ကုချင်း၀မ် ရပ်တန့်သွားသည်ကို မြင်သောအခါ လုချန် သည် ချက်ချင်း ထရပ်လိုက်ပြီး ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သည့် အလွန်အစွမ်းထက်သော ဓားသိုင်းကို မြင်လိုက်ရသည့်အလား လက်ခုပ်တီးကာ ချီးမွမ်းလိုက်သည်။
သို့သော် ကုချင်း၀မ် သိသည်... ဒါတွေအားလုံးက ဟန်ဆောင်တာပဲ အားလုံးက ဟန်ဆောင်နေတာ။
ဒီကောင်လေး... ဒီကောင်လေးသည် သူမ၏ ဓားသိုင်းကို အစကတည်းက ကြည့်ပင် မကြည့်ခဲ့ပေ သူသည် သူမ၏ ခန္ဓာကိုယ်ကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
လူဆိုးကောင် တကယ့်ကို လူဆိုးကောင်လေးပါပဲ။
အလွန်အမင်း ရှက်ရွံ့ပြီး ဒေါသထွက်နေသော ကုချင်း၀မ် သည် လုချန် ကို စိုက်ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။ "ဓားသိုင်း... အဲဒီဓားသိုင်းက မပြီးသေးဘူး..."
ကုချင်း၀မ် ၏ စကားကို ကြားသောအခါ လုချန် သည် အံ့ဩသွားပြီး မျက်တောင်ခတ်လိုက်သည်။ အော် မပြီးသေးဘူးလား အစောကတည်းက ပြောပါတော့...
လုချန် သည် ချက်ချင်း ပြန်ထိုင်လိုက်ပြီး ကုချင်း၀မ် ကို ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။ "ဒါဆို ဆက်ပြပါဦး
ဆက်ပြရမယ်…
ကုချင်း၀မ် သည် လုချန် ကို ကြည့်ကာ အံကို အနည်းငယ် ကြိတ်လိုက်သည်။ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူမသည် မျက်နှာတစ်ခုလုံး နီရဲလျက် လုချန် ကို ကြည့်ပြီး ပြောသည်။ "ဒါဆို မင်း... မင်း သေချာကြည့်၊ ငါပြောတာ ကြားလား"
လုချန် သည် လေးလေးနက်နက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"သေချာတာပေါ့၊ သေချာတာပေါ့၊ ကျွန်တော် သေချာကြည့်နေပါတယ်”
လုချန် ၏ စကားကို ကြားသောအခါ ကုချင်း၀မ် သည် သူ၏ နားရွက်ကို ဆွဲပြီး…
‘လူရှုပ်ကောင် နင် တကယ်ပဲ သေချာကြည့်နေတာလား နင် ခုနက ဘယ်နေရာတွေကို ကြည့်နေတာလဲ’ဟု မေးမြန်းချင်စိတ် ပေါက်သွားသည်။
သို့သော် သူမ ထိုသို့ မမေးနိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကုချင်း၀မ် သည် ရှက်ရွံ့စွာဖြင့် လုချန် ကို မကြည့်တော့ဘဲ သူမ၏ ဓားသိုင်းကို ဆက်လက် ကပြလေသည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင် ကုချင်း၀မ် သည် လုချန် ကြောင့် အာရုံလွင့်နေသဖြင့် သူမ၏ လှုပ်ရှားမှုများမှာ တောင့်တင်းနေပြီး ယခင်ကကဲ့သို့ သဘာဝမကျတော့ချေ။
ယခု ကုချင်း၀မ် ၏ ပုံစံမှာ အပြင်တပည့်သစ်လေး တစ်ယောက်နှင့် တူနေသည်။
သူမ၏ လက်ထဲမှ ဓားသိုင်းမှာလည်း ယခင်ကဲ့သို့ ကမ္ဘာမြေတုန်လှုပ်စေမည့် ပုံစံမျိုး မဟုတ်တော့ဘဲ ကလေးတစ်ယောက် ကစားနေသည့်အတိုင်း ဖြစ်နေသည်။
သို့သော်... အရေးမကြီးပါ၊ အဘယ်ကြောင့်ဆိုသော်...
