လုချန် သည် တကယ်ပင် ကြွားဝါနေခြင်း မဟုတ်ပါ။ လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ကတည်းက စနစ် သည် လုချန် ကို ဓားသိုင်းလျှို့ဝှက်ကျမ်းပေါင်း တစ်ဒါဇင်ကျော် ပေးခဲ့ပြီးဖြစ်ရာ လုချန် သည် ထိုကျမ်းအားလုံးကို ကျင့်ကြံအောင်မြင်ပြီးမြောက်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
ထို့အပြင် အရေးကြီးဆုံးအချက်မှာ သူသည် "ဓားစိတ်ဆန္ဒ" ကိုပါ အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံအောင်မြင်ထားခြင်းပင် ဖြစ်သည်။ လုချန် သည် "ဓားစိတ်ဆန္ဒ" ကို သုံးပြီး ဓားသိုင်းများကို တစ်ခါမှ မစမ်းသပ်ဖူးသလို စွမ်းအား မည်မျှကြီးမားသည်ကို မမြင်ဖူးသော်လည်း အတော်အတန်တော့ ကောင်းမွန်လိမ့်မည်ဟု ခံစားမိသည်။
သို့သော် လောလောဆယ်အထိတော့ သူ၏ ဓားသိုင်းများထက် ပိုမိုဆန်းကြယ်ပြီး အစွမ်းထက်သော ဓားကွက်မျိုးကို မတွေ့ဖူးသေးချေ။
ဟုတ်ပါသည်... လုချန် သည် မာနကြီးသောသူ မဟုတ်ပါ။ လူ့ထက်လူ၊ ကောင်းကင်ထက် ကောင်းကင် ရှိစမြဲဟု သူ အမြဲတွေးထားသည်။
သူ မတွေ့ဖူးသေးခြင်းမှာ သူ၏ အတွေ့အကြုံ နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လွန်ခဲ့သော ဆယ်နှစ်လုံးလုံး ရှန်ယွန်းတောင်ထိပ် တောင်ထိပ်တွင်သာ နေ့တိုင်း နေထိုင်ခဲ့ပြီး တစ်ခါမှ အပြင်မထွက်ဖူးသောကြောင့် ဖြစ်သည်။ သို့သော် သူ၏ ဓားသိုင်းများသည် အသန်မာဆုံး မဟုတ်ခဲ့လျှင်တောင် ထိပ်တန်းအဆင့်တွင် ရှိမည်မှာ သေချာသည်။
ထို့ကြောင့် ကုချင်း၀မ် နှင့်အတူ ဓားသိုင်းလေ့ကျင့်ရမည့်အရေးကို လုချန် လုံးဝ မလိုအပ်ဟု ခံစားရသည်။ ထိုအချိန်မျိုးတွင် ဆီးသီးယိုတုတ်ထိုးချောင်း ထုတ်ထိုးချောင်း သွားလုပ်နေခြင်းကမှ ပို၍ အကျိုးရှိဦးမည်။
အမှန်အတိုင်းပြောရလျှင် ကုချင်း၀မ် သည်လည်း လုချန် ကို ဓားသိုင်းများ တကယ်သင်ပေးရန် ရည်ရွယ်ချက်ရှိလှသည် မဟုတ်ပါ။
လုချန် က သူမကို အလကားလာပြီး အမြတ်ထုတ်နေသူအဖြစ် စိတ်ထဲကနေ အမြဲတမ်း ကျိန်ဆဲမနေစေရန်သာ ဖြစ်သည်။
ထို့အပြင် ယောင်ချီသန့်စင်နယ်မြေ တစ်ခုလုံးကလည်း သူမသည် လုချန် ၏ စွမ်းအားကို မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း သိကြသည်။
သူမ ဒီနေရာသို့ ရောက်ရှိနေသည်မှာ လ၀က်နီးပါး ရှိနေပြီဖြစ်ပြီး နေ့တိုင်း လုချန် နှင့်အတူ စားသောက်နေသော်လည်း ဓားကွက်တစ်ကွက်မျှ မသင်ပေးရသေးချေ။
လုချန် အပေါ် ရူးသွပ်နေကြသော ယောင်ချီသန့်စင်နယ်မြေ မှ တပည့်မလေးများက ဘာတွေ တွေးတောနေကြမည်ကို မည်သူသိနိုင်အံ့နည်း။
လုချန် စိတ်ထဲတွင် မကျေမနပ် ညည်းတွားနေသည်များကို ကုချင်း၀မ် သိပ်ပြီး ဂရုမစိုက်ပါ။ လုချန် ၏ ဓားသိုင်းများက ထူးခြားကောင်းမွန်လိမ့်မည်ဟုလည်း သူမ ယုံကြည်သည်။
အဘယ်ကြောင့်ဆိုသော် ဒီကောင်လေးသည် ဆေးဖော်စပ်ခြင်း အတတ်ပညာတွင် ပထမဆုံးအကြိမ် စမ်းသပ်ရုံဖြင့် သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သူ မဟုတ်ပါလော။
