ကုချင်း၀မ် သည် ထိုကြက်များကို သေချာကြည့်ရန် အချိန်ပင် မရလိုက်မီမှာပင် လျင်မြန်စွာ သူမမျက်စိရှေ့မှ ပြေးလွှားပျောက်ကွယ်သွားခဲ့သည်။
ကြက်များ ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ရင်း ကုချင်း၀မ် မှာ ကြောင်အမ်းအမ်း ဖြစ်နေသည်။
သတိပြန်ဝင်လာသောအခါ လုချန် သည် သူမ၏ ရှေ့တည့်တည့်တွင် ထူးဆန်းသော အမူအရာဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။
"ဧကရီက ဒါတွေကို စားချင်တာလား စားချင်ရင် ကိုယ့်ဖာသာ ဖမ်းကြည့် ကျွန်တော်ကတော့ ဖမ်းနိုင်မှာ မဟုတ်ဘူး”
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လုချန် သည် ကုချင်း၀မ် မှာ အစားအသောက် ဝါသနာပါသူတစ်ဦးဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် အရာအားလုံးကို မြည်းစမ်းကြည့်ချင်နေသည်။
စိတ်အာရုံ ပြန်လည်စုစည်းပြီးနောက် ကုချင်း၀မ် သည် လုချန် ကို နှုတ်ခမ်းစူ၍ ပြောလိုက်သည်။
"အဲဒါ မဟုတ်ပါဘူး..ငါ ရုတ်တရက်တစ်ခုခုကို သတိရသွားလို့ပါ သွားရအောင်၊ အမြန်ပြန်ပြီး ဆီးသီးယိုတုတ်ထိုးချောင်း လုပ်ရအောင်”
ထို့နောက် ကုချင်း၀မ် သည် တောင်ထိပ်ဘက်သို့ ဦးတည်သွားသည်။ ကံကောင်းသည်မှာ လုချန် ၏ ကိုယ်ပေါ်ရှိ တာအိုအရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤကြက်များနှင့် ဘဲများသည် လုချန် နှင့် နေ့စဉ် အတူနေထိုင်ရင်း သူ၏ တာအိုအရှိန်အဝါများဖြင့် ထိတွေ့နေရသဖြင့် အပြောင်းအလဲအချို့ ဖြစ်ပေါ်နေသည်ဟု ခန့်မှန်းရသည်။
ဖြစ်နိုင်သည်မှာ သူတို့၏ သွေး မျိုးဆက်စွမ်းအားများ နိုးထလာခြင်း ဖြစ်နိုင်သည်။ သာမန်ကြက်များမှ ဖီးနစ် သွေးမျိုး ဆက်ကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိသွားသည်မှာ အံ့ဩစရာ မဟုတ်ပေ။
စစ်မှန်သောနဂါး နှင့် စစ်မှန်သောဖီးနစ် တို့သည် အထွတ်အထိပ် သတ္တဝါများ ဖြစ်ကြသည်။ ကုချင်း၀မ် ပင်လျှင် ဖီးနစ်၏ အရိပ်အယောင်ကို အဝေးကြီးမှ တစ်ကြိမ်သာ မြင်ဖူးသည်။
သို့သော် နဂါးနှင့် ဖီးနစ်သွေးသားကို ပိုင်ဆိုင်သည့် သတ္တဝါမျိုးစိတ်များစွာ ရှိသည်။ အထက်ဘုံရှိ နတ်ဘုရားများသည် နဂါးအသား စားသုံးရသည်ကို နှစ်သက်ကြသော်လည်း သူတို့စားသော နဂါးများသည် စစ်မှန်သောနဂါးများ မဟုတ်ဘဲ နဂါးသွေးသားကို ပိုင်ဆိုင်သော သတ္တဝါများသာ ဖြစ်သည်။
ဥပမာအားဖြင့် နှစ်ပေါင်းတစ်သောင်း ကျင့်ကြံပြီးမှ နဂါးတံခါးကို ကျော်ဖြတ်ကာ နဂါးဖြစ်လာသည့် ငါးကြင်းမျိုးဖြစ်သည်။ သူတို့သည် နဂါးဟု ခေါ်နိုင်သော်လည်း စစ်မှန်သောနဂါးနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျသည်။
ခုနက တွေ့လိုက်ရသည့် ကြက်အနည်းငယ်သည် လုချန် ၏ တာအိုအရှိန်အဝါကြောင့် သူတို့၏ ဖီးနစ်သွေးမျိုးဆက် နိုးထလာခြင်းမှာ သေချာသည်။
တကယ်လို့ သူတို့သည် ကံကြမ္မာ အခက်အခဲများကို ကျော်ဖြတ်နိုင်ပါက ဖီးနစ်ငှက်များ ဖြစ်လာနိုင်ဖွယ် ရှိသည်။
ကုချင်း၀မ် မှာ လုချန် သည် အတိအကျ ဘာကို ကျင့်ကြံနေသလဲဆိုသည်ကိုသာ အံ့အားသင့်နေမိသည်။
သူ၏ ကိုယ်ပေါ်ရှိ တာအိုအရှိန်အဝါမှာ သာမန်ကြက်တစ်ကောင်ကိုပင် သွေးမျိုးဆက်နိုးထစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
‘ဒီလူဆိုးကောင်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ’
...
