ဒီနေ့ရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာတော့ လုချန်က တခြားဘာမှ မလုပ်တော့ဘဲ... ဆုလီယန်နဲ့အတူ အခန်းထဲမှာပဲ ရှိနေပြီး သီချင်းမှတ်စုတွေကို ပြန်လည်ဖော်ထုတ်ဖို့ပဲ အာရုံစိုက်နေခဲ့သည်။
ကုချင်းဝမ်ကတော့ ပြန်ရောက်လာပြီး ခဏအကြာမှာပဲ ပြန်ထွက်သွားခဲ့သည်။
ယောင်ချီသန့်စင်နယ်မြေထဲမှာ သူမ ကိုင်တွယ်ဖြေရှင်းရမယ့် ဂိုဏ်းရေးရာကိစ္စတွေ အများကြီး ရှိနေသေးသည်။
လုချန်က အခု ဆုလီယန်အတွက် သီချင်းမှတ်စု ပြန်ဖော်ပေးနေရတာကြောင့် သူမနဲ့ အတူမရှိနိုင်တဲ့အတွက်... ကုချင်းဝမ်တစ်ယောက်တည်း ဒီမှာ စောင့်နေလည်း အဓိပ္ပာယ်မရှိပေ။
ဒီအချိန်ကို သုံးပြီး ဂိုဏ်းရဲ့ ကိစ္စတွေကို သွားလုပ်တာက ပိုကောင်းသည်။
ဒါကို ပြောရရင်တော့ ကုချင်းဝမ်ဟာ သူမကိုယ်သူမ တာဝန်မကျေတဲ့ ဂိုဏ်းချုပ်ကြီးတစ်ယောက်လို ခံစားရပြီး... အချိန်တွေအကုန်လုံးကို လုချန်နဲ့အတူ ဖြုန်းတီးနေခဲ့တာ ဖြစ်သည်။
ဒါပေမဲ့... အမှန်အတိုင်း ပြောရရင်တော့ ကုချင်းဝမ်ဟာ ဒီလို အေးချမ်းပြီး ဆိတ်ငြိမ်လှတဲ့ နေ့ရက်တွေကို တကယ်ပဲ သဘောကျနေတာ ဖြစ်သည်။
ကုချင်းဝမ် မရှိတော့တဲ့အတွက် လုချန်လည်း ဒုက္ခအများကြီး သက်သာသွားပြီး... အဓိကကတော့ သူမအတွက် ဟင်းချက်ပေးရမည့် အလုပ် သက်သာသွားခြင်း ဖြစ်သည်။
သူက ဆုလီယန်နဲ့အတူ သီချင်းမှတ်စု ဖော်ထုတ်ဖို့ပဲ အာရုံစိုက်ထားသည်။ သူတို့ ဗိုက်ဆာတဲ့အခါမှာတော့ သရေစာမုန့်အချို့ကိုပဲ စားပြီး ဗိုက်ဖြည့်ကြသည်။
အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့ပြီး... မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့မနက်ပိုင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လုချန်နဲ့ ဆုလီယန်တို့ဟာ ဒီအခန်းငယ်လေးထဲမှာ နှစ်ယောက်တည်း ရှိနေခဲ့တာ နာရီပေါင်း ၂၄ နာရီ နီးပါး ရှိခဲ့ပြီ ဖြစ်သည်။
ဆုလီယန်ရဲ့ မျက်ဝန်းလေးတွေက အနည်းငယ် နီမြန်းနေပြီး... ကြည့်ရတာ ငိုထားသလိုမျိုး ဖြစ်နေရသည်။
လုချန်ရဲ့ မျက်လုံးတွေကလည်း နီမြန်းနေပေမဲ့... သူကတော့ တစ်ညလုံး မအိပ်ရလို့ နီနေခြင်း ဖြစ်သည်။
ဒီ ၂၄ နာရီက အလကား ဖြစ်မသွားခဲ့ပါဘူး... လုချန်က ဆုလီယန်အတွက် အဲဒီ ရင်းနှီးလှတဲ့ သီချင်းသံစဉ်ရဲ့ အစိပ်အပိုင်းတချို့ကို တကယ်ပဲ ပြန်လည်ဖော်ထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
လက်ရှိ လုပ်ငန်းပမာဏအရ ကြည့်မယ်ဆိုရင်တော့... ဆုလီယန်ရဲ့ဆရာ့ သီချင်းတွေအကုန်လုံးကို အပြည့်အစုံ ဖော်ထုတ်ဖို့ဆိုရင် အနည်းဆုံး ခုနစ်ရက် ရှစ်ရက်လောက် ကြာဦးမှာ ဖြစ်သည်။
ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး... အဓိကအချက်က လုချန်မှာ သီချင်းကို တကယ် ပြန်ဖော်ထုတ်ပေးနိုင်တဲ့ အရည်အချင်း ရှိနေတာကို သက်သေပြလိုက်နိုင်ခြင်းပဲ ဖြစ်သည်။
ဖြစ်နိုင်တာက ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ဆုလီယန်ဟာ သူတစ်ပါးကို မယုံသင်္ကာ ဖြစ်တတ်တဲ့ စရိုက်ရှိပြီး လူတွေကို လွယ်လွယ်နဲ့မယုံတတ်ပေ။ ဒါပေမဲ့ ထိုဝေးကွာလှတဲ့ ရင်းနှီးလှတဲ့ သီချင်းသံစဉ်လေးကို ကြားလိုက်ရတဲ့အခါမှာတော့...
