လုချန်၏ စိတ်ထဲမှ အတွေးများကို ကုချင်း၀မ်သည် တစ်လုံးမကျန် အတိုင်းသား ကြားလိုက်ရသည်။
သူမ၏ ဓားသိုင်းများကို ထုတ်ဖော်ပြသရန် ပြင်ဆင်နေသော ကုချင်း၀မ်သည် တစ်ခဏမျှ ပါးပြင်နှစ်ဖက် ရဲခနဲ ဖြစ်သွားရ၏။
သူမ စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်မိသည်။
'ငါက ဘယ်တုန်းက နင့်လူ ဖြစ်သွားလို့လဲ...'
‘ငါက ဘာကိုဖိထားရမှာလဲ’
မှန်ပါသည်... သူတို့နှစ်ဦးစလုံးသည် ယောင်ချီ သန့်စင်နယ်မြေမှ လူများဖြစ်ကြသဖြင့် မိသားစုဝင်များဟု ဆိုလျှင်လည်း မမှားချေ။ သို့သော် လုချန်၏ ပြောပုံဆိုပုံက အမြဲတမ်း နားဝင်ဆိုးလှသည်။
လုချန်က သူမအား 'အထင်ကြီးစရာပဲ' ဟု ချီးကျူးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍မူ... ကုချင်း၀မ် တကယ်ပင် ရှက်ကိုးရှက်ကန်း ဖြစ်မိသွားရသည်။
အမှန်တော့ သူမကိုယ်တိုင် ထိုးထွင်းသိမြင်ခဲ့ခြင်း မဟုတ်ဘဲ လုချန်၏ စကားများကိုသာ တစ်ဆင့်ပြန်လည် ရွတ်ဆိုခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။
သို့သော်လည်း... ဤလူရှုပ်လေးကပင် သူမအား သူ၏လူဟု သတ်မှတ်ထားမှတော့ မိသားစုဝင်ချင်းပဲ... သူ၏ စကားများကို ယူသုံးပြီး ဆုလီယန်ကို အနိုင်ပိုင်းလိုက်ခြင်းက ပြဿနာမရှိနိုင်ပါဘူးမလား ထိုသို့တွေးမိမှသာ ကုချင်း၀မ် စိတ်ထဲတွင် အနည်းငယ် မျှတသွားသလို ခံစားလိုက်ရသည်။
'ဒီလူရှုပ်လေးက စိတ်ထဲမှာ ငါ့ကို နေ့တိုင်း အဘွားကြီးလို့ ခေါ်နေတာ..ဒီတစ်ခါတော့ ငါတို့ အကြွေးကြေသွားပြီ'
တစ်ဖက်တွင်မူ ဆုလီယန်သည် ကုချင်း၀မ်၏ စကားများကို ကြားပြီးနောက် လွန်စွာ တုန်လှုပ်သွားရသဖြင့် ယခုတိုင် အသိစိတ် ပြန်မဝင်နိုင်သေးချေ။
ကုချင်း၀မ်၏ စကားများသည် ရုတ်တရက် ညာဏ်အလင်းပွင့် သွားစေသကဲ့သို့ ဖြစ်စေပြီး ဆုလီယန်၏ ကိုယ်ပိုင်ဓားသိုင်းအပေါ် နားလည်သဘောပေါက်မှုကို နယ်ပယ်အဆင့်အချို့အထိ ရုတ်ချည်း မြင့်တက်သွားစေခဲ့သည်။
သို့သော် ဆုလီယန်သည် ထက်မြက်ပြီး ပါးနပ်သူပီပီ ဒီကိစ္စတွင် တစ်ခုခု မှားယွင်းနေသည်ဟု အမြဲ ခံစားနေရသည်။ ကုချင်း၀မ်၏ စကားများက မှားယွင်းနေခြင်းမဟုတ်ဘဲ ကုချင်း၀မ်ကိုယ်တိုင်က မှားယွင်းနေခြင်း ဖြစ်၏။ ကုချင်း၀မ်သည် ဒီလောက်အထိ မသန်မာသင့်ပေ။
