ကုချင်းဝမ်သည် ငယ်စဉ်ကတည်းက လူတိုင်း၏ အလိုလိုက်ခြင်း... ချစ်ခင်ခြင်းနှင့် ကြည်ညိုလေးစားခြင်းကို ခံခဲ့ရသည်။ သို့သော် ဆုလီယန်တွင်မူ သူမ၏ ဆရာမ တစ်ဦးတည်းသာ ရှိခဲ့သည်။ အခြားသူများ ဆုလီယန်အပေါ် ထားရှိသော ခံစားချက်မှာ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းသာ ဖြစ်သည်...
ထို့အပြင် အချက်တစ်ချက်က ဆုလီယန်ကို အဆိုးရွားဆုံး ခံစားရစေသည်။ ကုချင်းဝမ်ကို ပိုင်ဆိုင်လိုကြသူ အားလုံးသည် သူမကို အိမ်သို့ လက်ထပ်ခေါ်ဆောင်ကာ အမြတ်တနိုး တန်ဖိုးထားရန်... မိမိ၏ ဇနီးအဖြစ် ထားရှိရန်နှင့် အပြန်အလှန် လေးစားစွာ နေထိုင်ရန် ရည်ရွယ်ချက်များ ရှိကြသည်။
သို့သော် ဆုလီယန်ကို ပိုင်ဆိုင်လိုကြသူ အားလုံးတွင်မူ ကာမရာဂစိတ်သာ ရှိကြပြီး မည်သူကမှ ဆုလီယန်ကို ဇနီးအဖြစ် ဆက်ဆံရန် မလိုလားကြပေ။
သူတို့သည် သူမကို ကာမဖြေဖျော်ရန် မယားငယ် သို့မဟုတ် ကစားစရာအဖြစ်သာ သဘောထားလိုကြသည်။
ဆုလီယန် ဂရုစိုက်သည်မှာ ဇနီး သို့မဟုတ် မယားငယ် ဖြစ်ခြင်း မဟုတ်ပေ... ဆုလီယန် ဂရုစိုက်သည်မှာ... မည်သည့်အတွက်ကြောင့် သူမသည် သူတစ်ပါးမျက်စိတွင် ဒီလောက် အောက်တန်းကျနေရသနည်း။
မည်သည့်အတွက်ကြောင့် ကုချင်းဝမ်သည် သူတစ်ပါးမျက်စိတွင် ဆီးနှင်းကဲ့သို့ ဖြူစင်ပြီး မြင့်မြတ်နေရကာ သူမကျမှ ပြည့်တန်ဆာမတစ်ဦးကဲ့သို့ မြင်နေကြရသနည်း။
သူမသည်လည်း ကုချင်းဝမ်နှင့် အတူတူပင် ဖြစ်သည်... သူမသည်လည်း ဧကရီတစ်ဦး ဖြစ်သည် သူမသည်လည်း ကုချင်းဝမ်နှင့် အတူတူပင် ဖြစ်သည်... သူမသည်လည်း လောကကြီးကို ကယ်တင်မည့် အရာများကို လုပ်ဆောင်ခဲ့ဖူးသည် သူမသည်လည်း ကုချင်းဝမ်နှင့် အတူတူပင် ဖြစ်သည်... သူမသည်လည်း အပျိုစင်စစ်စစ် ဖြစ်သည်။
ဘာဖြစ်လို့လဲ မည်သည့်အတွက်ကြောင့် သူတို့သည် တူညီသော လူစားမျိုး ဖြစ်ကြပါလျက်နှင့် သူမကျမှ သူတစ်ပါးမျက်စိတွင် ဒီလောက် လက်မခံချင်စရာကောင်းသော လူတစ်ဦးအဖြစ် မြင်နေကြရသနည်း။
သူမတွင် မြေခွေးသွေးနှော တစ်ဝက် ပါနေရုံမျှဖြင့်လား ဒါကြောင့် သူမက နိမ့်ကျရတာလား သူမ၏ ရုပ်ရည်က ဆွဲဆောင်မှုရှိနေရုံမျှဖြင့်လား ဒါကြောင့် သူမက လက်မခံချင်စရာ ဖြစ်ရတာလား။
ယခင်က ဆုလီယန်သည် ဒီအရာများကို သိပ်ပြီး မတွေးမိခဲ့ပေ။ နှစ်ပေါင်းတစ်သောင်း... ဆုလီယန်သည် ဤအတိုင်းပင် ဖြတ်သန်းခဲ့ရပြီး သူမ၏ နှလုံးသားသည် ဓားနှင့် လှံများဖြင့်ပင် မထိုးဖောက်နိုင်လောက်အောင် မာကျောနေခဲ့ပြီ ဖြစ်သည်။
