ဆုလီယန်နှင့် ကုချင်း၀မ်တို့သည် တူညီကြသည် မဟုတ်ပေ။
ကုချင်း၀မ်သည် သူမ၏ လှပသော ရုပ်ရည်ကို မည်သည့်အခါမျှ အရေးတကြီး မမှတ်ယူခဲ့သလို... အလှအပကို အသုံးပြု၍ မည်သည့်အရာကိုမျှ ရယူရန်လည်း ကြိုးစားလေ့ မရှိပါချေ။
သို့သော် ဆုလီယန်ကမူ မတူညီချေ။ လုချန်ကဲ့သို့ အရိုးသက်တမ်း နှစ်တစ်ရာပင် မပြည့်သေးသည့် လူငယ်လေးတစ်ဦးအတွက်ဆိုလျှင်... ဆုလီယန်အနေဖြင့် ညှို့ဓာတ်ပြင်းသော အကြည့်တစ်ချက်မျှ ပေးလိုက်ရုံနှင့်တင်... ဒီလို လူများသည် သူမအတွက် အရူးအမူး အသက်ပင် သေခံကြလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ပါလျက်နှင့် မိမိအား လုံးဝ အရေးမစိုက်သည့် လူတစ်ဦးကိုမူ...
ဆုလီယန်တစ်ယောက် သူမ၏ ဘဝတွင် တကယ်ကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။
ဒါက မိမိကိုယ်မိမိ တန်ဖိုးတက်အောင် တမင်သက်သက် ဟန်ဆောင်နေတာလား။
ဆုလီယန်သည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်... လုချန်၏ နောက်သို့ လိုက်၍ မီးဖိုချောင်ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... သူမ၏ နောက်ကွယ်မှ မည်သည့်စိတ်ခံစားမှု အတက်အကျမျှ မပါဝင်သော အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည် ...
"နင် ဒီနေရာမှာ ဘာလာလုပ်နေတာလဲ"
ဆုလီယန် လန့်သွားရပြီး လှည့်ကြည့်လိုက်သောအခါ... ကုချင်း၀မ်သည် သူမ၏ နောက်ကွယ်တွင် ရပ်နေပြီး မည်သည့်အမူအရာမျှမပြဘဲ မိမိအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကုချင်း၀မ်အား ကြည့်ရင်း ဆုလီယန်က ချက်ချင်းပင် မျက်ခုံးပင့်ကာ ပြောလိုက်သည် ...
"ဒါပေါ့… ငါ နင်နဲ့ လျှို့ဝှက်နယ်မြေရဲ့ ကိစ္စကို လာဆွေးနွေးတာလေ"
ဆုလီယန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ်၏ တည်ငြိမ်လှသော မျက်နှာပြင်ပေါ်တွင် အထင်မြင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
"နင် ဘာဖြစ်လို့ ဒီကိုလာတယ်ဆိုတာ ငါမသိဘူးလို့ မထင်နဲ့.. နင် လုချန်ရဲ့ နောက်ကို လိုက်ခွင့်ရှိတယ်…ဒါပေမဲ့ သူ့အကြောင်း ဘာကိုမှ မမေးနဲ့…ပြီးတော့ နင့်ရဲ့ အဲဒီညှို့ကွက်တွေကိုလည်း လုချန်အပေါ်မှာ လာပြီး မသုံးနဲ့... မဟုတ်ရင်တော့..."