စောစောက ဆုလီယန် သူမ၏ ဓားသိုင်းကို ထုတ်ဖော်ပြသနေစဉ်အတွင်း သူမ၏ အကြည့်များသည် တမင်တကာ သို့မဟုတ် မသိမသာဖြင့် ကုချင်း၀မ်ထံ၌သာ ရှိနေခဲ့ပြီး သူမ၏ အံ့သြသွားမည့် အမူအရာကို မြင်တွေ့ချင်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ ရန်သူဟောင်းကြီးက မိမိထက် နိမ့်ကျသည်ဟူသော အမူအရာမျိုး ပြသသည်ကို မြင်ရခြင်းက ကျေနပ်စရာ ကောင်းသည်မဟုတ်ပါလား။
အမှန်စင်စစ် ကုချင်း၀မ်၏ အမူအရာက ဆုလီယန်ကို စိတ်ပျက်မသွားစေခဲ့ပါ။ ကုချင်း၀မ်က တည်ငြိမ်နေခဲ့သော်လည်း ဆုလီယန်အနေဖြင့် သူမ၏ တုန်လှုပ်မှုကို အာရုံခံမိခဲ့သည်။ တကယ်လို့ ကုချင်း၀မ်သာ ထိုကဲ့သို့သော အမြင်မျိုးကို အစကတည်းက ရှိနေခဲ့ပါက ထိုသို့သော အမူအရာမျိုး ရှိလာလိမ့်မည်မဟုတ်ချေ။
ဤတွေးထင်မှုများကို ဖယ်ထားဦးတော့... လက်တွေ့ကျကျ ပြောရလျှင် ကုချင်း၀မ်သည် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် တံခါးပိတ်ကျင့်ကြံနေခဲ့ရသဖြင့် ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် လေ့ကျင့်ရန် အချိန်ရှိလိမ့်မည်မဟုတ်ချေ။
သူမ၏ ပါရမီသည် ကုချင်း၀မ်နှင့် အဆင့်တူညီလှရာ၊ ကုချင်း၀မ်က နှစ်ပေါင်းတစ်သောင်းတိုင် ဓားမကိုင်ခဲ့ဘဲ သူမကမူ နှစ်ပေါင်းတစ်သောင်းတိုင် ကြိုးစားပမ်းစား ကျင့်ကြံခဲ့ရသည်ကို... ဒီကုချင်း၀မ်က သူမထက် မည်သို့ သာလွန်နေနိုင်ပါဦးမည်နည်း။
သို့သော် ထိုစကားများသည် ကုချင်း၀မ်၏ နှုတ်မှ အမှန်တကယ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်...ဆုလီယန် စက္ကန့်အနည်းငယ်မျှ သံသယဝင်နေပြီးနောက် သူမ၏ ဆွဲမက်ဖွယ် မျက်ဝန်းအစုံက ရုတ်တရက် လင်းလက်သွားခဲ့သည်။
သူမသည် ကုချင်း၀မ်၏ ဧကရီပလ္လင်ဘေးတွင် ရပ်နေသော လုချန်ထံသို့ ချက်ချင်း လှမ်းကြည့်လိုက်မိသည်။
'ဒါ... ဒါက ဒီကောင်ကြောင့်လား'
စောစောက ဆုလီယန် ကုချင်း၀မ်ကို ကြည့်နေစဉ်အတွင်း လုချန်ကိုလည်း အကြိမ်အနည်းငယ် မသိမသာ ကြည့်မိခဲ့သည်။
ထိုစဉ်က လုချန်၏ အမူအရာက ဆုလီယန်ကို အမှန်ပင် စိတ်မသက်မသာ ဖြစ်စေခဲ့၏။
ဘေးလူများအပြင် ကုချင်း၀မ်ပင် တုန်လှုပ်နေခဲ့ကြသော်လည်း လုချန်အမည်ရှိ ထိုလူကမူ "ဒါပဲလား ပုံမှန်ပါပဲ" ဟူသော အမူအရာမျိုးသာ ပြသနေခဲ့သည်။
ပြီးတော့... အထူးဆန်းဆုံးအချက်မှာ ကုချင်း၀မ်သည် စောစောက အကြောင်းရင်းမရှိဘဲ လုချန်ကို ခဏခဏ လှမ်းကြည့်နေခဲ့ခြင်းပင် ဖြစ်သည်။
'ဒါက... တကယ်ပဲ ဒီလုချန်ကြောင့် ဖြစ်နိုင်မလား'
'မဖြစ်နိုင်တာ...'
