လုချန်သည် ဒဏ္ဍာရီလာ ပုံပြင်များအကြောင်းကို အများကြီး မသိရှိသော်လည်း... ရှို့ရှန်းတောင်မှ ကြေးနီသည် ရွှမ်ယွမ်ဓားကို သွန်းလုပ်သည့် ကုန်ကြမ်းပစ္စည်းဖြစ်ကြောင်း မည်သို့ သိရှိနေရသနည်းဆိုလျှင်...
အကြောင်းမှာ စနစ်သည် လုချန်အား လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သက်သော စာအုပ်အများအပြားကို ယခင်က ပေးအပ်ဖူးသောကြောင့် ဖြစ်သည်။
စာအုပ်များထဲတွင် ရွှမ်ယွမ်ဓား၏ ထုတ်လုပ်ပုံနည်းလမ်း... ကုန်ကြမ်းပစ္စည်းများနှင့် သွန်းလုပ်မှု လက်ရာအဆင့်အတန်းတို့ကို အပြည့်အစုံ မှတ်တမ်းတင်ထားကြသည်။
ချက်ချင်းပင် လုချန်သည် သူ၏ ချန်ခွန်းအိတ်ထဲမှ တောက်ပသော အဝါရောင်ရှိပြီး အလွန်လေးလံသော ကြေးဝါတုံးတစ်တုံးကို ထုတ်ယူလိုက်သည်။
ထိုအရာသည် အရွယ်အစားကြီးမားသော ရွှေတုံးကြီးတစ်တုံးကဲ့သို့ပင် ဖြစ်ပြီး... လက်မောင်းတစ်ဆန့်ခန့် ရှည်လျားကာ လွန်စွာ လေးလံလှသည်။
လုချန်သည် ထိုရှို့ရှန်းတောင်မှ ကြေးနီကို လက်တစ်ဖက်ဖြင့် ကိုင်မြှောက်ကာ အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။
‘အင်း... ငါ... ရွှမ်ယွမ်ဓားတစ်လက်ကို ကိုယ်တိုင် သွန်းလုပ်ကြည့်ရမလား…’
ဘာပဲဖြစ်ဖြစ် လုချန်တွင် နည်းလမ်းလည်းရှိ... ကုန်ကြမ်းလည်း ရှိနေသည်ပဲ မဟုတ်လား။
ထို့ထက်မက အရေးကြီးဆုံးအချက်မှာ လုချန်သည် စနစ်မှ ပေးအပ်ထားသော "လက်နက်သွန်းလုပ်ခြင်း အတတ်ပညာ" ဟူသည့် စာအုပ်ကို အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ ကျင့်ကြံထားပြီးဖြစ်ခြင်းပင်။
လုချန်အနေဖြင့် ရွှမ်ယွမ်ဓားကို အမှန်တကယ် ဖန်တီးနိုင်စွမ်း ရှိသည်။
သို့သော်လည်း... သူ ဖန်တီးနိုင်သော်လည်း... ဖန်တီးရန် လုံးဝ မလိုအပ်ပါချေ။
အဘယ်ကြောင့်ဆိုသော်...
