ကုချင်းဝမ်နဲ့ ဆုလီယန် နှစ်ယောက်လုံး ကြောင်အမ်းသွားကြသည်။
လုချန် ဆိုတဲ့ ကောင်က ခုနတင်ပဲ ယုံကြည်မှုတွေ အပြည့်နဲ့ ပြောနေပြီး... အခုကျတော့ အဖိုးတန်လှတဲ့ ကြည်လင်နှလုံးသား နှင်းကြာပန်းကိုတောင် စိတ်မဝင်စားဘဲ ငြင်းပယ်ခဲ့သည်။
ခုနတင်ပဲ ကုချင်းဝမ်နဲ့ ဆုလီယန် နှစ်ယောက်လုံး တွေးနေခဲ့ကြတာက လုချန် လိုချင်တဲ့အရာဟာ သေချာပေါက် ကမ္ဘာပေါ်က အဖိုးတန်ဆုံး ရတနာတစ်ပါး ဖြစ်ရမယ်လို့ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ‘ကြည်လင်နှလုံးသား နှင်းကြာပန်း’ လို အရာမျိုးကို ကြားတာတောင် မျက်တောင်တစ်ချက် မခတ်ခဲ့တဲ့ လူမျိုး မဟုတ်ပါလား။
ဒါဟာ သေချာပေါက် အလွန် အဖိုးတန်ပြီး ရှားပါးလှတဲ့ ရတနာ ဖြစ်ရမည်။ ဆုလီယန်ဟာ လုချန်ရဲ့ ကြီးမားလှတဲ့ တောင်းဆိုမှုကို လက်ခံဖို့ စိတ်ပိုင်းဆိုင်ရာ အပြည့်အဝ ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။
ဒါပေမဲ့... လုချန် ရုတ်တရက် ပြောလိုက်တဲ့ စကားက ဆုလီယန်နဲ့ ကုချင်းဝမ် နှစ်ယောက်လုံးကို လုံးဝ ဆွံ့အသွားစေခဲ့သည်။
"ဟင် ငါ့နားရွက်ကို သုံးကြိမ် ကိုင်မယ် ဟုတ်လား"
ဆုလီယန်က ရှေ့က လုချန်ကို မှင်သက်စွာ ငေးကြည့်နေမိပြီး... ဘယ်အချိန်ကတည်းကမှန်းမသိ သူ့ရဲ့ မျက်လုံးတွေက သူမ ခေါင်းပေါ်က နားရွက်တွေဆီကို လုံးဝ စိုက်ကြည့်နေတာကို သတိထားမိလိုက်သည်။
ဒီရုတ်တရက် အပြောင်းအလဲနဲ့ လုချန်ရဲ့ စူးစိုက်တဲ့ အကြည့်ကြောင့်... ဆုလီယန်ရဲ့ ခေါင်းပေါ်က နားရွက်လေးနှစ်ဖက်ဟာ မသိမသာ တွန့်ကနဲ နှစ်ချက် လှုပ်ခါသွားခဲ့သည်။
ဒီလို လှုပ်ခါသွားတာကို လုချန်က သဘာဝကျကျ မြင်လိုက်ရပြီး... ရှေ့က မြင်ကွင်းကို ကြည့်ရင်း လုချန် ခံစားလိုက်ရတာက... သူ့ရဲ့ နှလုံးသားလေး အရည်ပျော်မတတ် ဖြစ်သွားရသည်။ ဒါက တကယ်ကို ချစ်စရာကောင်းလွန်းတယ်
သူမ မသိစိတ်ကနေ နားရွက်လေးတွေ လှုပ်ခါသွားလို့ လုချန်ရဲ့ မျက်နှာမှာ ပေါ်လာတဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါမှာ... တစ်ခါမှ မရှက်ဖူးတဲ့ ဆုလီယန်ဟာ ယခုအခါမှာတော့ သူမရဲ့ ဖြူဝင်းလှပတဲ့ ပါးပြင်လေးပေါ်မှာ နီမြန်းတဲ့ အရိပ်အယောင်လေးတွေ ထွက်ပေါ်လာရတော့သည်။
"မြန်မြန်... မြန်မြန်... ဧကရီ သဘောတူလား မတူဘူးလားပဲ ပြော"
လုချန်က ခါးထောက်ပြီး ရပ်နေကာ သူ့ရဲ့ လေသံက နောက်တစ်စက္ကန့်မှာပဲ အတင်း လုယူတော့မယ့် အတိုင်းပင်။
ခဏမျှတော့ ဆုလီယန် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