ခြံဝင်းထဲ ပြန်ရောက်သောအခါ လုချန် သည် မဆိုင်းမတွပင် သကြား အရည်ပျော်စေရန် အိုးကို တည်လိုက်သည်။
ကုချင်း၀မ် သည် ဘေးတွင် ဆီးသီးများကို သန့်စင်ပေးနေသည်။ မည်သည့်အချိန်က စမှန်းမသိသော်လည်း သူတို့နှစ်ဦးမှာ အလုပ်လုပ်ရာတွင် အလွန်ပင် နားလည်မှု ရှိနေကြသည်။ သကြားကို မွှေရင်း လုချန် က ကုချင်း၀မ် ကို လှည့်ကြည့်၍ ပြောသည်။
"ပြီးပြီဆိုရင် အချောင်းလေးတွေမှာ ထိုးပြီး ယူခဲ့လိုက်ဦး”
မိနစ်အနည်းငယ်ကြာသော် အိုးထဲမှ သကြားများ အရည်ပျော်ပြီး ပွက်ပွက်ဆူလာသောအခါ လုချန် သည် ကျွမ်းကျင်စွာပင် ဆီးသီးတုတ်များကို အိုးထဲ ထည့်ကာ သကြားရည်များ သုတ်လိမ်းပြီးနောက် ကြိုတင်ပြင်ဆင်ထားသော သစ်သားပြားပေါ်သို့ 'ဖတ်' ခနဲ ပစ်တင်လိုက်သည်။
ယခုအခါ ရာသီဥတု ပူပြင်းသဖြင့် သကြားမှာ အလွယ်တကူ မခဲပေ။ သို့သော် ဒီပြဿနာကို ဖြေရှင်းရန်မှာ လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ဘေးတွင် စားချင်ဇောဖြင့် စောင့်နေသည့် ဧကရီမတစ်ပါး ရှိနေသောကြောင့် ဖြစ်သည်။
ကုချင်း၀မ် သည် ပွဲတော်ရက်တွင် မီးဖိုချောင်တံခါးဝ၌ ရပ်နေပြီး အရင်ဆုံး မြည်းစမ်းချင်နေသည့် ကလေးတစ်ယောက်နှင့် တူနေသည်။
သူမသည် တကယ်ကို ချစ်စရာကောင်းသည်။
သို့သော် လုချန် သည် ဧကရီတစ်ပါးကို 'ချစ်စရာကောင်းတယ်' ဟု ပြောရန် မရဲပေ။
လုချန် ပြောသည်ကို မကြားရသော်လည်း သူ ဘာတွေးနေသည်ကို ကုချင်း၀မ် သိသည်။
‘ငါကချစ်စရာ ကောင်းတယ်တဲ့လား…ဒီလူရှုပ်လေးရဲ့ အတွေးတွေကို ကြားလိုက်ရတာ ရှက်လိုက်တာ’
နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းတွင် တစ်စုံတစ်ယောက်က သူမ ရှေ့တည့်တည့်တွင် ချစ်စရာကောင်းသည်ဟု ချီးမွမ်းသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ကုချင်း၀မ် မျက်နှာနီမြန်းလျက် စောင့်နေစဉ် လုချန် သည် နောက်ထပ် ဆီးသီးတုတ်ကို လုပ်ရင်း လှည့်ကြည့်၍ ပြောသည်။
"ဒီဆီးသီးယိုတုတ်ထိုးချောင်းတွေကို ချက်ချင်း စားလို့ရအောင် နတ်ဘုရားပညာရပ် နဲ့ ခဲသွားအောင် လုပ်လိုက်ဦး”
