ဆုလီယန်သည် လုချန်ကို မယုံကြည်နိုင်စရာ အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ လုချန်၏ မျက်နှာအမူအရာသည် တိရစ္ဆာန်အကောင်ငယ်လေးတွေကို ချစ်ခင်တတ်ပြီး ချစ်စရာကောင်းသော ကြောင်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ဆုလီယန်၏ ကိုယ်ပေါ်တွင် ခုနကတင် လူသတ်လိုစိတ်များ ပြည့်နှက်နေပြီး အပြာရောင်နှင့် အနီရောင် အလင်းတန်းများ ထွက်ပေါ်ကာ ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် လုချန်၏ လက်ရှိ မျက်နှာအမူအရာ... အထူးသဖြင့်... လုချန်၏ မျက်လုံးများကို ကြည့်ပြီးနောက် သူမ တန့်သွားခဲ့သည်။ သူ၏ မျက်လုံးများသည် ကြည်လင်နေပြီး ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။
ဆုလီယန်သည် လုချန်၏ မျက်ဝန်းထဲတွင် မည်သည့် ရွံရှာမှု သို့မဟုတ် နှိမ့်ချလိုမှုမျိုးကိုမျှ မမြင်ရချေ... မိမိ၏ ဆရာမမှလွဲ၍ သူတစ်ပါးမျက်ဝန်းထဲတွင် ဒီလို ချစ်ခင်မြတ်နိုးသည့် အကြည့်ကို ဆုလီယန် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ယခင်က အခြားသူများ သူမ၏ မြေခွေးနားရွက်ကို မြင်လျှင် ရွံရှာမှုကို မပြသမိရန်ပင် ခဲယဉ်းလှရာ... ချစ်ခင်မြတ်နိုးမှုကို ပြသရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ယခုမူ ဆုလီယန်သည် အနည်းငယ် ယောင်ချာချာ ဖြစ်သွားခဲ့သည်။ ဒီလို အခြေအနေမျိုးကို ဆုလီယန် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သဖြင့် ဘာလုပ်ရမှန်းမသိသော ကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။
သို့သော် ချက်ချင်းဆိုသလိုပင်... လုချန်က ဆုလီယန်က ခွင့်ပြုလိုက်ပြီဟု ထင်မှတ်ကာ ကိုင်ရန် လက်ကို ဆန့်ထုတ်လိုက်ပြီး ထိခါနီး အချိန်မှာပင်...
ဖြောင်း…
စူးရှသော အသံတစ်သံ မြည်ဟည်းသွားသည်။
ဆုလီယန်၏ လှပသော လက်ဖဝါးသည် လုချန် လှမ်းလိုက်သော လက်ကို တိုက်ရိုက် ရိုက်ချပစ်လိုက်သည်။ လုချန် ကြောင်အသွားပြီး ဘာမှမပြောရသေးမီ...
ဆုလီယန်သည် သွားကိုကြိတ်ကာ ဒေါသတကြီးဖြင့် လုချန်ကို ကြည့်ရင်း ...
"နင်က ဘာကောင်မို့လို့လဲ"
"ငါက ချန်ဟူ ဧကရီ... အခု နန်ချင်းကျန်းပြည်နယ်ရဲ့ အားအကောင်းဆုံး ပုဂ္ဂိုလ်ပဲ"
"ငါ့ကို ထပ်ပြီး ရန်မစနဲ့... မဟုတ်ရင် နင်က ကုချင်းဝမ်ရဲ့ လူဖြစ်နေရင်တောင် ငါ နင့်ကို ဧကန်မုချ သတ်ပစ်မယ်"
"ထွက်သွား"
ဆုလီယန်သည် လွန်စွာ ခက်ထန်စွာ ပြောဆိုလိုက်သော်လည်း သူမသည် လှပလွန်းနေသောကြောင့် ဖြစ်စေ...
သို့မဟုတ် သူမ၏ စိတ်ထဲတွင် လူသတ်လိုစိတ် အမှန်တကယ် မရှိတော့သောကြောင့် ဖြစ်စေ ကြောက်စရာ မကောင်းလှပေ။ သူမသည် ဘေးအိမ်က အစ်မကြီးတစ်ယောက် စိတ်ကောက်ပြီး ဗိုလ်ကျနေသည့် ပုံစံမျိုးနှင့် ပိုတူနေသည်။
ပြောပြီးနောက် ဆုလီယန်သည် နှာခေါင်းတစ်ချက် ရှုံ့ကာ ငါးမျှားတံကို ယူ၍ လှည့်ထွက်သွားတော့သည်။ ကြောင်တောင်တောင် ဖြစ်နေသော လုချန်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
‘ဟင်... ဘာလို့... ဘာလို့ သူက ရုတ်တရက်ကြီး ဒေါသထွက်သွားရတာလဲ သဘောမတူရင်လည်း... မကိုင်နဲ့လို့ ပြောရုံတင်လေ…’
လုချန်သည် ဆုလီယန် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။ သို့သော်... ဆုလီယန်သည် ရုတ်တရက် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပုံရသည်...
