အခန်း (၃၈)
ကုချင်းဝမ်သည် ငါးမျှားခြင်းကို စိတ်မဝင်စားပေ။ ဒီနေရာတွင် ငြိမ်သက်စွာ ထိုင်နေနိုင်ခြင်းမှာ ပထမအချက်အနေဖြင့် လုချန်ကို အဖော်ပြုပေးရန် ဖြစ်ပြီး... ဒုတိယအချက်အနေဖြင့် ငါးမျှားတံထဲရှိ လက်နက်ဝိညာဉ် နယ်မြေကို ဂရုတစိုက် ခံစားကြည့်ရန် ဖြစ်သည်။
အမှန်တော့ ဒီနေရာတွင် ငါးမျှားရန် လာခဲ့သော နောက်ထပ် လူတစ်ဦးလည်း ရှိသေးသည်... ထိုသူမှာ ဆုလီယန် ဖြစ်သည်။
သို့သော် ဆုလီယန်သည် လွန်စွာ စိတ်ပျက်နေခဲ့သည်။ ကုချင်းဝမ်ကဲ့သို့ပင် ဆုလီယန်သည်လည်း ငါးမျှားခြင်းကို လုံးဝ မနှစ်သက်ချေ... ထို့အပြင် ဆုလီယန်သည် ထိုလက်နက်ဝိညာဉ် နယ်မြေထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ထိုလက်နက်ဝိညာဉ် နယ်မြေရှိ တာအိုသည် သူမ၏ တာအိုနှင့် လုံးဝ ကွဲပြားနေသဖြင့် သူမ လုံးဝ ပယ်ထုတ်ခြင်း ခံထားရသည်။
ထို့အပြင် လုချန်သည် ငါးတစ်ကောင် မိတိုင်း ပျော်မြူးနေပြီး ကုချင်းဝမ်ထံသို့ အမြဲပြေးသွားကာ "ငါ ဘယ်လောက် အစွမ်းထက်လဲ မြင်လား ငါ ဘယ်လောက် သန်မာလဲ မြင်လား" ဟု လိုက်မေးနေခဲ့သည်။ လုချန်က အရှက်မရှိတာ တစ်ပိုင်းထားဦး... အရေးကြီးဆုံးမှာ ကုချင်းဝမ်က အလွန် ပူးပေါင်းဆောင်ရွက်ပေးနေခြင်း ဖြစ်သည်
"အစွမ်းထက်တယ်... အစွမ်းထက်တယ်"
"သန်မာတယ်... သန်မာတယ်... သန်မာတယ်"
ဆုလီယန်သည် ကုချင်းဝမ်ထံသို့ ပြေးသွားပြီး။
‘နင် တစ်ခုခု ပြင်းပြင်းထန်ထန် ဖျားနေတာလား အားလုံးကို အမှိုက်လို ကြည့်ခဲ့တဲ့ အထက်တန်းကျလှတဲ့ ကုချင်းဝမ်က ဘယ်ပျောက်သွားတာလဲ’ဟု တိုက်ရိုက် မေးပစ်ချင်စိတ် ပေါ်နေခဲ့သည်။
စိတ်ထဲတွင် စိတ်ပျက်ပြီး ရှုပ်ထွေးနေသော ဆုလီယန်သည် နောက်ဆုံးတွင် ဆက်မနေနိုင်တော့ချေ။
သူမသည် မိမိလက်ထဲရှိ ငါးမျှားတံကို ကမ်းပါးပေါ်သို့ ပြီးစလွယ် လွှင့်ပစ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် ...
