လုချန်နှင့် အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်၍ ကုချင်း၀မ်၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည်လည်း များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လုချန်၏ စိတ်ထဲမှ အတွေးကို ကြားလိုက်ရသောအခါ ကုချင်း၀မ်၏ မျက်နှာသည် ရှက်သွေးဖြန်းကာ နီရဲသွားခဲ့သော်လည်း သူမသည် အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်လည်ထိန်းချုပ်လိုက်သည်။
ဒီကောင်စုတ်လေးကတော့... သူ မကြည့်ချင်လည်း မကြည့်ဘဲ နေပေါ့။ ဘာပဲဖြစ်ဖြစ်... နောင်အနာဂတ်မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။
ယခုအချိန်တွင် ကုချင်း၀မ်သည် သူမ၏ စိတ်ထဲ၌ ခုနတင်က ပေါင်းစပ်တွက်ချက်ထားသော ဓားကွက်ကိုသာ ထုတ်ဖော်ပြသရန် အာရုံစိုက်လိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် ကုချင်း၀မ်သည် စတင်လိုက်လေသည်။
လူတိုင်းက ကုချင်း၀မ်၏ ပထမဆုံး ဓားကွက်ကို မြင်တွေ့လိုက်ရပြီးနောက်... သူမ၏ နောက်ဆက်တွဲ ဓားကွက်များသည် ပိုမို၍ မြင့်မားကာ သူတို့နှင့် အလှမ်းဝေးကွာလွန်းလှသည်ကို တွေ့ရှိရသည်။
ဒီအရာက မြင့်မားသော တောင်တန်းကြီးများနှင့် စီးဆင်းနေသော ရေအိုင်များ... သို့မဟုတ် ပထမဆုံးကျဆင်းသော နွေဦးနှင်းပွင့်များကဲ့သို့ပင် ဖြစ်ရာ... ကြည့်ရှုနေသူ လူတိုင်းသည် မိမိတို့ကိုယ်မိမိ ဘာမျှမသိသော တောသားလေးများကဲ့သို့ ခံစားလိုက်ကြရသည်။
သူတို့အနေဖြင့် ဓားကွက်ကို အံ့ဩမှင်တက်စွာ မော့ကြည့်ရုံမှတစ်ပါး... ဆက်လက်၍သာ မော့ကြည့်နေနိုင်ကြတော့သည်။
နောက်ဆုံးတွင် ကုချင်း၀မ်၏ ဓားကွက်သည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ရာ... ဓားပြိုင်ပွဲတွင် မည်သူက နိုင်ပြီး မည်သူက ရှုံးသည်ကိုမူ လူတိုင်း၏ စိတ်ထဲတွင် အဖြေက ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
သူမသည် ဓားကို အိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ပြီးနောက်... ဆွံ့အတွေဝေနေဆဲဖြစ်သော ဆုလီယန်၏ ရှေ့သို့ မည်သည့်အမူအရာမျှမပြဘဲ လျှောက်လှမ်းသွားကာ ခပ်အေးအေး မေးလိုက်သည်…
"ဘယ်သူနိုင်တယ်လို့ နင်ထင်သလဲ"
ဒါက ပြောနေရန်ပင် လိုအပ်ဦးမည်လော…သေချာပေါက် ကုချင်း၀မ်သာ ဖြစ်သည်။ ထို့အပြင် ကုချင်း၀မ်သည် ရိုးရိုးလေး အနိုင်ရခဲ့ခြင်း မဟုတ်ပေ။ သူမသည် လုချန်၏ စကားတစ်ခွန်းကြောင့် သူမ၏ ကိုယ်ပိုင်ဓားကျင့်စဥ်ကို နယ်ပယ် အဆင့်များစွာအထိ တိုက်ရိုက်မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆုလီယန်သည် နေရာတွင်တင် ကြောင်အစွာ ရပ်နေမိသည်။ သတိပြန်လည်လာပြီးနောက်တွင် သူမသည် သွားကို အနည်းငယ် ကြိတ်လိုက်ကာ ပြောလိုက်သည် ... "သေချာတာပေါ့... နင်နိုင်တာပေါ့"