ယခင် ဆုလီယန်သည် အကြည့်တစ်ချက်... အပြုံးတစ်ချက်တိုင်းတွင် ညို့ယူမှုများ ပြည့်နှက်နေပြီး အမူအရာတိုင်းက သူတစ်ပါးကို မြူဆွယ်နေသည့် အမျိုးအစား ဖြစ်သည်။
သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းနှင့် ထိုချိတ်ကဲ့သို့ စွဲမက်ဖွယ်ကောင်းသော အသံတို့သည် အမျိုးသားအားလုံးကို အကန့်အသတ်မရှိ စိတ်ကူးယဉ်စေခဲ့သည်။
ယခုမူ ထိုအရာများ အားလုံး ပျောက်ကွယ်သွားပြီး သူမ၏ အသံသည် အလွန်အမင်း အေးစက်သွားခဲ့သည်။
သူမသည် ရုတ်တရက် လူလဲသွားသကဲ့သို့ ဖြစ်နေသည်။ လုချန် အနည်းငယ် ကြောင်အသွားပြီး နားမလည်နိုင် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက်ချကာ ငါးမျှားတံကို ကောက်ကိုင်ရင်း တိုးတိုးရေရွတ်လိုက်သည် ...
"မိန်းမတွေဟာ တကယ်ကို စိတ်ပြောင်းလွယ်တာပဲ..."
ရှန်ယွင်တောင်ထွတ်ခြေရင်းရှိ စမ်းချောင်းဘေးတွင် လူသုံးဦး ငါးမျှားနေကြသည်။ လုချန်နှင့် ကုချင်းဝမ်တို့သည် အတူတူ ထိုင်နေကြပြီး ဆုလီယန်ကမူ လုချန်တို့နှင့် ဝေးကွာသော နေရာတစ်ခုတွင် တစ်ဦးတည်း ထိုင်နေသည်။
"သူမ ဘာဖြစ်နေတာလဲ"
ကုချင်းဝမ်သည် ဝေးလံသော နေရာတွင် ထိုင်လျက် ရေပြင်ကို ငေးကြည့်ကာ ဘာတွေ တွေးနေမှန်းမသိ ဖြစ်နေသော ဆုလီယန်ကို တစ်ချက်လှမ်းကြည့်ပြီး စပ်စုမိသည်။ ဆုလီယန်၏ လက်ရှိ အခြေအနေကို မြင်ရသည်မှာ ကုချင်းဝမ်အတွက် ရင်းနှီးသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
ကုချင်းဝမ်နှင့် ဆုလီယန်တို့သည် အလွန်... အလွန် ကြာမြင့်စွာကတည်းက သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။
အစောပိုင်းကာလများတွင် ဆုလီယန်သည် ယခုကဲ့သို့ သူတစ်ပါးကို မြူဆွယ်ညို့ယူပြီး စကားလုံးတိုင်းဖြင့် ထောင်ချောက်ဆင်တတ်သော ပုံစံမျိုး လုံးဝ မဟုတ်ခဲ့ပေ။
ယခင် ဆုလီယန်သည် လွန်စွာ ခေါင်းမာပြီး ပြတ်သားသော ပင်ကိုယ်စရိုက်ရှိသူ ဖြစ်ကာ သူမ ဘာကို လိုချင်သည်ကို သူတစ်ပါးက အကြည့်တစ်ချက်ဖြင့် သိနိုင်ခဲ့သည်။ သူမသည် အလွန် ရိုးရှင်းသော လူတစ်ဦး ဖြစ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း... အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် ဆုလီယန်သည် ယခုကဲ့သို့ ဖြစ်လာခဲ့သည်။
အမြဲတမ်း သူတစ်ပါးအပေါ် ညို့ယူသော အပြုံးကို ဆင်မြန်းထားပြီး အသံသည်လည်း အမြဲ စွဲမက်ဖွယ်ကောင်းနေသော်လည်း ထိုလှပ၍ ပြုံးရွှင်နေသော မျက်နှာအောက်တွင် မည်သည့် အကြံအစည်များ ဖုံးကွယ်ထားသည်ကိုမူ မည်သူမျှ ခန့်မှန်း၍မရနိုင် ဖြစ်လာခဲ့သည်။