သို့သော် ဓားသိုင်းအတတ်ပညာက ဆေးဖော်စပ်ခြင်းနှင့် မတူချေ။ ဆေးဖော်စပ်ခြင်းက တိကျသော အဆင့်ဆင့် လုပ်ဆောင်ချက်များ ရှိပြီး တခြားသူများထံမှ သင်ယူစရာ သိပ်မရှိဘဲ မိမိ၏ ပါရမီအပေါ်တွင်သာ အဓိက မူတည်သည်။
ဓားသိုင်းကတော့ ထိုသို့မဟုတ်ပါ။ မိမိ၏ ဓားသိုင်းက မည်မျှပင် အစွမ်းထက်စေကာမူ အခြားသူများ၏ ဓားသိုင်း များ၏ သာလွန်ကောင်းမွန်သော အချက်များကို သင်ယူလေ့လာနိုင်ပြီး အတွေးအမြင်သစ်များ ရရှိနိုင်သည်။ ထိုကဲ့သို့ အတတ်ပညာများ ပိုမိုများပြားခြင်းက ဆိုးကျိုးမရှိနိုင်ပေ။
အထူးသဖြင့်... ကုချင်း၀မ် သည် လုချန် ကို ပြသတော့မည့် ဓားသိုင်းမှာ သာမန်ဓားသိုင်းတစ်ခု မဟုတ်ချေ ထိုဓားသိုင်းမှာ သူမ ဧကရာဇ်အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့စဉ်က ကိုယ်တိုင် တီထွင်ဖန်တီးခဲ့သော ဓားသိုင်း ဖြစ်သည်။
နန်ချင်းကျန့်ပြည်နယ် တစ်ခုလုံးတွင် ဒီဓားသိုင်း သည် အစွမ်းအထက်ဆုံး ထိပ်တန်းစာရင်းဝင် ဖြစ်သည်ဟု ဆိုနိုင်သည်။
ကုချင်း၀မ် ထရပ်လိုက်သည်ကို မြင်သောအခါ လုချန် က ကပျာကယာ ပြောလိုက်သည်။
"ကျွန်တော်တို့ ဒါကို ထားလိုက်ရင် မကောင်းဘူးလား ကျွန်တော်က သာမန် လူပဲလေ ဓားသိုင်းတွေက ဝိညာဉ်စွမ်းအင်ကို သုံးရတာလေ မဟုတ်ရင် ဓားသိုင်းက ဘယ်လောက်ပဲ ကောင်းကောင်း သူ့ရဲ့ တကယ့်စွမ်းအားကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”
ကုချင်း၀မ် က လုချန် တစ်ယောက် မလေ့ကျင့်ချင်သဖြင့် အကြောင်းပြချက်များ လျှောက်ပေးနေခြင်းဖြစ်ကြောင်း သိသည်။ သူမက အလျှော့မပေးဘဲ လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မာန်လိုက်သည်။
"ငါ ဒီမှာ ရှိနေတာပဲ၊ နင် ဝိညာဉ်စွမ်းအင် ရလာဖို့က အချိန်ပိုင်းပဲ လိုတော့တာ ဓားသိုင်းကို အရင် သင်ထားစမ်း"
ထို့နောက် ကုချင်း၀မ် စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဒီလူရှုပ်လေးကတော့ တကယ့်ကို ထူးခြားသည်။ တခြားလူများသာ သူမကိုယ်တိုင် ဓားသိုင်းသင်ပေးမည်ကို သိလျှင် တိုးဝှေ့ပြီး ရောက်လာကြမည်ဖြစ်သော်လည်း ဒီကောင်လေးကတော့ အကြိမ်တိုင်း ငြင်းဆန်နေသည်။ သူမကပင် သင်ပေးပါရစေဟု တောင်းပန်တိုးလျှိုးနေရသည့်အတိုင်း ဖြစ်နေတော့သည်။
ကုချင်း၀မ် ၏ ဇွတ်အတင်း ပြောဆိုမှုကြောင့် လုချန် မှာ အခြားရွေးချယ်စရာ မရှိတော့ချေ။ စားပွဲပေါ်ရှိ အိုးခွက်ပန်းကန်များကို အမြန်သိမ်းဆည်းပြီးနောက် ရင်ပြင်ကို ရှင်းလင်းကာ ခုံတန်းလျားလေးတစ်ခု ယူ၍ ထောင့်စွန်းတွင် သွားထိုင်လိုက်သည်။
ကုချင်း၀မ် ကတော့ ရင်ပြင်အလယ်တွင် ရပ်နေပြီး သူမ၏ လက်ထဲတွင် ဖြူစင်သော အလင်းတန်းများ တောက်ပနေသည့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
"အဆင်သင့် ဖြစ်ပြီလား" ကုချင်း၀မ် က လုချန် ကို လှမ်းမေးသည်။
လုချန် က စိတ်ဝင်စားဟန် ဆောင်ကာ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။
"အဆင်သင့်ပါပဲ... အဆင်သင့် ဖြစ်ပါပြီ”
[ပျင်းစရာကြီး]
ကုချင်း၀မ် : "..."