ဆုလီယန်သည် ရှုံးနိမ့်မှုကို လက်မခံနိုင်သည့် လူစားမျိုး မဟုတ်ပေ။ ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကလည်း ဆုလီယန်သည် ကုချင်း၀မ်နှင့် ယှဉ်ပြိုင်တိုင်း အမြဲတမ်း ဓားတစ်ကွက်အလိုဖြင့်သာ ရှုံးနိမ့်ခဲ့ရဖူးသည်။
ထို့ကြောင့် ဤရှုံးနိမ့်မှုသည် သူမအတွက် ဘာမျှမဟုတ်လှသဖြင့် ဆုလီယန်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်ခြင်း ဖြစ်သည်။
ကုချင်း၀မ်သည် ဆုလီယန်အား တစ်ချက်မျှ လှမ်းကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မပြောခဲ့ချေ။
တစ်ချက်အနေဖြင့် သူမ အနိုင်ရရှိခဲ့ခြင်းမှာ လုချန်ကြောင့်သာ ဖြစ်ပြီး... ကုချင်း၀မ်သည် သူတစ်ပါး၏ အရာများကို အသုံးပြု၍ လူကြားထဲတွင် လေလုံးထွား ဂုဏ်ယူတတ်သည့် လူစားမျိုး မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် ကုချင်း၀မ်၏ စိတ်နေသဘောထားသည် မိမိက အသာစီးရနေချိန်တွင် သူတစ်ပါးအား ညှာတာမှုမရှိဘဲ ဖိနှိပ်တတ်သည့် အမျိုးအစားလည်း မဟုတ်ချေ။
ထို့ကြောင့် ဆုလီယန်အား တစ်ချက်ကြည့်ပြီးနောက် ကုချင်း၀မ်က တိုက်ရိုက်ပင် ပြောလိုက်သည် ... "ဒါဆိုရင် ဒီကိစ္စက ပြီးသွားပြီ"
ဆုလီယန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ပြောသည် ... "သေချာတာပေါ့… ပြီးတော့ လျှို့ဝှက်နယ်မြေ နဲ့ ပတ်သက်ပြီး... နင်နဲ့ ယောင်ချီသန့်စင်နယ်မြေက အခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ငါယူဆတယ်"
အရေးကြီးသောအရာ ရောက်ရှိလာပြီ ဖြစ်ရာ... ယခုအချိန်သည် အလုပ်ကိစ္စများကို ပြောဆိုရမည့် အချိန်ပင် ဖြစ်သည်။
ကုချင်း၀မ်က ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ပြန်လည်ထွက်ခွာခိုင်းရန် ပြင်ဆင်နေစဉ်မှာပင်... ဆုလီယန်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး စကားလမ်းကြောင်းကို လွှဲလိုက်သည် ...
"ဒီကိစ္စကို နောက်ရက်အနည်းငယ်ကျမှပဲ ပြောကြရအောင်…ငါက အခုချက်ချင်း တံခါးပိတ်ကျင့်ကြံအနားယူဖို့ လိုအပ်နေလို့... ဒီရက်ပိုင်းအတွင်း ယောင်ချီသန့်စင်နယ်မြေမှာပဲ ခေတ္တတည်းခိုမယ်"
သူမ အမှန်တကယ် ကျင့်ကြံအနားယူခြင်း ရှိ... မရှိက အဓိက မဟုတ်ပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဒီကိစ္စသည် လုချန်နှင့် အမှန်တကယ် ဆက်စပ်မှု ရှိ... မရှိကို ဆုလီယန်က စုံစမ်းဖော်ထုတ်လိုခြင်း ဖြစ်သည်။
တကယ်လို့ သူတို့သာ လျှို့ဝှက်နယ်မြေအကြောင်းကို ယခုချက်ချင်း အပြီးသတ် ဆွေးနွေးလိုက်မည်ဆိုပါက... ဆုလီယန်အတွက် ယောင်ချီသန့်စင်နယ်မြေတွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် ရှိတော့မည် မဟုတ်ပေ။
