ကုချင်း၀မ်သည် ဒေါသတကြီးဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း ရုတ်တရက် သူမပတ်ဝန်းကျင်ရှိ လူများထံတွင် မည်သည့် ထူးခြားမှုမျှ မရှိသည်ကို သတိထားမိသွားသည်။
ယောင်ချီဂိုဏ်းချုပ်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေဆဲဖြစ်ပြီး ယောင်ချီသန့်စင်နယ်မြေ၏ တပည့်များမှာလည်း ထပ်တူပင် ဝမ်းသာအားရ ဖြစ်နေကြသည်။ ဒါကိုကြည့်ရခြင်းအားဖြင့် ထိုလူများအားလုံးသည် အစောနက သူမကြားလိုက်ရသည့် စကားစုကို စိုးစဉ်းမျှ ကြားလိုက်ရခြင်း မရှိကြပေ။
ကုချင်း၀မ် ခဏမျှ ကြောင်အမ်းသွားရသည်။ မိမိကိုယ်မိမိ... စိတ်ချောက်ချားပြီး နားကြားမှားတာများလားဟုပင် သံသယဝင်မိသွား၏။
သို့သော်လည်း ကုချင်း၀မ် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေဆဲမှာပင်...
【ကြည့်ရတာ ဒီမိန်းမကြီးက ဧကရာဇ်နှလုံးသား ကို အတင်းအဓမ္မ ဖိနှိပ်လိုက်တာ ထင်တယ်... အဲ့ဒါကြောင့် သူ့ရဲ့ ဧကရာဇ်အရှိန်အဝါက မတည်ငြိမ်ဖြစ်နေတာပေါ့...】
【ဒီအတိုင်းသာဆိုရင်တော့... အလွန်ဆုံးရှိလှ နောက်ထပ် ၁၀ နှစ်မပြည့်ခင်မှာတင် သူ့ရဲ့ သက်တမ်းကုန်ပြီး အသက်ပျောက်သွားတော့မှာ သေချာတယ်】
【နှမြောစရာပဲ... တကယ်ကို နှမြောစရာကောင်းလှပါတယ်… ဒီလောက် လှပချောမောတဲ့ မိန်းမလှလေးတစ်ယောက်ကတော့ အလကားနေရင်း အသက်ဆုံးရှုံးရတော့မှာပဲ】
ထိုအတွေးသံများသည် ကုချင်း၀မ်၏ အသိစိတ်ပင်လယ် ထဲသို့ တိုက်ရိုက်တိုးဝင်လာပြီး ပဲ့တင်ထပ်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကုချင်း၀မ်၏ မျက်နှာထက်မှ မည်သည့်ခံစားချက်မျှမရှိသော အမူအရာသည် မှင်တက်အံ့ဩသည့် အရိပ်အယောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဒါ... ဒါက...
ဒီအသံက ဘာလဲ…
ဒါက တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲက အတွေးတွေပဲ မဟုတ်ပါလား….
ကုချင်း၀မ်ကို တကယ် တုန်လှုပ်သွားစေသည့်အချက်မှာ... ဒီလူသည် သူမ ဧကရာဇ်နှလုံးသားကို အတင်းအဓမ္မ ပေါင်းစပ်ထား၍ စိတ်နှလုံးမတည်ငြိမ်ဖြစ်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် မည်သို့ သိရှိသွားရသနည်း ဆိုသည့်အချက်ပင် ဖြစ်သည်။
ဒါပေမဲ့... သူမ နောက်ထပ် ၁၀ နှစ်အတွင်း သေရမယ် ဟုတ်လား…
ဘာလျှောက်ပြောနေတာလဲ…
ကြားရသောအတွေး အသံသည် အမျိုးသားတစ်ဦး၏ အသံဖြစ်သည်...
