ဆုလီယန် တစ်ယောက် အခုအချိန်မှာတော့ စိတ်ထဲ လုံးဝဝေဝါးသွားပြီး နေရာတင် ဆောင့်ကြောင့်ထိုင်လျက် လုချန်ကို ဘာလုပ်ရမှန်းမသိဘဲ ငေးငိုင်စွာ ကြည့်နေမိတော့သည်။
ဆုလီယန်သည် ခုနက သနားစရာကောင်းအောင် ဟန်ဆောင်နေခဲ့ခြင်း လုံးဝမဟုတ်ပေ။
ဒါက လုချန်ဆီကနေ ကူညီဖို့ နည်းလမ်းမရှိဘူးဆိုတဲ့ စကားကို ကြားလိုက်ရအပြီးမှာ... သူမရဲ့ စိတ်ထဲ ရုတ်တရက် ကြီးမားတဲ့ စိတ်ပျက်မှုကြီး ဝင်ရောက်လာလို့ပဲ ဖြစ်သည်။
အထူးသဖြင့် မျှော်လင့်ချက်အလင်းရောင်ကို မြင်လိုက်ရခါမှ ချက်ချင်း ပြန်လည်ရိုက်ချိုး ခံလိုက်ရတဲ့ ခံစားချက်မျိုးက... ထိုအခိုက်အတန့်မှာပဲ သူမရဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အင်အားတွေအကုန်လုံး ဆုတ်ယုတ်သွားသလို ခံစားလိုက်ရစေသည်။
သူမဟာ အရာအားလုံးအပေါ် စိတ်ဝင်စားမှုတွေ ကုန်ခမ်းသွားသလိုမျိုး...
အဲဒီနေရာမှာပဲ မှင်သက်စွာ ဆောင့်ကြောင့်ထိုင်ရင်း အတိတ်ကအကြောင်းတွေကို တွေးနေမိသည်။
အထူးသဖြင့် သူမရဲ့ ဆရာဖြစ်သူနဲ့ ပတ်သက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးမိပြီး စိတ်ထဲမှာ ပိုလို့တောင် ခံစားရခက်လာစေသည်။
တကယ်တော့... ဖြစ်နိုင်တာက ဆုလီယန်ဟာ အရမ်းကို လှပလွန်းနေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ သူမ စိတ်အခြေအနေ မကောင်းလို့ ဝမ်းနည်းရိပ်လေး သန်းလာတဲ့အချိန်တိုင်းမှာ ဘေးလူတွေအနေနဲ့ မသနားဘဲ မနေနိုင်အောင် ဖြစ်ရသည်။
ဆုလီယန်ဟာ သတိပြန်ဝင်လာပြီးနောက် လုချန်ကို အံ့ဩမှင်သက်စွာ ကြည့်လိုက်မိသည်။
သူမကို ကူညီမယ်…
သူ... သူ ဘယ်လိုကူညီမှာလဲ..