သူမရဲ့ နားရွက်တွေ... သူများတွေ အမုန်းဆုံး ဖြစ်တဲ့အရာ... သို့မဟုတ်ရင်... သူမကိုယ်တိုင်လည်း သိပ်မနှစ်သက်လှတဲ့ နားရွက်တွေက... ယခုအခါမှာတော့... တကယ်ပဲ... တကယ်ပဲ တစ်စုံတစ်ယောက်ရဲ့ အသည်းအသန် သဘောကျခြင်းကို ခံနေရတာလား…
ခဏမျှတော့ ဆုလီယန်ဟာ မိမိကိုယ်မိမိ ဘာမှားသွားမှန်းမသိတဲ့ ကလေးတစ်ယောက်လိုမျိုး အဲဒီနေရာမှာတင် လုံးဝ ဝေခွဲမရဘဲ ဖြစ်နေမိသည်။
"ဧကရီ…သဘောတူလား မတူဘူးလား"
လုချန်က ရပ်နေရင်းကနေ ထပ်ပြီး အတင်းအကျပ် မေးပြန်သည်။
[ဘယ်သူကများ အမဲရောင်ခြေအိတ် ဝတ်ထားတဲ့... အာ မဟုတ်ဘူး... အဲဒါနဲ့ မဆိုင်ပါဘူး... ဘယ်သူကများ ဒီလောက် လှပတဲ့ မြေခွေးမလေးကို ငြင်းပယ်နိုင်မှာလဲ]
အဓိကအချက်က... ဒီနားရွက်လေးတွေက အစစ်အမှန်ကြီးလေ ပြီးတော့ လှုပ်လည်း လှုပ်နိုင်သေးတယ်... ဟုတ်တယ်မလား…
သတိပြန်ဝင်လာပြီးနောက်... ဆုလီယန်ဟာ မျက်နှာတစ်ခုလုံး ရဲတက်နေပြီး လုချန်ကို တည့်တည့်မကြည့်ရဲတော့ပေ။ သူမ သွားကိုကြိတ်ကာ ပြောလိုက်သည်။ "ကြည်လင်နှလုံးသား နှင်းကြာပန်းနဲ့ နန်ယင်းချန်ချင်းနှစ်ခုလုံးကို မင်းကို ပေးမယ်"
ဆုလီယန် စကားပြောပြီးပြီးချင်းမှာပဲ လုချန်က စက္ကန့်ပိုင်းမျှပင် မဆိုင်းမတွဘဲ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"မရဘူး... ကျွန်တော်က ဧကရီချင်းဟူ ရဲ့ နားရွက်ကိုပဲ ကိုင်ချင်တာ... တခြားအရာတွေကို လာမပြောနဲ့"
လုချန်ရဲ့ ဒီလောက် မြန်ဆန်ပြီး ပြတ်သားလှတဲ့ ငြင်းဆိုမှုကို ကြားလိုက်ရတော့ ဆုလီယန် စိတ်ထဲကနေ တကယ်ကို မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
‘ဒီ... ဒီလူကတော့ ရူးနေပြီထင်တယ်... အဖိုးတန်လှတဲ့ နှင်းကြာပန်းနဲ့ နန်ယင်းချန်ချင်းကို မလိုချင်ဘဲ... နားရွက်ကိုပဲ အတင်းကိုင်ချင်နေရတယ်လို့... သူမရဲ့ နားရွက်တွေကို... သူ အဲဒီလောက်တောင် သဘောကျနေတာလား…’
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်... ရှက်သွေးတွေဟာ ဆုလီယန်ရဲ့ ဖြူလွှလှပတဲ့ လည်ပင်းအထိ ပျံ့နှံ့သွားကာ... သူမက ရုတ်တရက် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"တစ်... တစ်ကြိမ်ပဲ ပေးမယ်"
ဒါပေမဲ့ သူမ ပြောပြီးပြီးချင်းမှာပဲ လုချန်က ဈေးစစ်ခွင့် လုံးဝမပေးဘဲ တိုက်ရိုက် ပြောလိုက်သည်။ "မရဘူး... သုံးကြိမ် ဖြစ်ရမယ်"
ဆုလီယန်ဟာ လုချန်ကို သူမရဲ့ နားရွက်ကို သုံးကြိမ် ကိုင်ခွင့်ပြုတာနဲ့ တစ်ကြိမ် ကိုင်ခွင့်ပြုတာက ဘာကွာခြားလဲဆိုတာကို မသိပေမဲ့...
