ဟုတ်ပါတယ်... အဲဒါက တကယ်ပဲ နဂါးအကြေးခွံတွေ ထွက်ပေါ်နေတာ ဖြစ်သည်။
ရိုးရိုးသားသား ပြောရရင်တော့ ကုချင်းဝမ်အနေနဲ့ ဒီလောက် ရိုးရှင်းတဲ့ ငါးသိုင်းခုံးကနေ နဂါးအကြေးခွံတွေ ထွက်လာတာကို အလွန်အမင်းကြီးတော့ မအံ့ဩတော့ပါဘူး။
ဘာလို့လဲဆိုတော့ သူမဟာ အရင်တုန်းကလည်း ဒီ ရှန်ယွန်းတောင်ထိပ် ပေါ်မှာပဲ ဖီးနစ်သွေးပါတဲ့ ကြက်ကို မြင်ဖူးခဲ့လို့ ဖြစ်သည်။
ဒါဟာ ဒီနေ့မနက်ပိုင်းတုန်းက လုချန်တစ်ယောက် ငါးမျှားတံကို သွန်းလုပ်နေစဉ်က ထွက်ပေါ်လာခဲ့တဲ့ စွမ်းအားကြောင့် ဖြစ်နိုင်လား…
ထိုအချိန်တုန်းက မြင့်မြတ်စွမ်းအားရဲ့ အရှိန်အဝါက အလွန် ထူးခြားသိပ်သည်းလှပြီး... ယောင်ချီသန့်စင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားခဲ့တာ ဖြစ်သည်။ ဒီငါးက အဲဒီအရှိန်အဝါရဲ့ သက်ရောက်မှုကို ခံလိုက်ရတာလား။
ဒါပေမဲ့ ပြဿနာက... ဘာလို့ သူမ ခုနက ဖမ်းမိတဲ့ ငါးတွေမှာကျတော့ နဂါးအကြေးခွံတွေ မပါတာလဲ…
ဒါ့အပြင်... ကုချင်းဝမ် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး... သူမရဲ့ မျက်နှာပေါ်မှာ အံ့ဩတုန်လှုပ်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာရသည်။
အရင်တုန်းက လုချန် ငါးဖမ်းမိတဲ့ အကြိမ်တိုင်းမှာ... သူက ငါးကို သူမဆီ ယူလာပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြသလေ့ရှိသည်။
ပြီးတော့ ထိုအချိန်တုန်းက သူမက...
ထိုအချိန်တုန်းက ကုချင်းဝမ်က သူ့ကို ကလေးတစ်ယောက်လို သဘောထားပြီး... တစ်ချက်ကြည့်ကာ လုချန်က အရမ်းတော်တာပဲ... အရမ်းသန်မာတာပဲ စသည်ဖြင့် ချီးကျူးပေးခဲ့တာ ဖြစ်သည်။
အဓိကအချက်က လုချန်က အရမ်းပျော်နေတတ်တာကြောင့် ကုချင်းဝမ်အနေနဲ့ သူ့ရဲ့ စိတ်ကူးကို မဖျက်ဆီးချင်လို့ပဲ ဖြစ်သည်။
ဒါပေမဲ့ ထိုအချိန်တုန်းက... အဲဒီငါးတွေထဲက တစ်ကောင်မှ နဂါးအကြေးခွံ မပါခဲ့တာကိုသတိရလိုက်သည်…
ဒါကို တွေးမိလိုက်တော့ ကုချင်းဝမ် အသက်ရှူမှားသွားရသည်။ ဒါဆိုရင်... လုချန် ဖမ်းမိတဲ့ ငါးမှန်သမျှက နဂါးသွေးမျိုးဆက် နိုးထခြင်းကို ခံရတာလား။
ဟမ်…
ဒီကောင်စုတ်လေးက ဘာတွေကို ကျင့်ကြံနေလို့...
ဒီလောက်အထိ တုန်လှုပ်စရာကောင်းနေရတာလဲ…
...