"ငါတို့ တိုက်ခိုက်ကြရလိမ့်မယ်"
ဤသို့ ပြောပြီးနောက် ကုချင်း၀မ်သည် ဆုလီယန်အား လျစ်လျူရှုကာ မီးဖိုချောင်ဆီသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့တော့သည်။
မနေ့က ဆုလီယန် မထွက်ခွာမီ လုချန်အား လှမ်းကြည့်သွားခဲ့သည့် အကြည့်ကို မြင်ကတည်းက... ကုချင်း၀မ်သည် ဆုလီယန်အနေဖြင့် သူမဓားကွက်၏ ကိစ္စသည် လုချန်နှင့် ပတ်သက်နေကြောင်း ရိပ်မိသွားပြီဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။
ကုချင်း၀မ်သည် ဆုလီယန်အား မောင်းထုတ်ပစ်ပြီး သူတို့နှစ်ဦး ဆုံတွေ့ခြင်းကို တားဆီးရမလားဟူ၍ တစ်ညလုံး စဉ်းစားခဲ့သော်လည်း... နောက်ဆုံးတွင် ထိုသို့ လုပ်ဆောင်ခြင်း မပြုခဲ့ချေ။
သူမ ထိုသို့ မလုပ်ဆောင်ခဲ့သည့် အကြောင်းရင်းမှာ အလွန်ပင် ရိုးရှင်းပါသည် ... ကုချင်း၀မ် ခံစားရသည်မှာ သူမအနေဖြင့် လုချန်အတွက် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် မည်သည့်အခွင့်အရေးမျှ မရှိခြင်းကြောင့် ဖြစ်သည်။
သူမသည် လုချန်အတွက် ဘာမျှမဟုတ်ပါချေ။ မည်သူက လုချန်နှင့် သူငယ်ချင်းဖြစ်ချင်သည်... သို့မဟုတ် လုချန်က မည်သူနှင့် သူငယ်ချင်းဖြစ်ချင်သည်ဆိုသည်မှာ လုချန်၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်။
လုချန်သည် သူမ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု မဟုတ်သည့်အတွက်... သူမအနေဖြင့် သူ့ကို မည်သို့ ကန့်သတ်ထားနိုင်မည်နည်း
သို့သော်လည်း ယောင်ချီသန့်စင်နယ်မြေ၏ ဧကရီတစ်ဦးအနေဖြင့်... ထို့ထက်မက လုချန်၏ သူငယ်ချင်းတစ်ဦးအနေဖြင့်... ကုချင်း၀မ်သည် လုချန်အား ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ခံစားမိသည်။
ဆုလီယန်၏ ကစားခြင်းကြောင့် သေဆုံးသွားခဲ့ရသည့် လူပေါင်း မည်မျှအထိ ရှိခဲ့ပြီနည်း။
ကုချင်း၀မ်သည် ဆုလီယန်နှင့် နီးစပ်လိုကြသဖြင့် နောက်ဆုံးတွင် သူမ၏ လက်ချောင်းတစ်ချောင်းကိုပင် မထိရဘဲ အသက်ဆုံးရှုံးသွားခဲ့ကြရသည့် ပါရမီရှင် အထွတ်အထိပ်လူငယ်များနှင့် ကျော်ကြားလှသော ထိပ်သီးပုဂ္ဂိုလ်ပေါင်းများစွာကို မရေမတွက်နိုင်အောင် မြင်တွေ့ဖူးခဲ့သည်။
ဆုလီယန်သည် ကုချင်း၀မ်နှင့် မတူညီချေ။ ကုချင်း၀မ်သည် ကျယ်ပြောလှသော ကြယ်တာရာများကဲ့သို့ပင် ဖြစ်၍... လုံးဝ နီးစပ်၍မရနိုင်ပါချေ။ သူမ၏ အေးစက်သော မျက်နှာနှင့် အတူမရှိနိုင်လောက်အောင် မာနကြီးလှသော အကြည့်များကတင် လူတိုင်းကို မိုင်ပေါင်းထောင်ချီ ဝေးကွာသွားစေသည်။