လုချန်ရဲ့ ဘေးမှာ ထိုင်နေတဲ့ ကုချင်းဝမ် ကတော့ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမရဲ့ မျက်နှာအမူအရာမှာ လုချန်ရဲ့ ရုတ်တရက် စကားကြောင့် အံ့ဩသွားတဲ့ အရိပ်အယောင်မျိုး မရှိပေ။
ကုချင်းဝမ်ရဲ့ မျက်နှာပေါ်မှာ စုမိဆောင်းမိ ဖြစ်နေတာကတော့ စူးစမ်းလိုစိတ် သက်သက်သာ ဖြစ်ပြီး... ဒီကောင်စုတ်လေးက ဆုလီယန်ကို ဘယ်လိုနည်းနဲ့ ကူညီမလဲဆိုတာကိုပဲ သိချင်နေခြင်း ဖြစ်သည်။
လုချန်ရဲ့ စိတ်ထဲက အတွေးတွေကို ကြားနိုင်တဲ့ လူတစ်ယောက်အနေနဲ့... ကုချင်းဝမ်ဟာ ခုနတင်ပဲ သူ့စိတ်ထဲကနေ တတွတ်တွတ် ရေရွတ်နေတာတွေကို အကုန်ကြားလိုက်ရပြီးသား ဖြစ်သည်။ အထူးသဖြင့် အဲဒီထဲက စကားတစ်ခွန်းက သူမကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
【 ထားလိုက်ပါတော့... ငါ ကူညီလိုက်ပါ့မယ်…တကယ်လို့ နောက်ဆုံးကျမှ ဒီ ဆုလီယန်က ဒေါသထွက်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားရင်တောင် ငါမကြောက်ပါဘူး…ဘာပဲဖြစ်ဖြစ် ဟိုအဘွားကြီး ရှိနေတာပဲ... သူမ ငါ့ကို သေချာပေါက် ကာကွယ်ပေးမှာ】
ကုချင်းဝမ် စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
‘တကယ့် ရှက်ရွက်မရှိတဲ့ ကောင်စုတ်လေး... ငါ့ဆီက အကူအညီကို မျှော်လင့်နေပြီးတော့ ငါ့ကိုကျ အဘွားကြီးလို့ ခေါ်တယ်ပေါ့’
ထိုအချိန်မှာပဲ ဆုလီယန်ရဲ့ လှပညို့ယူဖွယ် ကောင်းလှတဲ့ မျက်ဝန်းအစုံဟာ ရုတ်တရက် အလင်းရောင်တွေ ချက်ချင်း တောက်ပလာသလို ဖြစ်သွားသည်။
သူမဟာ မြေပြင်ကနေ ရုတ်တရက် ထရပ်လိုက်ပြီး လုချန်ရဲ့ အနားကို တိုးကပ်သွားကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်တော့သည်။
"ဒါဆို မင်း ဘယ်လိုကူညီမှာလဲ ငါ ဘာလုပ်ပေးဖို့ လိုလဲ"
လုချန်က လက်ထဲက ငါးမျှားတံကို ချလိုက်ပြီး ဆုလီယန်ကို တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ကြည့်ကာ ပြောလိုက်သည်။
"ဧကရီချင်းဟူ ရဲ့ဆရာက ဗျတ်စောင်းဂီတကို မြတ်နိုးတာဆိုတော့... သူမမှာ ဒီသီချင်းတစ်ပုဒ်ထဲပဲ ရှိခဲ့တာ မဟုတ်လောက်ဘူးမလား တခြား သီချင်းတွေရဲ့ မှတ်စုစာရွက်တွေကော ရှိသေးလား"
ဆုလီယန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြောသည်။
"မရှိတော့ဘူး... မရှိဘူး…ငါ့ဆရာက သူမရဲ့ သီချင်းတွေကို သူများတွေအတွက် ဘယ်တော့မှ မတီးပြဖူးဘူး။ သီချင်းမှတ်စုတွေက သူမရဲ့ စိတ်ထဲမှာပဲ အမြဲတမ်း မှတ်ထားခဲ့တာ။ တကယ်လို့ သီချင်းမှတ်စု စာအုပ်တွေ ရှိခဲ့ရင်တောင်မှ... လွန်ခဲ့တဲ့ ကောင်းကင်မိုးကြိုးဘေးဒဏ် တုန်းက ပျက်စီးသွားလောက်ပြီ"
လုချန်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် တွန့်သွားသည်... တောက်... ဒါက တကယ်ကို အလုပ်ရှုပ်ပြီး ဒုက္ခများတာပဲ...
