ကုချင်း၀မ်သည် လုချန်၏ အနီးနားတွင် ရပ်နေရင်း လုချန် စားလက်စ ချန်ထားခဲ့သော ဆီးသီးယိုတုတ်ထိုးချောင်းချောင်းတစ်ဝက်ကို ကိုင်ထားဆဲ ဖြစ်သည်။
ယောင်ချီ သန့်စင်နယ်မြေ၏ ခေါင်းလောင်းသံ ရုတ်တရက် မြည်ဟီးလာလိမ့်မည်ဟု ကုချင်း၀မ် မျှော်လင့်မထားခဲ့ပုံရ၏။
သူတို့နှစ်ဦး စကားမဲ့စွာဖြင့် တစ်ဦးကိုတစ်ဦး ကြောင်ကြည့်မိသွားကြသည်။ မကြာမီမှာပင် ကုချင်း၀မ်သည် စိတ်မလုံသလို ခံစားချက်ဖြင့် ဂိုဏ်းချုပ်မဟာရင်ပြင်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဟင်... ချင်းဟူ ဧကရီ ရောက်လာတာ ထင်တယ်..."
ချင်းဟူ ဧကရီ…
လုချန် မျက်တောင်ခတ်မိသွားသည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းဝင်စားလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ရှိပြီဖြစ်သော်လည်း နာမည်ကြီး ပုဂ္ဂိုလ်အနည်းငယ်ကိုသာ ကြားဖူးကာ အများစုမှာ ယောင်ချီ သန့်စင်နယ်မြေမှ လူများသာ ဖြစ်ကြသည်။
သူသည် ယောင်ချီ သန့်စင်နယ်မြေမှ တစ်ဖဝါးမှ မခွာဘဲ သာမန်လူသား တစ်ဦးအဖြစ်နေထိုင်သူ ဖြစ်သဖြင့် ပြင်ပလောကမှ လူများကို သိနေစရာ အကြောင်းမရှိပေ။
သို့သော်လည်း ချင်းဟူ ဧကရီဟူသော နာမည်ကား လုချန် ကြားဖူးသည့် လက်ချိုးရေတွက်ရုံမျှသော အမည်များထဲမှ တစ်ခု ဖြစ်သည်။ အကြောင်းမူကား ချင်းဟူ ဧကရီဟူသော အမည်က လောကအလယ်တွင် လွန်စွာမှပင် ထင်ရှားကျော်ကြားလွန်းသောကြောင့် ဖြစ်၏။
ချင်းဟူ ဧကရီသည် ကုချင်း၀မ်နှင့် ခေတ်ပြိုင်ကျင့်ကြံဖော် ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်ကပင် သူမသည် ကုချင်း၀မ်နှင့် ရင်ဘောင်တန်းနိုင်လောက်အောင် ကျော်ကြားခဲ့သူဖြစ်သည်။ လက်ရှိအချိန်နှင့် ယှဉ်မည်ဆိုပါက ချင်းဟူ ဧကရီ၏ ဂုဏ်သတင်းက ကုချင်း၀မ်ထက်ပင် ပိုမိုကျယ်ပြန့်သည်။
အမှန်တော့ ကုချင်း၀မ်သည် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် တံခါးပိတ်ကျင့်ကြံနေခဲ့သဖြင့် ယောင်ချီ သန့်စင်နယ်မြေမှ လူများကသာ သူမကုချင်း၀မ် အကြောင်းကို ပြောဆိုနေကြသော်လည်း ပြင်ပလောကမှ လူအများစုမှာမူ သူမ ကုချင်း၀မ်ကို မေ့လျော့လုနီးပါး ဖြစ်နေကြပြီ။