ဖော်ပြလို့မရတဲ့ ခံစားချက်ကြီးက ဆုလီယန်ရဲ့ မျက်ဝန်းတွေကို နီမြန်းသွားစေခဲ့ပြီး... သူမဟာ မျက်ရည်တွေအထိ ဝဲလာခဲ့ရသည်။
ဒါပေမဲ့ သူမကို ကူညီဖို့အတွက် အလေးအနက် လုပ်ဆောင်ပေးနေတဲ့ လုချန်ကို ကြည့်ပြီး... သူ့ကို အနှောင့်အယှက် မဖြစ်စေချင်တာကြောင့် သူမ အတင်းပဲ အောင့်အည်းးထားခဲ့သည်။
နောက်ဆုံး သီချင်းမှတ်စုကို ပြင်ဆင်ပြီးနောက်... လုချန်က သူ့ရဲ့ နာကျင်နေတဲ့ လက်ကောက်ဝတ်ကို လှည့်ရင်း ညည်းတွားလိုက်သည်။
"ရှုံးတယ်... တကယ့်ကို အကြီးအကျယ် ရှုံးတာပဲ"
ဆုလီယန်က လုချန်ကို စူးစမ်းလိုတဲ့ မျက်နှာထားနဲ့ ကြည့်ပြီး မေးလိုက်သည်။
"ဘာကို ရှုံးတာလဲ"
လုချန်က ဆုလီယန်ကို ကြည့်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"နားရွက်ကို နှစ်ကြိမ်ပဲ ကိုင်ရမှာဆိုတော့ အကြီးအကျယ် ရှုံးတာပေါ့"
"ကျွန်တော်က အစက ဒီကိစ္စက နှစ်ရက် သုံးရက်နဲ့ ပြီးမယ် ထင်တာ... ဧကရီဆရာရဲ့ စောင်းပညာက ဒီလောက်အထိ မြင့်မားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒီနှုန်းအတိုင်းဆိုရင် အနည်းဆုံး ခုနစ်ရက် ရှစ်ရက် ကြာမှာဖြစ်ပြီး... ကျွန်တော် ညတိုင်းလည်း အိပ်ရမှာမဟုတ်တော့ဘူး"
ဆုလီယန် မျက်နှာတစ်ခုလုံး ထပ်ပြီး ရဲတက်လာပြန်သည်။ သူမ လုချန်ကို တည့်တည့်မကြည့်ရဲတော့ဘဲ... ခေါင်းကို အနည်းငယ် ငုံ့ထားရင်း တိုးတိုးလေး ပြောရှာသည်။
"...မင်း... မင်း နေ့ခင်းဘက် လုပ်လည်း ရတာပဲ... ငါမလောပါဘူး... ညဘက်ကြီး မအိပ်ဘဲ မနက်အထိ မလုပ်ပါနဲ့..."
တကယ်တော့ ညနက်ပိုင်းတုန်းကလည်း လုချန်ရဲ့ မျက်လုံးတွေ နီနေတာကို မြင်ပြီး ဆုလီယန် စိတ်မကောင်းဖြစ်ကာ သူ့ကို သွားနားဖို့ အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။
သို့သော်လည်း လုချန်က လုံးဝ နားမထောင်ခဲ့ပေ။
ဆုလီယန်ရဲ့ စကားကို ကြားလိုက်ရတော့ လုချန်က မျက်ခုံးပင့်လိုက်ပြီး ပြောသည်။
"ဘယ်လိုလုပ် ရမလဲ ညဘက်ပါ လုပ်တာတောင် ခုနစ်ရက် ရှစ်ရက် ကြာမှာ တကယ်လို့ ညဘက် မလုပ်ရင်... ငါ ကိုင်ရဖို့အတွက် တစ်လလောက် စောင့်ရမှာပေါ့"
လုချန်ရဲ့ စကားကြောင့် ဆုလီယန်ရဲ့ မျက်နှာပေါ်က ရှက်သွေးတွေဟာ သူမရဲ့ ဖြူဝင်းလှပတဲ့ လည်ပင်းအထိ ပျံ့နှံ့သွားရပြန်သည်။
ခေါင်းကို လုံးဝ ငုံ့ထားရင်း... ဆုလီယန်ရဲ့ ကျောက်စိမ်းလို လက်ကလေးတွေက အင်္ကျီစွန်းကို အတင်း လိမ်ကျစ်နေမိပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း... မင်းက အဲဒီလောက်တောင် သဘောကျတာလား..."