သို့သော် ယနေ့တွင်... အကြောင်းရင်းမရှိဘဲ လုချန်၏ စကားတစ်ခွန်းကြောင့် ဆုလီယန်၏ မာကျောလှသော နှလုံးသားသည် လုံးဝ အထိုးဖောက်ခံလိုက်ရသည်။ ရုတ်တရက် မကောင်းသော အတိတ်မှတ်ဉာဏ်များစွာသည် သူမ၏ စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။
လက်ရှိ ဆုလီယန်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ရွှံ့ဗွက်ကျင်းထဲသို့ အပစ်ခံခဲ့ရသော မိန်းကလေးငယ်လေးကဲ့သို့ပင် ... နာကျင်ရသည်... အလွန်အမင်း နာကျင်ရသည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက မိန်းကလေးငယ်လေးနှင့် မတူသည်မှာ လက်ရှိ ဆုလီယန်သည် ဘယ်တော့မှ မျက်ရည် ထပ်မံ ကျလိမ့်မည် မဟုတ်ပေ။
ထိုစဉ်မှာပင် အောက်ခြေရှိ စမ်းချောင်းဘေးမှ လုချန်၏ နာကျင်စွာ အော်ဟစ်သံနှင့် ကုချင်းဝမ်၏ ရှက်ဒေါသဖြင့် ကြိမ်းမောင်းသံတို့ ထွက်ပေါ်လာခဲ့သည်။
ဤအသံနှစ်ခု ထွက်ပေါ်လာခြင်းက ဆုလီယန်ကို ပိုမို စိတ်မသက်မသာ ဖြစ်စေပြီး မခံမရပ်နိုင် ဖြစ်စေခဲ့သည်။ ဆုလီယန်သည် ချက်ချင်း ထွက်သွားချင်မိသော်လည်း နောက်ဆုံးတွင် အဖြူရောင် ကျောက်စိမ်ပုလွေ တစ်ခုသည် သူမ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ဒါက အဖွားအို ချင်းလန် ကွယ်လွန်ခါနီးတွင် ဆုလီယန်အတွက် ချန်ထားရစ်ခဲ့သော အမှတ်တရပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။
ထိုအချိန်က လောကအလယ်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အဖွားအို ချင်းလန်သည် တုန်တုန်ရင်ရင်ဖြင့် ဆုလီယန်၏ မျက်ရည်များကို သုတ်ပေးရင်း... ငိုကြွေးနေသော ဆုလီယန်ကို တကယ်လို့ သူမကို လွမ်းဆွတ်ပါက ဒီကျောက်စိမ်းပုလွေကို မှုတ်ရန်နှင့် သူမ၏ ဝိညာဉ်သည် ဆုလီယန်ထံသို့ လာရောက်လည်ပတ်လိမ့်မည် ဖြစ်ကြောင်း အားနည်းစွာ ပြောဆိုခဲ့သည်။
ဒါက ကလေးချော့သည့် စကားမျိုး ဖြစ်သော်လည်း ဆုလီယန်ကမူ အလေးအနက် ယုံကြည်ခဲ့သည်။
လွန်စွာ နှမြောစရာကောင်းသည်မှာ ထိုအချိန်က အဖွားအို ချင်းလန်သည် သူမ အနှစ်သက်ဆုံး သံစဉ်ကို ဆုလီယန်အား သင်ကြားပေးလိုခဲ့သော်လည်း ဆုလီယန်သည် ဒီလို အရာများကို စိတ်မဝင်စားဘဲ ပိုမိုသန်မာလာရန်သာ အာရုံစိုက်ခဲ့သဖြင့် သေချာ မသင်ယူခဲ့ရချေ။
