လုချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ခြေလှမ်းများ လေထဲတွင်ပင် ရပ်တန့်သွားခဲ့ရသည်။
ကုချင်း၀မ်၏ အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထွက်ခွာရန် ပြင်ဆင်နေကြသော လုချန်၏ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများအားလုံး ခြေလှမ်းများ ချက်ချင်း တုံ့ဆိုင်းသွားကြတော့သည်။
သူတို့အားလုံးသည် လုချန် ယောင်ချီသန့်စင်နယ်မြေမှ မောင်းထုတ်ခံရမည်ကို စိုးရိမ်ပူပန်နေကြသည့် မျက်ဝန်းများဖြင့် လုချန်ကို တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
ထို့နောက် စီနီယာ... ဂျူနီယာများမှာ ကုချင်း၀မ်ဘက်သို့ လှည့်ကာ လုချန်ကို မမောင်းထုတ်ပါရန် မျက်နှာငယ်လေးများဖြင့် တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များကို မသိမသာ ပြသလာကြ၏။
ပြိုင်ဘက်ကင်း အလှနတ်သမီးအလား ချောမောလှပသည့် မိန်းမပျိုလေးများစွာက ယခုကဲ့သို့ သနားကရုဏာသက်ဖွယ် မျက်နှာငယ်လေးများ လုပ်နေကြသည်မှာ တကယ်ကို ရင်နာစရာ ကောင်းလှပေသည်။
ထိုအကြည့်များအားလုံး မိမိထံသို့ စုပြုံရောက်ရှိလာသောအခါ ကုချင်း၀မ်၏ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားရသည်။ ဒီကောင်စုတ်လေးက ယောင်ချီသန့်စင်နယ်မြေမှာ ဒီလောက်တောင် ရေပန်းစားနေတာလား တစ်ဂိုဏ်းလုံးက တပည့်တွေအားလုံးက သူ့အတွက် ဝိုင်းပြီး တောင်းပန်ပေးနေကြတာပဲ။
ဒီကောင်စုတ်လေးက လူတွေရဲ့ စိတ်ကို ဘယ်လိုသိမ်းကျုံးဖမ်းစားရမလဲဆိုတာ ကောင်းကောင်းတတ်တာပဲ... ငါ ဘာမှတောင် မပြောရသေးဘူး…
ယောင်ချီဂိုဏ်းချုပ်သည်လည်း သတိဝင်လာပြီးနောက် ချက်ချင်းပင် မတ်တတ်ရပ်ကာ အလျင်အမြန် ရှင်းလင်းလျှောက်တင်လိုက်သည်။
“သူက ရှန်ယွန်းတောင်ထိပ်ရဲ့ ထတာင်ထိပ်သခင် 'ယွင်လော့လီ ' တပည့်ရင်း ဖြစ်ပြီး သူမရဲ့ တစ်ဦးတည်းသော တပည့်လည်း ဖြစ်ပါတယ် လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ရှန်ယွန်းတောင်ထိပ်ကို ခေါ်ဆောင်ခြင်းခံခဲ့ရပြီး အဲ့ဒီအချိန်ကစလို့ ဒီနေ့အထိ ဘာပြဿနာမှမရှာဘဲ သူ့အလုပ်ကို အေးအေးဆေးဆေး လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်”
ယောင်ချီဂိုဏ်းချုပ်၏ ရှင်းလင်းချက်မှာ လုချန်အပေါ် ဘက်လိုက်မှုအပြည့် ရှိနေပြီး စာကြောင်းတိုင်းမှာ လုချန်ကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။
ကုချင်း၀မ်သည် ထူးဆန်းသော မျက်နှာထားဖြင့် နားထောင်နေပြီး ယောင်ချီဂိုဏ်းချုပ်ကို ကြည့်ကာ မျက်မှောင်အနည်းငယ်ကုတ်လျက် ပြောလိုက်လိုက်သည်။