မိနစ်အနည်းငယ်အကြာတွင်... လုချန် နှင့် ကုချင်း၀မ် တို့သည် ခြံဝင်းအတွင်းရှိ ကုလားထိုင်များတွင် လှဲလျောင်းနေကြသည်။
ကုချင်း၀မ် သည် တစ်ဝက်စားပြီးသော ဆီးသီးတုတ်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ကောင်းကင်ကို ကြည့်ကာ သာယာနေသည်။
သူမ၏ သွယ်လျဖြူဖွေးသော ခြေထောက်များကို ချိတ်ထားပြီး ဖိနပ်အဖျားမှာ တစ်ရမ်းရမ်း ဖြစ်နေသည်။ သူမတွင် ဧကရီတစ်ပါး၏ ဟန်ပန်ဟူ၍ လုံးဝ မရှိတော့ပေ။ လုချန် မှာလည်း ထိုနည်းတူပင် ဖြစ်သည်။
"မနက်ဖြန်ဆိုရင် ဧကရီအတွက် စတော်ဘယ်ရီသီးနဲ့ လုပ်ပေးမယ်”
ဆီးသီးတုတ်၏ တတိယမြောက်ကို ကိုက်စားရင်း လုချန် က ပြောလိုက်သည်။ လုချန် ၏ စကားကို ကြားသောအခါ ကုချင်း၀မ် သည် ပါးစပ်ထဲမှ ဆီးသီးကို ချက်ချင်း မျိုချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးသည်။
"စတော်ဘယ်ရီသီးနဲ့လည်း လုပ်လို့ရလား"
လုချန် က သူမကို မကြည့်ဘဲ ပြောသည်။
"ရတာပေါ့… ဧကရီ ကြိုက်တဲ့ ဘယ်အသီးနဲ့မဆို လုပ်လို့ရတယ်”
ကုချင်း၀မ် ၏ မျက်လုံးများ တောက်ပသွားသည်။
"ဒါဆို အခုပဲ လုပ်လိုက်ကြရအောင်လား"
သူမသည် ကုလားထိုင်ပေါ်မှ ချက်ချင်း ထရပ်လိုက်ပြီး ချက်ချင်း စားချင်နေသည့်ပုံ ပေါက်နေသည်။
လုချန် လုပ်သော ဆီးသီးယိုတုတ်ထိုးချောင်းမှာ အလွန် အရသာရှိလှသည်။မြို့မှ ဝယ်စားဖူးသမျှထက် အဆပေါင်းများစွာ သာလွန်သည်။
ဒီဆီးသီးယိုတုတ်ထိုးချောင်းတွင် လုချန် ၏ တာအိုအရှိန်အဝါများ ပါဝင်နေသဖြင့် ကမ္ဘာပေါ်တွင် အအရသာရှိဆုံး အရာဟု ဆိုလျှင်လည်း မမှားပေ။
လုချန် သည် သူမကို ငေးကြည့်ရင်း ညည်းတွဲတွဲ ပြောလိုက်သည်။
"ဟိုမှာ ၈ ချောင်း ကျန်သေးတယ် အဲဒါတွေကို အရင်ကုန်အောင် စားဦး
ကုချင်း၀မ် သည် စိုးရိမ်တကြီးဖြင့် ပြောသည်။
"ငါ ခဏလေးနဲ့ ကုန်အောင် စားလိုက်မယ် ပြီးရင် ငါမြို့ကို သွားပြီး စတော်ဘယ်ရီသီး ဝယ်လာပေးမယ်လေ"
လုချန် သည် သူမကို ကြည့်ပြီး ပြုံးလိုက်သည်။ ယခု ကုချင်း၀မ် ၏ ပုံစံတွင် ဧကရီတစ်ပါး၏ အရိပ်အယောင် လုံးဝ မရှိတော့ပေ။
သူမသည် အစားအသောက် ဝါသနာပါသော ကလေးမလေးတစ်ယောက်သာ ဖြစ်သည်။