သို့သော် ဆုလီယန်ကမူ မိမိ၏ အနားတွင် ပွင့်လန်းနေသော နှင်းဆီနီတစ်ပွင့်ကဲ့သို့ပင် ဖြစ်သည် ... သူမသည် တမင်တကာ ဝေးကွာအောင် ဟန်ဆောင်တတ်ပြီး ချိုသာသော စကားလုံးများကို အသုံးပြုတတ်သည်။
သင်သည် သူမကို ပိုင်ဆိုင်တော့မည်ဟု ခံစားရချိန်တွင်... အမှန်စင်စစ်၌မူ သင်သည် သူမ၏ လက်ဖဝါးထဲတွင် ကစားခြင်းကို ခံနေရခြင်းဖြစ်ပြီး... နောက်ဆုံးတွင် ပြုံးလျက်နှင့်ပင် သေဆုံးသွားရတတ်သည်။
ထို့ထက်မက အရေးကြီးသည်မှာ ထိုကောင်စုတ်လေးမှာ လူရှုပ်လေးတစ်ဦး ဖြစ်နေခြင်းပင်။(နှာဘူးအသေးစားလေး)
ဆုလီယန်၏ ချိုသာသော စကားလုံးများဖြင့် ဖျားယောင်းခြင်းကို ခံရပြီးနောက်... သူသည် သူမအတွက် အသက်ပင် သေခံရန် စိတ်အားထက်သန်စွာ ပြေးသွားလောက်သည်မှာ ထင်ရှားလှသည်။
ဆုလီယန်အား နှုတ်ပိတ်ထားခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍မူ... ကုချင်း၀မ်တွင် သူမ၏ ကိုယ်ပိုင်အကြောင်းပြချက် ရှိသည်။ (လုချန် အကြောင်း မမေးခိုင်းတာ)
ဆယ်ရက်ကျော်မျှ အတူတကွ ထိတွေ့ဆက်ဆံခဲ့ပြီးနောက်တွင် ကုချင်း၀မ်သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည် ... ဒီအရာက တစ်ခါတရံတွင် လုချန်ကိုယ်တိုင်ပင် မိမိကိုယ်မိမိ မည်မျှအထိ အစွမ်းထက်နေပြီဖြစ်မှန်း သေချာသဘောမပေါက်ခြင်း ဖြစ်သည်။
ပြီးခဲ့သော အကြိမ်က သူတော်စင်အဆင့်ဆေးလုံး ၏ ကိစ္စသည် သက်သေပင် ဖြစ်သည်။
ကုချင်း၀မ် တွေးမိသည်မှာ ဒီအရာသည် လုချန်၏ ကျင့်ကြံခြင်းလမ်းစဉ်နှင့် သက်ဆိုင်နိုင်သည်... ဘာပဲဖြစ်ဖြစ် လုချန်သည် သူ၏ စိတ်ထဲမှနေ၍ လူသားတစ်ဦးအဖြစ် ဟန်ဆောင်လိုကြောင်း အမြဲတမ်း ရေရွတ်နေတတ်သည် မဟုတ်လား။
သူသည် လူသားတစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းဖြစ်၍... သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ခွင့် ပြု၍မရနိုင်ပါချေ။
ဖြစ်နိုင်သည်မှာ သူမ၏ ပေါ်ပေါက်လာမှုသည်ပင် လုချန်၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် နှောင့်ယှက်မှုတစ်ခု ဖြစ်နှင့်ပြီးဖြစ်နိုင်သည်။
သို့သော်လည်း ကုချင်း၀မ်တွင် အမှန်တကယ် ရွေးချယ်စရာ မရှိခဲ့ပါချေ။ ဘာပဲဖြစ်ဖြစ် သူမအနေဖြင့် လုချန်၏ စိတ်ထဲက အတွေးများကို ဘာဖြစ်လို့ ကြားနိုင်နေရသလဲဆိုသည်ကို ယခုထက်ထိ အဖြေရှာမရသေးသောကြောင့် ဖြစ်သည်။
