ကုချင်းဝမ် သည် မြေပြင်ပေါ်တွင် လဲကျလျက် ငါးမျှားတံကို ဆုပ်ကိုင်ထားရင်း တစ်ကိုယ်လုံး မှင်တက် တုန်လှုပ်နေခဲ့သည်။
သူမသည် ထူးဆန်းသော နယ်မြေတစ်ခုထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ထိုနေရာတွင် သူမဘေး၌ လုချန် လည်းမရှိ... ဆုလီယန် လည်းမရှိသလို... ယောင်ချီသန့်စင်နယ်မြေ သို့မဟုတ် ရှန်ယွန်းတောင်ထွတ်တွင်လည်း ရှိမနေခဲ့ပေ။
သူမသည် ဆိတ်ငြိမ်သော မြစ်ကမ်းနားတစ်ခုတွင် ရောက်နေခြင်း ဖြစ်သည်။ ဝေးလံသော မြစ်အလယ်တွင် လှေငယ်တစ်စင်း မျောပါနေပြီး လှေပေါ်တွင် ဝါးခမောက်နှင့် ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက တစ်ဦးတည်း ဆိတ်ငြိမ်စွာ ငါးမျှားနေသည်။
ကုချင်းဝမ်က ထိုပုံရိပ်ကို စိုက်ကြည့်နေစဉ်... အေးချမ်းပြီး သာယာလှသော တာအိုအရှိန်အဝါလှိုင်းများသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခဲ့သည်။
ထို့နောက် ကုချင်းဝမ်သည် ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် မိမိ၏ ဧကရာဇ်အဆင့် စွမ်းအားများ တိုးမြင့်လာနေသည်ကို တွေ့ရှိလိုက်ရသည်။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားဆိုသည်မှာ မိမိအလိုရှိရုံမျှဖြင့် အလွယ်တကူ တိုးတက်လာနိုင်သောအရာ မဟုတ်ပေ။ ဧကရာဇ်အဆင့်သည် လောကီနယ်ပယ်ကို ကျော်လွန်ကာ ကုန်းမြေကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသူ ဖြစ်သည်။ တကယ်လို့ ပိုမိုသန်မာလိုပါက တာအိုနိယာမကို နားလည်သဘောပေါက်ခြင်း တစ်ခုတည်းသော လမ်းစဉ်သာ ရှိသည်။
ယခုမူ... ကုချင်းဝမ်သည် မိမိ၏ စွမ်းအားများ တိုးတက်လာနေသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။ ဒီနယ်မြေထဲရှိ ကောင်းကင်စည်းမျဉ်းများ အားလုံးသည် တာအိုနိယာမများ ဖြစ်နေကြသည်။
ကုချင်းဝမ်သည် တကယ်လို့ သူမသာ ဒီအရာအားလုံးကို အပြည့်အဝ နားလည်သဘောပေါက်သွားပါက သူမ၏ စွမ်းအားသည် နောက်ထပ် အဆင့်တစ်ခုသို့ ဧကန်မုချ တက်လှမ်းနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်သွားခဲ့သည်။
သို့သော် ထိုစဉ်မှာပင် ကုချင်းဝမ်၏ နားစည်ဘေးတွင် လှောင်ပြောင်သရော်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ...
"ဟိုး... ယောင်ချီရဲ့ဧကရီ... ဒါက ဘာပုံစံကြီးလဲ ဒီလို ပို့စ်မျိုးနဲ့ဆိုတော့... တစ်ယောက်ယောက်ကို မြူဆွယ်ဖို့ ကြိုးစားနေတာများလား"
ထိုအသံ ထွက်ပေါ်လာသည်နှင့် ကုချင်းဝမ် တုန်လှုပ်သွားပြီး ထိုထူးဆန်းသော နယ်မြေထဲမှ ချက်ချင်း ပြန်လည် နိုးထလာခဲ့ရသည်။ သူမသည် မတ်တပ်ရပ်နေပြီဖြစ်သော ဆုလီယန်နှင့် ကြောင်တောင်တောင် ဖြစ်နေသော လုချန်ကို မြင်လိုက်ရသည်။
ကုချင်းဝမ်၏ လှပသော မျက်နှာထက်တွင် ချက်ချင်း ရှက်သွေးဖြန်းကာ နီမြန်းသွားခဲ့သည်။ သူမ ချက်ချင်း ထရပ်ကာ ငါးမျှားတံကို ကောက်ကိုင်ပြီး တောင်အောက်သို့ တန်းတန်းမတ်မတ် လျှောက်သွားရင်း ...
