်းမာသွားကြသည်။
အတန်ကြာမှ ဆုလီယန် က အလင်းတန်းကို ဖျောက်ကာ ပြုံးလျက် ကုလားထိုင်ပေါ် ပြန်မှီပြီး ပြောလိုက်သည်။
"အခုတော့ ဟုတ်တာပေါ့... ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မလဲ ဘယ်သူသိမှာလဲ"
ကုချင်း၀မ် လည်း အလင်းတန်းကို ဖျောက်ကာ ခြေထောက်ကို ပြန်ရုပ်ပြီး နေရာတွင် ပြန်ထိုင်ရင်း ပြောလိုက်သည်။
"အနာဂတ် ဟုတ်လား"
"နင် ဒီမှာ ဘယ်လောက်ကြာကြာ နေချင်ပြီး... ငါကော နင့်ကို ဘယ်လောက်အထိ ခွင့်ပြုမယ် ထင်လို့လဲ"
ဆုလီယန် ၏ အပြုံးများ တန့်သွားသည်။ ကုချင်း၀မ် က ခြေထောက်ချိတ်ထိုင်ရင်း ပြောလိုက်သည်။
"လုချန် ပင်ပန်းတာက သူ ကျင့်ကြံတဲ့နည်းလမ်းက ငါတို့နဲ့ မတူလို့ ဖြစ်နိုင်တယ်"
"မတူဘူး ဟုတ်လား"
ဆုလီယန် အံ့ဩသွားပြီး နားမလည်နိုင် ဖြစ်သွားသည်။ ကုချင်း၀မ် က ဆီးသီးယို တုတ်ထိုးကို အေးဆေးစွာ စားရင်း ဆက်ပြောသည်။
"သူက အင်မော်တယ်ကို ကျင့်ကြံတာ မဟုတ်ဘူး... သူက တာအို ကို ကျင့်ကြံတာ"
"တာအို ကျင့်ကြံတာ ဟုတ်လား"
ဆုလီယန် ကြောင်သွားပြီးမှ မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
"တာအိုကျင့်ကြံတာက ဧကရာဇ်အဆင့် ရောက်မှ လုပ်ရတာ မဟုတ်ဘူးလား လုချန် က ဧကရာဇ်အဆင့်မို့လို့လား ဒါပေမဲ့ သူ့ဆီက ဝိညာဉ်စွမ်းအင် လှိုင်းထန်မှုလုံးဝ မရှိပါဘူး"
ကုချင်း၀မ် က ခေါင်းခါလျက်…
"တာအိုကို ကျင့်ကြံဖို့ ဧကရာဇ်အဆင့် ဖြစ်စရာမလိုပါဘူး... ဧကရာဇ်အဆင့်ကမှ သာမန်နည်းလမ်းနဲ့ ပိုမသန်မာနိုင်တော့လို့ တာအိုကိုပဲ ကျင့်ကြံရတာ။ အချို့အရာတွေကို ငါကိုယ်တိုင်လည်း သေချာမသိဘူး... ဒါပေမဲ့ နင့်ကို အကြံပေးချင်တာက လုချန် ကို သွားမမေးနဲ့"
ဆုလီယန် က မျက်ခုံးပင့်ကာ …
"အို... ဘာလို့လဲ"
ကုချင်း၀မ် က လှမ်းကြည့်ပြီး -
"လူတိုင်းမှာ ကိုယ့်လျှို့ဝှက်ချက်နဲ့ကိုယ် ရှိတယ်…သူကိုယ်တိုင် မပြောမချင်း သွားစပ်စုနေရင် နင့်ကို စိတ်ပျက်စရာကောင်းတယ်လို့ သူ မြင်သွားလိမ့်မယ်"
ဆုလီယန် က ရယ်မောလျက် - "ဟုတ်လို့လား ငါ့ကိုတော့ သူ စိတ်ပျက်မယ် မထင်ပါဘူး"
ကုချင်း၀မ် က ဆီးသီးယို တုတ်ထိုးကို ကုန်အောင် စားလိုက်ပြီးနောက်…
"ဟုတ်လား ဒါဆို လုချန် နိုးလာရင် နင်က သူ့စွမ်းအားရဲ့ လျှို့ဝှက်ချက်ကို သိချင်နေတယ်လို့ ငါ ပြောပြလိုက်မယ်… ငါလည်း သိချင်တာနဲ့ အတော်ပဲပေါ့"
ထိုအခါ ဆုလီယန် က အံကြိတ်ကာ အေးစက်စွာ အော်လိုက်သည်။
"ဟေး နင် စကားတွေ အများကြီး သွားမပြောနဲ့နော်"
ကုချင်း၀မ် က မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး…
"အို... စိတ်မရှည် ဖြစ်နေတာလား ငါ့ရှေ့မှာ ဘာတွေ ဟန်ဆောင်နေတာလဲ"