ဒီအရာသည် နောက်ပြန်လှည့်၍မရနိုင်တော့သည့် ကိစ္စဖြစ်နေသဖြင့် သူမ ဆက်လက်တွေးတောမနေတော့ဘဲ... ပြင်ပလူများအနေဖြင့် လုချန်၏ ကျင့်ကြံခြင်းလမ်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးခြင်းကိုမူ ကုချင်း၀မ် လုံးဝ ခွင့်ပြုမည်မဟုတ်ပါချေ။
ထို့ကြောင့် ကုချင်း၀မ်သည် ဆုလီယန်အား ပါးစပ်ပိတ်ပြီး လူအတစ်ယောက်ကဲ့သို့ နေထိုင်စေလိုခြင်း ဖြစ်သည်။ တကယ်လို့ ဆုလီယန်သာ မလိုအပ်သော စကားတစ်ခွန်းကို ပြောဝံ့မည်ဆိုပါက... ကုချင်း၀မ်သည် ချက်ချင်းပင် ရန်သူအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
သူမသည် စစ်မှန်သော ဧကရာဇ်အဆင့်သို့ မရောက်ရှိသေးဘဲ ဆုလီယန်၏ ပြိုင်ဘက် မဟုတ်သေးပါစေဦးတော့... သူမသည် ခုနက ပြောခဲ့သည့်အတိုင်း သေချာပေါက် အသက်ရင်းကာ တိုက်ခိုက်မည်သာ ဖြစ်သည်။
ယခုအခါ ဆုလီယန်သည် ကုချင်း၀မ်၏ ကျောပြင်ကို ကြည့်ရင်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
ကြည့်ရတာ... ကုချင်း၀မ်တစ်ယောက် တစ်စုံတစ်ဦးကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် ဂရုစိုက် ကာကွယ်ပေးနေတာကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ကုချင်း၀မ်ကဲ့သို့ မာနကြီးလှပြီး... မြင့်မြတ်လှကာ... မည်သူ့ကိုမျှ မျက်စိထဲမထားတတ်သည့် လူစားမျိုးက... အခုတော့ ဒီလောက်အထိ ကာကွယ်ပေးနေရော့သလား။
ယခင်က သူမ ထင်မှတ်ထားခဲ့သည်မှာ ဤကုချင်း၀မ်ဟူသော မိန်းမသည် နတ်ဘုရားရုပ်ထုတစ်ခုကဲ့သို့ပင် ဖြစ်ပြီး... လောကသားတို့၏ ကိုးကွယ်ပူဇော်မှုကိုသာ လက်ခံနိုင်စွမ်းရှိသော်လည်း... လူသားတို့၏ ဒုက္ခဝေဒနာများကိုမူ မျက်လုံးဖွင့်ကြည့်နိုင်စွမ်း မရှိဟု ဖြစ်သည်။
...
နံနက်စာ ပြင်ဆင်ပြီးသွားသောအခါ ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် ထိုင်လိုက်ကြသည်။
လုချန်ကမူ အစာမစားဘဲ... ပါးကွ ရှစ်ကွက်မီးဖို ဆီသို့ အပြေးအလွှား သွားရောက်ကာ စတင်ကိုင်တွယ်တော့သည်။
ဟင်းချက်နေစဉ်အတွင်း လုချန်သည် ခဏနေလျှင် သူလုပ်ဆောင်လိုသော ကိစ္စရပ်များကို ရုတ်တရက် တွေးမိသွားသဖြင့်... ကိရိယာအချို့ကို သွန်းလုပ်ရန် လိုအပ်လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဆုလီယန်သည် သူမ၏ ရှေ့မှောက်ရှိ ဆန်ပြုတ်ဖြူဖြူကို ကြည့်ကာ... စူးစမ်းလိုစိတ်ဖြင့် ဇွန်းဖြင့် တစ်ဇွန်းမျှ ခူးယူ၍ မြည်းစမ်းကြည့်လိုက်ရာ... သူမ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ထိတ်လန့်အံ့ဩသွားသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဒါက တာအို အရှိန်အဝါ အပိုင်းအစတွေလား….
