ဆုလီယန် စတင်လှုပ်ရှားလိုက်သည့် ကနဦးဓားကွက် တစ်ကွက်တည်းဖြင့်ပင် လူတိုင်းသည် နက်ရှိုင်းလှသော တာအို၏ အရှိန်အဝါကို ချက်ချင်း ခံစားလိုက်ရသည်။
သူမ၏ အဖွင့်သိုင်းကွက်က ရုတ်တရက် ကောင်းကင်နှင့် မြေပြင်ကို အရောင်အဆင်း ပြောင်းလဲသွားစေ၏။
လူတိုင်း မြင်တွေ့နေရသော ပတ်ဝန်းကျင်သည် အေးချမ်းသာယာလှသည့် ယောင်ချီ သန့်စင်နယ်မြေ မဟုတ်တော့ဘဲ၊ တောက်ပသော ဓားရောင်များနှင့် ဓားရိပ်များ ဝန်းရံနေသည့် စစ်တလင်းပြင်ကြီးတစ်ခု၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒီလို အရိုးထဲအထိ စိမ့်ဝင်သွားစေနိုင်သော ဓားသိုင်းအစွမ်းပြသမှုကြောင့် အနီးနားရှိ တပည့်များစွာ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားတက်ကြွမှုများ ယှက်သန်းသွားကြတော့သည်။
ဒါကတော့... 'ဓားစိတ်ဆန္ဒ' ပင်။
ဓားအသိစိတ် ဟုခေါ်သော ဓားစိတ်ဆန္ဒသည် ရေတွက်မရနိုင်သော ဓားကျင့်ကြံသူများ ပိုင်ဆိုင်ရန် အိပ်မက်မက်ကြရသည့် အရာ ဖြစ်သလို၊ ဓားကျင့်ကြံသူအားလုံး၏ တစ်သက်တာလုံး ရှာဖွေနေသော အရာလည်း ဖြစ်၏။
ကုချင်း၀မ်သည် မဟာရင်ပြင်၏ ဗဟိုတွင် တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်ပြသနေသော ဆုလီယန်ကို ကြည့်ရင်း သူမ၏ လှပသော မျက်ဝန်းအစုံတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။
ဓားစိတ်ဆန္ဒဟူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက ကုချင်း၀မ်ရော ဆုလီယန်ပါ ခြေလှမ်း၀က်ဧကရာဇ်အဆင့်မှာပင် ပိုင်ဆိုင်ခဲ့ကြပြီးသား ဖြစ်သည်။
သို့သော်လည်း... ယခုမျက်မှောက်ရှိ ဆုလီယန်သည် မည်သည့်ကျင့်စဉ်ကိုမျှ အသုံးမပြုခဲ့သလို၊ ဝိညာဉ်စွမ်းအင်ကိုလည်း ထည့်သွင်းခြင်းမရှိဘဲ သိုင်းကွက်သက်သက်ဖြင့်သာ ပြင်းထန်သော ဓားစိတ်ဆန္ဒကို ဖန်တီးပြသသွားခြင်း ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကုချင်း၀မ်ကိုယ်တိုင် ထိုသို့မလုပ်နိုင်ချေ။ ဒါက အလွန်တရာ ခက်ခဲလွန်းလှပေသည်။
ဝိညာဉ်စွမ်းအင် သို့မဟုတ် ကျင့်စဉ်၏ ကူညီထောက်ပံ့မှု လုံးဝမပါဘဲ သိုင်းကွက်သက်သက်ဖြင့် ဓားစိတ်ဆန္ဒကို နှိုးဆွနိုင်ရန်အတွက် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။
ထိုအရာကား... ဆုလီယန်၏ ဓားကျင့်ကြံမှုသည် 'ဓားတာအိုလမ်းစဉ်’ ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ခြင်းပင်…
ဟူးးး…..