သူမသည် ပထမပိုင်းကိုသာ သင်ယူခဲ့ရပြီး ဒုတိယပိုင်းကိုမူ မည်သို့ပင်ဖြစ်စေ မမှတ်မိတော့ချေ။ ဒီအရာသည် ယနေ့ ဆုလီယန်အတွက် အကြီးမားဆုံး နောင်တများထဲမှ တစ်ခု ဖြစ်သည်။
သူမသည် ကျောက်စိမ်းပုလွေကို လှပသော နှုတ်ခမ်းနီနီလေးဆီသို့ ညင်သာစွာ ကပ်လိုက်ပြီးနောက် ရှန်ယွန်းတောင်ထွတ်ခြေရင်းတွင် လွမ်းမောဖွယ်ရာ သံစဉ်တစ်ခု ဖြည်းညှင်းစွာ စီးဆင်းလာခဲ့သည်။
ထိုသံစဉ်သည် အလွန်အမင်း သာယာလှပပြီး တောတောင်နှင့် စမ်းရေတွင်းများ၏ အသံကဲ့သို့ပင် ပဲ့တင်ထပ်နေခဲ့သည်... သံစဉ်၏ ပုံစံသည် လှပပြီး မြင့်မြတ်ကာ လွတ်လပ်ပေါ့ပါးလှသည်။
ထူးဆန်းသည်မှာ ဒီလို မြင့်မြတ်ပြီး လွတ်လပ်သော သံစဉ်မျိုးကို ဆုလီယန်ကဲ့သို့ လှပဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက မှုတ်တီးနေခြင်း ဖြစ်သော်လည်း နည်းနည်းမျှ ထူးဆန်းမနေခဲ့ပေ။
ယခုအချိန်တွင် ဆုလီယန်သည် မည်သည့် ပြင်ဆင်ခြယ်သမှုမျှ မရှိဘဲ အကြံအစည်အားလုံးကို စွန့်လွှတ်ထားသည့် ဖြူစင်သော မိန်းကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။
သံစဉ်၏ ပထမပိုင်းကို လှပစွာ တီးမှုတ်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းသို့ ရောက်သောအခါ... စတင်၍ ပြောင်းလဲသွားခဲ့သည်။
ကွက်တိ ထိုအချိန်မှာပင် အောက်ခြေမှ လုချန်၏ စိတ်ပျက်သော အသံ ထွက်ပေါ်လာခဲ့သည် ... "ဒါက ဘာကြီးလဲ ပထမပိုင်းနဲ့ ဒုတိယပိုင်းက လူတစ်ယောက်တည်းရဲ့ လက်ရာ ဟုတ်ရဲ့လား"
"သူတစ်ပါးရဲ့ ကောင်းမွန်တဲ့ လက်ရာကို လျှောက်ပြင်တာဟာ ပိုနေမြဲထက် ကြားနေမြဲ ပျက်စီးစေတာပဲ (အပိုအလုပ်တွေလုပ်ပြီး လက်ရာဖျက်တာပဲ) " လုချန်သည် မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။
ပထမပိုင်းက အဆင်ပြေပြီး နားထောင်လို့ အလွန်ကောင်းသော်လည်း ဒုတိယပိုင်းသို့ ရောက်သောအခါ ပုံစံက ရုတ်တရက် ပြောင်းလဲသွားပြီး လုံးဝ ပျက်စီးသွားခြင်း ဖြစ်သည်။ စနစ်၏ "ဂီတအတတ်" ကို ထိပ်ဆုံးအဆင့်အထိ ကျင့်ကြံထားသော လုချန်အတွက် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ကြားသိလိုက်ရခြင်း ဖြစ်သည်။
ဘေးနားက ကုချင်းဝမ်က လုချန်ကို စပ်စုစွာ ကြည့်ရင်း ... "အို နင်က ဒီလိုအရာတွေကိုလည်း နားလည်တာလား"
ကုချင်းဝမ်ကို ကြည့်ရင်း လုချန်က အနည်းငယ် ကြွားဝါကာ ပြောလိုက်သည် ...