လွန်ခဲ့သော ဆယ်ရက်ကျော်အတွင်း လုချန် ၏ စိတ်ထဲက ညည်းတွားသံများကို အမြဲကြားနေရသဖြင့် ကုချင်း၀မ် ၏ သည်းခံနိုင်စွမ်းမှာ ယခင်ကထက် များစွာ မြင့်မားလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမက စိတ်ထဲကနေသာ ဒီလူရှုပ်လေးကို ကျိန်ဆဲလိုက်ပြီး အငြင်းပွားမနေတော့ချေ။
ကုချင်း၀မ် သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူမ၏ ဓားသိုင်းကို စတင် ပြသလေသည်။ သူမသည် မည်သည့် ဝိညာဉ်စွမ်းအင်ကိုမျှ အသုံးမပြုဘဲ လုချန် မြင်သာစေရန် ဓားသိုင်း၏ အခြေခံအကျဆုံး အချက်များကိုသာ ပြသနေခြင်း ဖြစ်သည်။
ကုချင်း၀မ် စတင် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် လုချန် ၏ မျက်နှာအမူအရာမှာ ပျင်းရိငြီးငွေ့ရာမှ ချက်ချင်း မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်ရှုသော ပုံစံသို့ ပြောင်းလဲသွားသည်။ ကုချင်း၀မ် သည် ဓားသိုင်းကို ပြသရင်း လုချန် ၏ အမူအရာ ပြောင်းလဲသွားသည်ကို သဘာဝကျကျ သတိပြုမိသွားသည်။
လုချန် ၏ လက်ရှိ အမူအရာကို မြင်သောအခါ ကုချင်း၀မ် ၏ နှုတ်ခမ်းထောင့်တွင် မထင်မရှားသော အပြုံးလေးတစ်ခု ပေါ်လာပြီး စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူမိသွားသည်။
‘ဘယ်လိုလဲ... လူရှုပ်လေး ဒီဧကရီရဲ့ ဓားသိုင်းက နင်သင်ထားတဲ့ အရာတွေထက် အများကြီး ပိုအစွမ်းထက်တယ် မဟုတ်လား’
ထိုသို့ တွေးမိပြီးနောက် ကုချင်း၀မ် ချက်ချင်း ကြောင်အမ်းသွားရသည်။ စဉ်းစားကြည့်လျှင် အကြောင်းရင်းမရှိဘဲ ဒီကောင်လေးနှင့် အတူရှိနေသည့်အချိန်တိုင်း သူမ၏ စိတ်ခံစားချက်များက လွယ်လွယ်ကူကူ လှုပ်ခတ်သွားတတ်သည်။
ကုချင်း၀မ် သည် ခေါင်းကို အသာခါယမ်းကာ အခြားအတွေးများကို ဖျောက်ဖျက်ပြီး လုချန် ကို ဓားကွက်များ ပြသခြင်းအပေါ်၌သာ အာရုံစိုက်လိုက်တော့သည်။
ထို့နောက်တွင် ကုချင်း၀မ် သည် လုချန် ၏ စိတ်ထဲမှ အံ့ဩချီးကျူးသံများကို ဆက်တိုက် ကြားရတော့သည်။
[ဝါး…]
[အမလေး…]
[ရှူး...]