ကုချင်း၀မ် စိတ်ထဲမှ သက်ပြင်းအေးတစ်ချက် ချလိုက်မိသည်။
နှစ်ပေါင်းတစ်သောင်းအတွင်း ဆုလီယန်သည်... တကယ်ကို အဆမတန် အားကောင်းလွန်းလှပေသည်။ လက်ရှိအချိန်တွင် သူမကိုယ်တိုင်ပင် ဆုလီယန်၏ ပြိုင်ဘက် မဟုတ်တော့သည်မှာ သေချာသလောက် ရှိနေပြီ။
ကုချင်း၀မ်၏ စိတ်ထဲတွင် အနည်းငယ် ဟာတာတာ ခံစားလိုက်ရ၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က ဆုလီယန်နှင့် ကုချင်း၀မ်တို့သည် ကမ္ဘာမီးလောင်လည်း မတည့်နိုင်သော ပြိုင်ဘက်ဟောင်းကြီးများ ဖြစ်ခဲ့ကြသော်လည်း အမှန်စင်စစ်တွင် ကုချင်း၀မ်ကသာ ဆုလီယန်အပေါ် အမြဲတစေ အသာစီး ရရှိခဲ့ခြင်း ဖြစ်သည်။
ဆုလီယန်က ကုချင်း၀မ်ကို လိုက်မီရန် အားထုတ်တိုင်း၊ ကုချင်း၀မ်က နောက်ထပ် ခြေလှမ်းတစ်လှမ်း အမြဲတမ်း ကြိုတင်ကျော်တက်သွားလေ့ရှိသည်။
သို့သော် ယခုအချိန်တွင်မူ...
သူမသည် ဆုလီယန်၏ ပြိုင်ဘက် မဟုတ်တော့သည်မှာ အမှန်ပင်။ ပြီးတော့ ဧကရာဇ်အဆင့်သို့ တက်လှမ်းစဉ်က သူမကိုယ်တိုင် ဖန်တီးခဲ့သော ဓားသိုင်းကွက်သည်လည်း လက်ရှိ ဆုလီယန်နှင့် နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
ကုချင်း၀မ်သည် သူမ၏ ဓားသိုင်းကွက်တွင် တစ်စုံတစ်ခု လိုအပ်နေသည်ဟု အမြဲခံစားရသော်လည်း ဘာလိုနေသည်ကိုမူ ရှာမတွေ့ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဝိညာဉ်စွမ်းအင်မပါဘဲ သိုင်းကွက်သက်သက်ဖြင့် ဓားစိတ်ဆန္ဒကို နှိုးဆွရန်မှာမူ သူမ ဧကန်မုချ မတတ်နိုင်သောအရာ ဖြစ်သည်။
သူမ... ရှုံးနိမ့်သွားခဲ့ပြီ။
အမှန်တော့ ကုချင်း၀မ်သည် ဒီရလဒ်ကို ကြိုတင်တွေးဆထားခဲ့ပြီးသား ဖြစ်သည်။ သူမသည် နှစ်ပေါင်းတစ်သောင်းအတွင်း အရာရာကို အချိန်ဆွဲနှောင့်နှေးခဲ့မိသည်။ အစက သူမ ယုံကြည်မှု ရှိခဲ့သော်လည်း ယခုလက်တွေ့ မြင်တွေ့လိုက်ရချိန်တွင်မူ မည်သည့်အခွင့်အရေးမျှ မရှိတော့ချေ။
ကုချင်း၀မ်သည် စိတ်ထဲတွင် လွတ်လပ်စွာပင် လက်ခံလိုက်သည်…ရှုံးလျှင် ရှုံးတယ်ပေါ့။
အမှန်စင်စစ် ကုချင်း၀မ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အကြောင်းအရာများအပေါ် စွဲလန်းတပ်မက်ခြင်း မရှိတော့ဘဲ အချို့သောအရာများသည် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက်နယ်မြေအတွင်း ဦးဆောင်မှု အခွင့်အာဏာနှင့် ပတ်သက်၍မူ ကုချင်း၀မ် အနည်းငယ် နှမြောမိရုံမှတစ်ပါး သေသေချာချာ ပြန်လည်စဉ်းစားကြည့်လျှင် ပြဿနာမရှိလှပေ။