သတိပြန်ဝင်လာပြီးနောက် ကုချင်း၀မ်သည် နတ်ဘုရားအာရုံဖြင့် ကွင်းပြင်တစ်ခုလုံးကို ဖြန့်ကျက်ရှာဖွေလိုက်ရာ လူအုပ်ကြီး၏ အနောက်ဆုံးတွင် ဆောင့်ကြောင့်လေး ထိုင်နေသော လုချန်ကို ချက်ချင်းပင် တွေ့ရှိသွားတော့သည်။
ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးတွင် လုချန်တစ်ဦးတည်းသာ အမျိုးသား အတွင်းစည်းတပည့် ဖြစ်နေသဖြင့် သူ့ကို ရှာရသည်မှာ အလွန်ပင် လွယ်ကူလှပေသည်။
ကုချင်း၀မ်၏ လှပသောမျက်ဝန်း အစုံက လုချန်ထံသို့ ကျရောက်သွားချိန်တွင် လုချန်သည်လည်း သူမကို လှမ်းကြည့်နေခဲ့ရာ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံမိသွားကြသည်။
ကုချင်း၀မ် ဘာမှမပြောရသေးမီမှာပင် ထိုရင်းနှီးနေသော အတွေးသံက ထပ်မံ မြည်ဟည်းလာပြန်သည်။
【အမလေး ဗုဒ္ဓေါ ဒီမိန်းမကြီးက ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ】
【အော်... ဟုတ်သားပဲ... ယောင်ချီသန့်စင်နယ်မြေက ဘယ်တုန်းကမှ အမျိုးသား အတွင်းစည်းတပည့်တွေကို လက်မခံခဲ့ဘူးလေ ငါက ဆရာမ အချောလေးကျေးဇူးကြောင့်သာ ဂိုဏ်းထဲဝင်ခွင့်ရခဲ့တာ... ဒီမိန်းမကြီးက... ငါ့ကို ဂိုဏ်းကနေ မောင်းထုတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်】
【တကယ်လို့ ဒီမိန်းမကြီးက ငါ့ကို မောင်းထုတ်လိုက်ရင်တော့... ငါ့ဆရာမျက်နှာနဲ့တောင် ကယ်နိုင်မှာမဟုတ်တော့ဘူး】
【သွားပြီ... သွားပါပြီ ဒီကိစ္စပြီးရင် ငါ ဘယ်နေရာမှာ သာမန်လူလို ဟန်ဆောင်ပြီး ကျင့်ကြံခြင်း လုပ်ရတော့မှာလဲ】
ကုချင်း၀မ် : "...."
မိပြီ….
ဒီကောင်ပဲ….
ကုချင်း၀မ် စိတ်ထဲမှ နေ၍ အလွန်ပင် ဒေါသထွက်သွားရသည်။ ထိုကောင်လေးသည် ပုံပန်းသွင်ပြင်အားဖြင့် နူးညံ့သိမ်မွေ့ပြီး နတ်ဘုရားတစ်ပါး လူဝင်စားလာသကဲ့သို့ ခန့်ညားလှသော်လည်း... သူ၏ စိတ်ထဲက အပြောအဆိုများမှာ အဘယ်ကြောင့် ဒီလောက် ရိုင်းစိုင်းစုတ်ပြတ်နေရသနည်း။
ဒီ... ဒီမိန်းမကြီး ဟုတ်လား
ပြီးတော့... သာမန်လူသားလို ဟန်ဆောင်ပြီး ကျင့်ကြံတာ ဟုတ်လား…
လုချန်က သူမ၏ မတည်ငြိမ်သော ဧကရာဇ်နှလုံးသားကို တစ်ချက်ကြည့်ရုံဖြင့် အကဲခတ်မိသွားပုံနှင့် "သာမန်လူသားလို ဟန်ဆောင်ခြင်း" ဆိုသည့် စကားစုကို ပေါင်းစပ်တွေးတောရင်း ကုချင်း၀မ်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။
သို့သော် ကုချင်း၀မ်သည် ဒေါသကို ချက်ချင်းပုံမချသေးဘဲ လူအုပ်ကြီးကို ကြည့်ကာ မေးစေ့ကို အနည်းငယ်ပင့်လျက် ပြောလိုက်လိုက်သည်။
"မင်းတို့အားလုံး ငါက ဘယ်သူလဲဆိုတာ သိပြီးပြီဆိုတော့ ငါ အပိုစကားတွေ အများကြီး မပြောတော့ဘူး"