လုချန် သည် ကုချင်း၀မ် ၏ ဓားသိုင်းကို ယခုအချိန်အထိ ကြည့်မနေသောကြောင့် ဖြစ်သည်။ သူ ဘယ်နေရာကို ကြည့်နေသလဲ ဆိုလျှင်...
[အား..ပါး…ပါး…. တကယ့်ကို ကောက်ကြောင်းလှတာပဲ…သားသမီး ခုနစ်ယောက်၊ ရှစ်ယောက်လောက် မမွေးပေးရင် ဒီတင်ပါးကြီးက နှမြောစရာပဲ]
(ဒီအဘွားကြီးက နေ့တိုင်း အခန်းထဲမှာပဲ ပုန်းအောင်းပြီး ကျင့်ကြံနေတာ၊ ဘယ်လိုလုပ်ပြီး ဒီလို အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလဲ)
[ဒီခါးဆိုတာလည်း နှစ်ဆယ့်လေး လောက်ပဲ ရှိမယ်၊ အချိုးအစားက လှလွန်းတယ်…အောက်ပိုင်းက ဒီလောက်ကြီးပြီး ခါးက ဘာလို့ ဒီလောက် သေးနေရတာလဲ]
[ပြီးတော့ အပေါ်ပိုင်း... အင်း... ကြီးလိုက်တာ၊ တကယ်ကို ကြီးလွန်းပါတယ်]
ကြီးတယ်…ဟုတ်လား…
ကုချင်း၀မ် ၏ စိတ်မှာ ဓားသိုင်းကပြခြင်းအပေါ် လုံးဝ မရှိတော့ပေ။ သူမသည် ရှက်ရွံ့စွာဖြင့် ဓားကို ဝှေ့ယမ်းရင်း လုချန် ၏ စိတ်ထဲမှ အသံကို နားထောင်နေသည်။ သူမ ထူးဆန်းစွာ ခံစားရသည်။ ဘာက သေးနေတာလဲ… ဘာကကြီးနေတာလဲ… ဒီကောင်စုတ်လေး သူမ နားမလည်တဲ့ စကားတွေကို ဘာလို့ ပြောနေပြန်တာလဲ…
ကုချင်း၀မ် စဉ်းစားနေစဉ်မှာပင်...
[ခုနစ်ယောက်၊ ရှစ်ယောက်က နည်းသေးတယ်၊ ဆယ်ယောက်လောက် မွေးသင့်တယ်…ကလေးဆယ်ယောက်ဆိုရင်တောင် အဟာရပြတ်မှာ မဟုတ်ဘူး]
ကုချင်း၀မ် ကြောင်အသွားသည်။ သူမ အောက်ကို အနည်းငယ် ငုံ့ကြည့်လိုက်ပြီး လုချန် ဘာကို ဆိုလိုနေသည်ကို ချက်ချင်း သိသွားသည်။ အလွန် ရှက်ရွံ့နေသော ကုချင်း၀မ် တစ်ယောက် လုချန် ကြောင့် ပေါက်ကွဲသွားတော့သည်။
သူမ၏ လက်ထဲမှ ဓားရှည်ကြီး ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် ကုချင်း၀မ် သည် လုချန် ၏ ဘေးသို့ ရောက်လာပြီး သူမ၏ နုနယ်သော လက်ဖြင့် သူ၏ နားရွက်ကို ဆွဲကာ ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ကောင်လေး….နင် ငါ့ဓားသိုင်းကို တကယ်ကြည့်နေတာလား"
လုချန် နာကျင်စွာဖြင့် အော်လိုက်သည်။
"ကြည့်နေပါတယ်…တကယ်ကြည့်နေတာပါ၊ လွှတ်ပေးပါ"
ကုချင်း၀မ် က ဒေါသတကြီးဖြင့် ပြောသည်။ "ကြည့်နေပါတယ် ဟုတ်လား ဒါဆို ငါပြခဲ့တဲ့ ဓားသိုင်းကို နင် ပြန်လုပ်ပြစမ်း"
