‘ဟမ်…ဓားသိုင်းကွက်၏ အတိုင်းအတာက သေးငယ်လွန်းသည် ဟုတ်လား.. ငါထင်နေတာတွေ မဟုတ်ဘူးပေါ့..’
ကုချင်း၀မ်သည် သူမ၏ နားများ ကြားမှားသွားလေသလော၊ သို့မဟုတ် ဒီကောင်စုတ် လုချန်၏ ဦးနှောက်တစ်ခုခု ဖြစ်သွားလေသလောဟုပင် သံသယဝင်မိသွားသည်။
ကုချင်း၀မ်သည် ဆုလီယန်၏ ဓားသိုင်းကွက်အကြောင်းကို ကောင်းစွာ သိရှိထား၏။ တိတိကျကျ ပြောရလျှင် ထိုဓားသိုင်းသည် အခြေခံမှ ဆင့်ကဲပြောင်းလဲလာသည်ကို သူမ သိသည်။
ထိုဓားသိုင်း၏ အမည်ကား "ကောင်းကင်သို့ မေးခွန်းထုတ်ခြင်း" ဖြစ်သည်။ ထိုဓားသိုင်း သည် ဆုလီယန် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေစဉ်က ရရှိခဲ့သော ဓားသိုင်းဖြစ်ပြီး အဆင့်အတန်းအားဖြင့် 'ဧကရာဇ်အဆင့်' ရှိ၏။
အောက်လောကရှိ ကျင့်ကြံသူများ လက်လှမ်းမီနိုင်သော အမြင့်မားဆုံးသော အဆင့်အတန်းဟု ဆိုရပေမည်။
ထိုဓားသိုင်းသည် ကောင်းကင်နှင့် မြေပြင်ကိုပင် ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်ရဲသော အရှိန်အဝါကို အဓိကထားပြီး၊ ဆုလီယန် စောစောက ထုတ်ဖော်ပြသသွားသော ခန့်ညားထည်ဝါမှုကိုလည်း လူတိုင်း မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။
နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံပြီးနောက် ဆုလီယန်သည် ဤ "ကောင်းကင်သို့ မေးခွန်းထုတ်ခြင်း" ဓားသိုင်းကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ရုံသာမက သူမ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုများကိုပါ ထည့်သွင်းပေါင်းစပ်နိုင်ခဲ့သည်။
မူလအခြေခံပေါ်တွင် ကောင်းကင်နှင့် မြေပြင်ကို မေးခွန်းထုတ်ရဲသော အရှိန်အဝါကို ပိုမိုမြှင့်တင်ထားခြင်း ဖြစ်၏။
ယခုအခါ ဤဓားသိုင်းသည် ဆုလီယန်၏ တာအိုအငွေ့အသက်များနှင့် ပေါင်းစပ်သွားပြီးနောက် မကြုံစဖူး ထိတ်လန့်အံ့သြဖွယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တကယ်လို့ ဒီလို ဓားသိုင်းကိုပင် အတိုင်းအတာ သေးငယ်သည်ဟု ဆိုပါက အဘယ်အရာကမှ ကြီးမားနိုင်ပါဦးမည်နည်း။
ဒီကောင်စုတ်လေး... တကယ်ကို အတင့်ရဲလွန်းလှသည်။
သို့သော်လည်း ကုချင်း၀မ်သည် လုချန်ကို အပြစ်မတင်လိုပေ။ အမှန်တော့... သူသည် ငယ်ရွယ်ပြီး မရင့်ကျက်သေးသော ကလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်လား။
