ရှန်ယွန်းတောင်ထိပ် ၏ လမ်းငယ်လေးပေါ်တွင် လုချန် သည် ကုချင်း၀မ် ကို ဦးဆောင်ပြီး တောင်အောက်သို့ ဆင်းလာခဲ့သည်။
ကုချင်း၀မ် သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်လာပြီး သီချင်းလေးတစ်ပုဒ်ကို ညည်းနေသည့်အတွက် စိတ်ဓာတ်တက်ကြွနေပုံရကာ ခုနက ဖြစ်ပျက်ခဲ့သည်များကို လုံးဝ မေ့လျော့သွားပုံ ပေါ်သည်။
သို့သော် လုချန် က သူမကို စကားပြောရန် ခေါင်းလှည့်လိုက်တိုင်းတွင်မူ ကုချင်း၀မ် သည် ထိုအကြောင်းကို ပြန်သတိရသွားပြီး သူမ၏ လှပသော မျက်နှာလေးနှင့် လည်ပင်းတိုင်လေးမှာ ပန်းရောင်သန်းသွားလေ့ရှိသည်။
သူမ၏ စိတ်ထဲတွင် လုချန် ကို [လူဆိုးကောင်] ဟု ကျိန်ဆဲလိုက်မိသည်။
ကုချင်း၀မ် သည် ဆီးသီးယိုတုတ်ထိုးချောင်း စားချင်သည်ဖြစ်ရာ သူတို့သည် ဆီးသီး များကို ရှာရတော့မည်။
ရှန်ယွန်းတောင်ထိပ် တောင်ခြေတွင် ဆီးသီးပင် အနည်းငယ်ရှိပြီး လက်ရှိတွင် ဆီးသီးများ ရင့်မှည့်ချိန် ဖြစ်နေကြောင်း လုချန် သတိရလိုက်သည်။
ကုချင်း၀မ် သည် တောင်ထိပ်ရှိ ခြံဝင်းအတွင်း၌သာ နေထိုင်ပြီး တောင်အောက်သို့ မဆင်းဖူးခဲ့ပေ။
လုချန် ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းပင်လျှင် ခြံဝင်းမှ မီတာတစ်ရာခန့်သာ အောက်တွင် ရှိသည်။ တောင်အောက် ရှုခင်းများကို ကြည့်ရင်း ကုချင်း၀မ် က စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ချလိုက်သည်။
"ရှန်ယွန်းတောင်ထိပ် က ငါ့ခေတ်တုန်းက အရမ်းသန်မာတဲ့ တောင်ထိပ်တစ်ခု ဖြစ်ခဲ့ဖူးတယ်၊ ယောင်ချီသန့်စင်နယ်မြေ တစ်ခုလုံးမှာ ထိပ်တန်းသုံးခုထဲမှာ ပါခဲ့တာ။ အခု ကြည့်ရတာတော့ တကယ်ကို ဆုတ်ယုတ်ကျဆင်းသွားပြီပဲ”
တောင်စောင်းနှင့် တောင်ခြေရှိ အိမ်များတွင် ပေါင်းပင်များ ဖုံးလွှမ်းနေပြီး အခြားသော ကျင့်ကြံရေးဆိုင်ရာ အဆောက်အအုံများမှာလည်း အချိန်အတော်ကြာ စွန့်ပစ်ထားပြီး သန့်ရှင်းရေး မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။
လုချန် သည် သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်သူ ဖြစ်သော်လည်း နေ့တိုင်း တောင်တစ်တောင်လုံးကို သာမန်လူသားစွမ်းအားနှင့် သန့်ရှင်းရေးလုပ်ရန်မှာ မဖြစ်နိုင်ပေ။
လုချန် သည် နောက်ကို မလှည့်ဘဲ ရှေ့မှ လျှောက်သွားရင်း ပြောသည်။
"ဒါပေမဲ့ အခု ဧကရီ ပြန်ရောက်လာပြီဆိုတော့ ယောင်ချီသန့်စင်နယ်မြေ က ပိုပြီး အစွမ်းထက်လာမှာပါ။ တပည့်တွေ အများကြီးလည်း ဝင်လာကြမှာပါ။ အချိန်တန်ရင် ကျွန်တော် ရှန်ယွန်းတောင်ကနေ ပြောင်းသွားလိုက်ရုံပါပဲ၊ ဒါဆိုရင် ဒီနေရာက မြန်မြန်ဆန်ဆန်ပဲ ပြန်ပြီး ဖွံ့ဖြိုးလာပါလိမ့်မယ်”
လုချန် ၏ ကျောပြင်ကို ကြည့်ရင်း ကုချင်း၀မ် သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