သို့သော်လည်း လုချန်မှာ နည်းလမ်းရှိနေဆဲဖြစ်ရာ သူက ချက်ချင်းပဲ မျက်ခုံးကို ပင့်လိုက်ပြီး…
"ဒါဆိုရင် ဧကရီချင်းဟူရဲ့ ဆရာ အနှစ်သက်ဆုံးဖြစ်တဲ့ ကျော်ကြားတဲ့ ဂီတပညာရှင်ကြီးတွေရဲ့ သီချင်းတွေကော ရှိလား"
ဆုလီယန် ခဏမျှ ကြောင်အမ်းသွားပြီးမှ ချက်ချင်း ခေါင်းငြိမ့်ကာ ပြောသည်။
"အဲဒါတော့ ရှိတာပေါ့…ပုံမှန်ဆို ဆရာက သူမကိုယ်ပိုင် သီချင်းတွေကို သိပ်ပြီး မတီးခတ်ဘူး"
ဒါကို ကြားလိုက်ရတော့ လုချန်က ခေါင်းငြိမ့်ပြလိုက်ပြီး…
"ကောင်းပြီ... ဒါဆိုရင် ပိုလွယ်သွားပြီ။ နောက် အိမ်ပြန်ရောက်တဲ့အခါ အဲဒီသီချင်းတွေက ဘာတွေလဲဆိုတာ ကျွန်တော့ကို အကုန်ပြောပြပေးပါ"
လုချန်ကတော့ ယုံကြည်မှုအပြည့် ရှိနေတဲ့ ပုံစံဖြစ်သော်လည်း... ဆုလီယန်ကတော့ ဝေခွဲမရဘဲ ဇဝေဇဝါ ဖြစ်နေဆဲပင်။
"ဒါဆိုရင် မင်းက ဘယ်လိုနည်းနဲ့ ကူညီမှာလဲ"
လုချန်က မျက်ခုံးပင့်လိုက်ပြီး…
"ကျွန်တော် အရင်ဆုံး ဧကရီချင်းဟူရဲ့ ဆရာ ပုံမှန်အားဖြင့် ဘယ်လိုသီချင်းအမျိုးအစားတွေကို ကြိုက်တတ်လဲဆိုတာ နားထောင်ရမယ်။ အဲဒီအခါမှ သူမရဲ့ ဂီတအကြိုက်ကို အကြမ်းဖျင်း ခန့်မှန်းလို့ရမှာ ဖြစ်ပြီး... အဲဒီ လမ်းကြောင်းအထွေထွေအတိုင်း သွားရင်းနဲ့ သီချင်းမှတ်စုတွေကို လိုက်ဖြည့်ရမှာ"
"ဒါက သိပ်ပြီး အလုပ်ရှုပ်တယ် ဧကရီချင်းဟူက ဂီတသီအိုရီပိုင်းမှာ လုံးဝအခြေခံမရှိတဲ့ လူတစ်ယောက်ဆိုတော့ အခုရှင်းပြရင်လည်း နားလည်မှာမဟုတ်ဘူး။ အိမ်ပြန်ရောက်ရင် ဧကရီ သိရလိမ့်မယ်"
လုချန်ရဲ့ စကားကို နားထောင်ပြီးနောက် ဆုလီယန်က မှင်သက်စွာဖြင့် ထပ်မေးပြန်သည်။
"ငါ့ဆရာ ပုံမှန်ကြိုက်တတ်တဲ့ သီချင်းတွေကို သုံးပြီးတော့... မင်းက သီချင်းမှတ်စုတွေကို တစ်လုံးချင်းစီ လိုက်ဖြည့်ပြီး ပြီးပြည့်စုံအောင် လုပ်နိုင်တယ် ဟုတ်လား"
လုချန်က ဒါကို သဘာဝကျကျပဲ ခေါင်းငြိမ့်ပြလိုက်ပြီး…
"သေချာတာပေါ့… လူတစ်ယောက်ရဲ့ ဂီတပုံစံက အဲဒီလူရဲ့ ပင်ကိုယ်စရိုက်ကို ကိုယ်စားပြုတယ်... အဲဒါက တစ်ဦးတည်းပဲ ရှိတာ… လူရဲ့စရိုက်က ဘယ်လိုလဲ... ဂီတပုံစံ ကလည်း အဲလိုပဲ ဖြစ်လိမ့်မယ်။ ဒီနည်းလမ်းအတိုင်း သွားရင် ရှာဖွေဖို့ လမ်းကြောင်းကို ဖြည်းဖြည်းချင်း တွေ့လာလိမ့်မယ်"