လုချန်၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပတ်သက်၍ ယခင်က ခန့်မှန်းချက်များစွာ ရှိခဲ့ကြပြီး ရှန်လင်းတိုက်ကြီးပေါ်ရှိ လူများအားလုံးက လုချန်သည် ဖုံးကွယ်ထားသော ပညာရှင်တစ်ဦး သို့မဟုတ် လူဝင်စားလာသော ဧကရာဇ်တစ်ပါး ဖြစ်လိမ့်မည်ဟု ထင်မှတ်နေကြသည်။
သို့မဟုတ်ပါက ယောင်ချီ၏ သာမန်အတွင်းစည်းတပည့်တစ်ဦးက လက်ဆန့်ထုတ်လိုက်သည်နှင့် သူတော်စင်အဆင့်ဆေးလုံးကို မည်သို့ ထုတ်ပေးနိုင်ပါမည်နည်း။ ဒါက နောက်ပြောင်နေတာလား။
သို့သော် ဆုလီယန် လုချန်နှင့် တကယ်တမ်း တွေ့ဆုံပြီးနောက်တွင်မူ ဤအတွေးကို ဖယ်ထုတ်လိုက်ရသည်။
ဤလောကတွင် အရာအားလုံးက လှည့်စားနိုင်သော်လည်း လူတစ်ဦး၏ အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် အသက်အရွယ်ကို မသိနိုင်ချေ။
သူတို့၏ နယ်ပယ်အဆင့်က အသက်အရွယ်ထက် များစွာသာလွန်နေသရွေ့ သူတို့၏ ရုပ်ရည်သည် အလွန်နုပျိုနေပေလိမ့်မည်။
ဥပမာအားဖြင့် သူမနှင့် ကုချင်း၀မ်တို့သည် ဧကရီများ ဖြစ်ကြပြီး ကောင်းကင်နှင့် မြေပြင်၏ စည်းမျဉ်းများကို ကျော်လွန်နေကြသဖြင့် အသက် ၂၀ သို့မဟုတ် ၃၀ အရွယ် အမျိုးသမီးငယ်များကဲ့သို့ ရုပ်ရည် ရှိနေကြခြင်း ဖြစ်သည်။
သို့သော်လည်း... အရိုးသက်တမ်းကိုမူ လှည့်စား၍ မရနိုင်ချေ လုချန်၏ အရိုးသက်တမ်းသည် အနှစ်တစ်ရာပင် မပြည့်သေးသည်ကို ဆုလီယန် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
လုချန်သည် နှစ်ပေါင်းတစ်သောင်းတိုင် ကျင့်ကြံထားသော ဖုံးကွယ်ထားသည့် ပညာရှင်တစ်ဦး လုံးဝမဟုတ်ချေ။
ဒါ့အပြင် ဖုံးကွယ်ထားသော ပညာရှင်ဆိုသည်မှာ မည်သူရှိဦးမည်နည်း။ နန်ချင်းကျန့်ပြည်နယ်တွင် သူမနှင့် ကုချင်း၀မ်ကသာ အားအကောင်းဆုံး ဖြစ်သည်။
လူဝင်စားဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ... ဒါကလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လူဝင်စားလာသူဖြစ်ပါက ခန္ဓာကိုယ်တွင် လူဝင်စားခြင်း၏ အငွေ့အသက် ရှိနေရမည် ဖြစ်သည်။
အငွေ့အသက်ကို သာမန်အားဖြင့် အလွယ်တကူ ရှာမတွေ့နိုင်သော်လည်း ဆုလီယန်သည် ဧကရီတစ်ပါး ဖြစ်ပြီး ယခုအခါ သူတို့က အလွန်နီးကပ်နေကြသဖြင့် သူသာ လူဝင်စားဖြစ်ပါက ဆုလီယန် သေချာပေါက် သိရှိနိုင်မည် ဖြစ်သည်။
သို့သော် ယခုကြည့်ရသလောက် လုချန်က လူဝင်စားတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှပေသည်။ လုချန်သည် ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်လာသည်မှာမကြာသေးသော သူတစ်ဦးသာ ဖြစ်၏။