ဒါပေမဲ့... ဆုလီယန်က ရုတ်တရက် မလိုလားတော့တာ ဖြစ်ပြီး... မလိုလားတာထက် သူမ စိတ်ထဲမှာ... ဒါက ရုတ်တရက် အရမ်း ရှက်စရာကောင်းတဲ့ အရာလို့ ခံစားလိုက်ရလို့ပဲ ဖြစ်သည်။
ဆုလီယန် ခံစားရတာက တကယ်လို့ လုချန်က ခုနတင်ပဲ တခြားနေရာကို ကိုင်ချင်တယ်လို့ ပြောခဲ့ရင်တောင် သူမ သဘောတူမိနိုင်ပေမဲ့... ဒါပေမဲ့ ဒီနားရွက်ကျမှ သူမ မလိုလားတာ ဖြစ်နေရသည်...
ဆုလီယန်ကိုယ်တိုင်လည်း ဘာကြောင့် မလိုလားမှန်း မသိပေမဲ့... ဘာပဲဖြစ်ဖြစ် သူမ မလိုလားတာတော့ အမှန်ပဲ ဖြစ်သည်။
"တစ်... တစ်ကြိမ်ပဲ"
ဆုလီယန်ဟာ လည်ပင်းအထိ ရဲနေပြီဖြစ်ရာ လုချန်ကို လုံးဝ မကြည့်ရဲတော့ဘဲ တခြားနေရာကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမရဲ့ အသံက တိုးလွန်းတာကြောင့် ရှေ့က လုချန်ပင် သေချာ မကြားလိုက်ရပေ။
ဆုလီယန်က သုံးကြိမ်ကို အတင်းငြင်းပြီး တစ်ကြိမ်ပဲ ပေးမယ်လို့ ဇွတ်လုပ်နေတာကို မြင်တော့... လုချန်ရဲ့ မာကျောလှတဲ့ စိတ်ဓာတ်ဟာလည်း အနည်းငယ် ပျော့ပြောင်းသွားရသည်။
အဓိကအချက်က... အဓိကအချက်က လုချန် ကြောက်တာက... တကယ်လို့ ဆုလီယန်ကို အတင်းအကျပ် လုပ်လွန်းရင် နောက်ဆုံး တစ်ကြိမ်တောင် ကိုင်ခွင့်မရဘဲ နေမှာကို စိုးရိမ်လို့ ဖြစ်သည်။
ခဏမျှ ကြောင်အမ်းသွားပြီးနောက် လုချန်က ချက်ချင်း သွားကိုကြိတ်ကာ ပြောလိုက်သည်။
"နှစ်ကြိမ်... တစ်ဖက်ကို တစ်ကြိမ်စီ... ဒါ ကျွန်တော့်ရဲ့ နောက်ဆုံး ကန့်သတ်ချက်ပဲ ဧကရီက နောက်ထပ် စကားတစ်ခွန်း ထပ်များနေရင် ကျွန်တော် အခုချက်ချင်း ငါးပဲ ဆက်မျှားတော့မယ်"
ရုတ်တရက် အလောတကြီး ဖြစ်သွားတဲ့ လုချန်ကို ကြည့်ပြီး... ရှက်လို့ ပြီးသွားတဲ့ ဆုလီယန်ဟာ စိတ်တိုရမလို ရယ်ရမလို ဖြစ်သွားရသည်။
‘ဒီကောင်ကတော့... သူမကိုယ်တိုင်တောင် အလောမကြီးသေးဘူး... သူက ဘာလို့ ဒီလောက် အလောကြီးနေရတာလဲ’
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆုလီယန်က သူမရဲ့ နှုတ်ခမ်းလေးကို စေ့လိုက်ပြီး တခြားနေရာကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ..."