ဒီနယ်ပယ်က အသိပညာတွေနဲ့ ပတ်သက်ပြီးတော့ လုချန် ပြောသလိုပါပဲ... ဆုလီယန်ကတော့ တကယ်ကို လုံးဝ နားမလည်တာ ဖြစ်သည်။
လုချန်က ဘယ်လောက်ပဲ ရှင်းရှင်းလင်းလင်း ရှင်းပြပါစေ... ဆုလီယန်ကတော့ ဇဝေဇဝါ ဖြစ်နေတုန်းပင်။
သို့သော်လည်း သူမဟာ ဂီတသီအိုရီကို နားမလည်ပေမဲ့ ဆုလီယန် သိတာတစ်ခုကတော့ …ဒီလောကကြီးမှာ အလကားရတဲ့ နေ့လယ်စာ မရှိဘူးဆိုတာပါပဲ။
ဒါက ဆုလီယန် အသက်ရှင်လာခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ တစ်ခုတည်းသော ယုံကြည်ချက် ဖြစ်သည်။
မင်း တစ်ခုခုကို ရယူလိုရင်... တစ်ခုခုကို ပြန်လည် ပေးဆပ်ရမယ်။
ချက်ချင်းပဲ ဆုလီယန်က လုချန်ကို ကြည့်လိုက်ပြီး... သူမရဲ့ မေးစေ့လေးကို အနည်းငယ် ပင့်ကာ တည်ကြည်လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။
"မင်းမှာလည်း တောင်းဆိုချက် အခြေအနေတွေ ရှိတယ်မလား ပြောလိုက်ပါ။ ငါ့မှာ ရှိတာဖြစ်ဖြစ်... ချန်ရှန့်တောင်မှာ ရှိတာဖြစ်ဖြစ် မင်းကို ချက်ချင်းပေးမယ် တကယ်လို့ ငါ့မှာလည်း မရှိဘူး... ချန်ရှန့်တောင်မှာလည်း မရှိဘူးဆိုရင်တော့ ရက်ပိုင်းလောက် စောင့်... ငါ မင်းအတွက် သွားရှာပေးမယ်"
တကယ်လို့ ဒီနေ့ ဒီနေရာမှာ ရပ်နေတဲ့လူက လုချန် မဟုတ်ဘဲ တခြားဘယ်သူပဲဖြစ်ဖြစ်... ဆုလီယန်ရဲ့ ပုံမှန်စရိုက်အတိုင်းဆိုရင် သူမဟာ သူမရဲ့ အတုမရှိလှပတဲ့ ကိုယ်လုံးလေးကို လှုပ်ခါပြီး... ဆွဲဆောင်မှုရှိတဲ့ မျက်နှာထား... လူတွေရဲ့ အရိုးတွေအထိ ပျော့ခွေသွားစေနိုင်တဲ့ အသံလေးနဲ့ အောက်က အတိုင်း ပြောလိုက်မှာ ဖြစ်သည်။
"ရှင်က ဘာကို လိုချင်လို့လဲရှင်…ကျွန်မကိုများလား~~~"
သာမန်လူဆိုရင်တော့ ဆုလီယန်ရဲ့ အဲဒီလို ပုံစံကို မြင်လိုက်ရုံနဲ့ စိတ်ထဲမှာ အရူးအမူး အတွေးတွေ ဝင်လာပြီး အလုပ်လုပ်ဖို့ အားအင်တွေ သွေးကြွလာမှာ သေချာသည်။
ပြီးရင်တော့ အဲဒီသနားစရာကောင်းတဲ့ လူသားဟာ သူမရဲ့ လက်ဖဝါးထဲမှာပဲ ကစားရုပ်လို ကစားခြင်း ခံရတော့မှာ ဖြစ်သည်။
ဒါပေမဲ့... လုချန်နဲ့ကျမှ ဆုလီယန်ဟာ... ရုတ်တရက် အဲဒီလို ဟန်ဆောင်ပန်ဆောင် မူယာမာယာတွေကို မသုံးချင်တော့ဘဲ ဖြစ်နေရသည်။ သို့မဟုတ်ရင်... သူမဟာ ထိုသို့သော မိမိ ပုံစံမျိုးကို လုချန်ကို မပြချင်တာ ဖြစ်သည်။