လုချန်တွင် ရွှမ်ယွမ်ဓားတစ်လက် ရှိနှင့်ပြီးဖြစ်သောကြောင့်ပင်…
လွန်ခဲ့သော လေးနှစ် သို့မဟုတ် ငါးနှစ်ခန့်က... ယခုကဲ့သို့ပင် နံနက်ခင်းတစ်ခုတွင် သူ အိပ်ရာမှ နိုးလာသောအခါ... စနစ်က လုချန်အား တာဝန်၏ အဆင့်တစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ပြောကြားကာ ရွှမ်ယွမ်ဓားတစ်လက်ကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ဖူးသည်။
သေချာတာပေါ့... လုချန်အနေဖြင့် ထိုဓားသည် စစ်မှန်သော ရွှမ်ယွမ်ဓား အစစ်အမှန် ဟုတ်... မဟုတ်ကိုမူ သေချာမသိရဘဲ... ပုံတူအဆင့်မြင့်လက်နက် တစ်ခုလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် အလွန်တရာ ထက်မြက်လှသည်။ ရွှမ်ယွမ်ဓားကို စတင်ရရှိခဲ့သည့် ပထမဆုံး ရက်အနည်းငယ်အတွင်း... လုချန်သည် ဓားကို လက်ထဲတွင်ကိုင်ကာ နေ့တိုင်း ကစားခဲ့ဖူးသည်။
ထိုရက်များအတွင်း ရှန်ယွန်းတောင်ထိပ် တစ်ခုလုံးတွင် မီတာဝက်ထက် ပိုမိုမြင့်မားသော မြက်ပင်တစ်ပင်မျှပင် မကျန်ရှိတော့ဘဲ... လုချန်က အကုန်လုံးကို ခုတ်ထစ်ဖျက်ဆီးပစ်ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လုချန်သည် လက်နက်များနှင့် ဒီလိုသောအရာများကို အများကြီး စိတ်မဝင်စားတော့ချေ။
လူတစ်ဦးကိုယ်တိုင်က သန်မာနေသရွေ့ လက်နက်က ဘာအသုံးဝင်ဦးမည်နည်း။
တကယ်လို့ အသက်သုံးနှစ်အရွယ် ကလေးတစ်ယောက်က မီးဖိုချောင်သုံးဓားတစ်လက်ကို ကိုင်ထားလျှင်ပင်... သူ၏ ဖခင်ဖြစ်သူက ဆိုဖာအောက်သို့ ကန်ချခြင်းကို ခံရမည်သာ မဟုတ်လား။
ထို့ကြောင့် လုချန် ခံစားရသည်မှာ မိမိကိုယ်တိုင် သန်မာနေရန်သာ လိုအပ်ခြင်းဖြစ်သည်။ ထိုရွှမ်ယွမ်ဓားကို ရက်အနည်းငယ်မျှ ဆော့ကစားပြီးနောက်... သူသည် ဓားကို ချန်ခွန်းအိတ်ထဲသို့ ထည့်သွင်းကာ ဖုန်တက်စေခဲ့ပြီးနောက် မည်သည့်အခါမျှ ပြန်လည်ထုတ်မသုံးမိတော့ချေ။
ထို့ကြောင့်...ရှို့ရှန်းတောင်မှ ကြေးနီတုံးသည် မည်မျှပင် အစွမ်းထက်သော အရာဖြစ်ပါစေဦးတော့... လုချန်တွင် ရွှမ်ယွမ်ဓားကို သွန်းလုပ်ရန် စိတ်ကူး လုံးဝ မရှိပါချေ။
ဒီအရာက ဘာအတွက် အသုံးဝင်မှာမို့လို့လဲ။
လုချန်သည် လက်ထဲတွင် ရှို့ရှန်းတောင်မှ ကြေးနီတုံးကို ကိုင်မြှောက်ရင်း အနည်းငယ် ငေးမှိုင်နေမိသည်။
သို့သော်လည်း လုချန်အား ပိုမို၍ ကြောင်အသွားစေသောအချက်မှာ မနေ့က သူရရှိခဲ့သော လူသားဆန်မှုအမှတ်မှာ သုံးထောင်အထိ ရှိနေခြင်းဖြစ်ပြီး... ဒီအရာက အလွန်အမင်း များပြားလွန်းလှသည်။
မနေ့က သူလုပ်ဆောင်ခဲ့သော အရာများကို ပြန်လည်စဉ်းစားကြည့်ရင်း... လုချန်သည် တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
မနေ့က သူသည် ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့သော်လည်း... ယခင်နေ့ရက်များနှင့် မတူညီသောအချက်မှာ တောင်အောက်သို့ ဆင်း၍ ဆီးသီးများကို ခူးဆွတ်ခဲ့ခြင်း... ထို့နောက် စိုက်ပျိုးရန်အတွက် ပြန်လည်ယူဆောင်လာခြင်းနှင့် ထို့နောက်တွင် ချင်းဟူ ဧကရီ ရောက်ရှိလာခြင်းတို့ ဖြစ်သည်။