[မဖြစ်နိုင်တာ၊ ဒီဧကရီမက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား ငါ ဟိုကြည့်ဒီကြည့် လုပ်နေတာကိုတောင် သိနေတာလား]
လုချန် ၏ စိတ်ထဲမှ အသံကို ကြားသောအခါ ကုချင်း၀မ် တကယ်ကို ကျိန်ဆဲချင်သွားသည်။
'ဒီဧကရီက ကြောက်ဖို့ကောင်းတာလား' လို့ တွေးနေသလား ခုနက နင် ဟိုနားဒီနား ကြည့်နေတာကို မျက်စိကန်းတဲ့သူကလွဲရင် ဘယ်သူမဆို သိနိုင်တယ်’
လုချန် သည် ကုချင်း၀မ် ၏ လက်ကို ကိုင်ထားကာ သူမကို ပိုမိုနူးညံ့စေလိုရင်း အလျင်အမြန် ပြောလိုက်သည်။ "နောက်တစ်ခါ သေချာကြည့်ပါ့မယ်၊ အာရုံစိုက်ပြီး ကြည့်ပါ့မယ်
"နောက်တစ်ခါ... သေချာပေါက် နောက်တစ်ခါ အာရုံစိုက်ပါ့မယ်”
လုချန် ၏ စကားကို ကြားပြီး နွေးထွေးမှုကို ခံစားလိုက်ရသောအခါ ကုချင်း၀မ် က ဟွန်းခနဲ လုပ်လိုက်သည်။
"မင်းက ကြည့်ချင်သေးတာလား ငါတော့ မသင်ပေးချင်တော့ဘူး”
သူမက ဒီကောင်စုတ်လေးကို နောက်တစ်ကြိမ် ထပ်ပြသပါက… ဒီဟာက ကြီးလိုက်တာ၊ ဟိုဟာက ကောက်ကြောင်းလှလိုက်တာ ဆိုတာထပ်ကြား နေရဦးမည် ဖြစ်သည်။
ကုချင်း၀မ် သည် လုချန် ၏ နားရွက်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး အနီးရှိ ကြိမ်ထိုင်ခုံသို့ သွားကာ ထိုင်လိုက်သည်။
သူမ ခြေထောက်ကို ချိတ်ထိုင်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ ရှက်ရွံ့စွာဖြင့် တစ်ခြားတစ်နေရာကို ငေးကြည့်နေလိုက်သည်။ သူမ လုချန် ကို မကြည့်၊ စကားလည်း မပြောတော့ပေ။
ကုချင်း၀မ် ၏ ယခုပုံစံမှာ မဟာဧကရီတစ်ပါးနှင့် မတူဘဲ အိမ်နီးချင်း အစ်မတစ်ယောက်နှင့်သာ ပိုတူနေသည်။ လုချန် သည် နားရွက်ကို ပွတ်သပ်ရင်း ရပ်နေသည်။ ကုချင်း၀မ် လက်သွက်သည်မှာ တကယ်ပင်။
လုချန် သည် ကုချင်း၀မ် ၏ ပုံစံကို ကြည့်ပြီး ခုနက သူ လွန်သွားပြီလားဟု တွေးမိသည်။
[အဲဒါတော့ မကောင်းဘူးပဲ… သူမက ငါ့အတွက် ဓားသိုင်းပြနေတာကို ငါက သေချာမကြည့်ဘဲ တခြားဟာတွေကိုပဲ စိုက်ကြည့်နေမိတယ်…မျက်စိကန်းတဲ့သူတောင် ငါ ဘာကြည့်နေလဲဆိုတာ သိနိုင်တယ်]
လုချန် ၏ စိတ်ထဲမှ အသံကို ကြားသောအခါ ကုချင်း၀မ် စိတ်ထဲကနေ ဟွန့် ခနဲ လုပ်လိုက်သည်။ အနည်းဆုံးတော့ နင် သိသားပဲ…
[ပြီးတော့လည်း ..ဒီလောက်ဝေးတဲ့နေရာကနေ ဘာမှ သေချာမမြင်ရဘူး နောက်တစ်ခါဆို ပိုနီးနီးကပ်ကပ် ကြည့်ရမယ်]
ကုချင်း၀မ်: "...."