[အိုး…ကျွတ်... ကျွတ်.. ကျွတ်…]
တကယ်လို့ ဤချီးကျူးသံများမှာ လုချန် ၏ ပါးစပ်မှ ထွက်လာခြင်းဖြစ်လျှင် ကုချင်း၀မ် ၏ စိတ်ထဲတွင် မည်သည့် လှုပ်ခတ်မှုမျှ ရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဒီကောင်လေး လုချန် သည် အပြင်ပန်းတွင် အမြဲတမ်း လိမ္မာယဉ်ကျေးသော ကလေးတစ်ယောက်လို ဟန်ဆောင်နေတတ်သော်လည်း စိတ်ထဲတွင်မူ တခြားတစ်မျိုး တွေးနေတတ်သောကြောင့် ဖြစ်သည်။
သို့သော် ယခု သူမကြားနေရသော ချီးကျူးသံများမှာ လုချန် ၏ ရိုးသားလှသော စိတ်ရင်းခံ အတွေးများ ဖြစ်နေသည်။ တစ်နည်းအားဖြင့် သူမ၏ ဓားသိုင်းက လုချန် ၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးမှုကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
ကုချင်း၀မ် တစ်ယောက် ပျော်ရွှင်သွားရသည်။ အလွန်ပင် ပျော်ရွှင်သွားရသည်။
သူမ ဘာကြောင့် ဤမျှ ပျော်ရွှင်နေရသည်ကို ကိုယ်တိုင်လည်း မသိချေ။
သူမသည် ဧကရီတစ်ပါး ဖြစ်ပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းစဉ်က တီထွင်ခဲ့သော ဓားသိုင်းကို ကပြရာတွင် တခြားသူများ၏ ချီးကျူးမှုကို ခံရခြင်းမှာ အလွန် သဘာဝကျသော အရာမဟုတ်ပါလော။
သို့သော်လည်း ကုချင်း၀မ် ကတော့ အကြောင်းရင်းမရှိဘဲ လွန်စွာ ပျော်ရွှင်နေမိသည်။ သူမ၏ တည်ငြိမ်အေးစက်နေသော မျက်နှာထက်တွင်လည်း အပြုံးရိပ်များ ထင်ဟပ်လာပြီး မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုများ ပေါ်လွင်နေတော့သည်။
[ကြီးလိုက်တာ…]
လုချန် ၏ စိတ်ထဲမှ နောက်ထပ် ရိုးသားသော ရေရွတ်သံကို ကြားလိုက်ရသောအခါ ကုချင်း၀မ် ၏ နှုတ်ခမ်းထောင့်များ ပိုမို ကွေးညွှတ်သွားသည်။
‘ကြီးတယ် ဟုတ်လား အဓိပ္ပာယ်က ငါဆိုတဲ့ ဧကရီက ခမ်းနားထည်ဝါတယ်လို့ ပြောတာမလား’
အသေအချာပေါ့... ဒီဓားသိုင်းကို သူမ ဧကရာဇ်အဆင့်သို့ တက်လှမ်းစဉ်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီဓားသိုင်းက သဘာဝကျကျပင် ခမ်းနားထည်ဝါပြီး ခန့်ညားလှပေသည်။ ဒီကောင်လေးသည် ဒီလို ကောင်းကင်ကို ဆန့်ကျင်သော ဓားသိုင်းမျိုးကို တစ်ခါမှ မြင်ဖူးလိမ့်မည် မဟုတ်ပေ။
ကုချင်း၀မ် သည် လုချန် ကို ပိုမို ခမ်းနားသော ဓားကွက်တစ်ခု ပြသရန် ပြင်ဆင်လိုက်စဉ် လုချန် ၏ စိတ်ထဲက အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
[ကျွတ်... ကျွတ်.. ကျွတ်…ကုချင်း၀မ် က ဘာတွေစားပြီး ကြီးပြင်းလာတာလဲ မသိဘူး ဘာလို့ ဒီလောက်တောင် လှနေရတာလဲ]
[လှတာက တစ်ကြောင်းပေါ့…ဒါပေမဲ့ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် ကောက်ကြောင်းတွေက တကယ်ကို လွန်လွန်းတယ်…အရင်က ချောင်ချိတဲ့ ဝတ်စုံဖြူကြီး ဝတ်ထားတုန်းကတော့ သေချာ မသိခဲ့ရဘူး]
[ဟွား….ဘယ်လိုလုပ် အဲဒီလောက်အထိ ကြီးနိုင်ရတာလဲ…]
ဟင်…
လုချန် ၏ ထိုအတွေးများကို ကြားလိုက်ရပြီးနောက် ကုချင်း၀မ် တစ်ယောက် လုံးဝ ဆွံ့အသွားရတော့သည်။
သူမ လှည့်ကြည့်လိုက်သောအခါ ထိုလူရှုပ်လေးသည် မည်သည့်အချိန်ကတည်းကမသိ... သူမ၏... သူမ၏... တင်ပါးကို စူးစိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလို ကုချင်း၀မ် ၏ လှပသော မျက်နှာနှင့် ဖြူစင်သော လည်ပင်းတိုင်လေးအထိ ရဲခနဲ ဖြစ်သွားတော့သည်။
သူမသည် ဓားကပြခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး အံကြိတ်ကာ မျက်နှာနီမြန်းလျက် စူးစိုက်ကြည့်နေဆဲဖြစ်သော လုချန် ကို ဒေါသတကြီး စိုက်ကြည့်ရင်း စိတ်ထဲကနေ အော်ဟစ်လိုက်မိတော့သည်။
‘လူရှုပ်လေး…လူဆိုးကောင်…’