ယခု ပြန်လည်စဉ်းစားကြည့်လျှင်... တောင်အောက်ဆင်း၍ ဆီးသီးများကို ခူးဆွတ်ကာ စိုက်ပျိုးခြင်းသည် လူသားတစ်ဦး၏ နွေဦးစိုက်ပျိုးခြင်းနှင့် ဆောင်းဦးရိတ်သိမ်းခြင်းကဲ့သို့သော လူသားဆန်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။
ချင်းဟူ ဧကရီနှင့် ပတ်သက်သော ကိစ္စတွင်မူ... လုချန် ခံစားရသည်မှာ ဒါကကို ဓားပညာ လေ့လာသင်ယူခြင်းဟု ခေါ်ဆိုနိုင်သော်လည်း... သူသည် မည်သည့်အရာကိုမျှ မသင်ယူခဲ့ဘဲ သူမ၏ ရှည်လျားလှပသော ခြေတံဖြူဖြူများကိုသာ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ထိုအချက်နှစ်ချက်ကြောင့်ပင် သူ၏ လူသားဆန်မှုအမှတ်သည် အလွန်အမင်း မြင့်တက်လာခဲ့ခြင်း ဖြစ်ရမည်။
ထိုသို့တွေးမိသောအခါ လုချန်သည် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်... သူ ဒီနေရာသို့ ရောက်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိခဲ့ပြီဖြစ်သော်လည်း... ယခုအချိန်ကျမှသာ စနစ်၏ သဘောတရားကို သေချာနားလည်သဘောပေါက်လာခဲ့ခြင်း ဖြစ်သည်။
ယခင်က နေ့စဉ် နေ့တိုင်း လူသားဆန်မှုအမှတ် တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ တိုးတက်ခဲ့သည်ကို ပြန်လည်တွေးတောမိရင်း... လုချန်သည် တကယ်ကို စိတ်ပျက်မိသည်။
သူသည် ယခင်က တကယ်ကို အသိဉာဏ်မပွင့်ခဲ့ချေ။ ဘာပဲဖြစ်ဖြစ် နေ့တိုင်း အိပ်လိုက် စားလိုက်သာ လုပ်နေသည့် လူသားတစ်ဦးကို ဘယ်နေရာမှာ သွားရှာလို့ ရနိုင်ပါမည်နည်း။
လူသားဆိုသည်မှာ အာရုံငါးပါးရှိရမည် မဟုတ်ပါလား…
တကယ်လို့ ထိုသို့ဆိုလျှင်...
ဒီနေ့ ငါ ဘာလုပ်ရမလဲ…
အောက်က ဟင်းသီးဟင်းရွက်စိုက်ခင်းကို မြေလှန်လိုက်ရင် ကောင်းမလား။
လုချန်တွင် အောက်ဘက်၌ ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခု ရှိသော်လည်း... သူသည် ထိုစိုက်ခင်းကို သေချာဂရုစိုက်လေ့ မရှိပါချေ။
အဘယ်ကြောင့်ဆိုသော် လုချန်သည် "ရှန့်နုံကျင့်စဉ် " ကို အထွတ်အထိပ်ထိ ကျင့်ကြံထားပြီးဖြစ်သည့်အတွက်... ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းမှာ သူ့အတွက် အလွန်ပင် လွယ်ကူလှသည်။ သူသည် မြေကျင်းတစ်ခုတူးကာ မျိုးစေ့နှစ်စေ့ခန့် ပစ်ထည့်လိုက်ရုံဖြင့် သူ၏ အရှိန်အဝါအောက်တွင် အလိုအလျောက် ကြီးထွားလာမည် ဖြစ်သည်။
နေ့တိုင်း ပင်ပန်းခံ၍ မြေဩဇာကျွေးခြင်း... ရေလောင်းခြင်း သို့မဟုတ် ပြုစုပျိုးထောင်ခြင်းများ ပြုလုပ်ရန် လုံးဝ မလိုအပ်ပါချေ။
လုချန်သည် အပင်များကို စိုက်ပျိုးပြီးလျှင် အများကြီး ဂရုမစိုက်တော့ဘဲ... သူတို့ ကြီးထွားလာသည့် အချိန်ကျမှသာ ဟင်းချက်စားရန်အတွက် အနည်းငယ် သွားရောက်ခူးဆွတ်လေ့ ရှိသည်။
လုချန်တစ်ယောက် တွေးတောနေစဉ်မှာပင်... ခြံဝင်းအတွင်း၌ ရုတ်တရက် သာယာသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လုချန်သည် ခေါင်းလှည့်ကြည့်လိုက်ရင်း ပြောလိုက်သည် ...