ကုချင်း၀မ်၏ မျက်လုံးထဲတွင် လုချန်သည် ကလေးတစ်ဦးမျှသာ ဖြစ်၏။ ဒါ့အပြင် လုချန်က အပြင်သို့ ထုတ်ဖော်အော်ဟစ်ခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်ထဲတွင်သာ ထင်မြင်ချက်ပေးနေခြင်း ဖြစ်သဖြင့် ပြဿနာမရှိလှပေ။
ကွင်းပြင်ထဲသို့ မဝင်ရောက်မီ ကုချင်း၀မ်သည် လုချန်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကုချင်း၀မ်သည် အမှန်စင်စစ် နောက်ပိုင်းတွင် လုချန်အနေဖြင့် သူမ၏ ကိုယ်ပိုင်ဓားသိုင်းအပေါ် တစ်စုံတစ်ရာ ဝေဖန်ပေးလိမ့်မည်ဟု မျှော်လင့်နေမိသည်။
စောစောကကဲ့သို့ မသိနားမလည်သော ဝေဖန်မှုမျိုး ဖြစ်နေလျှင်ပင် ဂရုမစိုက်ပါ။
ပြန်တွေးကြည့်လျှင် ကုချင်း၀မ် စိတ်ထဲ၌ အနည်းငယ်မျှတော့ မကျေမနပ် ဖြစ်မိဆဲ။
ယနေ့နံနက်က သူမသည် လုချန်ကို သင်ကြားပေးရန်အတွက် သူမ၏ ကိုယ်ပိုင်ဓားသိုင်းကွက်ကို အထူးထုတ်ဖော်ပြသခဲ့သော်လည်း ဒီကောင်စုတ်လေးက တစ်ချက်မျှပင် စောင်းငဲ့မကြည့်ခဲ့ပေ။
သို့သော် ဆုလီယန်၏ ဓားသိုင်းကျတော့မှ သူ၏ စိတ်ထဲမှ ဝေဖန်သံများက လူကို ရယ်ချင်စိတ်ပေါက်စေသော်လည်း အနည်းဆုံးတော့ သူ သေသေချာချာ ကြည့်နေခဲ့သည်မှာ သေချာသည်။
သူက ဘာဖြစ်လို့ ဆုလီယန်ရဲ့ ဓားသိုင်းကျတော့ သေသေချာချာကြည့်ပြီး သူမရဲ့ ဓားသိုင်းကျတော့ မကြည့်ရတာလဲ သူမ၏ ဓားသိုင်းက ဆုလီယန်ထက် အနည်းငယ် နိမ့်ကျသည်ဆိုစေဦးတော့...
ဆုလီယန်ပြီးလျှင် ဒုတိယအဆင့်၌ ရှိနေဆဲ ဖြစ်ပြီး လွန်စွာမှလည်း အားကောင်းလှပေသည် မည်သို့ပင်ဖြစ်စေ ဒီကောင်စုတ်လေး လေ့လာဆည်းပူးရန်အတွက်မူ လုံလောက်သည်ထက်ပင် ပိုပါသေးသည်။
ကုချင်း၀မ်သည် လုချန်ကို ကြည့်ရင်း အမူအရာတစ်ခု ပြုလုပ်လိုက်သည်။
ဒါက နောက်တစ်ကြိမ်တွင် သူမ၏ ဓားသိုင်းကို သေသေချာချာကြည့်ရန်နှင့် ဟိုဟိုဒီဒီ လျှောက်မကြည့်ရန် သတိပေးလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း လုချန်သည် ဆုလီယန်ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်ပြီး သူ ဘာတွေ တွေးနေသည်ကိုမူ သူမ မသိချေ။
လုချန်သည် ဆုလီယန်ကို စိုက်ကြည့်နေသော်လည်း အခြားယောက်ျားများကဲ့သို့ ရမ္မက်ဆန္ဒများ သူ၏ မျက်ဝန်းတွင် မရှိချေ။
သူ၏ မျက်ဝန်းအစုံသည် သန့်စင်ကြည်လင်နေပြီး ယောင်ချီ သန့်စင်နယ်မြေ၏ ကျောက်စိမ်းရေကန်ကဲ့သို့ပင် အပြစ်ကင်းစင်လှသည်။
လုချန် တစ်စုံတစ်ခုကို တွေးတောရင်း သူမကို ကြည့်မနေသည်ကို မြင်ရသဖြင့် ကုချင်း၀မ် လူအများရှေ့တွင် ဘာမျှမပြောနိုင်တော့ဘဲ ကွင်းပြင်၏ ဗဟိုဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