"မလိုပါဘူး… နင် ဒီမှာပဲ ဆက်နေပါ…နင် ဒီနေရာမှာ နေရတာ ကျင့်သားရနေပြီဆိုတာ ငါသိပါတယ်… ဟင်းသီးဟင်းရွက်စိုက်ခင်းတွေနဲ့ တခြားအရာတွေလည်း စိုက်ထားသေးတယ်လေ… နင့်ကို ပြောင်းခိုင်းပြီး အသစ်ပြန်လုပ်ခိုင်းရင် အလုပ်ရှုပ်လွန်းလိမ့်မယ်’
PS((နင်နဲ့ငါ/ ဒီဧကရီနဲ့မင်း /ကောင်စုတ် /လူရှုပ်လေး …ဧကရီမက သူ့စိတ်အ ခြေအနေပေါ်မူတည်ပြီး ခေါ်ချင်သလို ခေါ်ပြောချင်သလို ပြောနေတာပါ))
ကုချင်း၀မ် ၏ စကားကို ကြားသောအခါ လုချန် ဘာမှ ပြန်မပြောခဲ့သော်လည်း သူသည် ဒီနေရာကို အမှန်ပင် တွယ်တာနေပြီး ဖြစ်၍ ဖြစ်နိုင်လျှင် မပြောင်းလိုပေ။
မကြာမီ သူတို့သည် တောင်ခြေသို့ ရောက်ရှိသွားပြီး အနီရောင် ဆီးသီးပင် အနည်းငယ်ကို တွေ့လိုက်ရသည်။ ကြီးမားပြီး ရင့်မှည့်နေသော ဆီးသီးအစုလိုက်အလိုက်သည် သစ်ပင်ပေါ်တွင် စပျစ်သီးအကြီးစားများကဲ့သို့ တွဲလောင်းကျနေသည်။
လုချန် သည် ဆီးသီးများကို သေချာကြည့်ပြီး အစုအဝေး အနည်းငယ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီအစုသုံးစုလောက် ခူးလိုက်ကြရအောင် ဆီးသီးယိုတုတ်ထိုးချောင်း ၁၀ ချောင်းလောက်အတွက်ဆိုရင် လုံလောက်ပါတယ်”
မူလက ဆီးသီးအားလုံးကို ခူးရန် ရည်ရွယ်ထားသော ကုချင်း၀မ် သည် မျက်ခုံးပင့်လိုက်ပြီး မကျေမနပ်ဖြင့် လုချန် ကို ကြည့်လိုက်သည်။
"ဘာလို့ ဒီလောက်ပဲ ခူးမှာလဲ အကုန်လုံး ခူးလိုက်စမ်းပါ"
ကုချင်း၀မ် ၏ စကားကို ကြားသောအခါ လုချန် သည် နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။
"ဒီအရာတွေက လတ်လတ်ဆတ်ဆတ် ခူးစားမှ အကောင်းဆုံးပဲ…ကျွန်တော်တို့ စားချင်တဲ့အချိန်တိုင်း တောင်အောက်ဆင်းပြီး ခူးစားလို့ ရတာပဲ မနက်ဖြန် စားချင်ရင်လည်း မနက်ဖြန် ပြန်လာခူးလိုက်ကြတာပေါ့
"ဘာလဲ ဧကရီက တစ်နေ့တည်းနဲ့ အကုန်စားပြီး မနက်ဖြန်အတွက် ဘာမှ မကျန်တော့အောင် လုပ်မလို့လား"
လုချန် ၏ ယုတ္တိရှိသောစကားကို ကြားသောအခါ ကုချင်း၀မ် လည်း ဟုတ်ပေသားပဲဟု တွေးမိသည်။ ထို့နောက် ကုချင်း၀မ် သည် လုချန် လက်ညှိုးထိုးပြသည့် ဆီးသီးများကို စတင် ခူးဆွတ်လေသည်။
လုချန် သည် ဆီးသီးပင်များ ပတ်လည်တွင် လမ်းလျှောက်ပြီး သေချာ စစ်ဆေးနေသည်။
ဆီးသီး အနည်းငယ် ခူးဆွတ်ရန် အချိန်အကြာကြီး မယူလိုက်ရပေ။ စက္ကန့်အနည်းငယ်အကြာတွင် ကုချင်း၀မ် သည် ဆီးသီးအခိုင်နှစ်ခုကို ကိုင်ထားပြီး သစ်ပင်ပတ်လည်တွင် လှည့်ပတ်နေဆဲဖြစ်သော လုချန် ကို အလျင်အမြန် မေးလိုက်သည်။
"သွားရအောင်…ပြန်ကြမယ်… နင် ဘာတွေကို ကြည့်နေတာလဲ"
လုချန် သည် သစ်ပင်ပေါ်ရှိ အသီးများကို စစ်ဆေးရင်း ခေါင်းမလှည့်ဘဲ ပြန်ဖြေသည်။
"ခဏစောင့်… ဘယ်အသီးတွေက ကောင်းကောင်း ကြီးထွားနေလဲဆိုတာ စစ်ဆေးနေတာ…ပြန်ယူသွားပြီး အစေ့ထုတ်ယူဖို့လေ”
အစေ့…
အစေ့ဟူသော စကားကို ကြားသောအခါ ကုချင်း၀မ် သည် လုချန် ကို သိလိုစိတ်ဖြင့် မေးလိုက်သည်။
"အစေ့ ဘာလုပ်ဖို့လဲ"
