ကုချင်းဝမ်သည် ဘေးမှနေ၍ လုချန်ကို စကားမရှိစွာ ကြည့်နေမိသည်။ ဒီကောင်က... တကယ်ကို မျက်နှာပြောင်းတာ မြန်လွန်းလှသည်။
သတိပြန်ဝင်လာပြီးနောက် ကုချင်းဝမ်သည် နောက်တစ်စက္ကန့်တွင် ချက်ချင်း ထရပ်ကာ လုချန်၏ နောက်ကျောတွင် ပေါ်လာခဲ့ပြီး သူမ၏ လှပသော လက်ဖြင့် လုချန်၏ ၀တ်ရုံကို ဆွဲကာ သူမ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်သည်။ ထို့နောက် ကုချင်းဝမ်သည် ဆုလီယန်ကို ကြည့်ကာ ...
"သူက ကလေးပဲ ရှိသေးတော့ သိပ်နားမလည်လို့ပါ... ခုနက မင်းရဲ့ လက်ရာမှန်း မသိလို့ ဝေဖန်မိတာပါ... သူ တမင် ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး ယောင်ချီသန့်စင်နယ်မြေရဲ့ နှစ်ထောင်ချီ ကြာပန်းခုနစ်ပွင့် က မကြာခင် ရင့်မှည့်တော့မှာပါ... ရင့်မှည့်တဲ့အခါကျရင် ငါ ချန်ရှန့်တောင်ဆီကို တစ်ပွင့် ပို့ပေးခိုင်းပါ့မယ်"
ဆုလီယန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ကုချင်းဝမ်ကို စိုက်ကြည့်လိုက်သည်။ ကုချင်းဝမ်က အလျော့ပေးနေတာလား သို့မဟုတ် အမှားဝန်ခံနေတာလား မည်သည့်အရာမှ မဟုတ်ပုံရသော်လည်း... ကုချင်းဝမ် သူတစ်ပါးကို ဒီလို ကာကွယ်ပေးသည်ကို ဆုလီယန် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
သို့သော်... ဆုလီယန် ဒေါသမထွက်ခဲ့ပေ။ သူမသည် ချက်ချင်း အေးစက်စွာ ပြောလိုက်သည် ...
"ယောင်ချီရဲ့ အမွေအနှစ်ကို မင်းဘာမင်းပဲ သိမ်းထားပါ... ငါ အဲဒါကို စိတ်မဝင်စားဘူး... ပြီးတော့ ငါ ဒေါသလည်း မထွက်ပါဘူး"
ပြောပြီးနောက် ဆုလီယန်သည် ကုချင်းဝမ်၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံထားရသော လုချန်ကို ကြည့်ကာ တည်ကြည်စွာ မေးလိုက်သည် ...
"နင် တကယ်ပဲ ဂီတကို ကျွမ်းကျင်တာလား"
လုချန်သည် လက်ရှိတွင် အလွန်အမင်း သက်တောင့်သက်သာ ရှိနေခဲ့သည်။ ကုချင်းဝမ်သည် အရပ်ရှည်ပြီး ဒီလို ဒေါက်ဖိနပ်များကို စီးထားသဖြင့် သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံထားရသည့်အခါ...
【ဟင် ငါ တကယ်ကြီး အိပ်ချင်လာပြီ... တစ်ရေးလောက် မှေးလိုက်ချင်တယ်...】
ကုချင်းဝမ်သည် လုချန် ဘာဖြစ်လို့ ရုတ်တရက်ကြီး စကားမပြောတော့ဘဲ နေရသနည်း... သူ ကြောက်လန့်သွားတာလား ဟု တွေးနေမိသည်။
သို့သော် ကြည်လင်လှသော အတွေးကို ကြားလိုက်ရသည့်အခါ ကုချင်းဝမ်၏ မျက်နှာသည် ရဲရဲနီသွားခဲ့ပြီးနောက် သူမ၏ လှပသောလက်ဖြင့် လုချန်၏ နားရွက်ကို ဆွဲလိမ်ကာ ရှက်ဒေါသဖြင့် ပြောလိုက်သည် ...