ဆုလီယန်သည် ဧကရီပလ္လင်ထံသို့ ပြန်မသွားသေးဘဲ မူလနေရာ၌ပင် ရပ်နေဆဲ ဖြစ်သည်။ ကုချင်း၀မ် နီးကပ်လာသည်ကို ကြည့်ရင်း ဆုလီယန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်ကာ ပြောလိုက်သည်။
"ယောင်ချီ ဧကရီအနေနဲ့ ငါ အခုတင် ပြသသွားတဲ့ ဓားသိုင်းအပေါ် ဘယ်လိုထင်မြင်ပါသလဲ"
"ဒါမှမဟုတ်... အရင်တုန်းကလိုပဲ၊ ယောင်ချီဧကရီက ငါ့ရဲ့ ဓားသိုင်းဟာ ငါ့လိုပဲ အမြင်ကျဉ်းမြောင်းတယ်လို့ ထင်နေတုန်းပဲလား”
ပြောပြီးနောက် ဆုလီယန်သည် ကုချင်း၀မ်ကို စိန်ခေါ်သောအမူအရာဖြင့် သူမ၏ ခေါင်းကို အနည်းငယ် ပင့်တင်လိုက်သည်။
သူတို့နှစ်ဦးအကြားရှိ ပတ်သက်မှုကို ပြင်ပလောကမှ လူများ မသိကြချေ။ ပြင်ပလူများက ထို ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ဦး ပြိုင်ဆိုင်ကြရာမှ တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ ရန်သူဟောင်းကြီးများ ဖြစ်သွားကြသည်ဟုသာ ထင်မှတ်နေကြသည်။
သို့သော် သူတို့၏ ပတ်သက်မှု ဤမျှအထိ ဆိုးရွားသွားရခြင်းမှာ ထိုခေတ်အခါက ဖြစ်ပွားခဲ့သော ပဋိပက္ခတစ်ခုကြောင့် ဖြစ်သည်ကို မည်သူမျှ မသိကြချေ။
ထိုပဋိပက္ခသည် လွန်ခဲ့သော ကာလအတော်ကြာက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ထိုစဉ်က ကုချင်း၀မ်ရော ဆုလီယန်ပါ ဂိုဏ်းအသီးသီးမှ တပည့်များသာ ဖြစ်ကြပြီး ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်လာသည်မှာ နှစ်ပေါင်းတစ်ရာပင် မပြည့်သေးချေ။
ဆုလီယန်ကိုယ်တိုင်ပင် ထိုစဉ်က ဘာကြောင့် ငြင်းခုံခဲ့ကြသည်၊ သို့မဟုတ် မည်သူက မှန်သည် မည်သူက မှားသည်ကို မေ့လျော့လုနီးပါး ဖြစ်နေပြီ။
သို့သော် ဆုလီယန် မည်သည့်အခါမျှ မမေ့နိုင်သောအရာမှာ... ထိုငြင်းခုံမှုအတွင်း သူမသည် နှုတ်လျှာထက်မြက်စွာဖြင့် ကုချင်း၀မ်ကို အချိန်အတော်ကြာအောင် ဆဲဆိုကျိန်ဆဲခဲ့ခြင်းပင်။
ထိုသို့ ဆဲဆိုနေစဉ်တစ်လျှောက်လုံး ကုချင်း၀မ်သည် မည်သည့်စကားမျှ ပြန်မပြောဘဲ တည်ငြိမ်အေးစက်စွာသာ ရပ်နေခဲ့သည်။ အဆုံးသတ်တွင် ဆုလီယန် ဆဲဆိုရသည်မှာ အနည်းငယ် မောပန်းလာသောအခါမှ ကုချင်း၀မ်က တည်ငြိမ်အေးစက်စွာဖြင့် ပြောခဲ့သည်။
"သေးငယ်ပြီး အရေးမပါတဲ့ နောက်ခံကနေ လာတဲ့သူမို့လို့... နင်က တကယ်ပဲ နှုတ်သီးကောင်းလျှာပါးပြီး… အမြင်ကျဉ်းမြောင်းကာ အဆုံးအမ မရှိတဲ့သူပဲ”