ဆေးဖော်စပ်ခြင်းပညာတွင် ဒီလောက်အထိ အောင်မြင်မှု ရှိနေခြင်းမှာ သူသည် တစ်စုံတစ်ဦး၏ အမွေအနှစ်ကို ရရှိထားခြင်း သို့မဟုတ် 'ကောင်းကင်ဘုံ၏ သားတော်' ဖြစ်နေ၍သာ ယောင်ချီ သန့်စင်နယ်မြေသို့ ဝင်ရောက်ပြီး ဆယ်နှစ်အတွင်းမှာပင် အခြားသူများ နှစ်ပေါင်းတစ်သောင်းတိုင် ကြိုးစားရမည့်အရာကို အောင်မြင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် မည်သို့ပင်ဖြစ်စေ... ထိုလုချန်က ဆေးဖော်စပ်ခြင်းတွင်ရော ဓားသိုင်းပညာတွင်ပါ ပါရမီရှင်တစ်ဦး ဖြစ်နေရန်တော့ မဖြစ်နိုင်ပါဘူးမလား ဆယ်နှစ်သာ ရှိသေးတာလေ ဒီလုချန်က ကောင်းကင်ဘုံ၏ သားတော်ဖြစ်နေလျှင်ပင် ဆယ်နှစ်အတွင်း ဆေးဖော်စပ်ခြင်းပညာကို ဒီအဆင့်အထိ ကျင့်ကြံထားနိုင်မှတော့ ဓားသိုင်းပညာကိုပါ ဒီလို နယ်ပယ်အဆင့်အထိ ကျင့်ကြံထားနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
ဆုလီယန် ယခုအခါ လုံးဝ ဝေခွဲမရဖြစ်နေရသည်။
ကုချင်း၀မ်၏ စကားများသည် လုချန်ထံမှ လာသည်ဟု ညွှန်ပြနေသော အကြောင်းပြချက် သို့မဟုတ် သက်သေအထောက်အထား မရှိသော်လည်း... ဆုလီယန်သည် အမျိုးသမီးတို့၏ ဆဌမအာရုံ အတိုင်း လုချန်ကိုသာ သံသယဝင်နေမိတော့သည်။
ထိုအတောအတွင်း ကုချင်း၀မ်သည် သူမ၏ စိတ်ခံစားချက်ကို ပြုပြင်လိုက်ရာ တစ်ခဏအတွင်းမှာပင် ယောင်ချီ သန့်စင်နယ်မြေတစ်ခုလုံးတွင် ပန်းရောင်တိမ်တိုက်များ ပေါ်ထွက်လာခဲ့သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ မြင့်မြတ်သန့်စင်သော အရှိန်အဝါတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့၏။
မူလက ဆုလီယန်၏ ဓားစိတ်ဆန္ဒ များသည် ယောင်ချီ သန့်စင်နယ်မြေတွင် ကျန်ရှိနေဆဲ ဖြစ်သော်လည်း ဤမြင့်မြတ်သန့်စင်သော အရှိန်အဝါ ပေါ်ထွက်လာသောအခါ ဆုလီယန်၏ ဓားစိတ်ဆန္ဒများကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်တော့သည်။
ထိုအချိန်တွင် ဆုလီယန်သည် ထိတ်လန့်အံ့သြဖွယ် အမူအရာဖြင့် ကုချင်း၀မ်ကို စိုက်ကြည့်လိုက်မိသည်။
‘ဒါ... သူမ ဓားတောင် မထုတ်ရသေးဘူး’
‘သူမ... ဓားကိုတောင် လက်ထဲမကိုင်ရသေးဘဲ အရှိန်အဝါသက်သက်နဲ့တင် ဓားစိတ်ဆန္ဒကို တိုက်ရိုက် ထုတ်လိုက်တာလား’
တစ်ခဏမျှအတွင်း ဆုလီယန်၏ အသက်ရှူသံများ မြန်ဆန်လာခဲ့ရသည်။
ထိုအချိန်တွင် ကုချင်း၀မ်သည် ဓားစိတ်ဆန္ဒများကို စုစည်းပြီးနောက် ကုချင်း၀မ်၏ လက်ထဲတွင် ကျောက်စိမ်းဓားတစ်လက် ပေါ်ထွက်လာခဲ့သည်။ ကုချင်း၀မ်သည် ချက်ချင်း ပြသရန် အလျင်မလိုဘဲ အဝေးရှိ လုချန်ကို ရုတ်တရက် လှမ်းကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
"လုချန် သေသေချာချာ ကြည့်ထားပါ”
ကုချင်း၀မ်၏ တကူးတက အမည်တပ်ခြင်းကို ခံလိုက်ရသဖြင့် လုချန်သည် ချက်ချင်းပင် အမူအရာကို ပြင်လိုက်ပြီး ခေါင်းကို တဆက်ဆက် ညိတ်ပြလိုက်သည်။
"စိတ်ချပါ ဆရာဧကရီ... တပည့် သေသေချာချာ သင်ယူပါ့မယ်"