[ဒါပေမဲ့ စဉ်းစားကြည့်ရင် ငါ့အမှားလည်း မဟုတ်ပါဘူး…ကုချင်း၀မ် က ဒီလောက် အချိုးအစားကျတဲ့ ကိုယ်လုံးကို ပိုင်ဆိုင်ထားတာ ဘယ်သူက မကြည့်ဘဲ နေနိုင်မှာလဲ…ငါက နန်းတွင်းကကုန်းကုန်းမှ မဟုတ်တာ]
ကုချင်း၀မ်: "...."
ဒီလူဆိုးကောင်က ဟိုကြည့်ဒီကြည့် လုပ်မျိုး၊ အခုတော့ ကိုယ့်အမှားကို လာပြီး အကြောင်းပြချက် ပေးနေသေးတယ်…
လုချန် သည် ကုချင်း၀မ် ကို ကြည့်ကာ ရယ်မောလိုက်သည်။
"ဒါနဲ့..."
လုချန် စကား မဆုံးခင်မှာပင် ကုချင်း၀မ် သည် သူ့ကို မကြည့်ဘဲ လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ဖက်ကိုသာ ရှက်ရွံ့စွာ ငေးကြည့်ရင်း ပြောသည်။
"ပါးစပ်ပိတ်ထား၊ အခု ငါ နင့်နဲ့ စကားမပြောချင်ဘူး
လုချန် မျက်ခုံးပင့်လိုက်သည်။ "ကျွန်တော် ပြောချင်တာက ဧကရီအတွက် ဆီးသီးယိုတုတ်ထိုးချောင်းတုတ်ထိုးချောင်း(သကြားလုံး တုတ်ထိုးလို့လည်းခေါ်) လုပ်ပေးရမလားလို့ပါ
လုချန် စကား အဆုံးတွင် ကုချင်း၀မ် သည် သူမကို ရှောင်နေနေရာမှ ချက်ချင်း လှည့်ကြည့်လိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်သည်။
"ရတယ်… ရတယ်”
ကုချင်း၀မ် ၏ တုံ့ပြန်မှုကို မြင်သောအခါ လုချန် ပြုံးလိုက်သည်။ ဆီးသီးယိုတုတ်ထိုးချောင်းကတော့ အကောင်းဆုံးပဲ။
လုချန် ၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်သောအခါ ကုချင်း၀မ် ၏ လှပသော မျက်နှာလေးမှာ နောက်တစ်ကြိမ် နီရဲသွားပြန်သည်။ ထို့နောက် သူမက ခေါင်းကို မော့ကာ ပြောသည်။
"ငါ ၁၀ ချောင်း လိုချင်တယ်”
ထိုအခါ လုချန် သည် တောင်ခြေသို့ လျှောက်သွားရင်း ပြောသည်။
"မရဘူး .. အဲဒါတွေ အများကြီး စားရင် သွားအတွက် မကောင်းဘူး
ကုချင်း၀မ် သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး လုချန် နောက်သို့ လိုက်သွားသည်။ "ဘာဖြစ်လဲ ငါက ဧကရာဇ်အဆင့်နော် လူသာမန် မဟုတ်ဘူး”
"အဲဒါလည်း မရဘူး… ဧကရီဆိုတာ ပိုပြီး ချုပ်တည်းရမယ်… လောဘမကြီးရဘူး..အဲဒါ ဧကရီအရင်က ကျွန်တော့်ကို သင်ပေးခဲ့တဲ့ အချက်ပဲ
"ဘာလောဘလဲ ဆီးသီးယိုတုတ်ထိုးချောင်း ၁၀ ချောင်းပဲဟာ၊ ဘာလောဘကြီးစရာ ရှိလို့လဲ ငါ ဂရုမစိုက်ဘူး၊ ၁၀ ချောင်း လိုချင်တယ်”
"ကောင်လေး…ငါပြောတာ ကြားလား ငါ ၁၀ ချောင်း လိုချင်တယ်..."
"လွှတ် နာတယ်… နားရွက်ကို မဆွဲနဲ့ ကောင်းပြီ…ကောင်းပါပြီ…၁၀ ချောင်းဆို ၁၀ ချောင်းပေါ့"