"မင်းတို့ မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ... ကြီးမားလှတဲ့ ဆင်းရဲဒုက္ခတွေနဲ့ စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ငါဟာ ဧကရာဇ်နှလုံးသားနဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး စစ်မှန်တဲ့ မဟာဧကရာဇ် တစ်ပါး ဖြစ်လာခဲ့ပြီ"
"အခု ငါ ပြန်လည်ရောက်ရှိလာပြီဆိုတော့ ယောင်ချီနယ်မြေရဲ့ ဂုဏ်သိက္ခာကို မလွဲမသွေ ပြန်လည်ထူထောင်မှာဖြစ်တယ် မင်းတို့အားလုံး ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိကြရဲ့လား"
ကုချင်း၀မ်၏ စကားလုံးများသည် မေးခွန်းပုံစံ ဖြစ်သော်လည်း အရှိန်အဝါ ကြီးမားလှပြီး ငြင်းဆန်ရန် အခွင့်အရေး စိုးစဉ်းမျှ မရှိပေ။
သူမ၏ရှေ့တွင် ဒူးထောက်နေကြသော တပည့်မြောက်မြားစွာမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ ရှန်လင်းတိုက်ကြီးကို သိမ်းပိုက်ပြီး ခေတ်တစ်ခေတ်ကို ထူထောင်မည့်... သမိုင်းကမ္ပည်းစာမျက်နှာထက်တွင် အကြီးအကျယ် မှတ်တမ်းတင်ကျန်ရစ်မည့် မဟာဧကရာဇ်တစ်ပါး၏ နောက်သို့ မည်သူက မလိုက်ချင်ဘဲ နေပါမည်နည်း။
တပည့်အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
"ကျွန်တော်မျိုးမတို့ဟာ ဧကရိီနောက်ကို ထာဝရလိုက်ပါပြီး ယောင်ချီ သန့်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ပါ့မယ်"
ကုချင်း၀မ်သည် သူမရှေ့ရှိ တပည့်များ၏ စိတ်အားထက်သန်မှုကို ကြည့်ကာ အလွန်ပင် စိတ်ကျေနပ်သွားသည်။
【ဂုဏ်သိက္ခာကို ပြန်ထူထောင်မယ် အာလူးဖုတ် ပြန်ထူထောင်တာလား】
【အလွန်ဆုံးရှိလှ အသက်ရှင်ဖို့ ရှစ်နှစ်... ဆယ်နှစ်ပဲ ကျန်တော့တဲ့လူက... လမ်းခုလတ်တင် သေသွားမှာကို... ဘာကို သွားပြန်ထူထောင်မှာလဲ】
လုချန်၏ စိတ်ပျက်လက်ပျက် ငြီးတွားသံသည် ကုချင်း၀မ်၏ အသိစိတ်ပင်လယ်ထဲသို့ တစ်လုံးမကျန် တိုက်ရိုက် တိုးဝင်လာပြန်သည်။
ထိုအခိုက်အတန့်တွင် ကုချင်း၀မ်သည် သွားကို အသာအယာ ကြိတ်လိုက်မိပြီး နှုတ်ခမ်းများ တုန်ခါသွားရသည်။ သူမသည် ချက်ချင်းပြေးသွားပြီး လုချန်၏ ပါးစပ်ကို စုတ်ပြဲသွားအောင် ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားမိသည်။
ဒီကောင်စုတ်က ဘာလို့ ဒီလောက်တောင် စကားများပြီး တတွတ်တွတ် ပြောနေရတာလဲ... ပါးစပ်ကို ပိတ်ထားတယ်မရှိဘူး…(အတွေးကို ဆိုလို)
သို့သော်လည်း ကုချင်း၀မ်သည် စောစောက အခြေအနေကို ပြန်လည်စဉ်းစားကာ ဒေါသကို ထိန်းချုပ်လိုက်ပြီး တပည့်များကို ကြည့်ကာ ပြောလိုက်လိုက်သည်။
"အားလုံးပဲ မိမိတို့ရဲ့ တောင်ထိပ်တွေကို အသီးသီး ပြန်ကြတော့ လာမယ့်ရက်တွေမှာ ငါဟာ ထူးခြားတဲ့ ပါရမီထူးချွန်တဲ့ တပည့်အချို့ကို ရွေးချယ်ပြီး ငါ့ရဲ့ 'တပည့်ရင်း' အဖြစ် ပျိုးထောင်ပေးသွားမယ်"