ဆုလီယန် သဘောတူလိုက်တာကို ကြားလိုက်ရတော့ လုချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " ကတိပေးပြီးပြီနော်... ဧကရီက ဧကရာဇ် အဆင့်တစ်ယောက်ပဲ... ကတိပျက်လို့ မရဘူး"
ဆုလီယန် မျက်နှာတစ်ခုလုံး ရဲတက်သွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။
‘ဒီလိုကိစ္စမျိုးကို ကတိဖျက်စရာ ဘာရှိလို့လဲ... ဒီလို ထူးဆန်းတဲ့အရာကို ဒီကောင်တစ်ယောက်ပဲ သဘောကျနေတာ…’
လုချန် စကားပြောပြီးနောက် တိုက်ရိုက်ပဲ ပြောလိုက်သည်။ "သွားစို့... အခုပဲ သွားမယ်"
ပြောပြီးပြီးချင်း လုချန်က တောင်ပေါ်ကို ဝုန်းခနဲ ပြေးတက်သွားတော့ရာ... ဆုလီယန်မှာ ကြောင်အမ်းအမ်းဖြင့် ကျန်ခဲ့ပြီး လှမ်းမေးလိုက်ရသည်။ "ဘယ်... ဘယ်သွားမှာလဲ"
မီတာ ဒါဇင်အနည်းငယ်လောက် ပြေးသွားမိတဲ့ လုချန်က နောက်ကို လှည့်ကြည့်ပြီး ဆုလီယန်ကို အတင်းတိုက်တွန်းလိုက်သည်။
"သီချင်းမှတ်စု သွားပြင်မှာပေါ့ သီချင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေက အိမ်ထဲမှာ ရှိတာ... မြန်မြန် လိုက်ခဲ့"
ပြောပြီးတာနဲ့ လုချန်က ထပ်ပြီး ပြေးထွက်သွားပြန်သည်။
ခဏမျှ ကြောင်အမ်းစွာ ရပ်နေပြီးနောက်... ဆုလီယန်က ဘေးနားမှာ လုံးဝ ဆွံ့အပြီး ကြောင်ကြည့်နေတဲ့ ကုချင်းဝမ်ကို တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီး... မျက်နှာတစ်ခုလုံး ရဲတက်လျက် အမြန်ပဲ ထွက်ခွာသွားတော့သည်။
ဒါက ဆုလီယန်အနေနဲ့ ကုချင်းဝမ်ရဲ့ ရှေ့မှာ ပထမဆုံးအကြိမ်... ရှက်ရွံ့ခြင်း... သို့မဟုတ် ရှက်ကိုးရှက်ကန်း ဖြစ်ခြင်းကို ခံစားလိုက်ရတာ ဖြစ်သည်။
ကုချင်းဝမ်ကတော့ လုချန် ပျောက်ကွယ်သွားတဲ့ နေရာကို ကြောင်အမ်းအမ်း မျက်နှာထားနဲ့ ငေးကြည့်ရင်း ကျန်ခဲ့ရသည်။
သတိပြန်ဝင်လာတဲ့အခါမှာ ကုချင်းဝမ်က စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်
‘ဒါ... ဒါက ဒီကောင်စုတ်က ဘာထဖြစ်တာလဲ’
လုချန်နဲ့ အတူရှိလာခဲ့တဲ့ အချိန်တွေတစ်လျှောက်လုံးမှာ... ဒီကောင်စုတ်က အမြဲတမ်း အရာအားလုံးကို အေးဆေးနှေးကွေးစွာပဲ လုပ်တတ်တာ ဖြစ်ပြီး... ကုချင်းဝမ်အနေနဲ့ လုချန် ယခုလို အလောတကြီး အမြန်ပြေးသွားတာကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပင်။
စိတ်ထဲကနေ သူ့ကို ကျိန်ဆဲရင်း တစ်ခုခု ပြောချင်ပေမဲ့ ဘာပြောရမှန်း မသိ ဖြစ်နေရသည်။
တကယ်လို့ လုချန်ကို လူရှုပ်လေး... ငပွေလေးလို့ ခေါ်ရမလား... ဒါပေမဲ့ သူက တကယ်လည်း ဘာမှ မလုပ်ခဲ့ပါဘူး... ဆုလီယန်ရဲ့ နားရွက်ကိုပဲ ကိုင်ချင်တာလေ။
ဒါပေမဲ့ သူက လူပွေမဟုတ်ဘူး ပြောရအောင်လည်း... ခုနက အသည်းအသန် ဖြစ်နေတဲ့ ပုံစံက...