"တကယ့် အမှိုက်ပဲ... ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူး... နင်တို့ အရူးနှစ်ယောက်"
ပြောပြီးနောက် ဆုလီယန်သည် ကောင်းကင်ပေါ်သို့ လှမ်းတက်ကာ ပျောက်ကွယ်သွားတော့သည်။
ဒီနေရာသည် ရှန်ယွန်းတောင်ထွတ် ခြေရင်းရှိ တောင်ကြားတစ်ခု ဖြစ်သဖြင့် လွန်စွာ ဆိတ်ငြိမ်လှရာ ထိုမျှ ဝေးကွာသော နေရာမှ ဖြစ်သော်လည်း လုချန်နှင့် ကုချင်းဝမ်တို့သည် သူမ၏ စကားကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ ဆုလီယန် ဆဲဆိုပြီး တန်းထွက်သွားသည်ကို ကြည့်ရင်း လုချန်သည် ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်နေမိသည်။
ထို့နောက် သူသည် ဘေးနားက စပ်စုလိုသော အကြည့်ဖြင့် ကြည့်နေသည့် ကုချင်းဝမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ငါ မေးပါရစေ... မင်းတို့နှစ်ယောက်လုံးက ဒီလောက် အသက်ကြီးနေပြီပဲ... အဲဒါမျိုး (သွေးဆုံးတာ) ဖြစ်ပြီးလောက်ပြီ မဟုတ်ဘူးလား"
"ဘာလို့ သူမရဲ့ ဒေါသက ရုတ်တရက်ကြီး ထွက်လာရတာလဲ..."
ကုချင်းဝမ် လှည့်ကြည့်လိုက်ရာ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်သွားပြီး စပ်စုစွာဖြင့် မေးမိသည် ...
"ဟင်"
"ဘာဖြစ်ပြီးလောက်ပြီလဲ"
သို့သော် ကုချင်းဝမ် စကားပြောပြီးသည်နှင့် ချက်ချင်း တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ သူမ၏ မျက်နှာသည် ချက်ချင်း ရဲရဲနီသွားပြီးနောက် လုချန်ကို ရှက်ဒေါသဖြင့် စိုက်ကြည့်ကာ ...
"ကျင့်ကြံသူတွေမှာ အဲဒီလိုအရာတွေ မရှိဘူး"
"ဒါက အသက်အရွယ်နဲ့ ဘာဆိုင်လို့လဲ"
စက္ကန့်အနည်းငယ် ကြာပြီးနောက် လုချန်၏ နာကျင်စွာ အော်ဟစ်သံသည် တောင်ကြားစမ်းချောင်းတစ်ခုလုံးသို့ ဟိန်းထွက်သွားတော့သည် ...
"အား... ကျွန်တော် မှားပါပြီ... လွှတ်ပါဦး... နာတယ်... တကယ် နာလို့ပါ"
ကမ်းပါးဘေးတွင် လုချန်သည် ဘေး၌ ထိုင်ကာ မိမိ၏ နားရွက်ကို ပွတ်သပ်ရင်း တိုးတိုးရေရွတ်နေခဲ့သည် ...
"စကားပြောချင်ရင်လည်း ပြောပေါ့... လက်ကို ငြိမ်ငြိမ်မထားနိုင်ဘူးလား"
ကုချင်းဝမ်သည် လုချန်၏ လက်ရှိပုံစံကို ဘေးမှ ကြည့်ရင်း မပြောဘဲ မနေနိုင်ခဲ့ပါ ...
"ဒါဆိုရင် နောက်တစ်ခါကျရင် လူလိုသူလို ပြောလေ"
"ခုမှ နာမှန်း သိတယ်မလား နောက်တစ်ခါ ထပ်လုပ်ရဲသေးလား"
လုချန်က မျက်နှာရှုံ့မဲ့လျက် ... "မလုပ်ရဲတော့ပါဘူး... မလုပ်ရဲတော့ပါဘူး" ဟု ပြောရှာသည်။
ကုချင်းဝမ် ပြောပြီးနောက် လုချန်၏ နာကျင်နေသော မျက်နှာကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်မိသည်။
ခုနက သူမ သိပ်ပြီး အားမစိုက်ခဲ့ပါဘူး... ဒီကောင်စုတ်လေးက အသားသိပ်နုလွန်းတာပဲ မဟုတ်လား... သူမ နှုတ်ခမ်းကို ဖိကာ လက်ကိုဆန့်ထုတ်၍ စိတ်နူးညံ့စွာဖြင့် လုချန်ကို ကူညီပွတ်ပေးရန် ပြင်လိုက်သည်။ သို့သော်...