အကြောင်းမှာ သူမသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခါစသာ ရှိသေးပြီး လျှို့ဝှက်နယ်မြေအကြောင်းကို ဘာမျှမသိရှိချေ။
ထို့ပြင် သူမ၏ စွမ်းအားက အစစ်အမှန် ဧကရာဇ်အဆင့်၏ စွမ်းအား မဟုတ်သေးဘဲ အမည်ခံနယ်ပယ်အဆင့်သာ ရှိသေးသဖြင့် ဧကရာဇ်အဆင့်၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် မည်သို့ပင် ကြည့်ကြည့်၊ အဆုံးသတ်တွင် အရာရာသည် ဆုလီယန်အပေါ်တွင်သာ မှီခိုရပေလိမ့်မည်။ ထို့ကြောင့် ဆုလီယန်ကို အဓိက ဦးဆောင်သူအဖြစ် ထားရှိရန် ကုချင်း၀မ်တွင် ကန့်ကွက်စရာ မရှိတော့ချေ။
ထို့နောက်တွင် ကုချင်း၀မ်သည် ပြိုင်ပွဲအပေါ် စိတ်ထဲတွင် ဆက်လက်အာရုံမထားတော့ဘဲ၊ အသိအမှတ်ပြုခြင်း သို့မဟုတ် လေ့လာဆည်းပူးခြင်း သဘောထားမျိုးဖြင့် သေသေချာချာ စိုက်ကြည့်နေမိတော့သည်။
သို့မှသာ သူမ၏ ကိုယ်ပိုင်ဓားသိုင်းကွက်ထဲမှ လိုအပ်နေသော အစိတ်အပိုင်းကို ဖြည့်ဆည်းပေးနိုင်မည့် အသိဉာဏ်တစ်ခုခုကို ရရှိနိုင်ပေလိမ့်မည်။
ဆုလီယန်၏ ဓားသိုင်းကွက်သည် အလွန်ပင် စူးရှတောက်ပပြီး ဝေဝေဆာဆာ ရှိလှသည်။ ဒါက ဆုလီယန်ကိုယ်တိုင်ကဲ့သို့ပင် လှပဆန်းပြားကာ တက်ကြွလှုပ်ရှားနေ၏။
တစ်ကွက်ပြီးတစ်ကွက် ထွက်ပေါ်လာသော ဓားကွက်များသည် လှပလွန်းလှသလို၊ လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါများကိုလည်း သယ်ဆောင်ထားသည်။
‘တကယ်ကို အားကောင်းလွန်းတယ်’
ဆုလီယန်၏ ဓားသိုင်းကို ကြည့်ရင်း ကုချင်း၀မ်၏ စိတ်ထဲတွင် ဤခံစားချက်တစ်ခုတည်းသာ ရှိတော့သည်။
တကယ်လို့ ထိုဓားသိုင်းကွက်များကို ဝိညာဉ်စွမ်းအင်အပြည့်ဖြင့်သာ ထုတ်ဖော်လိုက်မည်ဆိုပါက ထိုဓားချက်တစ်ချက်တည်းဖြင့်ပင်... နန်ချင်းကျန့်ပြည်နယ်တစ်ခုလုံးကို တုန်ဟီသွားစေနိုင်လောက်ပေသည်။
ငေးမောကြည့်ရှုနေစဉ်မှာပင် ကုချင်း၀မ်သည် အကြောင်းအရာတစ်ခုကို သတိရသွားသည်။
ထိုကောင်စုတ်လေး လုချန်ရော သေသေချာချာ ကြည့်ပြီး အတုယူနေရဲ့လား အမှန်တော့ သူမသည် လုချန်ကို သေသေချာချာ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေးမိပြီးနောက် ကုချင်း၀မ်သည် သူမ၏ ဘေးတွင် ရပ်နေသော လုချန်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်၏။