"ငါ တစ်ခုခုကို ခလုတ်တိုက်မိသွားလို့ပါ" ဟု ပြောကာ သုတ်ခြေတင် ထွက်ခွာသွားတော့သည်။
ခုနက ပုံစံက... အလွန် ရှက်စရာကောင်းလွန်းလှသည်။ ထိုလဲကျနေသည့် အနေအထားက လုချန်ဘက်သို့ တည့်တည့်ကြီး ဦးတည်နေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်... ယခုအချိန်တွင် လုချန်၏ စိတ်ထဲမှ သူမ၏ အသားအရေ မည်မျှ ဖြူဝင်းကြောင်း... မည်သည့်နေရာက မည်မျှ တင်းအိနေကြောင်း တိတ်တခိုး ဝေဖန်အကဲဖြတ်နေသည့် စိတ်တွေးများကိုလည်း သူမ ကြားနေရသည်။
သို့သော်... ထိုအရာက အရေးမကြီးသေးပေ။ ကုချင်းဝမ်သည် မိမိလက်ထဲရှိ ငါးမျှားတံကို ကြည့်ရင်း မျက်နှာထက်မှ တုန်လှုပ်မှုများက မပြယ်ပျယ်သေးချေ။
ထိုထူးဆန်းသော နယ်မြေသည် လက်နက်ဝိညာဉ် ဖြစ်ရမည်။ ဒါက ဒီငါးမျှားတံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လုချန်၏ လက်နက်သွန်းလုပ်ခြင်းအတတ် သည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေရသနည်း ထမင်းတစ်နပ် စားရုံမျှသော အချိန်အတွင်းမှာပင်...
သူ သွန်းလုပ်လိုက်သော ငါးမျှားတံသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် ပိုမိုသန်မာလာစေနိုင်သည့် လက်နက်ဝိညာဉ် ကိန်းအောင်းနေပြီ ဖြစ်သည်။
သို့သော်... ဆုလီယန်က ထိုလက်နက်ဝိညာဉ်ကို ရှာမတွေ့ခဲ့တာလား သို့မဟုတ် ဆုလီယန်၏ ငါးမျှားတံထဲတွင် လက်နက်ဝိညာဉ် မရှိတာလား ဆုလီယန်က အရင်ဆုံး ထိတွေ့ခဲ့တာ ဖြစ်သော်လည်း သူမက အရင်ဆုံး သတိပြန်ဝင်လာခဲ့သည်။
တကယ်လို့ ဆုလီယန်သာ လက်နက်ဝိညာဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါက သူမသည် အရင်ဆုံး ထရပ်လိမ့်မည် မဟုတ်ချေ။ ခုနက အခြေအနေတွင် တကယ်လို့ ဆုလီယန်သာ ဘေးမှ လှမ်းမအော်ခဲ့ပါက ကုချင်းဝမ်သည် ထိုနယ်မြေထဲတွင် လုံးဝ စိမ့်ဝင်နစ်မြောနေမိတော့မည် ဖြစ်သည်။
ဟင်…
ထိုသို့ တွေးမိရင်း ကုချင်းဝမ် ရုတ်တရက် မှင်တက်သွားပြီး ခုနကမှ လျော့ပါးသွားသော ရှက်သွေးများသည် လှပသော မျက်နှာထက်တွင် ထပ်မံ ထင်ဟပ်လာပြန်သည်။
'ဒါက... အဲဒီကောင်စုတ်လေးက ငါ့အတွက် သီးသန့် ဖန်တီးပေးထားတာများလား'
'အင်း... ငါနဲ့ အဲဒီကောင်စုတ်လေးက မိသားစုဝင်တွေပဲဥစ္စာ... မိသားစုဝင်တွေကြားထဲမှာ အခွင့်ထူးခံလေးတော့ ရှိသင့်တာပေါ့...'