"ဒီနေ့တော့ ဘာလို့ ဒီလောက်တောင် မြန်မြန် ပြန်လာရတာလဲ..."
သို့သော်လည်း လုချန် စကားပင် မဆုံးသေးမီမှာပင် ရပ်တန့်သွားခဲ့ရသည်။ ရောက်ရှိလာသူမှာ ကုချင်း၀မ် မဟုတ်ဘဲ... ချင်းဟူ ဧကရီ... ဆုလီယန် ဖြစ်နေသောကြောင့်ပင်။
ယနေ့တွင် ဆုလီယန်သည် အလွန်အမင်း လှပနေပြီး... အပေါက်ဖောက် ဇာထိုးထားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ... မနေ့က ပထမဆုံး စတင်ဆုံတွေ့ခဲ့စဉ်ကအတိုင်းပင် ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းပြလှသည်။
ဤဆုလီယန်နှင့် ပတ်သက်၍မူ... လုချန်သည် ကုချင်း၀မ်ကို စိုက်ကြည့်သကဲ့သို့ ပြင်းပြင်းထန်ထန် စိုက်ကြည့်ရန် လုံးဝ မဝံ့ရဲပါချေ။
ဘာပဲဖြစ်ဖြစ် လုချန်သည် ကုချင်း၀မ်နှင့် ရင်းနှီးပြီးဖြစ်၍... သူမအနေဖြင့် အလွန်ဆုံးရှိမှ သူ၏နားရွက်ကိုဆွဲကာ ခဏမျှ ဗြစ်တောက်ဗြစ်တောက် ပြောရုံမှတစ်ပါး... သူ့ကို ဘာမျှလုပ်မည်မဟုတ်ကြောင်း သိရှိထားသည်။
သို့သော် ဆုလီယန်၏ ရက်စက်ကြမ်းကြုတ်မှုကိုမူ…ပြင်ပကမ္ဘာက ကိစ္စရပ်အားလုံးကို လျစ်လျူရှုကာ ရှန်ယွန်းတောင်ထိပ်ပေါ်တွင် နေ့တိုင်း အိပ်လိုက်စားလိုက်သာ လုပ်နေသည့် လုချန်ပင်လျှင် ကောင်းစွာ ကြားသိဖူးသည်။
ချက်ချင်းပင် လုချန်သည် ရိုသေခန့်ညားသော မျက်နှာပေးဖြင့် ပြောလိုက်သည် ...
"ဧကရီကုချင်း၀မ်က မဟာခန်းမဆီကို သွားပြီး ယောင်ချီသန့်စင်နယ်မြေက တပည့်တွေကို ကျင့်စဉ် လမ်းညွှန်ပေးနေပါတယ်"
‘လုချန် စိတ်ထဲမှ တွေးမိသည်မှာ... မနေ့က ဆုလီယန်သည် တံခါးပိတ်ကျင့်ကြံတော့မည်ဟု ပြောခဲ့သည်မဟုတ်လား ဘာဖြစ်လို့ ဒီလောက်တောင် မြန်မြန် ပြန်ထွက်လာရတာလဲ’
ဆုလီယန်သည် သူမ၏ ညှို့ဓာတ်ပြင်းလှသော မျက်ဝန်းများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီး... လုချန်၏ အနားသို့ လျှောက်လှမ်းလာရင်း စွဲမက်ဖွယ်ကောင်းသော အသံဖြင့် ပြောလိုက်သည် ...