“ဒါဆိုတော့ကော ဘာဖြစ်လဲ သာမန်လူသား အဆင့် ရှိသေးတဲ့လူက ယောင်ချီသန့်စင်နယ်မြေရဲ့ ဆောင်ထိပ်သခင် တစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်နေရတာ... သူက ဘာအရည်အချင်း ရှိလို့လဲ ပြီးတော့... ပြဿနာမရှာဘဲ သူ့အလုပ်ကို အေးအေးဆေးဆေး လုပ်နေတာက ဘာဖြစ်လို့ ရှင်းလင်းချက် ဖြစ်နေရတာလဲ ဒါက ချီးမွမ်းထိုက်တဲ့ အချက်မို့လို့လား”
ကုချင်း၀မ် စကားပြောပြီးသည်နှင့် ယောင်ချီဂိုဏ်းချုပ်သည် တုန်ရီသောအသံဖြင့် ချက်ချင်း ဆက်လက်လျှောက်တင်ပြန်သည်။
“လုချန်က သာမန်လူသား ခန္ဓာကိုယ်ပဲ ရှိပေမယ့် ဆေးဘက်ဆိုင်ရာမှာ အလွန်အမင်း ကျွမ်းကျင်လှပါတယ် နတ်ဘုရားဆေးလုံး တွေ... ဝိညာဉ်ဆေးဝါးတွေနဲ့တောင် မပျောက်ကင်းနိုင်တဲ့ ဆန်းကြယ်တဲ့ ရောဂါဝေဒနာအချို့ကို လုချန်ရဲ့ ကျွမ်းကျင်တဲ့ ပညာနဲ့ ကုသပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လုချန်က ဘယ်လိုမှ သာမန်လူသားတစ်ယောက် မဟုတ်ပါဘူး”
တကယ်တော့ လုချန်တစ်ယောက် ယောင်ချီသန့်စင်နယ်မြေတွင် ဤမျှအထိ ရေပန်းစားနေရခြင်းမှာ... သူ၏ ချောမောနူးညံ့သော ရုပ်ရည်ကြောင့်သက်သက်တင်လား…
အတိအကျပင် ဒီမျက်နှာတစ်ခုတည်းဖြင့်တင် လုချန်သည် ယောင်ချီသန့်စင်နယ်မြေတွင် အလွန်တရာ လူကြိုက်များနေပြီးသား ဖြစ်သည်။ သို့သော် ဂိုဏ်းချုပ်မှအစ စီနီယာ... ဂျူနီယာများအဆုံး လုချန်ကို ရင်ထဲသည်းခြေခိုက်အောင် ချစ်ခင်မြတ်နိုးကြရခြင်း၏ တကယ့်အကြောင်းရင်းမှာမူ လုချန်၏ ထူးချွန်လှသော ဆေးပညာကြောင့် ဖြစ်၏။
နေ့စဉ် သာမန်လူသားတစ်ဦးကဲ့သို့ နေထိုင်ခြင်းကြောင့် စနစ်မှ ရရှိခဲ့သော ဆုလာဘ်များထဲတွင် နတ်ဘုရားဆေးကျမ်းကြီး နှစ်စောင် ပါဝင်ခဲ့သည်...၎င်းတို့မှာ ‘ရှန့်နုံ ဆေးကျမ်း ’ နှင့် ‘ဟွမ်တီ ဆေးကျမ်း တို့ ဖြစ်ကြသည်။
လုချန်သည် နတ်ဘုရားဆေးကျမ်းနှစ်စောင်ကို ကောင်းကောင်းကြီး အာဂုံဆောင်ပြီးသား ဖြစ်၏။ သူသည် ရှန်လင်းတိုက်ကြီးရှိ ဝိညာဉ်ဆေးပင် အမျိုးမျိုး၏ ဆေးဘက်ဆိုင်ရာ အာနိသင်များကို ကောင်းကောင်းနားလည်ပြီး ဆန်းကြယ်သော ဆေးဝါးမျိုးစုံကို စီမံဖော်စပ်နိုင်သည်။
ဒီစွမ်းရည်ကြောင့်ပင် ယောင်ချီသန့်စင်နယ်မြေရှိ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများတွင် ရှုပ်ထွေးခက်ခဲသော ဝေဒနာများ ဖြစ်ပွားလာတိုင်း လုချန်ထံသို့ လာရောက်ကုသလေ့ ရှိကြသည်။
အမှန်စင်စစ် ထိုဝေဒနာ အများစုမှာ ကျင့်ကြံခြင်းဆေးလုံး အနည်းငယ် သောက်လိုက်ရုံဖြင့် ပျောက်ကင်းနိုင်သော်လည်း လူတိုင်းက လုချန်ထံတွင်သာ လာရောက်ပြသချင်ကြပြီး ကုသမှုခံယူရင်း ညုတုတုအသံလေးများဖြင့် ပြောတတ်ကြသည်...