သို့သော် ချင်းဟူ ဧကရီကား ထိုသို့မဟုတ်။ သူမသည် မည်သည့်အခါမျှ တံခါးပိတ်ကျင့်ကြံခြင်း မပြုဘဲ နန်ချင်းကျန့်ပြည်နယ်တစ်ခွင်၌ နှစ်ပေါင်းတစ်သောင်းကျော်လုံး လှည့်လည်သွားလာခဲ့သဖြင့် သူမ၏ ဂုဏ်သတင်းက တရိပ်ရိပ် တိုးပွားနေခဲ့သည်။
ထို့ပြင် ချင်းဟူ ဧကရီနှင့် ပတ်သက်၍ လူတို့ အပြောအများဆုံး အကြောင်းအရာတစ်ခု ရှိသေးသည်။ သူမတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက ရရှိထားပြီး ယခုတိုင် အစွဲအမြဲ ရှိနေဆဲ ဖြစ်သော ဘွဲ့ထူးတစ်ခု ရှိ၏။
ထိုအရာကား... သူမသည် နန်ချင်းကျန့်ပြည်နယ်ရှိ ယောက်ျားသားအားလုံး ပိုင်ဆိုင်လိုစိတ် အပြင်းပြဆုံးသော 'အလှဘုရင်မ' ဖြစ်ခြင်းပင်။
ဒီဘွဲ့ထူးက ကုချင်း၀မ်ထံ အဘယ်ကြောင့် မရောက်ရှိသနည်းဆိုပါက အကြောင်းရင်းမှာ အလွန်ရိုးရှင်းပါသည်။
ကုချင်း၀မ်သည် သဘာဝအတိုင်း နှိုင်းယှဉ်ဖွယ်မရှိ လှပချောမောပြီး လောက၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်မှာ မှန်သော်လည်း... သူမ၏ စိမ့်အေးလွန်းသော အသွင်အပြင်၊ မည်သူမျှ အနီးကပ်မခံသော မြင့်မြတ်သန့်စင်သည့် အငွေ့အသက်များကြောင့်ပင် ဖြစ်၏။
လူအများစုအတွက်မူ ကုချင်း၀မ်သည် ကောင်းကင်ထက်မှ အဝေးဆုံးသော ကြယ်ပွင့်တစ်ပွင့်ကဲ့သို့ ထာဝရ မြင့်မားလွန်းကာ လက်လှမ်းမမီနိုင်သော အရာ ဖြစ်သည်။
သူမအပေါ် ထားရှိသော ခံစားချက်မှာ ရိုသေခန့်ညားခြင်းနှင့် အားကျငေးမောခြင်း သက်သက်သာ ဖြစ်၏။ ထိုမျှလောက် ဝေးကွာလွန်းသော အကွာအဝေးသည် လူတို့ကို စိတ်ပျက်အားလျော့စေကာ ကုချင်း၀မ်နှင့် နီးစပ်ခွင့်ရရန် အိပ်မက်ပင် မမက်ရဲကြချေ။
သို့သော် ချင်းဟူ ဧကရီကား ထိုသို့မဟုတ်ပေ။ ချင်းဟူ ဧကရီ၏ ရုပ်ရည်က မည်သို့ရှိမည်ကို လုချန် တစ်ခါမျှ မမြင်ဖူးချေ။
ထိုကဲ့သို့သော အရှိန်အဝါကြီးမားသူများက ယောင်ချီ သန့်စင်နယ်မြေသို့ လာခဲလှသလို၊ လာခဲ့လျှင်ပင် တောင်ပေါ်၌သာ နေ့စဉ်နေတတ်သော လုချန်အဖို့ မြင်တွေ့နိုင်ရန် အခွင့်အရေးမရှိပေ။
သို့သော်လည်း မျက်စိမှိတ်ပြီး တွေးကြည့်ရုံမျှဖြင့်ပင် သူမသည် ကုချင်း၀မ်နှင့် တစ်ဆင့်တည်းရှိသော လှပချောမောသည့် မိန်းမလှတစ်ဦး ဖြစ်ရမည်မှာ သေချာလှသည်။
လုချန် ငေးမှိုင်နေစဉ်မှာပင် ကုချင်း၀မ်က လက်ကျန်ဆီးသီးယိုတုတ်ထိုးချောင်းများကို ပါးစပ်ထဲသို့ အကုန်ထိုးထည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"နင်လည်း ဒီတစ်ခေါက် လိုက်ခဲ့ရမယ်”