ကုချင်း၀မ်၏ မြင့်မြတ်လွန်းသော အသွင်အပြင်၊ ထိုပြိုင်ဘက်ကင်းလွန်းသော မာနထောင်လွှားမှုနှင့် အရိုးထဲမှ ထွက်ပေါ်လာသော အထင်သေးရွံရှာမှုတို့ကြောင့် သူတို့နှစ်ဦး ရှူရှိုက်နေရသော လေထုပင် ညစ်ညမ်းသွားသကဲ့သို့ ဆုလီယန် ခံစားခဲ့ရသည်။
ဆုလီယန်သည် ထိုအမူအရာကို ယနေ့တိုင် ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်ပြီး ယခု ပြန်လည်တွေးမိသည့်တိုင် သူမ၏ ဒေါသမီးများ ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ ဒါက ဆုလီယန်၏ စိတ်ထဲတွင် အစွဲအလန်းဆုံး ဖြစ်နေရသော အရာပင်။
ဆုလီယန်သည် ကုချင်း၀မ်နှင့် အဆင့်အတန်းတူညီသော်လည်း အချို့သောနေရာများတွင်မူ လုံးဝ ခြားနားလှပေသည် တူညီသောအချက်မှာ သူတို့နှစ်ဦးစလုံးသည် ယခုအခါ ဧကရီများ ဖြစ်ကြပြီး နန်ချင်းကျန့်ပြည်နယ်၏ အားအကောင်းဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြခြင်းပင်။ သို့သော် ခြားနားသောအချက်မှာ... သူတို့၏ နောက်ခံနောက်ကြောင်း ဖြစ်၏။
ကုချင်း၀မ်သည် ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချသည့်နေ့မှစ၍ အတောက်ပဆုံးသော ကြယ်ပွင့် ဖြစ်ခဲ့သည်။
ပြိုင်ဘက်ကင်းသော ရုပ်ရည်၊ အကောင်းဆုံးသော ပါရမီတို့ကြောင့် သူမသည် ရေတွက်မရနိုင်သော လူတို့၏ အိပ်မက်နတ်သမီး ဖြစ်ခဲ့ရသည်။
ကုချင်း၀မ်၏ ဘဝသည် မည်သည့်အတားအဆီးမျှမရှိဘဲ ချောမွေ့ဖြောင့်ဖြူးခဲ့သည်ဟု ဆိုရပေမည်။
သူမသည် ကောင်းကင်ထက်မှ အတောက်ပဆုံးသော ကြယ်ပွင့်ဖြစ်ပြီး လူတို့ အားကျငေးမောရန်အတွက်သာ မွေးဖွားလာသူ ဖြစ်သည်။
သို့သော် ဆုလီယန်မှာမူ... ကုချင်း၀မ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သူမသည် လူသားမျိုးနွယ်နှင့် မြေခွေးမျိုးနွယ်တို့ ပေါင်းစပ်ရာမှ မွေးဖွားလာသော ကလေးတစ်ဦး ဖြစ်သည်။
ဤသွေးနှောမှုသည် ဆုလီယန်အတွက် အဆုံးမဲ့သော အရှက်ခွဲမှုများနှင့် အေးစက်သော အကြည့်များကိုသာ သယ်ဆောင်လာခဲ့သည်။
ဤကမ္ဘာကြီးသည် သွေးသန့်စင်မှုကိုသာ အဓိကထားသဖြင့် လူလည်းမဟုတ်၊ မြေခွေးလည်းမဟုတ်သော သူမကို နိမ့်ကျလှသော အောက်တန်းစားအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။
သူမ ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်က ဆန်ဖြူတစ်ပန်းကန် ရရှိရန်အတွက်ပင် တောင်းခံခဲ့ရဖူးသည်။
ကျင့်ကြံခြင်း အရင်းအမြစ်အမျိုးမျိုးကိုလည်း သူမထံမှ မတရား သိမ်းဆည်းပိတ်ပင်ခြင်း ခံခဲ့ရ၏။
အခြားသူများ အလွယ်တကူ ရရှိနိုင်သောအရာများကို ဆုလီယန်အနေဖြင့် ဉာဏ်ဆင်ကာ ကြိုးပမ်းခဲ့ရသည်။