"လူတစ်ယောက်က နင့်ကို မေးခွန်းမေးနေတယ်လေ ဖြေလိုက်လေ"
နားရွက် အလိမ်ခံလိုက်ရသဖြင့် လုချန် သတိဝင်လာပြီး မိမိအရှေ့တွင် အံကြိတ်မတတ် ဖြစ်နေသော ဆုလီယန်ကို ကြည့်ကာ အလျင်စလို ပြောလိုက်သည် ...
"နည်းနည်းပါးပါး နားလည်ပါတယ်... နည်းနည်းပါးပါးတင်ပါ..."
ဆုလီယန်သည် ကုချင်းဝမ် မဟုတ်သဖြင့် လုချန် သူမအရှေ့တွင် မောက်မာရဲခြင်း မရှိချေ။
ဆုလီယန် မျက်မှောင်အနည်းငယ် ကြုတ်ကာ မိမိအရှေ့က လုချန်ကို စိုက်ကြည့်ရင်း ...
"ဒါဆိုရင် နင်က ဂီတမှတ်စု အချို့ကို အခြေခံပြီး လက်ရာတစ်ခုကို ပြန်လည် ဖော်ထုတ်ပေးနိုင်မလား"
ဂီတမှတ်စုအချို့ကို အခြေခံပြီး လက်ရာတစ်ခုကို ပြန်လည် ဖော်ထုတ်ပေးရမည် လုချန်သည် ဆုလီယန်ကို ကြည့်ကာ လုံးဝ ကြောင်အသွားပြီး နားမလည်နိုင် ဖြစ်သွားခဲ့သည်။ အဲဒါက ဘာကို ဆိုလိုတာလဲ။
လုချန် ကြောင်အောနေသည်ကို မြင်သောအခါ ဆုလီယန်က ချက်ချင်း ရှင်းပြခဲ့သည် ...
"နင် ခုနက ပြောခဲ့တာတွေ အားလုံး မှန်ပါတယ် ဒီသံစဉ်ကို ငါ့ရဲ့ ဆရာမက အတိတ်တုန်းက စပ်ဆိုခဲ့တာ ဖြစ်ပေမယ့် ငါက ပထမပိုင်းကိုပဲ သင်ယူခဲ့ရတာ ဒုတိယပိုင်းကို မသင်ယူခဲ့ရဘူး... အဲဒီတုန်းက ဆရာမ တီးမှုတ်တာကိုပဲ ကြားခဲ့ဖူးတာ ငါ သံစဉ်ကို မေ့သွားခဲ့ပြီး ဂီတမှတ်စု အနည်းငယ်ကိုပဲ မှတ်မိတော့တယ်"
လုချန်သည် ဆုလီယန်၏ စကားကို ကြားပြီး မျက်တောင်ခတ်ကာ သဘောပေါက်သွားခဲ့သည်။ လုချန် ချက်ချင်း မျက်ခုံးပင့်ကာ ပြောလိုက်သည် ...
"ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဧကရီချင်းဟူ က ဒုတိယပိုင်းရဲ့ စာသားနှစ်ကြောင်းလောက်ပဲ ဆိုပြနိုင်ပြီး ပင်မသံစဉ်က ဘာလဲဆိုတာ မေ့သွားတာပေါ့…အဲဒါကို ဆိုလိုတာ မဟုတ်လား"
ဆုလီယန်သည် လုချန်၏ စကားကို ကြားပြီး ခေါင်းကို အထပ်ထပ် ညိတ်ရင်း ...
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲဒါကို ဆိုလိုတာပဲ… နင် လုပ်ပေးနိုင်မလား"
လုချန်က ခေါင်းညိတ်ကာ ...