【တကယ်တော့ နည်းနည်းမှ မနာပါဘူး။ နာချင်ယောင် မဆောင်ရင် မင်းက လွှတ်မှာမို့လို့လား】
【နောက်တစ်ခါကျရင် ငါ ဧကန်မုချ ထပ်ပြောဦးမှာပဲ】
ကုချင်းဝမ်: "..."
ဆုလီယန်သည် အဝေးကြီးသို့ ရောက်မသွားခဲ့ပေ... သူမသည် စမ်းချောင်းအထက် တည့်တည့်ရှိ ကမ်းပါးယံတစ်ခုပေါ်တွင် ရှိနေခြင်း ဖြစ်သည်။
ကမ်းပါးအစွန်းတွင် ထိုင်လျက် ဆုလီယန်သည် သူမ၏ ဒေါက်မြင့်ဖိနပ်များကို ချွတ်ပစ်လိုက်ပြီး အမည်းရောင် ခြေအိတ်ရှည် စွပ်ထားသော ဆွဲဆောင်မှုရှိလှသည့် ခြေဖဝါးစုံကို ကမ်းပါးအစွန်းတွင် တွဲလောင်းချကာ လွှဲယမ်းနေခဲ့သည်။
ဆုလီယန်သည် အဓိပ္ပာယ်မရှိသော မျက်ဝန်းများဖြင့် ကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။
ရုတ်တရက်... သူမ၏ နှာခေါင်းထဲတွင် မွန်တက်လာခဲ့သည်။ ဆုလီယန်သည် သူမ၏ ဆရာမကို လွမ်းဆွတ်မိခြင်း ဖြစ်သည်... ဤလောကကြီးတွင် သူမကို အမှန်တကယ် ချစ်မြတ်နိုးခဲ့သူမှာ... သူမ၏ ဆရာမ တစ်ဦးတည်းသာ ရှိခဲ့သည်။
သို့သော်... လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က အဖွားအို ချင်းလန်သည် ခြေလှမ်း၀က်ဧကရာဇ်အဆင့်သို့ ဖောက်ထွက်ရန် ကျရှုံးခဲ့ပြီး ကောင်းကင်ကပ်ဘေး အောက်တွင် ပျက်စီးကွယ်လွန်ခဲ့ရသည်။
ထိုအချိန်မှစ၍... ဆုလီယန်သည် သူတစ်ပါး၏ တန်ဖိုးထား မြတ်နိုးခြင်း ခံရသည့် ကလေးတစ်ဦး၏ ခံစားချက်မျိုးကို ဘယ်တော့မှ ထပ်မံ မခံစားခဲ့ရတော့ပေ။
အတိတ်က အကြောင်းအရာအားလုံးကို ပြန်လည်တွေးတောရင်း ဆုလီယန်သည် နှုတ်ခမ်းကို ဖိကာ မိမိကိုယ်ကိုယ် ရယ်သွန်းသွေးမိသည်။
လူချင်းတူသော်လည်း ကံကြမ္မာချင်း မတူညီကြပေ... ဆုလီယန်သည် ရုတ်တရက် အလွန်အမင်း အထီးကျန်ခြင်းနှင့် ဆုံးရှုံးရခြင်း ခံစားချက်ကြီးကို ပြင်းထန်စွာ ခံစားလိုက်ရသည်... အထူးသဖြင့် ကုချင်းဝမ်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ ထိုခံစားချက်က ပိုမို ပြင်းထန်လာခဲ့သည်။