"ဒီလောက်အများကြီး စားထားတာ ညစာ မစားချင်တော့ဘူးလား ညကျရင် ဝက်နံရိုးချိုချဉ် ချက်ဖို့ စိတ်ကူးထားတာ”
'ဝက်နံရိုးချိုချဉ်' ဟူသော စကားကို ကြားသောအခါ ကုချင်း၀မ် ပို၍ စိတ်လှုပ်ရှားသွားသည်။ သူမ အကြိုက်ဆုံး ဟင်းလျာဖြစ်သည်။
လုချန် ချက်သမျှ ဟင်းလျာတိုင်းကို သူမ အကြိုက်ဆုံး ဖြစ်သော်လည်း ထိုဟင်းလျာကိုမူ ပို၍ နှစ်သက်သည်။ သူမသည် ကလေးတစ်ယောက်ကဲ့သို့ နေရာတွင် ရပ်ကာ မည်သည့်အရာကို ရွေးချယ်ရမှန်းမသိဘဲ အခက်တွေ့နေသည်။
လုချန် သည် သူမကို ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်သည်။
"ဘာလို့ အဲဒီလောက်တောင် အလျင်စလို ဖြစ်နေတာလဲ နောက်နေ့ကျရင်လည်း စားရမှာပဲ၊ ရှေ့မှာ ရက်တွေ အများကြီး ကျန်ပါသေးတယ်”
လုချန် ၏ စကားကြောင့် ကုချင်း၀မ် သည် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ နောက်ဆုံးတွင် ကုချင်း၀မ် သည် ကုလားထိုင်ပေါ် ပြန်လှဲလျောင်းလိုက်ပြီး ကောင်းကင်ကို ကြည့်ကာ တိုးတိုးလေး ပြောသည်။
"ဟုတ်ပါရဲ့…ရှေ့မှာ ရက်တွေ အများကြီး ကျန်ပါသေးတယ်"
ကုချင်း၀မ် စိတ်ငြိမ်သွားသည်ကို မြင်သောအခါ လုချန် သည် စားလက်စ ဆီးသီးတုတ်ကို ဘေးချပြီး ခဏလောက် အိပ်စက်ရန် ပြင်လိုက်သည်။ နေ့လည်စာအတွက်ကတော့ အလျင်မလိုသေးပေ။
လုချန် ငိုက်မျဉ်းနေစဉ်တွင် ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံကို ကြားသောအခါ လုချန် သည် မူးဝေစွာဖြင့် ထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဟင် ခေါင်းလောင်းသံ ယောင်ချီသန့်စင်နယ်မြေ ကိုအရေးကြီး ဧည့်သည်ကြီး တစ်ဦး ရောက်လာတာလား။
သတိပြန်ဝင်လာသောအခါ လုချန် သည် ကုချင်း၀မ် ဘယ်ရောက်သွားလဲဆိုသည်ကို ရှာလိုက်သည်။ ဘေးနားရှိ ကုလားထိုင်ကို ကြည့်လိုက်ရာ ကုချင်း၀မ် မရှိတော့ပေ။
သို့သော် အခြားဘက်ကို လှည့်ကြည့်လိုက်သောအခါ... လုချန် မျက်ခုံးပင့်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
"ဧကရီ အဲ့ဒါ့…ဘာလုပ်နေတာလဲ"
လုချန် စားလက်စလက်ကျန် ဆီးသီးယိုထုတ်ထိုး သည် သူမ၏လက်ထဲတွင် ရောက်နေလေပြီ မဟုတ်ပါလား။