စနစ် မှ ပေးအပ်ထားသော အမျိုးမျိုးသော ဓားသိုင်းများနှင့် ဓားကျင့်စဉ်များကို အထွတ်အထိပ်အဆင့်အထိ ကြာမြင့်စွာကတည်းက ကျင့်ကြံထားခဲ့သော ဓားကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် လုချန်သည် ဆုလီယန် သိုင်းကွက်အနည်းငယ် ထုတ်ဖော်လိုက်သည်နှင့် ဓားကွက်၏ နောက်ကွယ်မှ သဘောတရားများကို ချက်ချင်းပင် ထိုးထွင်းမြင်ရလေသည်။
သူသည် ဆုလီယန်၏ ဓားသိုင်းရည်ရွယ်ချက်ကို အကဲခတ်မိသွားခြင်း ဖြစ်၏။
အချို့သော ဓားသိုင်းများသည် 'သံယောဇဉ်' ကို အခြေခံကြပြီး၊ အချို့က 'တရားမျှတမှု'၊ အချို့ကမူ 'နိုင်ငံ့အကျိုး' အတွက် ဖြစ်ကြသော်လည်း ဆုလီယန်၏ ဓားသိုင်းကမူ 'ရူးသွပ်ခြင်း'ကို အခြေခံကျင့်ကြံခြင်း ဖြစ်သည်။
သို့သော်လည်း... ကောင်းကင်နှင့် မြေပြင်ကို ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်ရုံမျှနှင့် မည်သို့ ရူးသွပ်သည်ဟု ခေါ်နိုင်ပါမည်နည်း။
ဒါက 'ရူးသွပ်ခြင်း' ကို ကျင့်ကြံခြင်းဖြစ်ကတည်းက အဆုံးစွန်အထိ ရူးသွပ်ပစ်လိုက်ရုံသာ ရှိသည်။
ကောင်းကင်နဲ့ မြေပြင်ဆိုတာ ဘာမို့လို့လဲ တကယ်လို့ ဒီလို စိတ်နေသဘောထားဖြင့်သာ ကျင့်ကြံမည်ဆိုပါက ထိုဓားသိုင်း၏ စွမ်းပကားသည် သေချာပေါက် အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားပေလိမ့်မည်။
[ဟူး... ဘယ်လောက်တောင် မာနထောင်လွှားတဲ့ စကားလဲ ဒါ... ကောင်းကင်နဲ့ မြေပြင်က ဘာမို့လို့လဲတဲ့လား]
လုချန်၏ စိတ်ထဲမှ ရေရွတ်သံက ကုချင်း၀မ်၏ နားထဲသို့ ရောက်ရှိလာသောအခါ ကုချင်း၀မ်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်အံ့သြသွားရပြီး သူမ၏ နှလုံးခုန်သံပင် တစ်ချက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အဆင့်တစ် ဓားကျင့်ကြံသူပီပီ ကုချင်း၀မ်သည် သတိပြန်ဝင်လာပြီးနောက် သူမ၏ စိတ်ထဲတွင် ချက်ချင်းပင် တွက်ချက်ကြည့်မိသည်... တကယ်လို့ သူမသာ ဒီလို စိတ်ဓါတ်မျိုးဖြင့် သူမဓားသိုင်းကို ထုတ်ဖော်မည်ဆိုပါက... ထိုသို့ဆိုလျှင်...