ရှန်ယွန်းတောင်ပေါ်ရှိ အခန်းတစ်ခုထဲမှာတော့ လုချန်နဲ့ ဆုလီယန်တို့ဟာ ကြမ်းပြင်ပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ဆုလီယန်ရဲ့ မျက်နှာပေါ်မှာတော့ ခုနက ရှက်သွေးဖြာခဲ့တဲ့ အရိပ်အယောင်လေးတွေ ကျန်ရှိနေသေးသည်။
ခုနက ကိစ္စက... တကယ်ကို ရှက်စရာကောင်းလွန်းလှသည်။
လုချန်ကတော့ ဆုလီယန်ကို မကြည့်ဘဲ... ခေါင်းငုံ့ကာ သီချင်းမှတ်စု စာရွက်အချို့ကို စီစဉ်နေသည်။
"တခြား မှတ်မိတာ ရှိသေးလား"
လုချန်က ခေါင်းမဖော်ဘဲ မေးလိုက်သည်။
ဆုလီယန်က ခုနတင်ပဲ သူမရဲ့ ဆရာ ကြိုက်တတ်တဲ့ သီချင်းအတော်များများကို ပြောပြခဲ့ပြီး... လုချန်က အခု အဲဒါတွေကို ရှာဖွေကြည့်ရှုနေခြင်း ဖြစ်သည်။
လုချန်ရဲ့ အခန်းထဲမှာတော့ ဒီကမ္ဘာပေါ်မှာရှိတဲ့ ကျော်ကြားလှတဲ့ သီချင်းမှတ်စုတွေ အကုန်လုံး ရှိနေတာဖြစ်ပြီး... ဒါကို ရှန်လင်းတိုက် ရဲ့ အကြီးမားဆုံး ဂီတစာကြည့်တိုက်ကြီးလို့ တောင် ခေါ်ဆိုနိုင်သည်။
ဒီသီချင်းမှတ်စုတွေကို လုချန် ဘယ်ကရလဲဆိုရင်တော့... သဘာဝကျကျပဲ ယောင်ချီသန့်စင်နယ်မြေက စီနီယာအစ်မတွေ...ဂျူနီယာ ညီမလေးတွေက သူ့အတွက် လိုက်ရှာပေးထားကြတာ ဖြစ်သည်။
လုချန်က ယောင်ချီသန့်စင်နယ်မြေရဲ့ အဖိုးတန်ရတနာလေးလို ဖြစ်နေတာကြောင့်... သူက ကောင်းကင်က ကြယ်တွေကို လိုချင်တယ်ပြောရင်တောင် လူတိုင်းက ရအောင် ရှာပေးကြမှာ ဖြစ်ရာ... သီချင်းမှတ်စု စာရွက်အချို့ကို ရှာပေးဖို့ကတော့ အသေးအဖွဲသာ ဖြစ်သည်။
ဆုလီယန်က သေချာ စဉ်းစားလိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းကို အနည်းငယ် ငြိမ့်ကာ ပြောလိုက်သည်။
"လောလောဆယ်တော့ ဒါပဲ မှတ်မိသေးတယ် တခြားဟာတွေ ရှိနိုင်သေးပေမဲ့... ချန်ရှန့်တောင်ရဲ့ ဂိုဏ်းမှတ်တမ်းတွေထဲမှာ ပြန်ရှာကြည့်ရမယ်"
ဆုလီယန်ရဲ့ စကားကို ကြားလိုက်ရတော့ လုချန်က ခေါင်းခါလိုက်ပြီး ပြောသည်။
"အဲလို ဒုက္ခခံစရာ မလိုပါဘူး... ဒီလောက်ဆိုရင်ပဲ လုံလောက်ပါပြီ"
ပြောပြီးတာနဲ့ လုချန်က စာရွက် ဒါဇင်ကျော်ကို အတူတူ ထပ်လိုက်ပြီး... ဖြည်းဖြည်းချင်း ဖြန့်လိုက်သည်။ လက်ထဲက သီချင်းမှတ်စုတွေကို ကြည့်ရင်း လုချန်က သက်ပြင်း သာသာလေး ချလိုက်မိသည်။
"ကျွန်တော် ခံစားလို့ရတာကတော့... ဧကရီရဲ့ဆရာက တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ လူတစ်ယောက် ဖြစ်ရမယ်"
လုချန်ရဲ့ စကားကြောင့် ဆုလီယန် ခဏမျှ မှင်သက်သွားရသည်။ မကြာခင်မှာပဲ သူမ သတိဝင်လာပြီး စိတ်လှုပ်ရှားတဲ့ မျက်နှာထားနဲ့ ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ကာ ပြောတော့သည်။