“အာ~~ စီနီယာအစ်ကိုကြီး~~ ဒီနေရာလေးက နာနေသေးတယ်~~”
“အာ~~ စီနီယာအစ်ကိုကြီး~~ ဒါက ဘာဖြစ်တာလဲဆိုတာ ကြည့်ပေးပါဦး~~”
စကားပြောရင်းနှင့် သူတို့၏ ဝတ်ရုံကြယ်သီးများကိုပင် မသိမသာ ဟပြတတ်ကြသေးသည်။ ဟုတ်ပါသည်။ ယောင်ချီသန့်စင်နယ်မြေရှိ စီနီယာ... ဂျူနီယာများမှာ သဘာဝအရ ကမြင်းကြောထနေသူများ မဟုတ်ကြပေ။
ဒီနေရာသည် မြင့်မြတ်သော သန့်စင်မြေဖြစ်ပြီး မိစ္ဆာဂူ မဟုတ်သည်တော့ သေချာသည်။ ဤအစ်မ... ညီမလေးများမှာ လုချန်ကို စနောက်ချင်ကြပြီး သူ၏မျက်နှာလေး ရှက်သွေးဖြန်းကာ နီရဲသွားသည်ကို မြင်ချင်ကြရုံသာ ဖြစ်၏။
အကြောင်းမှာ ကျင့်ကြံခြင်းလမ်းစဉ်သည် ပျင်းရိငြီးငွေ့စရာ ကောင်းလှသဖြင့် ဘဝထဲတွင် ပျော်ရွှင်စရာအချို့ကို ရှာဖွေကြခြင်း ဖြစ်သည်။ ထိုသို့ စနောက်ရုံသက်သက် ရောဂါများအပြင် ဆေးလုံးများဖြင့် မပျောက်ကင်းနိုင်သော အစစ်အမှန် ဝေဒနာများစွာကိုလည်း လုချန်က အောင်မြင်စွာ ကုသပေးခဲ့ဖူးသည်။
ထို့ကြောင့် ဆယ်နှစ်တာ ကာလပတ်လုံး ယောင်ချီသန့်စင်နယ်မြေရှိ အမျိုးသမီးများမှာ လုချန်ဟူသော တစ်ဦးတည်းသော အမျိုးသားတပည့်လေးကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားကြပြီး မိသားစုဝင်တစ်ဦးကဲ့သို့ ရင်ထဲကနေ အစစ်အမှန် ချစ်ခင်ကြခြင်း ဖြစ်သည်။
ယောင်ချီဂိုဏ်းချုပ်၏ စကားကို ကြားရသောအခါ ကုချင်း၀မ် မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ အော်... သူက ဆေးပညာမှာ အလွန်ကျွမ်းကျင်တာကိုး... ဒါကြောင့်မို့လို့လည်း ငါ့ရဲ့ ခန္ဓာကိုယ်အခြေအနေကို တစ်ချက်ကြည့်ရုံနဲ့ သိသွားတာနေမှာ။
ဒါပေမဲ့... ငါ့ရဲ့ မတည်ငြိမ်တဲ့ ဧကရာဇ်နှလုံးသား ကိစ္စက သာမန်ဆေးပညာနဲ့ မဆိုင်သင့်ဘူး မဟုတ်လား…
ဒီကောင်စုတ်လေးရဲ့ အစစ်အမှန် စွမ်းအားက ဘယ်လိုမှ မရိုးရှင်းနိုင်ဘူး။
သာမန်လူသားလို ဟန်ဆောင်နေတာ ဟုတ်လား…
ဒါက တစ်မျိုးဆန်းပြားတဲ့ ကျင့်စဉ်စနစ် တစ်ခုခုလား….