ဆုလီယန် ဧကရီတစ်ပါး ဖြစ်လာရန်အတွက် စိုက်ထုတ်ခဲ့ရသော ကြိုးပမ်းမှုသည် အခြားသူများထက် အဆပေါင်း ရာချီ၍ ပိုမိုများပြားလှပေသည်
ထို့ကြောင့် ဆုလီယန် အမုန်းဆုံးအရာမှာ အခြားသူများက သူမအား အမြင်ကျဉ်းမြောင်းသည်၊ သို့မဟုတ် အဆုံးအမ မရှိဟု ပြောဆိုခြင်းပင် ဖြစ်သည်။
အဆုံးအမဆိုသည်မှာ ဘာလဲ တကယ်လို့ သူမသာ စည်းကမ်းရှိနေခဲ့ပါက ဂိုဏ်းသို့ ဝင်ရောက်ပြီး နာရီဝက်အတွင်းမှာပင် ငတ်ပြတ်၍ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ကုချင်း၀မ်၏ မြင့်မြတ်ပြီး မာနထောင်လွှားကာ လူတိုင်းကို အထင်သေးသော ထိုအမူအရာသည် ဆုလီယန် အမုန်းဆုံးသော အရာ ဖြစ်သည်။
ကုချင်း၀မ်က သူမတစ်ဦးတည်းကို ရည်ရွယ်ခြင်း မဟုတ်ဘဲ လူတိုင်းအပေါ် ထိုသို့ ဆက်ဆံခြင်း ဖြစ်သည်ကို သိနေလျှင်ပင် မုန်းတီးမိဆဲ ဖြစ်၏။
ယခုအချိန်တွင် ကုချင်း၀မ်က ဆုလီယန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူမသည် ဆုလီယန် ဘာကို ဆိုလိုသည်ကို ကောင်းစွာ သိရှိပါသည်။ လွန်ခဲ့သော ကာလများက အကြောင်းအရာနှင့် ပတ်သက်၍ ကုချင်း၀မ်အနေဖြင့် သူမတွင် အမှားမရှိဟု ခံစားရဆဲ။
ဒီမိန်းမသည် နှုတ်သီးကောင်းလျှာပါးဖြင့် သူမအား စျေးသည်မတစ်ဦးပမာ နာရီဝက်နီးပါး ဆဲဆိုခဲ့ခြင်း မဟုတ်ပါလား။
သူမအနေဖြင့် တစ်ခွန်းမျှ ပြန်လည်မတုံ့ပြန်နိုင်ရော့သလော တကယ်လို့ အချိန်ကို ပြန်လှည့်နိုင်လျှင်ပင် ကုချင်း၀မ် ထိုသို့သာ ထပ်မံပြောဆိုဦးမည် ဖြစ်သည်။
သို့သော် ယခုလက်ရှိတွင်မူ... ကုချင်း၀မ် အနည်းငယ် အကျပ်ရိုက်သွားရသည်။ သူမ မည်သို့ ဝေဖန်ရပါမည်နည်း။
ဆုလီယန်၏ ဓားသိုင်းက မကောင်းဘူးဟု ပြောရမည်လား သို့သော် ဘေးလူများက မျက်စိကန်းမနေကြချေ။
တကယ်လို့ မကောင်းဘူးဟု ပြောပြီးနောက် သူမ၏ ကိုယ်ပိုင်ဓားသိုင်းကို ထုတ်ဖော်ပြသသည့်အခါ သူမ ပို၍ပင် အရှက်ရသွားပေလိမ့်မည်။ သို့သော် ကုချင်း၀မ်၏ စရိုက်က ဆုလီယန်အပေါ် အရှုံးပေးဦးညွှတ်ရန် ခွင့်မပြုချေ။
ဆုလီယန်က စိန်ခေါ်သောအမူအရာဖြင့် စိုက်ကြည့်နေပြီး ကုချင်း၀မ် အကျပ်ရိုက်နေစဉ်မှာပင်...
အသံတစ်သံက ကုချင်း၀မ်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပြန်သည်။
【နည်းနည်းတော့ အမြင်ကျဉ်းမြောင်းတာ အမှန်ပဲ】
【နာမည်က ‘ကောင်းကင်သို့ မေးခွန်းထုတ်ခြင်း’ တဲ့ ဟုတ်လား ကောင်းကင်နဲ့ မြေပြင်ဆိုတာ ဘာမျှမဟုတ်တဲ့ ဖုန်မှုန့်သက်သက်ပဲလေ】