လုချန် က နှုတ်ခမ်းမဲ့ပြီး ပြန်ဖြေသည်။
"သစ်ပင် စိုက်ဖို့ပေါ့… ဧကရီ စားနေတဲ့ ပုံစံနဲ့ဆိုရင် တစ်နေ့ကို ၁၀ ချောင်းက မလောက်ဘူး… ကျွန်တော် အပင်တွေ ပိုစိုက်ထားရင် ဧကရီအတွက် နှစ်တိုင်း လုပ်ပေးလို့ရတာပေါ့… စားရတာ ရိုးသွားရင်တောင် ဒီဆီးသီးပင်တွေက အလှဆင်လို့ရသေးတယ်၊ အနီရောင်အသီးတွေနဲ့ဆိုရင် ကြည့်လို့ကောင်းတယ်”
‘နှစ်တိုင်း... သူမအတွက် နှစ်တိုင်း လုပ်ပေးမယ်တဲ့’
ကုချင်း၀မ် သည် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ သူမ ပြန်သတိဝင်လာချိန်တွင် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လုချန် ကို ကြည့်သည့် သူမ၏ အကြည့်တွင် မဖော်ပြနိုင်သော ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။
"ဒီလောက် ချိုတဲ့အရာကို စားရတာ ငါ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ဘူး”
ကုချင်း၀မ် သည် လုချန် ဘက်သို့ လျှောက်သွားရင်း တိုးတိုးလေး ပြောလိုက်သည်။
သို့သော် အသီးများကို လေ့လာရာတွင် အလုပ်ရှုပ်နေသော လုချန် သည် သေချာ မကြားလိုက်ပေ။ လုချန် ၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ကုချင်း၀မ် သည် ရယ်မောချင်စိတ်ဖြစ်သလို အနည်းငယ် စိတ်အနှောင့်အယှက်လည်း ဖြစ်သွားသည်။
လုချန် ဘေးတွင် ရပ်နေရင်း ကုချင်း၀မ် က အံ့အားသင့်စွာ မှတ်ချက်ချသည်။
"နင် သစ်ပင်လည်း စိုက်တတ်တာပဲလား”
လုချန် သည် နောက်ကို မလှည့်ဘဲ ဂုဏ်ယူစွာဖြင့် ပြောသည်။
"ဟုတ်တာပေါ့… သစ်ပင်စိုက်တာ မတတ်ရင် အပေါ်က ဟင်းသီးဟင်းရွက်စိုက်ခင်းက ဘယ်က ရလာမှာလဲ”
သူမ နောက်နေတာလား လုချန် သည် စနစ် ပေးထားသော "ရှန်နုံ" ကျမ်းကို ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဖြစ်သည်။ ဆီးသီးပင် အနည်းငယ် စိုက်ခြင်းမှာ သူအတွက်တော့ အသေးအဖွဲပင်။ လုချန် ၏ စကားကို ကြားသောအခါ ကုချင်း၀မ် က ချက်ချင်း ပြောသည်။
"ဒါဆို အခုပဲ စိုက်ကြရအောင်"
"ငါတို့နှစ်ယောက် အတူတူပေါ့”
လုချန် သည် ခေါင်းကိုသာ ခါလိုက်သည်။
"မရဘူး… ဆီးသီးပင်က ဒီနှစ် အစေ့မြှုပ်ရင် နောက်နှစ် အညှောက်ထွက်တဲ့ ကောက်ပဲသီးနှံတွေနဲ့ မတူဘူး…အရင်ဆုံး ပျိုးပင် ဖြစ်အောင် လုပ်ရမယ်…ပြီးမှ စိုက်ရမယ်”
ကုချင်း၀မ် သည် ဒီကိစ္စများကို ဘာမှ မသိဘဲ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
"ဒါဆို... ဘယ်တော့ စိုက်လို့ရမှာလဲ"
လုချန် သည် မစဉ်းစားဘဲ ပြန်ဖြေသည်။
"ဒီနှစ်အတွက်တော့ နောက်ကျသွားပြီ…နောက်နွေဦးအထိ စောင့်ရမယ်”
ဤနေရာတွင် လုချန် သည် ကုချင်း၀မ် ကို ရယ်မောသည့် အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။
"ဒါပေမဲ့ နောက်နွေဦးမှာ စိုက်ရင်တောင် အချိန်လိုဦးမယ်…သူတို့က သစ်ပင်ကြီး ဖြစ်လာရမယ်၊ မြေသြဇာ ကျွေးရမယ်၊ ပန်းပွင့်ရမယ်..."