သူမကိုယ်တိုင်တောင် သတိမထားမိဘဲ... ဆုလီယန်ရဲ့ လုချန်အပေါ် စကားပြောတဲ့ လေသံက အလွန်အမင်း နူးညံ့သိမ်မွေ့သွားခဲ့ပြီ ဖြစ်သည်။
လုချန်က ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြပြီး ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ... မကြိုက်တဲ့လူက အရူးပဲ ဖြစ်ရမယ်"
"ဒါနဲ့... ဒါနဲ့ ဧကရီ ကျွန်တော့ကို အရင်ဆုံး စရန်ငွေအနေနဲ့ တစ်ကြိမ်လောက် အရင် ပေးကိုင်ပါလား"
လုချန်ရဲ့ စကားကို ကြားလိုက်ရတော့ ဆုလီယန်ရဲ့ ခန္ဓာကိုယ်လေး တုန်ရင်သွားရသည်။ နောက်တစ်စက္ကန့်မှာတော့ သူမ ခေါင်းကိုမော့ပြီး လုချန်ကို ရှက်ကိုးရှက်ကန်း မျက်နှာထားနဲ့ ကြည့်ကာ ပြောလိုက်သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်မှာလဲ... ငါက ပြီးမှလို့ ပြောထားတာကို..."
ဆုလီယန် သဘောမတူတာကို မြင်တော့ လုချန် နှုတ်ခမ်းစူလိုက်သည်။ ကောင်းပြီ... ကောင်းပြီ... အကောင်းဆုံးအရာကို နောက်ဆုံးမှ သိမ်းထားတာပေါ့။
လုချန်က ကိုယ်ကိုဆန့်ပြီး ထရပ်လိုက်ကာ ထပ်ပြီး အလုပ်လုပ်ဖို့ ပြင်သည်။
ဆုလီယန် တကယ် မကြည့်ရက်တော့တာကြောင့် အမြန်ပဲ ထရပ်လိုက်ပြီး ပြောလိုက်သည်။
"အိုး... သွားနားလိုက်ပါတော့ ..မင်းရဲ့ ပင်ပန်းနေတဲ့ ပုံစံကိုလည်း ကြည့်ဦး…ကဲပါ... စကားကို နားထောင်ပြီး အခုချက်ချင်း သွားနားပါ"
"ငါ့ကိစ္စက မလောပါဘူး…မင်းကိုယ်မင်း ပင်ပန်းပြီး နေမကောင်းဖြစ်အောင် မလုပ်ပါနဲ့..."
လုချန်လည်း တကယ်ပဲ အနည်းငယ် ပင်ပန်းနေပါပြီ။ စောင်း "ချင်းယွင်" က တကယ်ကို မာကျောတာကြောင့် တစ်နေ့လုံး တီးခတ်ပြီးနောက် သူ့ရဲ့ လက်ချောင်းလေးတွေက အနည်းငယ် နာကျင်နေသည်။
သို့သော်လည်း လုချန်က မလှုပ်ရှားသေးပေ။ သူက ထိုင်နေတဲ့ ဆုလီယန်ကို ကြည့်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော့်ကို အကြိမ်ရေ ထပ်တိုးပေးလေ"
"ကျွန်တော် တကယ်ကို အကြီးအကျယ် ရှုံးတာ ဒီလောက် ပင်ပန်းရတဲ့ အလုပ်ကို နှစ်ကြိမ်ပဲ ကိုင်ရမှာဆိုတော့ အကြီးအကျယ် ရှုံးတာပဲ ကျွန်တော့ကို အကြိမ်ရေ ထပ်တိုးပေးလေ"
ထရပ်နေတဲ့ ဆုလီယန်ဟာ လုချန်ရဲ့ စကားကြောင့် ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားရသည်။
သူမက သူ့ကို စိတ်မကောင်းလို့ သွားနားခိုင်းတာကို... သူကတော့ အခွင့်ကောင်းယူပြီး အကြိမ်ရေ တိုးခိုင်းနေရတယ်လို့။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဆုလီယန်က ရှက်ရွံ့စွာနဲ့ မျက်နှာလွှဲလိုက်ပြီး... သူမရဲ့ ကျောက်စိမ်းလို လက်ကလေးကို ဆန့်ကာ လုချန်ကို အတင်းဆွဲထူပြီး ပြောလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ... ထပြီး သွားနားတော့..."