"ဒါပေါ့ လုပ်ပေးနိုင်တာပေါ့... အဲဒါက တော်တော်လေး ရိုးရှင်းပါတယ်… ဧကရီချင်းဟူက အရင် ဆိုပြလိုက်လေ…ကျွန်တော်.. ခဏလေး... ကျွန်တော်တစ်ခုခု အရင် ထုတ်လိုက်ဦးမယ်"
ထို့နောက် လုချန်သည် ကုချင်းဝမ်၏ ရင်ခွင်ထဲမှ မချင့်မရဲဖြင့် ရုန်းထွက်လိုက်ပြီးနောက် သူ၏ ချန်ခွန်းအိတ်ထဲ မွှေကာရှာဖွေကာ အနက်ရောင် ကျောက်စိမ်းပုလွေတစ်စင်းကို ထုတ်ယူလိုက်သည်။ ဒါက စနစ်က သူ့ကို ယခင်က ပေးခဲ့သော "နဂါးဖမ်းပုလွေ" ပင်ဖြစ်သည်။
သို့သော် နဂါးဖမ်းဖုလွေကို ထုတ်ပြီးနောက် လုချန်သည် မျက်ခုံးပင့်ကာ ဆုလီယန်ကို ကြည့်လိုက်သည် ...
"နေပါဦး... ဒါက မဟုတ်သေးပါဘူး... ဧကရီချင်းဟူ သေချာရဲ့လား... အဲဒီသံစဉ်က ပုလွေနဲ့ မှုတ်တာထက် ဗျတ်စောင်း နဲ့ တီးတာက ပိုပြီး သင့်တော်လိမ့်မယ် ထင်တယ်နော်"
လုချန်၏ စကားကို ကြားရသည့်အခါ ဆုလီယန်၏ မျက်ဝန်းများ ဝင်းပသွားပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည် ...
"ဟုတ်တယ်... အဲဒီတုန်းက ဆရာမက ဗျတ်စောင်းနဲ့ တီးခဲ့တာ ဒါပေမဲ့ ငါက ဗျတ်စောင်းတီးတာကို မသင်ခဲ့ရဘူး... ပုလွေမှုတ်တာပဲ သင်ခဲ့ရတာ နင်က ဗျတ်စောင်း ကိုလည်း နားလည်တာလား"
ဆုလီယန်သည် ခုနကတင် အနည်းငယ် သံသယဝင်နေခဲ့သော်လည်း ယခုမူ လုချန်၏ ဂီတသီအိုရီသည် အမှန်တကယ် ထူးခြားကြောင်း လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ဆုလီယန်၏ စကားကို ကြားပြီး လုချန် မျက်ခုံးပင့်ကာ ကြွားဝါလိုက်သည် ...
"ဒါပေါ့… ခုနက ကျွန်တော်က အလကား ကြွားနေတယ်လို့ ဧကရီချင်းဟူက ထင်နေတာလား"
ပြောရင်းနှင့် လုချန်သည် ချန်ခွန်းအိတ်ထဲမှ နောက်ထပ် ဗျတ်စောင်းတစ်လက်ကို ထုတ်ယူလိုက်ပြီး ကမ်းပါးဘေးရှိ ကျောက်ပြာကြီးတစ်ခုပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ဗျတ်စောင်းကို မိမိ၏ ပေါင်ပေါ်တွင် တင်လိုက်သည်။
ဗျတ်စောင်းသည်လည်း စနစ်က ပေးထားသော လက်ဆောင်ဖြစ်ပြီး "ချင်းယွင်စောင်း"ဟု အမည်ရသည်။
ပြင်ဆင်မှုများ ပြီးစီးသွားပြီးနောက် လုချန်သည် မိမိအရှေ့က ဆုလီယန်ကို ကြည့်ကာ ပြောလိုက်သည် ...
"ဧကရီက အရင် ဆိုညည်းပြလိုက်... အဲဒါဆိုရင် ကျွန်တော် ဧကရီ့အတွက် အကြမ်းဖျင်း တီးပြမယ်…ကြားထဲမှာ ဘယ်မှတ်စုတွေ မှားနေလဲဆိုတာ မှတ်ထားပြီးမှ ကျွန်တော်တို့ ပြန်ပြင်ကြတာပေါ့"
ဆုလီယန် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း လည်ချောင်းကို ရှင်းကာ စတင်လိုက်တော့သည်။
"ဟွန်း~~~ ဟင်း~~~~ အား~~ အား~~~ ဟွန်း~~~~ ဟင်း~~~ ဟင်း~~~ ယာ~~ ဟင်း~~~ ဟွန်းဟွန်း~~~"
"ဟွန်း~~~ ဟာ~~~ ယာ~~~ ဟင်း~~~"
"..."