ဒါကို လုချန်က ချက်ထားတာ ဟုတ်လား
ကုချင်း၀မ်သည် ဤခြံဝင်းငယ်လေး၏ အိမ်ရှင်မတစ်ဦးကဲ့သို့ပင်... သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးဖြင့် ဇွန်းကိုကိုင်ကာ ကျောက်စိမ်းပန်းကန်လုံးထဲက ဆန်ပြုတ်ဖြူဖြူကို စိတ်မလောဘဲ ဖြည်းညှင်းစွာ မွှေနေလိုက်သည်။
မိမိ၏ ရှေ့မှောက်တွင် ဇွန်းကိုပင် ချထားခဲ့ပြီး ဆန်ပြုတ်ကို အငန်းမရ သောက်သုံးနေသော ဆုလီယန်ကို ကြည့်ရင်း... ကုချင်း၀မ်သည် စိတ်ထဲမှ အေးစက်စွာ နှာမှုတ်လိုက်မိသည်... ဒီအရာက တကယ့်ကို လောကကြီးထဲတွင် ဘာမျှမမြင်ဖူးသည့် လူစားမျိုးကဲ့သို့ပင် ဖြစ်သည်။
လုချန်သည် ကိရိယာများကို စတင်သွန်းလုပ်ရန် ပြင်ဆင်လိုက်ချိန်တွင် ရုတ်တရက် အရာတစ်ခုကို သတိရသွားပြီး... ဘေးနားက ကုချင်း၀မ်ဘက်သို့ လှည့်ကာ မေးလိုက်သည် ...
"ဧကရီ... ဒီနေ့ လုပ်စရာ အလုပ်တစ်ခုခု ရှိပါသလား"
လုချန် တွေးမိသည်မှာ မနေ့က ဆုလီယန်သည် လျှို့ဝှက်နယ်မြေ၏ ကိစ္စရပ်များကို ဆွေးနွေးရန် ပြောခဲ့သည်မဟုတ်လား... ဒီလို ထိပ်သီးပုဂ္ဂိုလ်ကြီးများသည် တစ်နေ့လုံး ဆွေးနွေးကြရမည် မဟုတ်လား။
ထိုသို့ဆိုလျှင် ကုချင်း၀မ်အနေဖြင့် ယနေ့ သူ့နောက်သို့ လိုက်ရန် အချိန်ရှိလိမ့်မည်မဟုတ်ဘဲ... သူကိုယ်တိုင် လွတ်လပ်စွာ လှုပ်ရှားနိုင်မည် မဟုတ်လား။
ကုချင်း၀မ်သည် ဆန်ပြုတ်ဖြူဖြူကို တစ်ငုံမျှ ဖြည်းညှင်းစွာ သောက်လိုက်ပြီး မည်သည့်အမူအရာမျှမပြဘဲ ပြောလိုက်သည် ...
"ဘာအလုပ်မှ မရှိဘူး… ပုံမှန်အတိုင်းပဲ… နင် ဘာလုပ်လုပ် ငါ နင့်နောက်ကို လိုက်မယ်"
လုချန် မျက်တောင်ခတ်လိုက်ပြီး ကုချင်း၀မ်၏ မျက်နှာချင်းဆိုင်တွင်ရှိသော ဆုလီယန်ကို လှမ်းကြည့်လိုက်သည်။
ယခုအချိန်တွင် ဆုလီယန်သည် ခေါင်းကိုပင် မဖော်ဘဲ ပြောလိုက်သည် ...