"သေချာတာပေါ့... ဆရာက ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး လူသားပဲ…ကမ္ဘာပေါ်မှာ ဘယ်သူမှ သူမထက် မကောင်းနိုင်ဘူး"
နောက်ပိုင်းမှာတော့ ဆုလီယန်ဟာ စိတ်အခြေအနေ ပွင့်လင်းသွားပြီး... လုချန်က မမေးရင်တောင်မှ သူမရဲ့ဆရာ့အကြောင်း ကောင်းကွက်တွေကို တတွတ်တွတ် ပြောပြတော့သည်။
အတိတ်တုန်းက ဘာတွေ ဖြစ်ခဲ့လဲ... သူမရဲ့ဆရာက ဘာတွေ လုပ်ပေးခဲ့လဲ။
တစ်ခုချင်းစီကို ဆုလီယန်က အလွန် ရှင်းလင်းစွာ ပြောပြနေသည်။
ဒါ့အပြင် ဆရာ့အကြောင်း ပြောနေတဲ့အချိန်မှာ ဆုလီယန်ရဲ့ မျက်နှာပေါ်က အပြုံးတွေက မရပ်တန့်နိုင်အောင် ဖြစ်နေရသည်။
သူမရဲ့ အလွန် ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေထဲမှာလည်း ပထမဆုံး တွေ့ဆုံစဉ်ကလို တွက်ချက်မှုတွေ မရှိတော့ဘဲ... ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေသည်။
အခုအချိန်မှာ ရှိနေတဲ့ ဆုလီယန်ရဲ့ ပုံစံက ဘာနဲ့ တူလဲဆိုရင်...
သူမဟာ မိမိမှာရှိတဲ့ တစ်ခုတည်းသော... သို့သော် အနှစ်သက်ဆုံးနဲ့ အကောင်းဆုံးအရာကို သူများကို ထုတ်ပြပြီး သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေရသည်။
သူမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆရာဖြစ်သူက သူမကို သကြားမုန့် ကျွေးခဲ့တဲ့ အသေးအဖွဲ ကိစ္စလေးတွေကိုအစ ထည့်ပြောနေသည်။
လုချန်ကတော့ ဘေးကနေ တိတ်ဆိတ်စွာ နားထောင်ရင်း... ပျော်ရွှင်မှုတွေ ပြည့်နေတဲ့ ဆုလီယန်ကို ကြည့်နေမိသည်။
သူ မြင်နိုင်တာက ဆုလီယန်ဟာ သူမရဲ့ ဆရာကို အလွန်အမင်း သတိရနေတာ ဖြစ်သည်။
ဆုလီယန်ရဲ့ လက်ရှိပုံစံကို ကြည့်ရင်း လုချန် စိတ်ထဲမှာလည်း ရုတ်တရက် အနည်းငယ် ခံစားရခက်လာစေသည်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ကမ္ဘာကူးပြောင်းလာခဲ့ပြီးနောက်... သူ ဒီမှာ ပျော်ရွှင်နေရပေမဲ့လည်း... တစ်ခါတရက် ညနက်သန်းခေါင်အချိန်တွေမှာ လုချန်လည်း သူ့ရဲ့ မိသားစုကို သတိရတတ်သည်။
ဆုလီယန်က ပြောရင်းပြောရင်းနဲ့ ရုတ်တရက် သူမ စကားတွေ အရမ်းများသွားမှန်း သတိထားမိလိုက်သည်။
သူမ လုချန်နဲ့ သိတာ တစ်ရက်ပဲ ရှိသေးတာကို... ဘာလို့ သူ့ကို ဒီလိုကိစ္စတွေအထိ ပြောပြနေမိတာလဲ။
ဆုလီယန်က လုချန်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ လက်ရှိ အမူအရာကို မြင်ပြီး ရုတ်တရက် မှင်သက်သွားရသည်။
ဒီလို အမူအရာမျိုးက...
သူက ထပ်တူ ခံစားပေးနေတာလား။
လုချန်...