လုချန် ကြောင်အသွားခဲ့သည်။ လုံးဝကို ကြောင်အသွားခြင်း ဖြစ်သည်။ ဆုလီယန် ဒုတိယမြောက် မှတ်စုကို ဆိုညည်းလိုက်ကတည်းက လုချန် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။
[ဒါက ဘာကြီးလဲ ဘယ်သူမဆို ငါ့ကို ပြောပြပေးပါဦး... ဒါက ဘာငရဲသံကြီးလဲ မြန်မြန်... ရပ်ပါတော့ ]
တကယ်လို့ ဆိုညည်းပြနေသောသူသည် ဆုလီယန် မဟုတ်ခဲ့ပါက... တကယ်လို့ ထိုအတိုင်းအဆမရှိ လှပသော မျက်နှာ... ထိုချစ်စရာကောင်းသော မြေခွေးနားရွက်... အရေးကြီးဆုံးမှာ ထိုအမည်းရောင် ခြေအိတ်ရှည်လေးတွေသာ မရှိခဲ့ပါက... လုချန်သည် စောင်းကို ကောက်ကိုင်ပြီး ဆုလီယန်၏ ခေါင်းကို ရိုက်ပစ်မိလိမ့်မည် ဖြစ်သည်။
နောက်ဆုံးတွင် ဆုလီယန် ဆိုညည်းပြခြင်း ပြီးဆုံးသွားခဲ့ပြီး ကြောင်အနေသော လုချန်နှင့် အဝေးကြီးသို့ ဆုတ်ခွာသွားခဲ့ပြီဖြစ်သော ကုချင်းဝမ်ကို ကြည့်လိုက်မိသည်။
ဆုလီယန်၏ မျက်နှာထက်တွင် အရှက်သည်းသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပြီးနောက် နှုတ်ခမ်းကို ဖိကာ ပြောရှာသည် ...
"ရှင်းရှင်းလင်းလင်း မရှိလို့လား ငါ နောက်တစ်ခါ ထပ်ဆိုပြရမလား"
လုချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး မိမိအရှေ့က ဆုလီယန်ကို စိုက်ကြည့်ကာ ...
"ဒါက ရှင်းရှင်းလင်းလင်း ကြားရလား... မကြားရဘူးလားဆိုတဲ့ ကိစ္စမဟုတ်တော့ဘူး"
"ဧကရီ... တကယ်ပဲ ဂီတကို ဝါသနာပါရင် စည်းနဲ့၀ါး တီးဖို့ စဉ်းစားဖူးလား အဲဒါက စည်းချက်ပဲ လိုက်ရုံပဲလေ"
လုချန်သည် အလွန် လိမ္မာပါးနပ်စွာ ပြောဆိုလိုက်သော်လည်း ဆုလီယန် ဒေါသထွက်လာလိမ့်မည်ဟု ခံစားမိသဖြင့် သူသည် စောင်းကို သိမ်းဆည်းပြီး ကုချင်းဝမ်ထံသို့ အချိန်မရွေး ပြေးရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် လုချန် အံ့အားသင့်သွားရသည်မှာ ဆုလီယန်သည် သူ၏ စကားကို ကြားပြီးနောက် ဒေါသထွက်မလာခဲ့ချေ။
သူမသည် ထိုနေရာတွင် ခေတ္တမျှ ကြောင်အစွာ ရပ်နေပြီးနောက် ရုတ်တရက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည် ...
"နင်လည်း မလုပ်ပေးနိုင်ဘူးပေါ့..."