"ငါလည်း နင်တို့နှစ်ယောက်နဲ့ အတူတူ လိုက်ခဲ့မယ်"
ဧကရီနှစ်ဦး၏ စကားကို ကြားရသောအခါ လုချန်သည် ခေါင်းညိတ်လိုက်ပြီး ဘာမျှမပြောတော့ချေ။ လူတစ်ယောက် ပိုလာခြင်းကလည်း မများသလို... တစ်ယောက် လျော့သွားခြင်းကလည်း မနည်းပါချေ။
သူတို့အား အသိပေးပြီးနောက် လုချန်သည် မိမိ၏ ကိုယ်ပိုင်ကိစ္စကို စတင်လုပ်ဆောင်တော့သည်။
သူသည် ရှို့ရှန်းတောင်မှ ကြေးနီတုံးကို ထုတ်ယူလိုက်ပြီးနောက်... ပါကွ ရှစ်ကွက်မီးဖိုထဲသို့ တိုက်ရိုက်ပစ်ထည့်ကာ အရည်ကျိုရန် မီးစတင်မွှေးလိုက်တော့သည်။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်... မည်သည့်အမူအရာမျှမပြဘဲ ဆန်ပြုတ်သောက်နေခဲ့သော ကုချင်း၀မ်သည် ရုတ်တရက် ကြောင်အသွားရပြီး... နောက်တစ်စက္ကန့်တွင် သူမသည် ဘေးနားက ပါကွရှစ်ကွက် မီးဖိုဆီသို့ ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်မိသည်။
‘ဒါ... သူက ဘာအရာကို သွန်းလုပ်နေတာလဲ’
ထိုအချိန်တွင် ဆုလီယန်သည်လည်း လုံးဝ ဆွံ့အသွားရသည်… ဒါက ဘာလဲ။
ဆုလီယန်သည် ခုနတင်က ရှို့ရှန်းတောင်မှ ကြေးနီတုံးကို မြင်တွေ့ခဲ့ရပြီးဖြစ်သလို... ၎င်း၏ သန့်စင်မြင့်မြတ်သော အရှိန်အဝါကိုလည်း ခံစားမိခဲ့သည်။
သို့သော်လည်း ရှို့ရှန်းတောင်မှ ကြေးနီတုံးကို သွန်းလုပ်ရန်အတွက် ပါကွ ရှစ်ကွက်မီးဖိုထဲသို့ ပစ်ထည့်လိုက်သည့် အချိန်တွင်မူ... ထိုသန့်စင်မြင့်မြတ်သော အရှိန်အဝါသည် အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးသည် ထိုအခိုက်အတန့်တွင် သန့်စင်မြင့်မြတ်သော အရှိန်အဝါအောက်၌ ချက်ချင်းပင် လွှမ်းမိုးခြင်း ခံလိုက်ရသည်။
ခဏချင်းအတွင်းမှာပင် ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးတွင် ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည် ... သစ်ပင်ပန်းမန်များနှင့် သက်ရှိအားလုံးသည် ထိုသန့်စင်မြင့်မြတ်သော အရှိန်အဝါ၏ အားဖြည့်မှုခံယူကြရသကဲ့သို့ ဖြစ်ပြီး... အငန်းမရပင် အဆင့်ဆင့် တိုးတက်ကြီးထွားလာကြတော့သည်
ဒါကဘယ်လို ခြောက်ခြားဖွယ်ကောင်းလှသည့် သန့်စင်မြင့်မြတ်သော အရှိန်အဝါမျိုးလဲ။
ဒီကောင်စုတ်ကတော့...
သူက ဘယ်လိုမျိုး ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့လက်နက် မျိုးကို သွန်းလုပ်နေတာလဲ…
ကြည့်ရတာ... ကြည့်ရတာ ဒါကလည်း နောက်ထပ် သူတော်စင်အဆင့် လက်နက်တစ်ခု ဖြစ်ပုံရပြန်တယ်။
ထိုအချိန်တွင် လုချန်ကမူ သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ပါးကွ ရှစ်ကွက်မီးဖိုထဲသို့ ထည့်သွင်းကာ... တူဖြင့် ထုရိုက်နေခဲ့ပြီး... မိမိ၏ ဘေးပတ်ဝန်းကျင်တွင် ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ သိရှိခြင်း မရှိပါချေ။