ကုချင်း၀မ်သည် သူ့ရှေ့က ကောင်စုတ်လေး၏ အစစ်အမှန် စွမ်းအားက မည်မျှအထိ ရှိသလဲဆိုသည်ကို အလွန်ပင် စိတ်ဝင်စားသွားမိသည်။ မဟာဧကရာဇ် ဖြစ်နေသည့် သူမကိုယ်တိုင်ပင် လုချန်၏ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်မမြင်နိုင်ခြင်းကြောင့် ဖြစ်၏။
သတိပြန်ဝင်လာပြီးနောက် ကုချင်း၀မ်သည် မည်သည့်ခံစားချက်မျှမရှိသည့် မျက်နှာထားဖြင့် ပြောလိုက်လိုက်သည်။
“သာမန်လူသားတစ်ယောက်ပဲ ရှိသေးတာကို ဝိညာဉ်ဆေးလုံးတွေနဲ့ အစွမ်းထက်တဲ့ ဆေးဝါးတွေတောင် မကုနိုင်တဲ့ ရောဂါကို ကုနိုင်တယ် ဟုတ်လား”
“သင်တို့ ငါ့ကို လိမ်ညာနေတာတော့ မဟုတ်ပါဘူးနော် ငါ တံခါးပိတ်ကျင့်ကြံတာ နှစ်ပေါင်းတစ်သောင်း ကြာသွားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ မသက်မသာဖြစ်တဲ့ နေရာအချို့ ရှိနေတယ်…မင်း... အခု ချက်ချင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးစမ်း”
ကုချင်း၀မ်သည် လုချန်၏ အတွေးထဲကအတိုင်း သူမ၏ သက်တမ်းနှင့် တာအိုလမ်းစဉ်က နောက်ထပ် ၁၀ နှစ်အတွင်း ကုန်ဆုံးသွားလိမ့်မည်ဟူသော စကားကို လုံးဝမယုံကြည်သော်လည်း လုချန်ကို ဂိုဏ်းထဲကနေ တကယ်မောင်းထုတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သို့သော် လုချန်က စိတ်ထဲကနေ တတွတ်တွတ်နှင့် ကျိန်ဆဲနေခြင်း ဖြစ်ပြီး သူမ၏ မတည်ငြိမ်သော ဧကရာဇ်နှလုံးသားကိုလည်း တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့် ကုချင်း၀မ်၏ စိတ်ထဲတွင် သံသယအချို့ ဝင်လာရခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် လုချန်ကို အနားတွင်ထားပြီး သေချာမေးမြန်းရန် လိုအပ်ပေသည်။
သို့သော်လည်း သူမက လုချန်၏ စိတ်ထဲက အတွေးကိုသာ ကြားရခြင်းဖြစ်ပြီး လုချန်က အပြင်မှာ ထုတ်ပြောခဲ့ခြင်း မဟုတ်ရာ သူမဘက်က တိုက်ရိုက်ကြီး သွားရောက်တားမြစ်ရန် အဆင်မပြေပေ။
ဒါ့အပြင် သူမကဲ့သို့ မဟာဧကရာဇ်တစ်ပါးက လုချန်ကို တိုက်ရိုက်ကြီး ရှာဖွေနေပါက အခြားသူများ၏ မျက်စိထဲတွင်... အခြားတစ်မျိုး တွေးတောသွားကြပေလိမ့်မည်။ ထို့ကြောင့် သွယ်ဝိုက်သောနည်းကိုသာ အသုံးပြုရမည် ဖြစ်၏။
ကုချင်း၀မ် စကားပြောပြီးသည်နှင့် လုချန်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် ချက်ချင်းပင် လိမ္မာရိုသေသော ပုံစံဖြင့် ခေါင်းကို တတွတ်တွတ် ညိတ်ပြလိုက်လေသည်။
“မလွဲမသွေပါ ဧကရီအရှင်မ... မလွဲမသွေပါ။ ဧကရီရဲ့ ဝေဒနာကို ကုသပေးခွင့်ရတာ ကျွန်တော်မျိုးအတွက် အလွန်ပင် ဂုဏ်ယူစရာကောင်းလှပါတယ်”
ကုချင်း၀မ်သည် လုချန်၏ လိမ္မာယဉ်ကျေးပြနေသော မျက်နှာလေးကို ကြည့်နေစဉ်မှာပင် သူမ ဘာမှမပြောရသေးမီမှာတင် လုချန်၏ စိတ်ထဲက အတွေးများက သူမ၏ အသိစိတ်ပင်လယ်ထဲသို့ တစ်ခုပြီးတစ်ခု တိုက်ရိုက် စီးဆင်းဝင်ရောက်လာပြန်တော့သည်။
【ဂုဏ်ယူစရာကောင်းတာ ဟမ့် ခင်ဗျားက ငါ့ကို အမြင်မကြည်လို့ ဂိုဏ်းကနေ မောင်းထုတ်ဖို့ ဆင်ခြေရှာနေတာရှင်းနေတာပဲ】
【မဟာဧကရာဇ်တစ်ပါး ဖြစ်နေတဲ့လူက အပြင် ဘာဝေဒနာ ရှိရမှာလဲ ကြည့်ရတာ ခင်ဗျား သွေးဆုံးကိုင်နေတာထင်တယ်】