တစ်ခဏအတွင်းမှာပင် ကုချင်း၀မ်သည် ညာဏ်အလင်းရသွားသကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းမှာ လုချန်၏ ဤစကားတစ်ခွန်းသည် သူမ၏ ကိုယ်ပိုင်ဓားသိုင်းတွင်လည်း အပြည့်အဝ ပေါင်းစပ်အသုံးချနိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသောကြောင့် ဖြစ်၏။
သူမ၏ ဓားသိုင်းတွင် ဘာလိုနေသနည်းဟူမူ... 'လောကအလယ် ငါတစ်ယောက်တည်းသာ ရှိသည်' ဟူသော ထောင်လွှားသည့် အရှိန်အဝါမျိုး လိုအပ်နေခြင်း ဖြစ်သည်။
သို့သော် လုချန်၏ ဝေဖန်ချက်က ဆုလီယန်အတွက် ရည်ရွယ်ခြင်း ဖြစ်သဖြင့် သူမ၏ ဓားသိုင်းတွင် တစ်သမတ်တည်း အသုံးပြု၍တော့ မရချေ။
ကုချင်း၀မ်၏ ဓားသိုင်းသည် 'ရူးသွပ်ခြင်း' ကို ကျင့်ကြံခြင်းမဟုတ်ဘဲ 'မာန'ကို ကျင့်ကြံခြင်း ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် အခြေအနေကို သုံးသပ်ကာ သင့်တော်သလို ပြောင်းလဲအသုံးချရပေမည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက နန်ချင်းကျန့်ပြည်နယ်၏ အားအကောင်းဆုံး ပုဂ္ဂိုလ်၊ အဆင့်တစ် ဓားကျင့်ကြံသူပီပီ ကုချင်း၀မ်သည် လုချန်၏ စကားကို အနည်းငယ် ပြုပြင်မွမ်းမံကာ သူမ၏ ကိုယ်ပိုင်ဓားသိုင်းထဲသို့ လျင်မြန်စွာ ပေါင်းစပ်လိုက်တော့သည်။
သို့သော် ဒါက သူမ၏ ကိုယ်ပိုင်အတွေးအမြင် သက်သက်သာ ရှိသေးသဖြင့် သင့်တော်ခြင်း ရှိမရှိကိုမူ ကုချင်း၀မ် မသိသေးချေ။
ယခုမူ... ကုချင်း၀မ်သည် ခဏနေလျှင် လုချန်အနေဖြင့် သူမကို သေသေချာချာ စိုက်ကြည့်ပြီး အကြံဉာဏ်အချို့ ပေးစေချင်နေမိသည်။
မဟုတ်သေး... တိတိကျကျ ပြောရလျှင် 'လမ်းညွှန်ပြသပေးခြင်း' ကို လိုလားနေမိခြင်း ဖြစ်၏။
ထိုသို့တွေးမိပြီးနောက် ကုချင်း၀မ်သည် ခေါင်းကို အနည်းငယ် စောင်းကာ လုချန်ကို နက်ရှိုင်းစွာ လှမ်းကြည့်လိုက်မိသည်။ သူမ၏ မျက်ဝန်းထဲရှိ အံ့သြတုန်လှုပ်မှုများကို အတိုင်းအတာဖြင့် တိုင်းထွာ၍ မရနိုင်တော့ချေ။
ဤအချိန်တွင် လုချန်၏ အကြည့်က ဆုလီယန်ထံ၌သာ ရှိနေဆဲ ဖြစ်ပြီး သူ ဘာတွေ ဆက်တွေးနေသည်ကိုမူ သူမ မသိသေးချေ။
‘ဒီကောင်စုတ်လေးက... ဘယ်လောက်တောင် ပါရမီထူးချွန်တဲ့သူလဲ’
【ဒါပေမဲ့...】
လမ်းညွှန်ချက်လား လုချန်၏ စိတ်ကူးသံကို ကြားရသဖြင့် ကုချင်း၀မ်သည် ချက်ချင်းပင် သေသေချာချာ နားစွင့်ရန် ပြင်ဆင်လိုက်သည်။
【ဒါပေမဲ့... ဆုလီယန်ရဲ့ ခန္ဓာကိုယ်အချိုးအစားက တကယ်ကို လွန်ကဲလွန်းတာပဲ...】
【ငါက ကုချင်း၀မ်ရဲ့ အချိုးအစားက လောကမှာ အကောင်းဆုံးလို့ ထင်နေခဲ့တာ၊ ဆုလီယန်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ နည်းနည်းတော့ နိမ့်ကျနေသေးတာပဲ...】
【ဒီလောက်ဆို ကလေး အယောက်နှစ်ဆယ်လောက်တောင် မွေးနိုင်မှာ မဟုတ်လား】