ယခုအချိန်တွင် လုချန်သည် အလွန်ပင် အာရုံစိုက်ကာ သေသေချာချာ ကြည့်ရှုနေပြီး၊ တစ်ခါတစ်ရံတွင်လည်း အတွေးပွားနေသော အမူအရာကို ဖော်ပြလျက် လုံးလုံးလျားလျား စီးမျောနေပုံရသည်။
ဒါကို မြင်ရသောအခါ ကုချင်း၀မ် စိတ်ထဲတွင် အနည်းငယ် စိတ်အေးသွားရသည်။ ကုချင်း၀မ်သည် ဒီကောင်စုတ် လုချန်တစ်ယောက်... ဟိုမဖွယ်မရာနေရာတွေကို ထပ်ပြီး စိုက်ကြည့်နေမိမှာကို တကယ်ပင် စိုးရိမ်နေခဲ့မိသည်။
ယခု လုချန်၏ စိတ်ထဲမှ စကားသံများကို မကြားရသဖြင့် သူ သေသေချာချာ လေ့လာနေသည်မှာ သေချာလှပေသည်။
ထိုသို့တွေးမိပြီးနောက် ကုချင်း၀မ်သည် စိတ်ထဲမှနေ၍ နှာခေါင်းရှုံ့လိုက်မိသည်။ သူမ ထိုလူရှုပ်လေးကို ဓားသိုင်းကွက်ပြသစဉ်ကမူ သူ၏ မျက်လုံးများက ဟိုကြည့်ဒီကြည့်ဖြင့် သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ လျှောက်ကြည့်နေပြီး စိတ်မပါလက်မပါ ဖြစ်နေခဲ့သည်။
သို့သော် ဆုလီယန်၏ ဓားသိုင်းကျတော့မှ ဒီလူရှုပ်ကောင် အလေးအနက်ထား၍ ကြည့်နေချေသည်။
ကုချင်း၀မ် အတွေးပွားနေစဉ်မှာပင် အဝေးရှိ ဆုလီယန်သည် သူမ၏ ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ဓားသိုင်းကွက် ပြသခြင်း ပြီးဆုံးသွားခဲ့ပြီ။
ရင်သပ်ရှုမောဖွယ် ဓားစိတ်ဆန္ဒများလည်း ပျောက်ကွယ်သွားတော့သည်။ အနီးနားရှိ တပည့်များအားလုံးသည် နှမြောတသသော မျက်နှာပေးများဖြင့် မိမိကိုယ်မိမိ ဉာဏ်ထိုင်းလှချေသည်ဟု အပြစ်တင်နေကြ၏။
တကယ်လို့ သူတို့သာ အနည်းငယ်မျှ ပို၍ ထက်မြက်ခဲ့ပါက ဤပြင်းထန်လှသော ဓားစိတ်ဆန္ဒဆီမှ အနည်းငယ်မျှ နားလည်သဘောပေါက်နိုင်ခဲ့ပြီး၊ သူတို့၏ နယ်ပယ်အဆင့်များလည်း များစွာ တိုးတက်သွားနိုင်ပေသည်။ တကယ့်ကို နှမြောစရာကောင်းလှပေသည်။
ဆုလီယန်သည် ဓားကို သိမ်းဆည်းပြီးနောက် ဧကရီပလ္လင်ပေါ်တွင် မတ်မတ်ထိုင်နေသော ကုချင်း၀မ်ကို စိုက်ကြည့်ကာ မဖုံးကွယ်နိုင်သော အောင်နိုင်သူအမူအရာဖြင့် သူမ၏ နီရဲသော နှုတ်ခမ်းလွှာကို ဟ၍ ဆိုလိုက်သည်။
"နင့်အလှည့် ရောက်ပြီ”
ကုချင်း၀မ်သည် သူမ၏ မျက်နှာထက်မှ အံ့သြမှုများကို ဖျောက်ဖျက်လိုက်ပြီး ကွင်းပြင်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
သူမအနေဖြင့် ဆုလီယန်ကို သာလွန်နိုင်လိမ့်မည်မဟုတ်သည်မှာ သေချာသော်လည်း ကွင်းထဲသို့တော့ ဆင်းရပေဦးမည်။
ရန်သူက အားကောင်းလွန်းရုံမျှဖြင့် လက်လျှော့အရှုံးပေးလိုက်ခြင်းမှာ ကုချင်း၀မ်၏ ပုံစံမဟုတ်ချေ။