ကုချင်း၀မ်သည် ဆုလီယန်၏ စကားကို အများကြီး မတွေးတောမိခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ဆုလီယန်သည် ဓားရူးတစ်ယောက် ဖြစ်သည့်အတိုင်း... ဓားကွက်များအပေါ် ရုတ်တရက် အလင်းပွင့်သွားခဲ့သဖြင့် ကျင့်ကြံရန် စိတ်စောနေခြင်းမှာ သဘာဝကျသည်ဟု ထင်မှတ်လိုက်သည်။
အဲဒါအပြင် လျှို့ဝှက်နယ်မြေ၏ ကိစ္စသည်လည်း သေချာစွာ တိုင်ပင်ဆွေးနွေးရန် လိုအပ်သေးသဖြင့် ခေတ္တခဏအတွင်းနှင့် အပြီးသတ်နိုင်မည့်အရာ မဟုတ်ချေ။
ထို့အပြင်... ကုချင်း၀မ်ကိုယ်တိုင်လည်း ယခုအချိန်တွင် လျှို့ဝှက်နယ်မြေ၏ ကိစ္စရပ်များကို မကြားချင်သေးဘဲ... နောက်ရက်အနည်းငယ်ကျမှ ဆွေးနွေးခြင်းကလည်း အတူတူပင် ဖြစ်သည်။
နေမင်းသည်လည်း လျှောဆင်းလုနီးပါး ဖြစ်နေပြီဖြစ်၍ ညစာစားရန် အချိန်သို့ ရောက်ရှိလုနီးပြီ ဖြစ်သည်။
ကုချင်း၀မ်သည် ဝက်နံရိုးချိုချဥ်ကြော်ကို စားရန်အတွက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
တကယ်လို့ သူတို့သာ ယခုအချိန်မှစ၍ ဆွေးနွေးကြပြီး သန်းခေါင်ယံအချိန်အထိ ကြာမြင့်သွားမည်ဆိုပါက... သူမအနေဖြင့် ဝက်နံရိုးချိုချဥ်ကြော်ကို မည်သို့ စားသောက်နိုင်တော့မည်နည်း။
ချက်ချင်းပင် ကုချင်း၀မ်သည် လုချန်၏ အနားတွင် ရပ်နေသော ယောင်ချီဂိုဏ်းချုပ် ဘက်သို့ လှည့်ကာ ပြောလိုက်သည် ... "လင်ယင်...ချင်းဟူ ဧကရီအတွက် တည်းခိုစရာ နေရာကို စီစဉ်ပေးလိုက်ပါ"
လင်ယင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီးနောက်... ဆုလီယန်၏ အနားသို့ လျှောက်လှမ်းသွားကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လျက် ပြောလိုက်သည် ... "ချင်းဟူ ဧကရီ... ကျွန်မနောက်ကို လိုက်ခဲ့ပေးပါရှင်"
ဆုလီယန်သည် လှည့်ထွက်လိုက်ပြီး ချန်ရှန့်တောင်တန်းမှ တပည့်များကို ဦးဆောင်ကာ ဂိုဏ်းချုပ်လင်ယင် ၏ နောက်သို့ လိုက်ပါထွက်ခွာသွားတော့သည်။ သူမ ထွက်ခွာသွားချိန်တွင် လုချန်အား အဓိပ္ပာယ်ပါပါဖြင့် လေးနက်စွာ တစ်ချက် လှမ်းကြည့်သွားခဲ့သည်။
ဒီကောင်လေးကတော့... တကယ်ကို ထူးဆန်းတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာ သေချာတယ်
လုချန်သည်လည်း ဆုလီယန် ထွက်ခွာသွားသည်ကို လှမ်းကြည့်နေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လုချန်၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေသည်။
[ဆုလီယန်ရဲ့ မြေခွေးနားရွက်တွေကို လက်နဲ့ကိုင်ကြည့်ရင် တကယ်တမ်း ဘယ်လိုခံစားချက်မျိုး ရှိမလဲ…]
ဟင်…
လုချန် တစ်ယောက် ငေးမှိုင်နေစဉ်မှာပင်... ဘေးနားမှ နုပျိုသော ငှက်ငယ်လေးတစ်ကောင်၏ သီဆိုသံကဲ့သို့ သာယာလှပသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ...