သူတို့ဘေးတွင် ဆုလီယန် မျက်မှောင်ကြုတ်လိုက်မိသည်။ လုချန်ကို သေသေချာချာ သင်ယူခိုင်းနေတာလား ဒါဆို တကယ်ပဲ ဒီကောင်လုချန် ကြောင့်သိတာ မဟုတ်ဘူးလား။
‘မဟုတ်ဘူး... ဒါက မဟုတ်သေးဘူး၊ မျက်လှည့်ပြနေတာလား’
ကုချင်း၀မ်သည် ဆုလီယန်ကို အာရုံမစိုက်တော့ဘဲ လုချန်ကိုသာ သူမ၏ ဓားသိုင်းများကို သေသေချာချာ ကြည့်ရှုစေပြီး လမ်းညွှန်ချက်အချို့ ပေးစေချင်နေသည်။
ဒီလုချန်က အပြင်သို့ ထုတ်ဖော်ပြောဆိုမည်မဟုတ်သော်လည်း စိတ်ထဲကပြောလျှင် ရပါပြီ။ မည်သို့ပင်ဖြစ်စေ သူမ ကြားနိုင်သည်မဟုတ်ပါလား။
နောက်တစ်စက္ကန့်တွင် ကုချင်း၀မ်သည် သူမ၏ ဓားသိုင်းများကို ထုတ်ဖော်ပြသလိုက်တော့သည်။
ပထမဆုံး အဖွင့်ကွက်တစ်ခုတည်းဖြင့်တင် ရှိနေကြသော လူအားလုံးကို မိန်းမောသွားစေခဲ့၏။
ထိုမြင့်မြတ်သန့်စင်သော အရှိန်အဝါအပြင် ကောင်းကင်နှင့် မြေပြင်အကြား မြင့်မြတ်ထောင်လွှားနေသော ‘မာန’ တစ်ခုလည်း ပါဝင်နေသည်။
ဒါက ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ကုချင်း၀မ်နှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေသကဲ့သို့ ဖြစ်စေ၏။ ကုချင်း၀မ်၏ ရှေ့မှောက်တွင် လူတိုင်းသည် သဲပွင့်တစ်ပွင့်၊ မြက်ပင်တစ်ပင်ကဲ့သို့ အလွန်အမင်း သေးငယ်သိမ်ဖျင်းသွားသလို ခံစားကြရသည်။
ပြီးတော့ ကုချင်း၀မ်ကမူ ထိုကျယ်ပြောလှသော စကြ၀ဠာကြီးသဖွယ် ဖြစ်နေ၏။
ဆုလီယန်ပင်လျှင် တစ်ခဏမျှ ဤသို့ တွေးမိသွားသော်လည်း သူမ ချက်ချင်းပင် သတိပြန်ဝင်လာပြီး ထိုအတွေးကို မောင်းထုတ်ပစ်လိုက်သည်။
ဆုလီယန် လွန်စွာ ထိတ်လန့်သွားရ၏။ ကုချင်း၀မ်၏ ဓားစိတ်ဆန္ဒက ကြောက်မက်ဖွယ်ကောင်းလှပြီး ဧကရီတစ်ပါးဖြစ်သော သူမကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
ကုချင်း၀မ်သည်လည်း ဒီအဖွင့်ကွက်တွင် သူမ၏ ဓားစိတ်ဆန္ဒ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သဘာဝအတိုင်း ခံစားမိလိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာကို ကြည့်ရင်း သူမ အလွန် ဝမ်းမြောက်သွားရ၏။
’တကယ်ပဲ အောင်မြင်သွားတာပဲ’
ထို့နောက်တွင် ကုချင်း၀မ်သည် လုချန်ထံသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်မိသည်။
သူမသည် လုချန် ယခု မည်သည့်အမူအရာ ရှိနေသည်ကို မြင်တွေ့ချင်မိသည်။ သူ ကျေနပ်ရဲ့လား၊ ဒါမှမဟုတ် မကျေနပ်ဘူးလား။
သို့သော်လည်း ကုချင်း၀မ် ခေါင်းလှည့်ကြည့်လိုက်ရုံရှိသေး... လုချန်၏ စိတ်ထဲမှ ရေရွတ်သံကို ကြားလိုက်ရပြန်သည်။
【ကုချင်း၀မ်က တကယ်ကို လှလွန်းတာပဲ】
【ဓားသိုင်းတွေကို ကြည့်နေလို့ ဘာထူးမှာလဲ လူတစ်ယောက်ထက် ပိုပြီးလှပတဲ့ ဓားသိုင်းဆိုတာ ဘယ်မှာ ရှိပါဦးမလဲ】