ဆုလီယန်ရဲ့ စိတ်ထဲမှာ ရုတ်တရက် ခံစားလိုက်ရတာက ဖြစ်နိုင်တာက သူမနဲ့ လုချန်ဟာ တချို့သော ကိစ္စရပ်တွေမှာ တူညီနေကြတာ ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။
ထိုအချိန်မှာပဲ လုချန်လည်း သတိပြန်ဝင်လာပြီး... စိတ်ထဲက အဆိုးမြင် ခံစားချက်တွေကို မောင်းထုတ်လိုက်သည်။ လူဆိုတာ ရှေ့ကိုပဲ ကြည့်ရမှာ မဟုတ်ပါလား။
ချက်ချင်းပဲ လုချန်က ဆုလီယန်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော် ဒီသီချင်း ဒါဇင်ကျော်ကို အရင်တီးခတ်ပြီး ခံစားချက်ကို ယူကြည့်မယ်"
ဆုလီယန်က ချက်ချင်းပဲ ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး... သေချာ နားထောင်မယ့် ပုံစံ လုပ်လိုက်သည်။
လုချန်က ဗျတ်စောင်း "ချင်းယွင်" ကို ထုတ်ပြီး နေရာချလိုက်ပြီးနောက်... စိတ်ထဲက လေပုပ်တွေကို အသက်ရှူထုတ်လိုက်ပြီး... သူ့ရဲ့ စိတ်အခြေအနေကို ဒီနူးညံ့လှတဲ့ သီချင်းသံတွေထဲ အရင် ဝင်ရောက်စေလိုက်သည်။
နောက်ဆုံးမှာတော့ လုချန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး... သူ့ရဲ့ မျက်နှာက တည်ကြည်လေးနက်သွားကာ ရှေ့က ဆုလီယန်ကို တစ်ချက် ကြည့်လိုက်သည်။
လုချန်က အရင်တုန်းက ပေါ့ပေါ့ပါးပါး နေတတ်ပေမဲ့... အခုလို တည်ကြည်သွားတဲ့ ပုံစံကို မြင်တော့ ဆုလီယန် စိတ်ထဲကနေ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဒီကောင် လေးက... တကယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ဆိုရင် ကြည့်ကောင်းတာပဲ။
အထူးသဖြင့် ဒီလို အရှိန်အဝါမျိုးက ကျောက်စိမ်းလို နူးညံ့ပြီး လောကီအညစ်အကြေးတွေ မရှိတဲ့... ကမ္ဘာပေါ်ကို ပြန်လည်ဝင်စားလာတဲ့ နတ်ဘုရားတစ်ပါးလို ဖြစ်နေရသည်။
လုချန်က ဆုလီယန်ကို ဖြည်းဖြည်းချင်း စိုက်ကြည့်လိုက်ပေမဲ့... သူ့ရဲ့ မျက်လုံးတွေကတော့ မထိန်းချုပ်နိုင်ဘဲ ဆုလီယန်ရဲ့ အမဲရောင်ခြေအိတ်ဆီကို ထပ်ပြီး မသိမသာ ရောက်သွားပြန်သည်။...
တောက်…
အာရုံပျက်တော့မလို့…
သူက အမြန်ပဲ မျက်လုံးကို ပြန်ထိန်းလိုက်ပြီး စိတ်ကို ပြန်စုစည်းလိုက်သည်။
ဆုလီယန်ကတော့ လုချန်ရဲ့ ခုနက အကြည့်နဲ့ သူ့ရဲ့ တုံ့ပြန်မှုကို သဘာဝကျကျ သတိထားမိလိုက်သည်။
ခုနတင်ပဲ ပျောက်ကွယ်သွားတဲ့ ရှက်သွေးတွေက ဆုလီယန်ရဲ့ အတုမရှိလှပတဲ့ မျက်နှာပေါ်မှာ ထပ်ပြီး ပေါ်လာရပြန်သည်။
သူမက ရှက်ကိုးရှက်ကန်းနဲ့ ကိုယ်ဟန်ကို ပြောင်းလိုက်ပြီး... အရင်တုန်းက ခြေထောက်နှစ်ဖက်ကို ရှေ့မှာ စုပြီး ထိုင်ထားတဲ့ ပုံစံကနေ... ဖျာပေါ်မှာ ဒူးထောက်ထိုင်တဲ့ ပုံစံကို ပြောင်းကာ သူမရဲ့ လှပတဲ့ ခြေထောက်တွေကို ဂါဝန်အောက်မှာ ဖုံးကွယ်လိုက်တော့သည်။
ဆုလီယန်က ကိုယ်ဟန် ပြောင်းလိုက်တဲ့အခါမှာ လုချန်က မသိမသာ ထပ်ပြီး ခိုးကြည့်မိပြန်သည်။ အခုတော့ အမဲရောင်ခြေအိတ်ကို မမြင်ရတော့ပေမဲ့... ခါးကနေ အထက်ပိုင်းကို ကြည့်လိုက်တဲ့အခါ...