"မောင်လေးရယ်... နင်က..."
"နင့်လက်ထဲက အဲဒီအရာက ဘာလဲ"
ပထမစကားစုတွင် ဆုလီယန်၏ အသံမှာ အလွန်အမင်း ဆွဲဆောင်မှုရှိလှရာ... တကယ်လို့ သာမန်အမျိုးသားတစ်ဦးသာဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မိန်းမောသွားလောက်သည်။
သို့သော် စကားပင် မဆုံးသေးမီမှာပင်... ဆုလီယန်သည် လုချန်၏ လက်ထဲတွင်ရှိသော ကြီးမားလှသည့် ရှို့ရှန်းတောင်မှ ကြေးနီတုံးကြီးကို မြင်တွေ့သွားခဲ့ခြင်း ဖြစ်သည်။
သူမ၏ အသံနှင့် အမူအရာသည် ချက်ချင်းပင် လေးနက်တည်ကြည်သွားပြီး... မျက်နှာတစ်ခုလုံးတွင် သံသယများဖြင့် ပြည့်နှက်သွားခဲ့သည်။
လုချန် လန့်သွားရပြီး မိမိအနေဖြင့် လက်ထဲက ရှို့ရှန်းတောင်မှ ကြေးနီတုံးကို သိမ်းဆည်းရန် မေ့လျော့နေခဲ့သည်ကို သတိပြုမိသွားသည်။
ဆုလီယန်၏ ထိတ်လန့်အံ့ဩနေသော အမူအရာကို ကြည့်ရုံဖြင့်... သူမသည် မိမိလက်ထဲက ရှို့ရှန်းတောင်မှ ကြေးနီတုံး၏ ထူးခြားဆန်းပြားမှုကို ရိပ်မိသွားပြီဖြစ်ကြောင်း လုချန် သိရှိလိုက်သည်။
ဒီအရာက ပြောနေရန်ပင် မလိုပါချေ။ ဒါက စနစ်မှ ပေးအပ်ထားသော အရာဖြစ်ရုံမျှမက... ရွှမ်ယွမ်ဓား၏ ကုန်ကြမ်းပစ္စည်းလည်း ဖြစ်နေသောကြောင့်ပင်။
ဆုလီယန်သည် ဧကရာဇ် အဆင့်တစ်ယောက် ဖြစ်သည့်အတိုင်း... ကြေးနီ၏ ထူးခြားသော သဘာဝဓာတ်ခံကို သဘာဝကျကျ ရိပ်မိနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ဆုလီယန်သည် ရှို့ရှန်းတောင်မှ ကြေးနီဆိုတာ ဘာလဲဆိုသည်ကို မသိရှိသလို... ရွှမ်ယွမ်ဓားဆိုတာ ဘာလဲဆိုသည်ကိုလည်း မသိပါချေ။ လုချန်သည် ရှို့ရှန်းတောင်မှ ကြေးနီတုံးကို အမြန်သိမ်းဆည်းလိုက်ရင်း ဟားဟားရယ်ကာ ပြောလိုက်သည် ...