နောက်ဆုံးမှာတော့ ကုချင်းဝမ်က စိတ်ထဲကနေ သူ့ကို လူရှုပ်လေးလို့ပဲ သတ်မှတ်လိုက်ပြီး... ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချလျက် ပစ္စည်းတွေကို စတင်သိမ်းဆည်းတော့သည်။
လုချန်က ငါးမမျှားတော့တဲ့အပြင်... ကုချင်းဝမ်တစ်ယောက်တည်း ဒီမှာ နေနေလည်း အဓိပ္ပာယ်မရှိပေ။
ဒါ့အပြင် လုချန်က အလောတကြီး ထွက်သွားတာကြောင့် ငါးမျှားတံတွေ... ခက်ရင်းတွေနဲ့ တခြားပစ္စည်းတွေကိုလည်း ဘာမှ ယူမသွားခဲ့ပါဘူး။
ပြီးတော့ ဆုလီယန် ခုနက ပစ်ချထားခဲ့တဲ့ ပစ္စည်းတွေလည်း ရှိနေသေးတာကြောင့်... ကုချင်းဝမ်ဟာ စိတ်ထဲကနေ အဲဒီလူရှုပ်လေးကို ကျိန်ဆဲရင်း ပစ္စည်းတွေကို ကူညီသိမ်းဆည်းပေးရတော့သည်။
ဘာပဲဖြစ်ဖြစ် ဒီငါးမျှားတံတွေက သူတော်စင်အဆင့် ပစ္စည်းတွေ ဖြစ်ပြီး... ထဲမှာလည်း လက်နက်ဝိညာဉ်တွေ ပါဝင်နေတာကြောင့် ဒီတိုင်း ပစ်ထားခဲ့လို့ လုံးဝမဖြစ်ပေ။
ငါးမျှားကိရိယာတွေကို သိမ်းဆည်းပြီးနောက်... ကုချင်းဝမ်က သူမနဲ့ လုချန်ရဲ့ ငါးခြင်းတောင်းတွေကို ကြည့်လိုက်သည်။
ကုချင်းဝမ်ရဲ့ ငါးခြင်းတောင်းထဲမှာတော့ ငါးမရှိတော့ပါ... ခုနတင်ပဲ သူမ ဖမ်းမိတဲ့ငါးတွေကို အကုန် ပြန်လွှတ်ပေးခဲ့ပြီးသား ဖြစ်သည်။
လုချန်ရဲ့ ငါးခြင်းတောင်းထဲမှာတော့ အတော်များများ ရှိနေသေးသည်။ ကုချင်းဝမ်က လုချန်ရဲ့ ငါးခြင်းတောင်းရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ထဲကို နှစ်ချက်မျှ ငုံ့ကြည့်လိုက်သည်။
သူမက အကြီးဆုံးတစ်ကောင်ကိုပဲ လုချန်အတွက် ဟင်းချက်ဖို့ ချန်ထားခဲ့ပြီး ကျန်တဲ့ကောင်တွေကို ပြန်လွှတ်ပေးဖို့ ပြင်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်တည်းနဲ့ ဒီလောက်အများကြီး ကုန်အောင် စားနိုင်မှာ မဟုတ်ပေ။
ဒါပေမဲ့ အတွင်းထဲကို သေချာ ကြည့်လိုက်တဲ့အခါမှာတော့ ကုချင်းဝမ် ရုတ်တရက် ကြောင်အမ်းသွားရသည်။
‘ဟင် ဒီထဲက ငါးတွေက... ဘာလို့ နဂါးအကြေးခွံတွေ ထွက်လာတာလဲ’