တကယ်ကို ကြီးလွန်းတယ်...
တောက်…
ထပ်ပြီး အာရုံပျက်တော့မလို့…
ဆုလီယန်: "..."
အချိန်အတော်ကြာပြီးနောက်... အခန်းထဲကနေ ကောင်းကင်ဘုံက ဂီတသံစဉ်လိုမျိုး သာယာလှပလှတဲ့ စောင်းသံတွေ စတင် ပျံ့လွင့်လာခဲ့သည်။
စောင်းသံက ငြိမ့်ညောင်းပြီး စီးဆင်းနေတဲ့ ရေလှိုင်းလေးတွေလိုမျိုး တကယ်ကို နားထောင်လို့ ကောင်းလွန်းလှသည်။
စောင်းသံက အခန်းထဲကနေ ထွက်ပေါ်လာတာနဲ့အမျှ... သာယာလှတဲ့ ဂီတသံစဉ်က ရှန်ယွန်းတောင်ထိပ်နဲ့ ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့သည်။
ယောင်ချီသန့်စင်နယ်မြေထဲက သစ်ပင်ပန်းမာန်တွေဟာလည်း သီချင်းသံနဲ့အတူ ညင်သာစွာ ယိမ်းနွဲ့နေကြပြီး... သစ်ရွက်လေးတွေက တရှဲရှဲ မြည်နေကြသည်။
ဒါဟာ ယောင်ချီသန့်စင်နယ်မြေထဲမှာရှိတဲ့ သက်ရှိအရာအားလုံးက လုချန်နဲ့အတူ လိုက်ပါတီးခတ်ပေးနေသလို ဖြစ်နေရသည်။
ဒါက တကယ်ကို အံ့ဩစရာကောင်းလွန်းလှသည်။
တောင်အောက်ကနေ ပြန်ရောက်လာတဲ့ ကုချင်းဝမ်ဟာ လှုပ်ကုလားထိုင်ပေါ် လှဲလျောင်းရင်း... လက်ထဲမှာ လက်ဖက်ရည်ကြမ်း ခွက်ကို ကိုင်ထားသည်။ သူမရဲ့ ဖြူဝင်းလှပတဲ့ ခြေထောက်ရှည်ကြီးတွေကို ချိတ်ထားပြီး... ကြည့်ရတာ အလွန် သက်သောင့်သက်သာ ရှိလှသည်။
သူမက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ကောင်းကင်အလယ်ကို ရောက်နေတဲ့ နေမင်းကြီးကို ကြည့်လိုက်သည်။
သာယာလှတဲ့ စောင်းသံကို နားထောင်ရင်း ကုချင်းဝမ်ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ထွက်ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဒီလောက် သန့်စင်တဲ့ သီချင်းကို တီးခတ်နိုင်တာဆိုတော့... လုချန်က စိတ်ထားကောင်းတဲ့လူပဲ ဖြစ်ရမယ်။ ခုနက အမဲရောင်ခြေအိတ်အကြောင်း ပြောတာတွေက ငါအမြင်မှားတာ နေမှာ..."
【တောက်... တကယ်ကို ကြီးလွန်းတယ်။ ဘယ်ယောက်ျားမဆို မကြည့်ဘဲ နေနိုင်မှာမဟုတ်ဘူး】
စောင်းသံ ချက်ချင်း ရပ်တန့်သွားသည်။
ကုချင်းဝမ် သွားကိုကြိတ်ကာ ပြောလိုက်သည်
"အမြင်မှားတာ လုံးဝမဟုတ်ဘူး"
"ဒီလူရှုပ်ကောင်"