ဆုလီယန်ကိုယ်တိုင်လည်း ဘာကြောင့်လဲဆိုတာကို အဖြေမရှာတတ်ပေမဲ့... ဘာပဲဖြစ်ဖြစ် သူမဟာ လုချန်အပေါ်မှာတော့ အဲဒီနည်းလမ်းကို မသုံးချင်တာ အမှန်ပဲ ဖြစ်သည်။
လုချန်က ဆုလီယန်ရဲ့ စကားကို နားထောင်ပြီးနောက် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
【 တောင်းဆိုချက် အခြေအနေ ဟုတ်လား】
【အဓိပ္ပာယ်မရှိတာသေချာပေါက်ရှိတာပေါ့ 】
【 မင်းက ငါ့ကို အလကား ကူညီပေးမယ် ထင်နေလား 】
【 ငါက အလကား ကူညီပေးရင်... လူတွေက ငါ့ကို အမဲရောင်ခြေအိတ် လိုချင်လို့ ကူညီပေးတာလို့ တကယ်ထင်ကုန်ကြမှာပေါ့】
【ငါ တောင်းဆိုချက်ကို တွေးပြီးသား မင်း သဘောမတူရင် လုံးဝ မကူညီဘူး】
ဘေးနားမှာ ရှိနေတဲ့ ကုချင်းဝမ်ဟာ စိတ်ထဲကနေ လုံးဝ စကားဆွံ့အသွားရသည် — ဒီကောင်စုတ်လေးက သုံးခွန်းပြောရင် တစ်ခွန်းက အမဲရောင်ခြေအိတ်အကြောင်း မကင်းဘူး…
အဲဒီအရာတွေက တကယ်ပဲ အဲဒီလောက်တောင် ဆွဲဆောင်မှု ရှိနေလို့လား…
လုချန်က စိတ်ထဲမှာတော့ အမဲရောင်ခြေအိတ်ကြောင့် မဟုတ်ဘူးလို့ ငြင်းနေပေမဲ့... သူ့ရဲ့ မျက်လုံးတွေကတော့ ဆုလီယန်ရဲ့ ခြေထောက်တွေဆီကို မသိမသာ ခိုးကြည့်မိသွားပြန်သည်။
လုချန်ကို စိုက်ကြည့်နေတဲ့ ဆုလီယန်ဟာလည်း ဒီအကြည့်ကို သဘာဝကျကျပဲ ချက်ချင်း မိသွားခဲ့သည်။
ဆုလီယန်ဟာ ဒီနေ့ သူမကိုယ်သူမ တကယ်ကို ထူးထူးဆန်းဆန်း ဖြစ်နေတယ်လို့ ခံစားရသည်။
တကယ်လို့ ပုံမှန်အချိန်တွေဆိုရင် ဆုလီယန်ဟာ သေချာပေါက် တဟားဟား ရယ်မောပြီး ခြေထောက်တွေကို ပိုပြီး ထုတ်ပြလိမ့်မယ်။ သို့မဟုတ်ရင် ကောင်းကင်ပေါ် ပျံတက်ပြီး သူမရဲ့ ကျောက်စိမ်းလို လှပတဲ့ ခြေဖဝါးလေးတွေနဲ့ လုချန်ရဲ့ မျက်နှာ နားပြရင်း... ဆွဲဆောင်မှုရှိပြီး အလှတရားတွေ လျှံပတ်နေတဲ့ အသံနဲ့ ပြောလိမ့်မှာ ဖြစ်သည်။
"မင်းသာ ငါ့ကို သီချင်းမှတ်စုတွေ အောင်အောင်မြင်မြင် ပြန်ဖော်ထုတ်ပေးနိုင်ရင်... ငါ့ကိုမင်း ကြိုက်တာ လုပ်လို့ရတယ်~~"
ဒါပေမဲ့ အခုတော့... ဆုလီယန် ခဏမျှ တောင့်တင်းသွားပြီးနောက်... တည်ငြိမ်စွာပဲ ဂါဝန်စကို ဆွဲပြီး သူမရဲ့ လှပတဲ့ ခြေထောက်တွေကို ဖုံးကွယ်လိုက်သည်။ ပြီးနောက် လုချန်ကို ကြည့်ကာ တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။