သူလည်း လိုက်ရမည်ဟုလား…
လုချန်က ကုချင်း၀မ်ကို ကြောင်အံအံအမူအရာဖြင့် ကြည့်လိုက်သည်။
ဒါ... သူက အဲဒီကို ဘာသွားလုပ်ရမှာလဲ။
ကုချင်း၀မ်၏ ကျောက်စိမ်းကဲ့သို့ နူးညံ့သော လက်ချောင်းများက လုချန်၏ ၀တ်ရုံကနေ ကြက်ပေါက်စလေးတစ်ကောင်အား မချီသကဲ့သို့ ဆွဲမလိုက်ပြီးနောက် ဂိုဏ်းချုပ်မဟာရင်ပြင်ရှိရာဘက်သို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
လမ်းခုလတ်တွင် ကုချင်း၀မ်က တည်ငြိမ်အေးစက်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်ရက်က ချင်းဟူ ဧကရီဟာ ခြေလှမ်း၀က်ဧကရာဇ်အဆင့် ကနေ ဧကရာဇ်အဆင့်ကို တက်လှမ်းအောင်မြင်သွားခဲ့တယ်။ ဒီတစ်ခေါက် ယောင်ချီ သန့်စင်နယ်မြေကို လာတာဟာ အဓိက အချက်နှစ်ချက် ရှိနိုင်တယ်... ပထမအချက်က လျှို့ဝှက်နယ်မြေကိစ္စ ဆွေးနွေးဖို့၊ ဒုတိယအချက်ကတော့... ငါ့ကို သူ့ရဲ့ ဓားသိုင်းအစွမ်းတွေ ကြွားဝါပြဖို့ပဲ”
"ငါက နင့်ကို ချင်းဟူ ဧကရီရဲ့ ဓားသိုင်းပညာကို လိုက်ကြည့်ခိုင်းတာ ဟိုရောက်ရင် စကားတွေ လျှောက်မပြောနဲ့ ငါ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်၊ သေသေချာချာကြည့်ပြီး သင်ယူစမ်း”
ကုချင်း၀မ်သည် လုချန်ကို ပညာတစ်ခုခု သင်ကြားပေးချင်နေဆဲ ဖြစ်ပြီး လုချန်အတွက် တစ်ခုခု ပေးကမ်းချင်ရုံ သက်သက်သာ ဖြစ်သည်။
ဆေးလုံးများနှင့် ပတ်သက်၍မူ ဒီကောင်စုတ် လုချန်သည် သူတော်စင်အဆင့်ဆေးလုံးများကိုပင် ဖော်စပ်နိုင်နေပြီ ဖြစ်ရာ ကုချင်း၀မ်ကိုယ်တိုင်ပင် လုချန်၏ အရိပ်ကို ခိုလှုံနေရဆဲ ဖြစ်သည်။
မသေမျိုးအတတ်ပညာ၊ နတ်ဘုရားလက်နက် သို့မဟုတ် ရတနာဆန်းများ ပေးရန် ကုချင်း၀မ် အစက စိတ်ကူးမိသော်လည်း ပြန်လည်စဉ်းစားကြည့်ကာ လက်လျှော့လိုက်ရသည်။
အကြောင်းမူကား လုချန်သည် လောလောဆယ်တွင် သာမန်လူသားအဖြစ် နေထိုင်ကာ ကျင့်ကြံနေခြင်း ဖြစ်ပြီး ဝိညာဉ်စွမ်းအင် လိုအပ်သော ထိုအရာများကို အသုံးပြုမည် မဟုတ်ပေ။
ကုချင်း၀မ်အနေဖြင့် လုချန်ကို ပေးနိုင်သည်မှာ သိုင်းကွက်အချို့သာ ရှိတော့သည်။ သို့သော် ထိုသိုင်းကွက်များအကြောင်း တွေးမိသောအခါ... ကုချင်း၀မ်သည် ယနေ့နံနက်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို ပြန်လည်အမှတ်ရကာ ရှက်သွေးဖြာသွားရသည်။