"ကျွန်တော် လမ်းမှာ မတော်တဆ ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံး ကောက်ရလို့... အဲဒါနဲ့ တစ်ခုခု လုပ်မလားလို့ စဉ်းစားနေတာပါ"
လမ်းမှာ ကောက်ရတာ ဟုတ်လား…
အဓိပ္ပာယ်မရှိတာ…
ဆုလီယန်သည် လုံးဝ မယုံကြည်ပါချေ။ လမ်းဘေးတွင် ကောက်ရသော အရာတစ်ခုက ဒီလောက်အထိ တိကျသေချာသော စတုရန်းပုံစံမျိုး မည်သို့ ရှိနေနိုင်မည်နည်း
ဒါက ကုချင်း၀မ်က သူ့ကို ပေးထားတာ ဖြစ်ရမယ် မဟုတ်လား…
ဆုလီယန်သည် လုချန်၏ လက်ထဲက တောက်ပသော အဝါရောင်သတ္တုတုံးကို တစ်ချက်မျှသာ မြင်တွေ့လိုက်ရသော်လည်း... ထိုအရာတွင် ပါဝင်သော ထူထဲသိပ်သည်းလှသည့် သန့်စင်မြင့်မြတ်သော တာအိုလမ်းစဉ်၏ အရှိန်အဝါ ကြောင့် ချက်ချင်းပင် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
ဤသန့်စင်မြင့်မြတ်သော တာအို၏ အရှိန်အဝါသည် လွန်စွာ ခြောက်ခြားဖွယ်ကောင်းလှပြီး... လောကတွင်ရှိသော မကောင်းဆိုးဝါး အားလုံးကို အလွယ်တကူပင် ချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသကဲ့သို့ ခံစားရစေသည်။
‘ကုချင်း၀မ်သည် ဒီလိုသော အဆင့်အတန်းရှိသည့် အရာမျိုးကို ဘယ်တုန်းက ရရှိခဲ့တာလဲ... ပြီးတော့ ဒါကို ဒီကောင်လေးရဲ့ လက်ထဲကို ဘာဖြစ်လို့ လွှဲပေးထားရတာလဲ’
ဆုလီယန် စဉ်းစား၍ မရနိုင်ပါချေ။ သေချာတာပေါ့... သူမ စဉ်းစား၍ မရသည့်အတွက် ဆက်လက်တွေးတောမနေတော့ဘဲ... သူမ ဒီနေရာသို့ လာခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သော မနေ့က ဓားကွက်၏ ကိစ္စကိုသာ မေးမြန်းရန် ပြင်ဆင်လိုက်သည်။
ဆုလီယန် စတင်မေးမြန်းရန် ပြင်ဆင်လိုက်ချိန်မှာပင်... လုချန်သည် လှည့်ထွက်လိုက်ပြီး မီးဖိုချောင်ဆီသို့ လျှောက်လှမ်းသွားရင်း ပြောလိုက်သည် ...
"ဧကရီအရှင်မ ခဏလောက် ထိုင်နေပေးပါဦး ကျွန်တော့ဆရာဧကရီက လမ်းညွန်တာ ပြီးရင် ပြန်လာပါလိမ့်မယ်…ကျွန်တော် အရင်ဆုံး နံနက်စာ သွားပြင်လိုက်ဦးမယ်"
လုချန်အနေဖြင့် ဆုလီယန်၏ ရှေ့မှောက်တွင် ခစားနေရန် လုံးဝ မလိုအပ်ပါချေ။ ဘာပဲဖြစ်ဖြစ် သူသည် သူမ၏ စောင့်ရှောက်မှုကို ခံနေရသူ မဟုတ်ချေ။
ဒါ့အပြင် ကုချင်း၀မ် လျှင်ပင်... တကယ်လို့ လုချန်သာ အမှန်တကယ် စိတ်မချမ်းမြေ့ဖြစ်ပါက... ကုချင်း၀မ်ကပင် လုချန်အား ကောင်းမွန်သော စကားလုံးများဖြင့် အလျင်အမြန် ပြန်လည်ချော့မော့ရလေ့ရှိသည်... မဟုတ်ပါက သူမအနေဖြင့် ညစာ စားရတော့မည် မဟုတ်ပေ။
သူမ ရပ်နေသော နေရာမှနေ၍ ဆုလီယန်သည် မိမိအား လုံးဝ အရေးမစိုက်ဘဲ လှည့်ထွက်သွားသော လုချန်ကို ကြည့်ရင်း... မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
ဟင်း…
ဒီကောင်လေးကတော့...
သူ့ရဲ့ လိင်စိတ်ခံယူချက် က တကယ်ပဲ ပုံမှန်မဟုတ်တာများလား….