"ချန်ရှန့်တောင်ရဲ့ အစွမ်းအထက်ဆုံး အရာတွေက ‘ကြည်လင်နှလုံးသား နှင်းကြာပန်း’နဲ့ ‘နန်ယင်းချန်ချင်း’ ပဲ…မင်း ကြားဖူးမှာပါ…တစ်ခုကို ရွေးလိုက်"
ဆုလီယန်က ဖုံးကွယ်လိုက်တဲ့အခါမှာ လုချန်ဟာ သူ့ရဲ့ အခိုးကြည့် ခံလိုက်ရမှန်း သိလိုက်ပြီး ခဏမျှတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
သူ ကြည့်တာ လူမိသွားပြီ။
ဆုလီယန်ပြောတဲ့ ကြည်လင်နှလုံးသား နှင်းကြာပန်းနဲ့ နန်ယင်းချန်ချင်း ဆိုတာတွေကို လုချန်ဟာ တစ်ခါမှ မကြားဖူးခဲ့ပေ။
သို့သော်လည်း လုချန်က အဲဒါတွေကို မလိုချင်တာ ဖြစ်ပြီး... သူ လိုချန်တာက တခြားအရာတစ်ခု ဖြစ်သည်။
ချက်ချင်းပဲ လုချန်က လည်ချောင်းကို တစ်ချက်ဟန့်လိုက်ပြီး တည်ကြည်လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။
"ကျွန်တော် အရင် ရှင်းရှင်းလင်းလင်း ပြောထားမယ် ကျွန်တော့်ဆီမှာ ဈေးလျော့တာ မရှိဘူး ဧကရီချင်းဟူ မလိုလားဘူးဆိုရင်တော့ ရပ်လို့ရတယ်"
ဆုလီယန်ကလည်း ချက်ချင်းပဲ တည်ကြည်စွာ ပြောသည်။
"ကောင်းပြီ... ပြောသာပြော။ နန်ချင်းကျန်းပြည်နယ်ထဲမှာ ရှိတာဆိုရင် လဝက်အတွင်း မင်းအတွက် သွားယူပေးမယ် တခြားနယ်မြေမှာ ရှိတာဆိုရင်တော့ တစ်နှစ်အတွင်း မင်းအတွက် သွားယူပေးမယ်"
ဘေးနားမှာ ရှိနေတဲ့ ကုချင်းဝမ်ဟာ ငါးမျှားနေတဲ့ ပုံစံလုပ်နေပေမဲ့... သူမကလည်း အလွန် စူးစမ်းချင်နေပြီး လုချန်က ကမ္ဘာပေါ်မှာ ဘယ်လို ထူးခြားဆန်းပြားတဲ့ အရာကို တောင်းဆိုမလဲဆိုတာကို နားစွင့်နေမိသည်။
ကြည့်ရတာ... သူ တောင်းဆိုမယ့်အရာက သာမန်မဟုတ်တဲ့ အရာဖြစ်ပုံရသည်။
လုချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက်... လက်ညှိုးတစ်ချောင်းကို ထောင်လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။
"ဧကရီချင်ဟူရဲ့ နားရွက်လေးတွေကို ကျွန်တော့်ကို ကိုင်ခွင့်ပေးရမယ်"
လုချန် ပြောပြီးပြီးချင်း ခဏမျှ ရပ်တန့်သွားပြီးနောက်... သူ့ရဲ့ လက်ညှိုးကနေ လက်သုံးချောင်း ချက်ချင်း ပြောင်းလဲသွားကာ ပြန်ပြင်ပြောလိုက်သည်။
"မဟုတ်သေးဘူး... မှားလို့… ဒီလောက် အလုပ်ရှုပ်ပြီး ပင်ပန်းရတဲ့ ကိစ္စကို… သုံးကြိမ်... အနည်းဆုံး သုံးကြိမ် ကိုင်ရမယ် တစ်ခါမှ မနည်းစေနဲ့... မဟုတ်ရင် မလုပ်ပေးဘူး"
ကုချင်းဝမ်: "...."
ဆုလီယန်: "...."