ကုချင်းဝမ်သည် ထိုကာလအတွင်း ဆုလီယန် ဘာတွေ ကြုံတွေ့ခဲ့ရသည်... သို့မဟုတ် ဘာဖြစ်ခဲ့သည်ကို မသိခဲ့ပေ။ ကုချင်းဝမ်၏ ပင်ကိုယ်စရိုက်သည် ထိုသို့ပင် ဖြစ်ပြီး မိမိမှလွဲ၍ အခြားသူ သို့မဟုတ် အခြားအရာများကို ဘယ်တော့မှ ဂရုမစိုက်တတ်ချေ။
ယခုမူ ဆုလီယန်၏ လက်ရှိ အခြေအနေသည် ကုချင်းဝမ် သူမကို ပထမဆုံး စတင်တွေ့ရှိခဲ့စဉ်က ပုံစံနှင့် အလွန် တူညီနေသည် ... မည်သည့် ဟန်ဆောင်မျက်နှာဖုံးမျှ မရှိဘဲ... မည်သည့် အကြံအစည်မျှ မရှိသော ပုံစံမျိုး ဖြစ်သည်။
လုချန်သည် လက်ရှိတွင် ကုချင်းဝမ်ကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ... အကြောင်းမှာ ငါးတစ်ကောင် ဟပ်နေသောကြောင့် ဖြစ်သည်။ လုချန်သည် ငါးမျှားတံကို ဆွဲရင်း ကုချင်းဝမ်ကို ပြီးစလွယ် ပြန်ထူးနေခဲ့သည်။
လုချန်၏ ပုံစံကို ကြည့်ပြီး ကုချင်းဝမ် သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။ ထားလိုက်ပါတော့... ခုနက ပြောခဲ့သလိုပင် ကုချင်းဝမ်၏ စရိုက်သည် မိမိကလွဲလို့ ဘာကိုမှ ဂရုမစိုက်တတ်ခြင်း ဖြစ်သည်။
ဆုလီယန်အနေဖြင့် လုချန်အပေါ် ရန်လိုမှု မရှိသရွေ့ ကုချင်းဝမ်သည်လည်း ဆုလီယန်အပေါ် ရန်လိုမှု ရှိလိမ့်မည် မဟုတ်ပေ။
"မြန်မြန်... မြန်မြန်... ခြင်းတောင်း ယူခဲ့ဦး... ငါးကြီးတစ်ကောင်... ငါးကြီးတစ်ကောင် ဟပ်နေပြီ"
လုချန်သည် ဘေးနားက ကုချင်းဝမ်ကို အော်ပြောရင်း စိတ်လှုပ်ရှားစွာဖြင့် ငါးမျှားတံကို ဆွဲလိုက်သည်။ ကုချင်းဝမ် ကြောင်သွားသော်လည်း သူမသည် ချက်ချင်း မိမိ၏ ငါးမျှားတံကို ချကာ လုချန်အတွက် ဝါးခြင်းတောင်းကို ကူညီယူပေးခဲ့သည်။
လုချန် ငါးကြီးတစ်ကောင်ကို ဆွဲတင်လိုက်နိုင်သည့်အခါ သူ ပထမဆုံး လုပ်လိုက်သည်မှာ ရုန်းကန်နေသော ငါးကို မြှောက်ပြကာ ဘေးနားက ကုချင်းဝမ်ကို ကြွားဝါလိုက်ခြင်း ဖြစ်သည် ...
"ဘယ်လိုလဲ... ကျွန်တော် အစွမ်းထက်တယ်မလား"
မိမိအရှေ့တွင် အလွန်အမင်း ပျော်ရွှင်နေသော လုချန်ကို ကြည့်ရင်း ကုချင်းဝမ်၏ မျက်နှာထက်တွင် မသိမသာ နူးညံ့သော အပြုံးတစ်ချက် ပေါ်လာခဲ့သော်လည်း သူမသည် ချက်ချင်း ပုံမှန်အတိုင်း ပြန်လုပ်ကာ အမူအရာမရှိဘဲ ပြောလိုက်သည် ...
"အင်း... အစွမ်းထက်တယ်"
လုချန်နှင့် သိကျွမ်းခဲ့သော ရက်များစွာအတွင်း ကုချင်းဝမ်သည် သူ၏မျက်နှာထက်တွင် ဒီလို ပျော်ရွှင်သော အပြုံးမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် အလေးအနက်ထား၍ ငါးမျှားခဲ့ကြသည်။ သို့သော် သူတို့နှစ်ဦး၏ အခြေအနေမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည် ... လုချန်သည် ငါးတစ်ကောင် မိတိုင်း အလွန်အမင်း စိတ်လှုပ်ရှားကာ ပျော်မြူးနေခဲ့သည်။ ကုချင်းဝမ်ကမူ ငြိမ်သက်စွာ ရေပြင်ကို စိုက်ကြည့်နေခဲ့သည်။