"အဓိကကတော့ ကျွန်တော်တို့ ကိုယ်တိုင်စိုက်တဲ့အပင်က အသီးကို ဧကရီ စားနိုင်မယ့်အချိန်က နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ကြာဦးမယ်
နှစ်နှစ်…သုံးနှစ်လောက် ကြာမှာလား။
ကုချင်း၀မ် သည် ထိုနေရာတွင် ရပ်ကာ လုချန် ကို ကြောင်ကြည့်နေမိသည်။
သူမသည် နောက်နှစ်နှစ်၊ သုံးနှစ်တွင် အသက်ရှင်နေဦးမည်လား။
သူမ သေချာပေါက် အသက်ရှင်နေလိမ့်မည်။ သူမရှေ့တွင် ရပ်နေသော လူရှုပ်လေးသည် သူမကို သေချာပေါက် ကယ်တင်ပြီး ကုသပေးနိုင်လိမ့်မည်ဟု ကုချင်း၀မ် ယုံကြည်သည်။ ချက်ချင်းပင် ကုချင်း၀မ် သည် အလွန်လှပသော အပြုံးကို ပြုံးလိုက်ပြီး ပြောသည်။
"နှစ်နှစ်၊ သုံးနှစ်ဆိုရင်လည်း ရပါတယ် အနာဂတ်နေ့ရက်တွေက ရှည်လျားတာပဲလေ”
လုချန် သည် ခဏမျှ ကြောင်သွားသည်။ သူသည် ကုချင်း၀မ် ကို သေချာကြည့်ပြီးနောက် ဆီးသီးများကို ဆက်လက် စစ်ဆေးရန်အတွက် ပြန်လှည့်လိုက်သည်။
"ဟုတ်တာပေါ့”
မကြာမီ လုချန် သည် အစေ့ထုတ်ယူရန်အတွက် အသားပြည့်ပြီး ချိုသော ဆီးသီးအနည်းငယ်ကို ရွေးချယ်လိုက်သည်။
ကုချင်း၀မ် သည် လုချန် နောက်မှ လိုက်ပါလာပြီး သူတို့နှစ်ဦး တောင်ထိပ်သို့ ပြန်တက်လာခဲ့ကြသည်။ မူလက ဆီးသီးယိုတုတ်ထိုးချောင်း စားရန် အလျင်စလို ဖြစ်နေခဲ့သော ကုချင်း၀မ် သည် ယခုအခါတွင်မူ အလျင်မလိုတော့ဘဲ လုချန် နှင့်အတူသာ လမ်းလျှောက်ပြန်လိုစိတ် ဖြစ်ပေါ်လာသည်။
ပြန်လမ်းတွင် ကြက်အနည်းငယ်သည် ကုချင်း၀မ် နှင့် လုချန် တို့ရှေ့မှ အော်ဟစ်ကာ ပြေးသွားကြသည်။
ထိုကြက်များကို မြင်သောအခါ ကုချင်း၀မ် သည် ရုတ်တရက် ရပ်တန့်သွားသည်။
လုချန် သည် အံ့ဩသွားပြီး ရှင်းပြလိုက်သည်။
"ဒါတွေက ကျွန်တော် အရင်က မွေးထားတဲ့ ကြက်တွေပါ”
လုချန် သည် တောင်ပေါ်တွင် သေးငယ်သော တိရစ္ဆာန်အချို့ မွေးထားပြီး ကြက်များမှာလည်း ပါဝင်သည်။
မူလက လုချန် သည် ကြက်ဥစားရန် ရည်ရွယ်ခဲ့သော်လည်း ထိုကြက်များသည် တောင်တစ်တောင်လုံး ပြေးလွှားနေကြသဖြင့် ဘယ်နေရာတွင် ဥထားမှန်း သူ လုံးဝ မသိခဲ့ပေ။ လုချန် ကြက်ဥ ရှာမတွေ့သောအခါတွင်မူ ထိုကြက်များကို ဂရုမစိုက်တော့ပေ။
ကုချင်း၀မ် သည် ထိုနေရာတွင် တောင့်တင်းစွာ ရပ်နေမိသည်။ ထိုအရာက ကြက်များ ဟုတ်သည်ဖြစ်စေ… မဟုတ်သည်ဖြစ်စေ... အရေးမကြီးပေ။
အရေးကြီးသည်မှာ...
ဒီကြက်တွေက ဘာလို့... ဖီးနစ်ငှက်နဲ့ နည်းနည်းဆင်တူနေရတာလဲ