【ဒါနဲ့... ဟိုမြေခွေးနားရွက်တွေက အစစ်လား အတုလားမသိဘူး…အစစ်ဆိုရင် သူက နားလေးဖက် ရှိနေတာပေါ့】
【အသွင်ပြောင်းထားတာလား မသေမျိုးဧကရီတစ်ပါးက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို အသွင်ပြောင်းနိုင်တာပဲကို၊ ဘာဖြစ်လို့ မြေခွေးနားရွက်ပြာပြာတစ်စုံကို တကူးတက ဖော်ပြထားရတာလဲ ဒါက... Cosplayလုပ်နေတာများလား အဟက်...မဟုတ်လောက်ပါဘူး၊ သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ အလှတရားပဲ ဖြစ်ရမယ်】
【ဒါက ကောင်းလေစွ၊ဒါက ကောင်းလေစွ...】
စက္ကန့်ဝက်မျှ ကြာပြီးနောက်တွင် ကုချင်း၀မ်သည် ရှက်သွေးဖြာကာ လုချန်ကို စူးစိုက်ကြည့်လိုက်မိသည်။
‘ဒီလူရှုပ်ကောင် စကားသုံးခွန်း ပြောပြီးတာနဲ့ ဟိုအရေးမပါတာတွေ လျှောက်တွေးတော့တာပဲ’
‘ပြီးတော့... ကလေးအယောက်နှစ်ဆယ် မွေးရမယ် ဟုတ်လား ၁၀ ယောက် ဒါမှမဟုတ် ၈ ယောက်ဆိုရင်ပဲ လုံလောက်လှပြီကို ပြီးတော့ ဒီလိုခန္ဓာကိုယ်အချိုးအစားမျိုးက တိုက်ပွဲဝင်တဲ့အခါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ် ဟုတ်တယ်... ဝန်ထုပ်ဝန်ပိုးပဲ’
သူမ လုချန်ကို စူးစိုက်ကြည့်လိုက်သော်လည်း လုချန်က သူမကို လုံးဝကြည့်မနေသည်ကို သတိပြုမိသွားသည်။
ကုချင်း၀မ် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့ရှိ ဆုလီယန်ထံသို့သာ ချက်ချင်း ပြန်လှည့်ကြည့်လိုက်တော့သည်။
သူမ၏ အေးစက်သော မျက်ဝန်းများက ဆုလီယန်၏ ရင်ဘတ်ဆီသို့ တမင်တကာ သို့မဟုတ် မသိမသာဖြင့် အကြိမ်အနည်းငယ် ဖြတ်သန်းကြည့်ရှုမိသွား၏။
’အင်း... တကယ်ပဲ... အရင်က သိပ်သတိမထားမိပေမဲ့ အခု အနီးကပ်ကြည့်လိုက်တော့ တကယ်ကို လွန်ကဲနေတာပဲ…လူရှုပ်လေး... ဒီအရာက နည်းနည်းကြီးတာ သေးတာ ဘာအရေးကြီးလို့လဲ’
ဆုလီယန်၏ ဦးခေါင်းထက်မှ မြေခွေးနားရွက်ပြာပြာတစ်စုံနှင့် ပတ်သက်၍မူ ကုချင်း၀မ် အကြောင်းရင်းကို အနည်းငယ် သိရှိထားသည်။
ဤအချိန်တွင် ဆုလီယန်သည် ထူးဆန်းသောအမူအရာဖြင့် ကုချင်း၀မ်ကို စိုက်ကြည့်နေသည်။ ယခု ဆုလီယန်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။
'ဒီကုချင်း၀မ်က... တစ်ခုခု ဖြစ်နေတာလား'
'သူမက ဘာအကြောင်းရင်းမှမရှိဘဲ ရပ်နေတဲ့ လုချန်ကို ခဏခဏ နောက်ပြန်လှည့်ကြည့်နေတယ်…ပြီးတော့ ကုချင်း၀မ်က အမြဲတမ်း တည်ငြိမ်အေးစက်နေတတ်တာ မှန်ပေမဲ့၊ သူက အခု ရှေ့မှာရှိနေတဲ့အရာတွေကို လုံးဝအာရုံမစိုက်ဘဲ ဘာတွေ တွေးတောငေးမောနေတဲ့လူ မဟုတ်မှန်း ငါ သိနေတယ်'
'ပြီးတော့... သူ ဘာဖြစ်လို့ ငါ့ရင်ဘတ်ကိုပဲ အကြောင်းမရှိ အကြောင်းရှာပြီး ခဏခဏ လာကြည့်နေရတာလဲ နှစ်ပေါင်းတစ်သောင်း တံခါးပိတ်ကျင့်ကြံပြီးတော့ ရောဂါတစ်ခုခု ရလာတာလား'