"ဟိုကဖြင့် ထွက်သွားတာကြာပြီနင်က အခုထိ ကြည့်လို့မဝသေးဘူးလား"
လုချန် လန့်ဖျပ်သွားရသည်။ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကုချင်း၀မ်သည် သူမ၏ ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်ထားပြီး... မျက်ခုံးကို အနည်းငယ်ပင့်လျက် စနောက်လိုသော အမူအရာဖြင့် သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ချက်ချင်းပင် လုချန်သည် အနေရခက်စွာဖြင့် ဟီးဟီးဟားဟား ရယ်မောလိုက်တော့သည်။
ကုချင်း၀မ်သည်လည်း လုချန်အပေါ် အားနာနာဖြင့် ယဉ်ကျေးမနေတော့ဘဲ... သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးဖြင့် လုချန်၏ ၀တ်ရုံနောက်ကျောကို လှမ်းဆွဲလိုက်ပြီး... သူတို့ စတင်ရောက်ရှိလာစဉ်ကအတိုင်း လုချန်အား ခေါ်ဆောင်လျက် ရှန်ယွန်းတောင်ထိပ် ဆီသို့ ပျံသန်းသွားခဲ့တော့သည်။
လမ်းခရီးတွင် ကုချင်း၀မ်က တည်ငြိမ်စွာ မေးလိုက်သည် ... "နင် ခုနက ဓားကွက်ကို တတ်မြောက်သွားရဲ့လား"
လုချန်သည် ကြောင်အသွားသော မျက်နှာဖြင့် ပြောလိုက်သည် ... "အာ ဘာကို တတ်မြောက်သွားရမှာလဲ"
ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ တုန်ခါသွားရသည်။ လုချန်အား အောက်သို့ တိုက်ရိုက်ပစ်ချလိုက်ချင်သည့် စိတ်ဆန္ဒကို အတင်းအကျပ် အောင့်အည်းသည်းခံရင်း သူမက စိတ်မရှည်စွာ ပြောလိုက်သည် ...
"ငါ့ရဲ့ ဓားကွက်ကို တတ်မြောက် သွားသလားလို့ မေးနေတာ"
လုချန် လန့်သွားရသည်။ နောက်ထပ်တစ်ကြိမ် အနေရခက်စွာ ရယ်မောလိုက်ပြီးနောက် သူက အလျင်အမြန်ပင် ပြောလိုက်သည် ...
"တတ်မြောက်ပါတယ်... တတ်မြောက်တာပေါ့။ ဧကရီရဲ့ ဓားပညာက တကယ်ကို ပြိုင်ဘက်ကင်းပါပေတယ်... လောကမှာ တစ်ဦးတည်းသော အရာဖြစ်ပြီး ကျယ်ပြောတဲ့ ကြယ်တာရာတွေလိုပဲ... ပြီးတော့ အဆုံးမဲ့တဲ့ ပင်လယ်ပြင်ကြီးလိုလည်း ဖြစ်..."
လုချန် စကားပင် မဆုံးသေးမီမှာပင်... ကုချင်း၀မ်သည် လုချန်အား စိုက်ကြည့်လျက် ပြောလိုက်သည် …
"ပါးစပ်ပိတ်"
ဒီကောင်စုတ်လေးက ဓားကွက်ကို လုံးဝ သေချာကြည့်မနေခဲ့တာ ထင်ရှားလှပါတယ်... ဒါပေမဲ့လည်း... ကုချင်း၀မ်အနေဖြင့် ဒေါသမထွက်မိပါချေ။ သူမသည် ဤဓားပညာ၏ လမ်းစဉ်ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
သူမ ယခုလေးတင် ထုတ်ဖော်ပြသခဲ့သည့် ဓားပညာသည် သူမ ကျင့်ကြံအားထုတ်ထားသည့် ကျင့်စဉ်များနှင့် အလွန်အမင်း ကိုက်ညီမှုရှိသည်ဟု ပြောနိုင်သည်။
ကုချင်း၀မ်သည် သူမ၏ စိတ်ထဲတွင် လုချန်အား အမှန်ပင် အလွန် ကျေးဇူးတင်နေမိသည်။ ထို့အပြင် သူမအနေဖြင့် လုချန်ကိုပဲ အမြဲတမ်း မှီခိုနေ၍ မရနိုင်ပါဘူး မဟုတ်လား။
ဘာပဲဖြစ်ဖြစ် သူမသည် ဂုဏ်သိက္ခာကြီးမားလှသော မဟာဧကရီတစ်ပါး ဖြစ်နေ၍ သူမ၏ အတွက် ဒါက ကြည့်ကောင်းလိမ့်မည် မဟုတ်ပေ။
ရှန်ယွန်းတောင်ထိပ်သို့ ပြန်ရောက်ပြီးနောက်... ပုံမှန်အတိုင်းပင် လုချန်က ဟင်းချက်ခြင်းကို စတင်လုပ်ဆောင်ပြီး... ကုချင်း၀မ်ကမူ ဘေးနားမှနေ၍ ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ပေးခြင်းဖြင့် ကူညီပေးခဲ့သည်။
ဝက်နံရိုးချိုချဥ်ကြော် သည် ကုချင်း၀မ်အား နောက်ထပ်တစ်ကြိမ် တကယ်ကို အံ့ဩစရာကောင်းလောက်အောင် စိတ်ကျေနပ်မှု ရရှိစေခဲ့သည်။
ညအချိန်သို့ ရောက်သောအခါ ကြယ်တာရာများသည် လင်းလက်တောက်ပနေကြသည်။
ကုချင်း၀မ်သည် သက်တောင့်သက်သာရှိသော အမူအရာဖြင့် သစ်သားလှုပ်ကုလားထိုင်ပေါ်တွင် လှဲလျက်... မျက်ဝန်းများကို အနည်းငယ် မှိတ်ထားကာ... ည လေညင်းက သူမ၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသည်ကို ခံစားရင်း အလွန်အမင်း စိတ်ကျေနပ်နေမိသည်။
ထိုအချိန်တွင် လုချန်၏ စိတ်ထဲက အသံများသည် ကုချင်း၀မ်၏ နားထဲသို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည် ...