ထိုအချိန်တွင် ဆုလီယန်နှင့် လုချန်တို့သည် နောက်မှ ဖြည်းညှင်းစွာ လျှောက်လာနေကြသည်။ ဆုလီယန်၏ ငါးမျှားတံတွင်လည်း လက်နက်ဝိညာဉ် ရှိပြီး သူမလည်း ခုနက ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်... ဆုလီယန်သည် လက်နက်ဝိညာဉ် နယ်မြေထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
အကြောင်းရင်းမှာ... ဆုလီယန် ကျင့်ကြံသော တာအိုတရားသည် ထိုလက်နက်ဝိညာဉ် နယ်မြေရှိ တာအိုနှင့် လုံးဝ ဖီလာဆန့်ကျင်နေသောကြောင့် ဖြစ်သည်။
ဆုလီယန်၏ နတ်ဘုရားအာရုံ ဝင်ရောက်ရန် ကြိုးစားသည်နှင့် ချက်ချင်း အပြင်သို့ ကန်ထုတ်ခြင်း ခံခဲ့ရသည်။
ဆုလီယန်သည် ထိုလက်နက်ဝိညာဉ် နယ်မြေထဲတွင် ဘာရှိမှန်း မသိသော်လည်း ဒါသည် သူမကဲ့သို့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ နတ်ဘုရားအာရုံကိုပင် တိုက်ရိုက်မောင်းထုတ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားမိသည်။
ဆုလီယန်သည် အလွန် စပ်စုချင်နေသည်။ စဉ်းစားပြီးနောက် သူမသည် အရှေ့တွင် အဝေးကြီး ရောက်နေပြီဖြစ်သော ကုချင်းဝမ်ကို လှမ်းကြည့်ကာ လုချန်ကို လေသံတိုးတိုးဖြင့် မေးမြန်းရန် ပြင်လိုက်သည်။
ထိုလက်နက်ဝိညာဉ် အကြောင်းကို မေးရန် ဖြစ်သည်။ ထို့အပြင် မနေ့က ဓားသိုင်းအကြောင်းကိုလည်း မေးရန် ဖြစ်သည်။
ကုချင်းဝမ်က သူမကို ‘လူအ’ သကဲ့သို့ နေရန်နှင့် ဘာမှမမေးရန် ပြတ်ပြတ်သားသား သတိပေးထားခဲ့သော်လည်း... သူမက ဘယ်သူလဲ ဆုလီယန် ပဲလေ။ သူမရဲ့ အဆင့်အတန်းက ဘာလဲ ကုချင်းဝမ်က မမေးနဲ့ဆိုရုံနဲ့ သူမက မမေးဘဲ နေရမလား အဲဒါဆိုရင် သူမ သိက္ခာကျစရာကြီး မဟုတ်ဘူးလား။
အပြင်... တကယ်လို့ ဆုလီယန်သာ ကုချင်းဝမ်၏ စကားကို နားထောင်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက သူတို့နှစ်ဦးသည် သေရာပါ ရန်သူများ ဖြစ်လာကြလိမ့်မည် မဟုတ်ပေ။
ဆုလီယန် လှည့်၍ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်... လုချန်သည် မိမိ၏ ဦးခေါင်းပေါ်ရှိ 'မြေခွေးနားရွက်' စုံကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ဟုတ်ပါသည်…လုချန်သည် ဆုလီယန်၏ ခေါင်းပေါ်က မြေခွေးနားရွက်စုံကို ထပ်မံ လေ့လာနေခြင်း ဖြစ်သည်။ လုချန်သည် စပ်စုချင်စိတ် ပြင်းပြလွန်းသဖြင့် တစိုက်မတ်မတ် ကြည့်နေမိသည်။
ဆုလီယန်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အေးစက်မှောင်မှောင်သွားခဲ့သည်။
လူတိုင်းတွင် သူတစ်ပါးကို အထိမခံချင်သော အရာများ ရှိကြပြီး ဆုလီယန်အတွက်မူ ထိုအရာသည် ဤနားရွက်စုံ... သို့မဟုတ် ပို၍ တိကျစွာပြောရလျှင် သူမ၏ 'မြေခွေးသွေးနှော' မျိုးရိုးဗီဇ ဖြစ်သည်။
ငယ်စဉ်ကတည်းက ဆုလီယန်သည် လူတစ်ဝက် မြေခွေးတစ်ဝက် သွေးနှောအဆင့်အတန်းကြောင့် ရေတွက်မရနိုင်သော အရှက်ခွဲမှုများကို ခံခဲ့ရသည်။
သူမ ချန်ရှန့်တောင်သို့ စတင်ဝင်ရောက် ကျင့်ကြံခါစအချိန်က စီနီယာအမတစ်ဦးသည် ဆုလီယန်၏ မြေခွေးနားရွက်ကို ဆွဲကိုင်ကာ ရွှံ့ဗွက်ကျင်းထဲသို့ လွှင့်ပစ်ခဲ့သည်ကို ယနေ့တိုင် မမေ့နိုင်သေးချေ။
ဆုလီယန် ရွှံ့ဗွက်ကျင်းထဲတွင် လဲကျလျက် မိမိဘာအမှားလုပ်မိမှန်း မသိဘဲ ကြောင်အောနေစဉ်... ထိုစီနီယာအမသည် ကမ်းပါးပေါ်တွင် ရပ်ကာ လှောင်ပြောင်သရော်ရင်း သူမ၏ ကျင့်ကြံဖော်ကို မမြူဆွယ်ရန် ရက်ရက်စက်စက် ပြောဆိုခဲ့ပြီး ဆုလီယန် ယနေ့တိုင် မေ့မရတော့မည့် စကားကို ပြောခဲ့သည် ...