ဆုလီယန်က ကုချင်း၀မ်ကို ထပ်မံ၍ ရိသဲ့သဲ့ ပြောဆိုရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ ရှေ့သို့ ပြန်လှည့်လာသော ကုချင်း၀မ်က သူမ၏ မေးစေ့ကို အနည်းငယ် ပင့်တင်လိုက်ရင်း ဆုလီယန် အလွန်အကျွမ်းတဝင်ရှိလှသော ထိုထောင်လွှားသည့် အမူအရာဖြင့် ညင်သာစွာ မိန့်ဆိုလိုက်သည်။
"တကယ်ပဲ အမြင်ကျဉ်းမြောင်းနေသေးတာ အမှန်ပဲ”
ကုချင်း၀မ် ဤသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ရှိနေကြသော လူအားလုံး ဆတ်ကနဲ မှင်တက်သွားကြသည်။ ဒါ... ဒါကြီးကိုတောင် အမြင်ကျဉ်းမြောင်းတယ်လို့ ခေါ်ရသလား
ဆုလီယန်သည်လည်း ကုချင်း၀မ်က ဒီလို စကားမျိုး ရုတ်တရက် ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သို့သော်လည်း လျင်မြန်စွာ သတိဝင်လာသော ဆုလီယန်က နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးရင်း ကုချင်း၀မ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"အခြားသူတွေကို နှိမ့်ချပြောဆိုရုံနဲ့ မိမိကိုယ်မိမိ မြင့်မြတ်အောင် လုပ်လို့မရဘူးနော်... ဧကရီမကြီးရယ်"
"ဒါဆိုရင်လည်း... ဘယ်လိုအရာကမှ ကြီးကျယ်ခမ်းနားလဲဆိုတာ ငါ့ကို တစ်ချက်လောက် ပြသပေးပါဦးလား"
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ တကယ်လို့ သင်က အလွန်ချောမောနေပြီး တစ်စုံတစ်ဦးက သင့်ကို ရုပ်ဆိုးသည်ဟု ပြောပါက သင် သေချာပေါက် ဒေါသထွက်လိမ့်မည်မဟုတ်ပေ။
သို့သော် သင်က တကယ်ရုပ်ဆိုးနေပြီး အခြားသူများကလည်း ရုပ်ဆိုးသည်ဟု ပြောပါက သင် သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။
ဆုလီယန်၏ ဓားသိုင်းသည် နန်ချင်းကျန့်ပြည်နယ်တွင် တောင်ကုန်းတောင်တန်းများကိုပင် ဝါးမြိုနိုင်လောက်သော အရှိန်အဝါရှိသည့် အဆင့်တစ် ဓားသိုင်းဖြစ်သည်မှာ သေချာလှသည်။
ကုချင်း၀မ်က ထိုသို့ပြောလိုက်ခြင်းအပေါ် ဆုလီယန်က ကုချင်း၀မ်အနေဖြင့် မာနတင်းနေခြင်းသာ ဖြစ်သည်ဟု မှတ်ယူလိုက်၏။
အမှန်တော့ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အမြဲတမ်း ထိပ်ဆုံးတွင် ရှိနေခဲ့သူပီပီ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာချိန်တွင် အခြားသူများ၏ ကျော်တက်ခြင်းကို ခံရသည့် ခံစားချက်ကို လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။
ဆုလီယန်က လှောင်ပြုံးပြုံးလျက် တစ်စုံတစ်ခုကို ပြောရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ ကုချင်း၀မ်က ကွင်းပြင်၏ ဗဟိုဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားရင်း ညင်သာစွာ ပြောလိုက်သည်။
"ငါ မေးပါရစေ... ကောင်းကင်နဲ့ မြေပြင်ဆိုတာ ဘာမို့လို့လဲ"