အမှန်စင်စစ် ဆုလီယန်သည် ယခင်က ဂီတသီအိုရီ မဟာဆရာကြီးများစွာကို လိုက်လံ ရှာဖွေခဲ့ဖူးသော်လည်း နောက်ဆုံးရလဒ်မှာ ယခု လုချန်ကဲ့သို့ပင် ဖြစ်သည်။
ထိုဂီတသီအိုရီ မဟာဆရာကြီးများသည် လုချန်ကဲ့သို့ စကားအရှည်ကြီး မပြောရဲကြဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသက်ဘေးမှ ချမ်းသာပေးရန်သာ ဝပ်တွား တောင်းပန်ခဲ့ကြခြင်း ဖြစ်သည်။
ဆုလီယန် ရုတ်တရက် ဒီလောက် သနားစရာကောင်းပြီး ကြေကွဲဖွယ်ရာ ဖြစ်သွားသည်ကို ကြည့်ရသည်မှာ တကယ်ကို နှလုံးသားကြေကွဲစရာ ကောင်းလှသည်။
သို့သော် ဒီလှည့်ကွက်သည် လုချန်အပေါ်တွင် မအောင်မြင်ခဲ့ပါ။
ချက်ချင်းဆိုသလို လုချန်သည် စဉ်းစားခန်းဝင်နေသော ဆုလီယန်ကို သတိထားကာ ကျော်ဖြတ်ပြီး ငါးဆက်မျှားရန် ပြန်သွားခဲ့သည်။ အဓိကမှာ ကုချင်းဝမ်၏ ဘေးနားတွင် နေခြင်းက ပိုမို ဘေးကင်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ... လုချန်သည် ယခင်နေရာသို့ တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သွားကိုကြိတ်ကာ ထရပ်ပြီး ပြောလိုက်သည် ...
"ကဲပါ... ကဲပါ... ကျွန်တော်.. ဧကရီ့ကို ကူညီပေးပါ့မယ်"
ခုနက ပြောခဲ့သလိုပင် လုချန်သည် စိတ်နှလုံး နွေးထွေးသော လူတစ်ဦး မဟုတ်သော်လည်း အေးစက်လွန်းသော လူတစ်ဦးလည်း လုံးဝ မဟုတ်ပေ။
မိမိ၏ စွမ်းရည်ဘောင်အတွင်းတွင် ကူညီပေးနိုင်သောအရာဆိုလျှင် လုချန် ကူညီပေးရန် ဝန်မလေးတတ်ချေ။ မဟုတ်လျှင် လုချန်သည် ယောင်ချီသန့်စင်နယ်မြေရှိ စီနီယာအမများနှင့် ဂျူနီယာညီမလေးများ အားလုံး၏ ချစ်ခင်မြတ်နိုးခြင်းကို ဒီလောက် ခံရလိမ့်မည် မဟုတ်ပေ။
လုချန်သည် အနည်းငယ် စိတ်ခံစားမှု လွယ်သော လူတစ်ဦး ဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းသောအရာကို ကြည့်လျှင် မျက်ရည်ကျတတ်ကာ... စိတ်ဆိုးစရာ ရုပ်ရှင်များကို ကြည့်လျှင်လည်း တီဗီထဲသို့ ဝင်၍ သွားရောက် သတ်ချင်စိတ် ပေါ်တတ်သူ ဖြစ်သည်။
သူသည် တစ်ပါးသူ၏ မိသားစုတစ်ခုလုံးကို အလွယ်တကူ သတ်ပစ်ချင်သော သွေးအေးရက်စက်သည့် အတ္တသမားမျိုး မဟုတ်ချေ။ လုချန်သည် သာမန်လူတစ်ဦး... လူသားစစ်စစ်သာ ဖြစ်သည်။
ခုနက ငါးမျှားနေစဉ်အတွင်း လုချန်သည် နောက်သို့ ၇ ကြိမ်... ၈ ကြိမ်ခန့် လှည့်ကြည့်ခဲ့ပြီး အကြိမ်တိုင်းတွင် ဆုလီယန် ထိုနေရာ၌ စိတ်ပျက်လက်ပျက် ထိုင်နေသည်ကို မြင်တွေ့ခဲ့ရသည်။ လုချန် ဝန်ခံပါသည်။ သူ ဒီမြင်ကွင်းကို မကြည့်ရက်ခဲ့ပေ။
သူ ကူညီပေးလိုက်မယ် ဒါက ထိုအမည်းရောင် ခြေအိတ်ရှည်လေးတွေကြောင့် လုံးဝ... လုံးဝ မဟုတ်ပါဘူးနော်။