ကုချင်း၀မ်၏ စကားကို ကြားလိုက်ရသည့်အခါ ယောင်ချီသန့်စင်နယ်မြေရှိ တပည့်များအားလုံးမှာ ချက်ချင်းပင် ရူးမတတ် စိတ်လှုပ်ရှားသွားကြတော့သည်။ မဟာဧကရာဇ်တစ်ပါး၏ တပည့်ရင်း ဖြစ်ခွင့်ရမှာတဲ့လေ…
နောင်တစ်ချိန်တွင် ဧကရာဇ်အဆင့်၏ ဂုဏ်အရှိန်အဝါကို ထပ်တူမရရှိနိုင်ရင်တောင်မှ ခြေလှမ်း၀က်ဧကရာဇ်အဆင့်မျှ ဖြစ်လာပါက နန်ချင်းကျန့်ပြည်နယ်၏ ထိပ်တန်းအင်အားကြီး ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်သည် မဟုတ်ပါလား။ ဒါကတော့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မယ့် ကြီးမားလှတဲ့ ကံတရားအခွင့်အလမ်းပင် ဖြစ်၏။
‘အဲ့ဒီအခါကျရင် စီနီယာအစ်ကိုကြီး လုချန်ကို ငါတစ်ယောက်တည်း ပိုင်ဆိုင်ထားလို့ ရပြီပေါ့’
ခဏမျှ စိတ်ကူးယဉ်ပြီး စိတ်လှုပ်ရှားနေကြသော စီနီယာ... ဂျူနီယာများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် ဂါရဝပြုကာ တစ်ဦးပြီးတစ်ဦး ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။
ကုချင်း၀မ်သည် မည်သည့်ခံစားချက်မျှမရှိသည့် မျက်နှာထားဖြင့် တပည့်များကို ငေးကြည့်နေသော်လည်း သူမ၏ အကြည့်မှာမူ လုချန်ရှိရာ လားရာဘက်သို့ ခဏခဏ ရောက်ရှိသွားတတ်သည်။
【ဟူး~~ တော်သေးတာပေါ့... သူက ငါ့ကို ဘာမှ လာမမေးလို့... မဟုတ်ရင် ရှင်းပြရတာ တကယ် ခက်ရချည်ရဲ့】
【ကံကောင်းလို့ပဲ... ကံကောင်းလို့ပဲ... စိတ်အေးသွားရပြီ ဒီနေ့ တောင်ထိပ်ကို ပြန်ရောက်တာနဲ့ ရှန်ယွန်းတောင်ထိပ်ကနေ ဘယ်တော့မှ ခြေလှမ်းတစ်လှမ်းမှ မထွက်တော့ဘူး】
လုချန်သည် လူအုပ်ကြီးကြားထဲတွင် ရောနှောကာ စိတ်သက်သာရာရသည့် မျက်နှာထားဖြင့် လှည့်ထွက်သွားပြီး စိတ်ထဲမှလည်း အလွန်ပင် ကံကောင်းသည်ဟု မှတ်ချက်ချနေမိသည်။
သို့သော်လည်း... လုချန် မသိလိုက်သည်မှာ သူသည် အလျင်အမြန် လှည့်ထွက်သွားချိန်တွင်... မည်သည့်ခံစားချက်မှမရှိဘဲ တည်ငြိမ်နေခဲ့သည့် ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်စွန်းလေးတွင်မူ အန္တရာယ်ရှိလှသော အပြုံးအရိပ်အယောင်လေးတစ်ခု ပေါ်ထွက်နေခဲ့ခြင်း ဖြစ်သည်။
မကြာမီ... လုချန်တစ်ယောက် ဂိုဏ်း၏ ပင်မခန်းမဆောင်ရှေ့ ကွင်းပြင်မှ ထွက်ခွာခါနီး ဆဲဆဲမှာပင်...
ကုချင်း၀မ်သည် လုချန်ရှိရာဘက်သို့ မထင်မရှား လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် မျက်ခုံးပင့်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်တော့သည်။
"ခဏရပ်ဦး ဟိုဘက်က ဘယ်သူလဲ ယောင်ချီသန့်စင်နယ်မြေလို နေရာမျိုးမှာ ဘာဖြစ်လို့ အမျိုးသားကျင့်ကြံသူတစ်ယောက် ရှိနေရတာလဲ ဒါက ဘယ်လို ကြောင့်လဲ"
【အမေရေ... သွားပြီ (Fck)】