"နင်က မသေမျိုးဧကရီတစ်ပါး ဖြစ်နေပြီ၊ ကောင်းကင်နဲ့ မြေပြင်ရဲ့ စည်းမျဉ်းတွေရဲ့ ပြင်ပကို ကျော်လွန်ရောက်ရှိနေပြီ ဖြစ်ပါလျက်... ဘာဖြစ်လို့ ကောင်းကင်နဲ့ မြေပြင်ကို မေးခွန်းထုတ်နေရဦးမှာလဲ ကောင်းကင်နဲ့ မြေပြင်ရဲ့ စည်းမျဉ်းတွေဟာ ငါတို့ရဲ့ ခြေဖဝါးအောက်မှာ နင်းချေခြင်း ခံထားရပြီးပြီ မဟုတ်လား"
"ကောင်းကင်နဲ့ မြေပြင်ဆိုတာ ဘာမို့လို့လဲ ငါတို့က မသေမျိုးဧကရီတွေပဲ"
ကုချင်း၀မ်သည် လုချန်၏ စကားကို အနည်းငယ် ပြုပြင်ပြောင်းလဲကာ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လုချန်၏ စိတ်ထဲမှ "ကောင်းကင်နဲ့ မြေပြင်ဆိုတာ ဘာမျှမဟုတ်တဲ့ ဖုန်မှုန့်သက်သက်ပဲ" ဟူသော စကားလုံးများကိုမူ ကုချင်း၀မ်အနေဖြင့် အပြင်သို့ ထုတ်ဖော်ပြောဆိုရန် ရှက်လှပေသည်။
ကုချင်း၀မ် ဤစကားများကို ပြောပြီးနောက်တွင်မူ တစ်ခဏချင်းမှာပင် ဂိုဏ်း၏မဟာရင်ပြင်တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
မည်သူမျှ စကားတစ်ခွန်းမျှ မဆိုရဲကြချေ။ လူတိုင်းက ကုချင်း၀မ်၏ စကားများကြောင့် အလွန်အမင်း တုန်လှုပ်အံ့သြသွားကြရသည်။
ဆုလီယန်မှာမူ ပို၍ပင် မှင်တက်သွားရပြီး သူမ၏ စွဲမက်ဖွယ်ကောင်းသော နှုတ်ခမ်းနီနီလေးက အနည်းငယ် ဟသွားကာ မျက်နှာတစ်ခုလုံး ရှော့ရသွားတော့သည်။ ဒါ... ဒါက ဆုလီယန်တစ်ယောက် မည်သည့်အခါမျှ တွေးတောမထားခဲ့ဖူးသော အမြင် ဖြစ်သည်။
【ဝါး... ကုချင်း၀မ်ကလည်း ဒါကို သိနေတာပဲ၊ တကယ့်ကို အထင်ကြီးစရာပဲ】
【အရမ်းမိုက်တာပဲ၊ ဒါမှ ငါ့ရဲ့ ကုချင်း၀မ်ကွ】
ကုချင်း၀မ်၏ စကားကို ကြားရသောအခါ လုချန် စိတ်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားတက်ကြွသွားရသည်။
တည်ငြိမ်အေးစက်သော မျက်နှာပေးဖြင့် ဤစကားများကို ပြောဆိုသွားသော ကုချင်း၀မ်က တကယ်ကို မိုက်လွန်းလှပေသည် တစ်ခဏမျှအတွင်း လုချန်သည် ကုချင်း၀မ်အပေါ် ရိုသေလေးစားစိတ်ပင် အနည်းငယ် ဖြစ်ပေါ်လာရသည်။
[အား... အရမ်းမိုက်တာပဲ…အမကြီးရေ... ကျွန်တော့်ကို ဖိထားလိုက်ပါတော့…]
သို့သော်လည်း ဒီအကြောင်းအရာက လုချန်အား လူ့လောကတွင် မိမိထက် တော်သူများ အမြဲရှိနေတတ်ပြီး ကောင်းကင်ထက်တွင် ကောင်းကင်များ အမြဲရှိနေဆဲ ဖြစ်ကြောင်းကို သဘောပေါက်သွားစေခဲ့သည်။
လုချန်သည် စောစောက ဒီအချက်ကို သူတစ်ဦးတည်းသာ မြင်တွေ့ခဲ့သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကုချင်း၀မ်ကလည်း အလွယ်တကူ ထိုးထွင်းမြင်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
နောင်အနာဂတ်တွင် သူသည် အမြဲတစေ နှိမ့်ချစွာဖြင့် ပညာဆည်းပူးရပေမည်။ စနစ်က ပေးအပ်ထားသော ဓားသိုင်းအကျိုးအပဲ့ အနည်းငယ်ကို တတ်မြောက်ထားရုံမျှဖြင့် မိမိကိုယ်မိမိ အလွန်အစွမ်းထက်လှပြီဟု မထင်မှတ်သင့်ပေ။ လူဆိုသည်မှာ အမြဲတစေ နှိမ့်ချတတ်ရပေမည်။