【ဟ... အချိန်တိုင်း ငါက ဟင်းချက်ပြီး သူမက ပန်းကန်ဆေးမယ်လို့ သဘောတူထားကြတာပဲ... ဒါပေမဲ့ စားပြီးတိုင်း အမြဲတမ်း ကတိဖျက်ပြီး အရှက်မရှိ လှဲနေတော့တာပဲ】
【ဘာမဟာဧကရီလဲ... အလကားပါပဲ... သူမမှာ ဘာကတိသစ္စာမှ မရှိဘူး】
【ငါ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်လောက် ပိုပြီး ကျင့်ကြံလို့ မင်းထက် ပိုသန်မာလာတဲ့အထိ စောင့်လိုက်ဦး... မင်းကို အဲဒီကုလားထိုင်ပေါ်မှာ သေချာပေါက် မှောက်ပြီး ဖင်ကို ရိုက်ပစ်မယ် ပန်းကန်ဆေးဖို့ ပျက်ကွက်တဲ့ အကြိမ်တိုင်းအတွက် တစ်ချက်စီ ရိုက်မှာ】
ကုချင်း၀မ်သည် ပထမဆုံး စကားနှစ်ခွန်းကို ကြားရချိန်တွင် လုံးဝ စိတ်မဆိုးခဲ့သည့်အပြင်... လုချန်၏ စိတ်ပျက်လက်ပျက် မြည်တွန်တောက်တီးနေမှုကို လွန်စွာ ရယ်မောစရာကောင်းသည်ဟု ထင်မြင်မိကာ သူမ၏ နှုတ်ခမ်းထောင့်များတွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သို့သော်လည်း နောက်ဆုံးစကားတစ်ခွန်းကို ကြားလိုက်ရသောအခါတွင်မူ... ကုချင်း၀မ်၏ လှပသော မျက်နှာပြင်ပေါ်တွင် နီမြန်းသော ရှက်သွေးများ ပေါ်လာခဲ့တော့သည်။ သူမသည် ခေါင်းကို အနည်းငယ် လှည့်ကာ... မျက်လုံးများကို ဖွင့်၍ သူမအား ကျောခိုင်းလျက် ပန်းကန်ဆေးနေသော လုချန်ကို စိုက်ကြည့်လိုက်သည်။
သူမသည် စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသည်။
‘ဟွန့်... ဒီလူရှုပ်ကောင်’
ထို့နောက်တွင် ကုချင်း၀မ်သည် လုချန်အား ဆက်မကြည့်တော့ဘဲ မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရဘဲ... ကုချင်း၀မ်၏ ခန္ဓာကိုယ်ပေါ်သို့ ပေါ့ပါးသော စောင်တစ်ထည် လာရောက်ခြုံပေးခြင်း ခံလိုက်ရသည်။
မျက်လုံးများကို မဖွင့်ကြည့်ဘဲနှင့်ပင် ဒီအရာက လုချန်ဖြစ်ကြောင်း ကုချင်း၀မ် ကောင်းစွာ သိရှိသည်။
သူမအား စောင်ခြုံပေးပြီးနောက်... လုချန်သည် သမ်းဝေလျက် အိမ်ထဲသို့ လျှောက်လှမ်းသွားခဲ့သည်... အိပ်ရမည့် အချိန်သို့ ရောက်ရှိပြီ ဖြစ်သည်။
သို့သော်လည်း လုချန်သည် ခြေလှမ်းနှစ်လှမ်းမျှ လျှောက်ပြီးနောက်တွင် ရုတ်တရက် ပြန်လည်တွေးတောမိပြန်သည် ...