ဒါက တကယ်ကို အရှက်ရစရာ ကောင်းလွန်းလှ၏။ အထူးသဖြင့် ဒီလူဆိုးကောင်က သူမကို စိတ်ထဲမှနေ၍ တိတ်တဆိတ် ဝေဖန်အကဲပြီး ဖြတ်နေပြီး ကလေးပင်ဆယ်ယောက်မွေးခိုင်းနေရာ အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။
ထို့ကြောင့် ဒီတစ်ကြိမ်တွင် ဒီကောင်စုတ်လေးကို ချင်းဟူ ဧကရီ၏ ဓားသိုင်းအစွမ်းကို သွားရောက်ကြည့်ရှုစေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချင်းဟူ ဧကရီသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်ကပင် ကုချင်း၀မ်ထက်ပင် သာလွန်သော ဓားသိုင်းပါရမီရှင်တစ်ဦး ဖြစ်သောကြောင့်ပင်။
လုချန်သည် ကုချင်း၀မ်၏ စကားများကို နားထောင်ရင်း ဇဝေဇဝါဖြင့် မျက်တောင်ခတ်နေမိသည်။
ချင်းဟူ ဧကရီ၏ ဓားသိုင်းကို ကြည့်ရမယ် ဟုတ်လား…
အင်း...
【ကြည့်ဆိုလည်း… ကြည့်တာပေါ့… ဓားသိုင်းက အဓိက မဟုတ်ပါဘူးလေ... အရေးကြီးတာက... ချင်းဟူ ဧကရီ ဘယ်လိုပုံစံလဲဆိုတာ ကြည့်ရတာပေါ့】
【နန်ချင်းကျန့်ပြည်နယ်ရဲ့ ယောက်ျားထုတစ်ရပ်လုံးရဲ့ အိပ်မက်လို့ အခေါ်ခံရအောင် ဘယ်လောက်တောင် လှလို့လဲ】
【သေချာပေါက် အရမ်းလှမှာပဲ မဟုတ်လား】
【ဒါမှမဟုတ်... ကုချင်း၀မ်ထက်တောင် ပိုလှနေမလား】
လုချန်၏ စိတ်ထဲမှ တိုးတိုးရေရွတ်သံကို ကြားလိုက်ရသဖြင့် ကုချင်း၀မ်၏ ပျံသန်းမှုက ခဏတာ တုန့်ကနဲ ဖြစ်သွားပြီး လုချန်ကို ခေါ်မလာခဲ့သင့်ဘူးဟု ရုတ်တရက် နောင်တရမိသွားသည်။
သို့သော်လည်း... ယခုအချိန်တွင် နောင်တရရန် နောက်ကျသွားပြီ ဖြစ်သည်။ အကြောင်းမှာ ကုချင်း၀မ်သည် လုချန်ကို ခေါ်ဆောင်၍ ဂိုဏ်းမဟာရင်ပြင် တည်ရှိရာ တောင်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်၏။
ယခုအခါ ဂိုဏ်းမဟာရင်ပြင်ရှေ့တွင် ယောင်ချီ သန့်စင်နယ်မြေမှ အကြီးအကဲများနှင့် တပည့်များသာမက ချင်းဟူ ဧကရီ သီတင်းသုံးရာ ချန်ရှန့်တောင်မှ တပည့်များပါ စုဝေးရောက်ရှိနေကြသဖြင့် လူပင်လယ်ကြီးတစ်ခုပမာ စည်ကားလှပေသည်။
ကုချင်း၀မ်က လုချန်နှင့်အတူ မြေပြင်သို့ သက်ဆင်းလိုက်သောအခါ ယောင်ချီ သန့်စင်နယ်မြေမှ တပည့်များရော ချန်ရှန့်တောင်မှ တပည့်များပါ ပြိုင်တူ ဒူးထောက်ကာ နှုတ်ဆက်ကြလေသည်။
"ယောင်ချီ ဧကရီကို အရိုအသေပြုပါတယ်..."
မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ကုချင်း၀မ်၏ မျက်နှာအမူအရာသည် လုချန်နှင့် စတင်တွေ့ဆုံစဉ်ကကဲ့သို့ ပြန်လည်ပြောင်းလဲသွားတော့သည်။
မြင့်မြတ်သန့်စင်ခြင်း၊ အဝေးမှသာ ငေးမောရခြင်း၊ အေးစက်ခက်ထန်ခြင်းနှင့် သီးခြားဆန်ခြင်း။ ဒါက ခြံဝန်းငယ်လေးထဲမှ ကုချင်း၀မ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ကုချင်း၀မ် မြေပြင်သို့ သက်ဆင်းပြီးသည်နှင့် အဝေးရှိ လူအုပ်ကြီးထဲမှ အရိုးထဲအထိ စိမ့်ဝင်သွားစေနိုင်လောက်အောင် ညှို့ဓာတ်ပြင်းလှသော အသံတစ်သံ ထွက်ပေါ်လာသည်။
"မတွေ့ရတာ ကြာပြီနော်... ချင်းဝမ်”
ထိုအသံလေးသည် မည်သည့်ယောက်ျားသားမျှ မတွန်းလှန်နိုင်သော ဆွဲဆောင်မှုမျိုး ရှိပြီး လူတို့၏ အရိုးများကိုပင် ပျော့ခွေသွားစေနိုင်လောက်သည်။
မဟာရင်ပြင်ဆီမှ ဒေါက်ဖိနပ် တောက်တောက်မြည်သံနှင့်အတူ စွဲမက်ဖွယ်ကောင်းသော ထိုအသံရှင်သည် လျှောက်လှမ်းလာခဲ့သည်။
လုချန်သည် ချင်းဟူ ဧကရီကို တစ်ချက်ကြည့်ရုံမျှဖြင့် အဝေးမှပင် သူမသည် တကယ်ကို နှိုင်းယှဉ်ဖွယ်မရှိ လှပလွန်းလှပေသည် တကယ့်ကို လောကအလှနတ်သမီးပမာ စပျစ်ဝိုင်ရောင် ဆံနွယ်ရှည်များကို ကျစ်လျစ်စွာ ထုံးဖွဲ့ထားပြီး ဝင်းမွတ်သော ကျောက်စိမ်းကဲ့သို့ လည်တိုင်ကျော့ကျော့လေးကို ဖော်ပြထားသည်။ ညှို့ဓာတ်ပြင်းသော မျက်ဝန်းအစုံ၊ ဖြောင့်စင်းသော နှာတံ၊ ပြီးတော့ နီရဲတောက်ပနေသော နှုတ်ခမ်းအစုံ။
အထူးသဖြင့်... ချင်းဟူ ဧကရီ၏ ဦးခေါင်းထက်တွင် လှပသော ချစ်စရာကောင်းသော မြေခွေးနားရွက်တစ်စုံ ရှိနေခြင်းပင်။
ချင်းဟူ ဧကရီ၏ ဖခင်မှာ ယခင်ခေတ်က မြေခွေးမျိုးနွယ်စု၏ စစ်သူကြီးကြီးတစ်ဦး ဖြစ်ပြီး မိခင်မှာ လူသားမျိုးနွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ချင်းဟူ ဧကရီတွင် မြေခွေးမျိုးနွယ်တို့၏ သွင်ပြင်လက္ခဏာများ ပါရှိနေခြင်း ဖြစ်သည်။
အံ့သြစရာမရှိပေ... သူမသည် နန်ချင်းကျန့်ပြည်နယ်ရှိ ယောက်ျားထုတစ်ရပ်လုံး၏ အိပ်မက်ဖြစ်နေရခြင်းမှာ အကြောင်းမဲ့မဟုတ်ချေ။
တကယ်လို့ ဒီချင်းဟူ ဧကရီသာ တစ်စုံတစ်ဦးကို ညှို့မျက်လုံးဖြင့် တစ်ချက်မျှ လှမ်းကြည့်လိုက်မည်ဆိုပါက ထိုသူမှာ မူးလဲသွားလောက်ပေသည်။