"ဒါပေါ့"
"တိုက်ခိုက်သတ်ဖြတ်တဲ့ နေရာမှာတော့ ငါက မင်းတို့ကို မယှဉ်နိုင်ပေမယ့်... ဒီလိုအရာတွေမှာတော့ ငါက ထူးချွန်ပြီးသားပဲ"
ကုချင်းဝမ်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး မယုံကြည်နိုင်သောအကြည့်ဖြင့်…
"အို ဟုတ်လို့လား" ဟု မေးသည်။ ဤရက်ပိုင်းအတွင်း ကုချင်းဝမ် မြင်တွေ့ရသည်မှာ လုချန်သည် နေ့တိုင်း စားလိုက် အိပ်လိုက် လုပ်နေသည်ကိုသာ ဖြစ်သည်။ ထိုခြံဝင်းထဲတွင်လည်း လုချန် ဂီတနှင့် ပတ်သက်နေသည်ဟူသော မည်သည့် အရိပ်အယောင်မျှ မရှိခဲ့ပေ။
ကုချင်းဝမ်က မယုံကြည်သည်ကို မြင်သောအခါ လုချန်သည် ချက်ချင်း မျက်ခုံးပင့်ကာ ...
"ဒီနေ့ နေ့လယ် ပြန်ရောက်ရင် သံစဉ်တစ်ခု တီးပြမယ်... အဲဒီအခါကျမှ ..."
လုချန် စကားမဆုံးသေးမီမှာပင် သူ၏ နောက်ကျောဘက်မှ ညင်သာသော ဆင်းသက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဆုလီယန်၏ အနည်းငယ် အလျင်စလိုဖြစ်နေသော အသံက မြည်ဟည်းလာခဲ့သည် …
"ပထမပိုင်းနဲ့ ဒုတိယပိုင်းရဲ့ စပ်ဆိုမှု ပုံစံမတူတာကို နင် ဘယ်လို ကြားလိုက်တာလဲ"
ဟင်…
လုချန် အနည်းငယ် ကြောင်အောစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ မိမိနောက်တွင် ရပ်နေသော ဆုလီယန်ကို မြင်လိုက်ရသည်။
အမျိုးသားတစ်ဦးအနေဖြင့် အမျိုးသမီးတစ်ဦးကို မြင်လျှင် ပထမဆုံး ကြည့်မိသည်မှာ များသောအားဖြင့် မျက်နှာ မဟုတ်ပေ... လုချန်၏ အကြည့်သည် အောက်ဘက်သို့ ဝေ့ဝဲသွားခဲ့သည်။
ဆုလီယန်သည် ဖိနပ်စီးမထားဘဲ အမည်းရောင် ခြေအိတ်ရှည် စွပ်ထားသော သူမ၏ လှပသော ခြေဖဝါးစုံသည် မြေပြင်ကို ထိုအတိုင်း နင်းထားခြင်း ဖြစ်သည်။
လုချန် တံတွေးကို အနည်းငယ် မျိုချမိသော်လည်း ဆုလီယန် လက်ထဲက ကျောက်စိမ်းပုလွေကို မြင်လိုက်ရသည့်အခါ လုချန် ရုတ်တရက် သတိဝင်လာခဲ့သည်။ ခုနက သံစဉ်က... သူမ မှုတ်တာလား...
လုချန်သည် အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းဆိုသလို ခေါင်းကို မော့ကာ မိမိအရှေ့က ဆုလီယန်ကို တည်ကြည်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် သူ၏ ညာဘက်လက်မကို ထုတ်ကာ ရှေ့သို့ အားရပါးရ ထောင်ပြရင်း အော်ပြောလိုက်သည် ...
"ကောင်းလိုက်တာ…"
"ခုနက သံစဉ်က တကယ်ကို ခွန်လွန်တောင်ပေါ်က သိုင်းလောကစိန်ခေါ်သံ သို့မဟုတ် နှင်းစိုနေတဲ့ ကြာပန်း ငိုကြွေးသံလိုပါပဲ... ဒါဟာ ငါ့ဘဝသက်တမ်းတစ်လျှောက် ကြားဖူးသမျှထဲမှာ တကယ်ကို ကမ္ဘာပေါ်က နံပါတ်တစ် နတ်သက်ကြွေ သံစဉ်ပါပဲ"
"ထူးကဲလှပါတယ် …တကယ်ကို ထူးကဲလှပါတယ်"