【ဧကရာဇ် အဆင့်တစ်ယောက်က စောင်မခြုံဘဲ အိပ်ရင်တောင် အအေးမိမှာ မဟုတ်ဘူး… မဟုတ်လား】
【မဟုတ်ဘူး... ဒီအဘွားကြီးက ဘာပဲဖြစ်ဖြစ် ဘယ်လိုမှ အအေးမိမှာ မဟုတ်ဘူး】
【သေစမ်း... သူမ နိုးလာရင် ငါ့ကို အရူး လို့ ထင်နေဦးမှာလား မသိဘူး..ထားပါတော့..】
လုချန်သည် စိတ်ထဲမှ တိုးတိုးရေရွတ်ရင်း အခန်းထဲသို့ ဝင်သွားကာ... တံခါးကို ပိတ်၍ အိပ်စက်ရန် ပြင်ဆင်လိုက်တော့သည်။
ကုချင်း၀မ်သည် မျက်လုံးများကို မဖွင့်ခဲ့သလို... စောင်ကိုလည်း ဖယ်ရှားခြင်း မပြုခဲ့ချေ။ သူမသည် သစ်သားလှုပ်ကုလားထိုင်ပေါ်တွင် အိပ်စက်သည့် ပုံစံကို အနည်းငယ် ပြောင်းလဲ၍သာ လှဲလျောင်းနေလိုက်သည်။
အင်း... ငါ အိပ်စက်ခြင်းမရှိတာ တကယ်ကို ကြာမြင့်လှပြီပဲ။ ဒီညတော့ ဒီနေရာမှာတင် အိပ်စက်လိုက်တာက တကယ်ကို ကောင်းမှာပဲ။
ဒီကောင်စုတ်လေးက... သူတစ်ပါးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ တကယ်တော့ သိသားပဲ...
...
နံနက်စောစောအချိန်တွင် လုချန်သည် အိပ်ရာမှ ထလိုက်သည်။
သူသည် မသိစိတ်၏ စေခိုင်းမှုအရ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကုချင်း၀မ်သည် ကုလားထိုင်ပေါ်တွင် မရှိတော့ဘဲ စောင်တစ်ထည်သာ ကျန်ရစ်ခဲ့သည်။
ကုချင်း၀မ် မည်သည့်နေရာသို့ သွားသည်ကို လုချန် ကောင်းစွာ သိရှိသည်။ သူမသည် ယောင်ချီသန့်စင်နယ်မြေမှ လူများကို ဦးဆောင်၍ နံနက်ခင်း ကျင့်ကြံခြင်းလမ်းညွန်ခြင်း ပြုလုပ်ရန် သွားခြင်းဖြစ်ပြီး... ခဏနေလျှင် နံနက်စာ စားရန်အတွက် ပြန်လာလိမ့်မည် ဖြစ်သည်။
နံနက်ခင်းတိုင်းတွင် ဒီလိုပင် ဖြစ်သည်။
လုချန် အိပ်ရာမှ ထပြီးနောက်... သူသည် ဦးစွာ မျက်နှာသစ် သွားတိုက်ပြီးမှ ဟင်းချက်ရန် ပြင်ဆင်လိုက်သည်။
လုချန်သည် တံခါးကို တွန်းဖွင့်ကာ အကြောဆန့်လိုက်သည့် အချိန်မှာပင်... သူ၏ စိတ်ထဲမှ "ဒင်" ဟူသော မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
{ဒင်…မနေ့က ရရှိတဲ့ လူသားဆန်မှု အမှတ် +၃၀၀၀}
"ဆုလာဘ် ... ရှို့ရှန်းတောင်မှ ကြေးနီ ... အိမ်ရှင် ရဲ့ ချန်ခွန်းအိတ် ထဲမှာ သိမ်းဆည်းပြီးပါပြီ"
အာ ရှို့ရှန်းတောင်မှ ကြေးနီ ဟုတ်လား အဲဒါက ဒဏ္ဍာရီလာ အကြီးမြတ်ဆုံး သာလွန်ဆန်းကြယ် ဓားကြီးဆယ်လက်ထဲက နံပါတ်တစ် ဖြစ်တဲ့ ရွှမ်ယွမ်ဓား ကို သွန်းလုပ်တဲ့ ကုန်ကြမ်းပစ္စည်း မဟုတ်လား။