ဆုလီယန်ရဲ့ စကားကို ကြားလိုက်ရတော့ လုချန်က သူမ ဆွဲစရာတောင်မလိုဘဲ ချက်ချင်း ဝုန်းခနဲ ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ဧကရီ ပြောပြီးပြီနော် ကတိဖျက်လို့ မရဘူး"
လုချန်ရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကို မြင်တော့ ဆုလီယန် မတတ်နိုင်ဘဲ ရယ်မောလိုက်မိသည်။ သူမ သူ့ကို မျက်စောင်းတစ်ချက် ခဲလိုက်ပြီးမှ ပြောလိုက်သည်။
"ငါက ဧကရာဇ် အဆင့်တစ်ယောက်ပဲ... မင်းကို လိမ်မပြောပါဘူး… သွား... သွားနားတော့"
လုချန် ထရပ်ပြီး ကိုယ်ကို ဆန့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း သူက အံ့ဩစွာ ပြောလိုက်သည်။
"နေတောင် ထွက်နေပြီလား"
ဆုလီယန်ကလည်း ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်ပြီး ပြောသည်။
"ဟုတ်တာပေါ့…အဲဒါကြောင့် မင်းကို စောစောကတည်းက သွားနားခိုင်းတာ…သွားတော့"
လုချန် မျက်တောင်ခတ်လိုက်ပြီး အခန်းအပြင်ကို လျှောက်သွားရင်း ပြောလိုက်သည်။
"ခဏနေဦး"
ဟင်
ဆုလီယန် ခဏမျှ ကြောင်သွားပြီး လုချန်ရဲ့ နောက်ကနေ လိုက်သွားကာ မေးလိုက်သည်။
"မျက်နှာသစ်မလို့လား ဒီအစ်မတော်က ကူညီပေးရမလား"
လုချန်က နောက်ကို မလှည့်ဘဲ ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး... ကျွန်တော် ဟင်းချက်မလို့…ကုချင်းဝမ် မကြာခင် ပြန်လာရင် စားဖို့ ပြင်ပေးရမယ်…ချက်ပြီးမှ အိပ်တော့မယ်"
ဆုလီယန် မှင်သက်သွားပြီးနောက်... သူမရဲ့ မျက်နှာပေါ်မှာ မကျေနပ်တဲ့ အရိပ်အယောင်တွေ ချက်ချင်း ထွက်ပေါ်လာရသည်။
"မင်းက သူမအတွက် နေ့တိုင်း ချက်ပေးရတာလား ဘာလို့လဲ မင်းက ဒီလောက် ပင်ပန်းနေတာကို မချက်ပေးနဲ့တော့ သူမ ပြန်လာရင် ငါ ပြောလိုက်မယ်"
လုချန် ခဏမျှ ကြောင်သွားပြီး... နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ဆုလီယန်က သူ့အတွက် ဒေါသထွက်ပေးနေတာကို မြင်တော့ သူက ပြုံးပြီး ပြောလိုက်သည်။
"မဟုတ်ပါဘူး... အဓိကက ဧကရီချင်းဟူ အတွက်ပါ တစ်ခါတည်း ချက်ပေးမလို့လေ"
ဆုလီယန် တစ်ကိုယ်လုံး မှင်သက်သွားရသည်။ သူမရဲ့ မကျေနပ်တဲ့ မျက်နှာထားက ရုတ်တရက် ရှက်သွေးဖြာသွားကာ ချက်ချင်းပဲ မျက်နှာလွှဲလိုက်ပြီး ပြောသည်။
"ငါ မဆာပါဘူး... သွားအိပ်တော့..."
ပြောပြီးတာနဲ့ ဆုလီယန်က လုချန်ကို အိပ်ခန်းထဲပြန်ဝင်ပြီး အိပ်ဖို့အတွက် နောက်ကနေ ညင်သာစွာ တွန်းတော့သည်။
လုချန်ရဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး ဆုလီယန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"မဟုတ်ဘူးလေ... အဓိကအချက်က ကျွန်တော်ကိုယ်တိုင်လည်း ဗိုက်ဆာနေတာ။ မနေ့က မနက်ကတည်းက ဘာမှမစားရသေးဘဲ သရေစာပဲ စားထားတာ။ တကယ်လို့ ဗိုက်ဆာရက်ကြီး လှဲလိုက်ရင်...ကျွန်တော် ပြန်ထနိုင်ပါတော့မလား"
ဆုလီယန် အားနာသွားပြီး ရှက်ကိုးရှက်ကန်း မျက်နှာထားနဲ့ ပြောလိုက်သည်။
"အော်... သိပြီ... ဒီအစ်မတော်... မေ့သွားလို့..."