"နင်လို နိမ့်ကျတဲ့ သွေးနှောကို ဘယ်သူကမှ တကယ်ချစ်မှာ မဟုတ်ဘူး... နင့်ခန္ဓာကိုယ်ကို ကစားချင်ရုံပဲ… နင်လို အောက်တန်းစား သတ္တဝါက တကယ်ကို ရွံစရာကောင်းတယ်"
ထိုအချိန်က ဆုလီယန်သည် ကျင့်ကြံခြင်းလောကထဲသို့ ရောက်ခါစဖြစ်ပြီး မြေခွေးအမှတ်အသားများကို အပြည့်အဝ မဖုံးကွယ်နိုင်သေးချေ။
ထိုအမှတ်အသားများကြောင့် နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံရမှုနှင့် မတရားစွပ်စွဲခံရမှုများကို တွေးမိကာ ဆုလီယန် မအောင့်အီးနိုင်တော့ဘဲ ထိုရွှံ့ဗွက်ကျင်းထဲတွင် တစ်ညလုံး အားကိုးရာမဲ့စွာ ငိုကြွေးခဲ့ရသည်။
ဆုလီယန်သည် သူတစ်ပါးက သူမအပေါ် မည်သည့်အတွက်ကြောင့် ဒီလောက် မုန်းတီးရက်စက်ကြသည်ကို နားမလည်နိုင်ခဲ့ပေ။
သူမ ဘာမှမလုပ်ခဲ့ပါ... ဘယ်သူ့ကျင့်ကြံဖော်ကိုမှလည်း မမြူဆွယ်ခဲ့သလို ဘယ်တော့မှလည်း လုပ်မည်မဟုတ်ချေ။ သူမသည် ပိုမိုသန်မာလာရန်သာ အာရုံစိုက်လိုခဲ့ခြင်း ဖြစ်သည်။
တစ်ညလုံး ငိုကြွေးခဲ့ရသော ဆုလီယန် သည် နံနက်လင်းအားကြီးအချိန်တွင် သွားကိုကြိတ်ကာ လက်တစ်ဖက်ဖြင့် နားရွက်တစ်ဖက်ကို ဆွဲပြီး ကျန်လက်တစ်ဖက်က ဓားမြှောင်ကို ထုတ်ကာ မြေခွေးနားရွက်ကို တိုက်ရိုက် ဖြတ်ပစ်ရန် ကြိုးစားခဲ့သည်။ သွေးစိမ်းများသည် ဆုလီယန်၏ မျက်နှာတစ်ခုလုံးသို့ ချက်ချင်း စီးကျလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်... ချန်ရှန့်တောင်မှ အဖွားအို ချင်းလန် သည် ထိုလမ်းမှ အမှတ်မထင် ဖြတ်သန်းသွားရာ ထိုမြင်ကွင်းကို မြင်တွေ့ပြီး ဆုလီယန်ကို ချက်ချင်း တားဆီးခဲ့သည်။ ဆုလီယန်၏ သနားစရာကောင်းလှသော အဖြစ်ကို မြင်ကာ နောက်ဆုံးတွင် တပည့်အဖြစ် ခေါ်ယူခဲ့သည်။
ဆုလီယန်သည် ထိုညက မျက်ရည်များနှင့် သွေးကွက်များ ပေကျံနေပြီး ငိုလွန်းသဖြင့် အသံများ ဝင်နေသော မိမိကို ဆရာမဖြစ်သူ အဖွားအိုချင်းလန်က ရင်ခွင်ထဲထည့်ကာ နူးညံ့စွာ နှစ်သိမ့်ပေးခဲ့သည်ကိုလည်း မမေ့နိုင်ခဲ့ပါ ...