ကုချင်း၀မ် ယခု ဆုတောင်းနေမိသည်မှာ ထိုလူဆိုးကောင် လုချန်အနေဖြင့် သူမနောက်တွင် စိတ်ထဲမှနေ၍ အရှက်ရဖွယ် စကားလုံးများကို ထပ်မံမတွေးတောမိရန်သာ ဖြစ်သည်။
ဘာကြောင့်လဲတော့မသိ၊ ကုချင်း၀မ်သည် ယခုအခါ လုချန်၏ စကားတစ်ခွန်း သို့မဟုတ် အပြုအမူတစ်ခုတည်းဖြင့်ပင် စိတ်အနှောင့်အယှက် ဖြစ်လွယ်နေခဲ့ပြီ။ သူမ၏ ဓားသိုင်းက ဆုလီယန်ထက် နိမ့်ကျနေပြီဖြစ်ရာ၊ တကယ်လို့ ယခု အာရုံပါ ထပ်မံပျက်ပြားသွားပါက တကယ့်ကို လှောင်ပြောင်စရာ ဖြစ်သွားပေလိမ့်မည်။
ကုချင်း၀မ် ကွင်းပြင်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်စဉ်မှာပင်...
နောက်ကွယ်မှ လုချန်၏ စိတ်ထဲမှ စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
【သေးလွန်းတယ်】
‘သေး... သေးလွန်းတယ် ဟုတ်လား’
ကုချင်း၀မ် ဧကရီပလ္လင်ပေါ်တွင် ဆတ်ကနဲ တုန့်ဆိုင်းသွားပြီး လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။
ဘာက သေးလွန်းတာလဲ…
သို့သော်လည်း ယခင်က သင်ခန်းစာများကြောင့် ကုချင်း၀မ်သည် တစ်စုံတစ်ခုကို ချက်ချင်းပင် သဘောပေါက်လိုက်မိသည်။
သတိပြန်ဝင်လာပြီးနောက် ကုချင်း၀မ်သည် အလွန်အမင်း ဒေါသထွက်သွားရပြီး လုချန်အား စိတ်ထဲမှနေ၍ လူရှုပ်ကောင်ဟု အကြိမ်ပေါင်းသောင်းချီ၍ ကျိန်ဆဲလိုက်တော့သည်။
ဤလူရှုပ်လေးသည် စောစောက ဆုလီယန်၏ ဓားသိုင်းကွက်ကို သေသေချာချာ ကြည့်နေခဲ့ခြင်း မဟုတ်ဘဲ... ဒီကောင်စုတ်သည် ထိုအရှက်ရဖွယ် နေရာများကိုသာ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည် ဒီလူဆိုးလေးကတော့…
ဒါ့အပြင်... ဆုလီယန်ရဲ့ ဘယ်နေရာက သေးလို့လဲ တကယ်လို့ ကုချင်း၀မ်၏ ခန္ဓာကိုယ်အချိုးအစားကို ပြည့်စုံလှပသည်ဟု ဖော်ပြနိုင်လျှင်...
ဆုလီယန်၏ ခန္ဓာကိုယ်အချိုးအစားမှာမူ... 'လွန်ကဲလှပလွန်းသည်' ဟူသော စကားလုံးဖြင့်သာ ဖော်ပြရပေလိမ့်မည်။
ထိုကဲ့သို့ စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်အချိုးအစားက မည်သို့လုပ်ပြီး သေးငယ်နိုင်ပါမည်နည်း…
ကုချင်း၀မ်သည် လုချန်အပေါ် ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် ပြင်းထန်လာရစဉ်မှာပင်... လုချန်၏ စိတ်ထဲမှ စကားသံက ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
【အင်း... တကယ်ပဲ သေးလွန်းတယ်၊ ဒီဓားသိုင်းကွက်ရဲ့ 'အမြင်'က ကျဉ်းမြောင်းလွန်းပြီး အတိုင်းအတာက သေးငယ်လွန်းတယ်】