သို့သော်လည်း... လုချန်အတွက်မူ ပုံမှန်သာ ဖြစ်၏။
【ဒီလောက်ပဲလား…သူ့အလှက ကုချင်း၀မ်နဲ့ အဆင့်တူတယ်ဆိုပေမဲ့ ငါကတော့ ကုချင်း၀မ်ကိုပဲ အကြိုက်ဆုံးပဲ】
【ကုချင်း၀မ်ကသာ အပြည့်စုံဆုံး အလှနတ်သမီး၊ လောကမှာ နံပါတ်တစ်ပဲ】
လူတိုင်းက ကုချင်း၀မ်ကို လက်လှမ်းမမီနိုင်သော ကြယ်ပွင့်ဟု ထင်မှတ်ကြသော်လည်း လုချန်အပေါ် ထားရှိသော ကုချင်း၀မ်၏ သဘောထားမှာမူ ထိုမျှလောက် မအေးစက်လှပေ။ ထို့ကြောင့်... ကုချင်း၀မ်ကသာ လောကတွင် နံပါတ်တစ် ဖြစ်သည်။
မကြာမီမှာပင် လုချန်သည် နန်ချင်းကျန့်ပြည်နယ်၏ အလှဆုံး မိန်းမလှနှစ်ဦးကို သူ၏ စိတ်ထဲတွင် နှိုင်းယှဉ်၍ ပြီးဆုံးသွားခဲ့သည်။
သူ့ဘေးတွင် ရပ်နေသော ကုချင်း၀မ်သည် လုချန်၏ စိတ်ထဲမှ စကားသံကို ကြားရသောအခါ ရှက်သွေးဖြာကာ မျက်နှာလေး နီမြန်းသွားပြီး စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။
‘နင့်လို ကောင်စုတ်က ငါ့ကို ကြိုက်တာ ဘယ်သူက လိုချင်လို့လဲ ‘
သို့သော်လည်း ကုချင်း၀မ်၏ နှုတ်ခမ်းဖျားတွင်မူ သိသိသာသာ မဟုတ်သော သာယာကြည်နူးဖွယ် အပြုံးရိပ်လေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။
လုချန်သည် ဒီလို ညှို့ဓာတ်ပြင်းလွန်းသော အဝတ်အစားမျိုးကို သိပ်မကြိုက်လှပေ။ ထိုချင်းဟူ ဧကရီ ဘာတွေ ဝတ်ထားလဲ ကြည့်ပါဦး အပေါ်ပိုင်းကို ထားလိုက်ပါဦး၊ အောက်ပိုင်းကို ကြည့်လျှင်ပင် ကုချင်း၀မ်၏ စကတ်မှာ ပေါင်အထိသာ ခွဲထားခြင်း ဖြစ်သော်လည်း ဒီချင်းဟူ ဧကရီ၏ စကတ်မှာမူ ဘေးနှစ်ဖက်စလုံး ခါးအထိ ခွဲထားခြင်း ဖြစ်သည်။
လုချန် ဒါမျိုးကို မကြိုက်... နေပါဦး...
【မဖြစ်.. မဖြစ်နိုင်တာ】
ချင်းဟူ ဧကရီကို နှုတ်ဆက်ရန် အရှေ့ခြေလှမ်းတက်တော့မည့် ကုချင်း၀မ်သည် လုချန်၏ စိတ်ထဲမှ အသံကို ကြားလိုက်ရသဖြင့် ရုတ်တရက် ကြောင်အံသွားရသည်။
‘မဖြစ်နိုင်တာ ဘာမဖြစ်နိုင်တာလဲ’
【အားးးး ဒီနေရာမှာ တကယ်ကြီး 'ခြေအိတ်နက်' ရှိနေတာလား... ပြီးတော့ တစ်ဆက်တည်း ဝတ်စုံကြီး...】
(psစတော်ကင်)
【ဒါက ကောင်းတယ်..ဒါက တကယ်ကောင်းတယ်...】
ကုချင်း၀မ် : "...."