"ဒီနားရွက်လေးတွေက သိပ်ချစ်စရာကောင်းတာပဲ သူများတွေ မကြိုက်ရင် အဲဒါ သူတို့ကိစ္စ... ဆရာကတော့ သဘောကျတယ်"
ထိုနေ့မှစ၍ ဆုလီယန်၏ ကျင့်ကြံခြင်းလမ်းစဉ်သည် လမ်းမှန်ပေါ်သို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ဆုလီယန်သည် သူမ၏ မြေခွေးနားရွက်များကို အမြဲတမ်း ပေါ်လွင်အောင် ထားရှိခဲ့သည်။ တစ်ချက်က ဆရာမကို သတိရရန်ဖြစ်ပြီး... နောက်တစ်ချက်က ထိုညက ခံခဲ့ရသော အရှက်ခွဲမှုများကို ဘယ်တော့မှ မမေ့ဖျောက်ရန် ဖြစ်သည်။
ထိုမြေခွေးနားရွက်သည် ဆုလီယန်ကို နှလုံးသားမရှိသော မိန်းမတစ်ဦး ဖြစ်လာစေခဲ့သည်။
လူတိုင်းက ကောင်းကင်ထက်က ကြယ်ပွင့်များကဲ့သို့ အမြင့်တွင်ရှိပြီး လောကီရေးရာများကို စိတ်မဝင်စားသည့် ကုချင်းဝမ်ကဲ့သို့ မြင့်မြတ်မနေကြပေ။
ငယ်စဉ်က ဆုလီယန်သည်လည်း အမြတ်တနိုး တန်ဖိုးထားခံရခြင်းကို တောင့်တခဲ့ဖူးသည်။ သို့သော် သူမကို ချစ်ပါသည်ဟု ပြောဆိုကြသော လိုက်လံပိုးပန်းသူများသည် သူမ၏ နားရွက်ကို မြင်လိုက်ရသည့်အခါ မသိစိတ်မှ ရွံရှာမှုကို ပြသမိကြသည်ကို မြင်တွေ့ရပြီးနောက်...
ဆုလီယန် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်မှာ မည်မျှပင် သန်မာပါစေ... အဆင့်အတန်း မည်မျှပင် မြင့်မားပါစေ... ကျဉ်းမြောင်းလှသော ကျင့်ကြံသူများအကြားတွင် သူမသည် အမြဲတမ်း... သွေးမသန့်သော သွေးနှော သူအဖြစ်သာ မြင်ကြမည် ဖြစ်သည်။
ဤနားရွက်သည် ဆုလီယန် သူတစ်ပါးကို အထိမခံချင်ဆုံးသော အရာ ဖြစ်သည်။
ယခုမူ လုချန်က သူမနားရွက်ကို စိုက်ကြည့်နေသဖြင့် ဆုလီယန်၏ စိတ်ထဲတွင် လူသတ်လိုစိတ်များ တားမနိုင်ဆီးမရ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
ဘယ်လျှို့ဝှက်နယ်မြေ... ဘာ ယောင်ချီနဲ့ ပူးပေါင်းဆောင်ရွက်မှု... ဘာဆေးဖော်စပ်ခြင်း ပါရမီရှင်... ဘာတစ်ခုမှ ဂရုမစိုက်တော့ အရေးကြီးဆုံးမှာ သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုစီနီယာအမကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ခဲ့သလိုမျိုး ယခု လုချန်ကို သတ်ပစ်ချင်နေမိသည်။
"နင် ဘာကြည့်နေတာလဲ"
ဆုလီယန်၏ အသံသည် ယခင်ကဲ့သို့ ညို့ယူဆွဲဆောင်မှုမျိုး မရှိတော့ဘဲ လွန်စွာ အန္တရာယ်များသော အအေးဓာတ်သာ လွှမ်းမိုးနေတော့သည်။ ထိုပုံစံသည်သာ ဆုလီယန်၏ ဖြစ်တည်မှုအစစ်အမှန် ဖြစ်နိုင်ပေသည်။
လုချန်မှာမူ သေမင်းက ကပ်နေပြီဖြစ်ကြောင်း မရိပ်မိသလို... ဆုလီယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကိုလည်း သတိမထားမိဘဲ စိတ်လှုပ်ရှားစွာဖြင့် ...
"မင်း နားရွက်လေးတွေက သိပ်ချစ်စရာကောင်းတာပဲ… ဒါတွေက တကယ်ကြီးအစစ်လား ငါ ကိုင်ကြည့်လို့ရမလား"
ဆုလီယန်: "..."
ဟင်…