ဒါကမှ ဆက်ဆံရေး ပိုမိုရင်းနှီးမလာသေးဘူး ဟုတ်လား…
ကုချင်း၀မ်သည် လုချန်၏ နားရွက်ကို လှမ်းဆွဲပြီး ဘယ်လိုမျိုးအခြေအနေကိုမှ ဆက်ဆံရေးကောင်းမွန်သည်ဟု သတ်မှတ်သလဲဆိုတာကို သေသေချာချာ မေးမြန်းချင်စိတ် ပြင်းပြနေမိတော့သည်။
သူမသည် စောစောကတင် သူ၏ နားရွက်ကို အသာအယာ ပွတ်သပ်ပေးပြီး နူးညံ့သိမ်မွေ့သော အသံလေးဖြင့် စကားပြောပေးခဲ့တာ မဟုတ်ဘူးလား။ ဤသို့ဆိုလျှင် ဆက်ဆံရေးက ပိုမိုမရင်းနှီးသေးဘူးဟု ပြောနိုင်ပါဦးမည်နည်း။
စောစောက ပါးကွရှစ်ကွက်မီးဖိုကြီးအောက်တွင် ရပ်လျက် လုချန် ဆေးဖော်စပ်နေသည်ကို ကြည့်ရင်း မိမိအခုလေးတင် လုပ်ဆောင်ခဲ့မိသော အပြုအမူများကို ပြန်လည်တွေးတောကာ ကုချင်း၀မ် မျက်နှာလေး အနည်းငယ် နီမြန်းသွားရရှာသည်။
ကုချင်း၀မ်သည် ယခင်က မည်သူ့ကိုမျှ ဒီလိုသော ပုံစံမျိုးဖြင့် တစ်ခါမျှ မဆက်ဆံခဲ့ဖူးပါချေ။ အတိတ်ကာလတုန်းကမူ ကုချင်း၀မ်သည် အခြားသူများကို အကြိမ်အနည်းငယ်ထက် ပို၍ ပြုံးတောင် မပြခဲ့ဖူးခြေ။
ဒီကောင်စုတ်လေးက တစ်ဖက်သတ် သတိကြီးလွန်းနေတာလား…
ကုချင်း၀မ်တစ်ယောက် အတွေးကမ္ဘာထဲတွင် နစ်မြောနေစဉ်အတွင်း လုချန်သည် ဆေးလုံးကို သိမ်းဆည်းပြီးစီးသွားခဲ့ပြီဖြစ်ရာ ရင်ပြင်ဝင်းထဲတွင် ပါးကွရှစ်ကွက်မီးဖိုကြီးသာ ထီးထီးကြီး ကျန်ရှိနေတော့သည်။
လုချန် ဆေးလုံးကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ ကုချင်း၀မ် ခဏမျှ ကြောင်အမ်းသွားသော်လည်း သူမ မလောပါချေ။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦး စတင်သိကျွမ်းခဲ့ရသည်မှာ တစ်ရက်သာ ရှိသေးသဖြင့် ဆက်ဆံရေး အလွန်အမင်း မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခြင်းကြောင့် စိုးရိမ်ပူပန်ခြင်း မရှိသည်မှာ သဘာဝကျပေသည်။
လုချန်သည် ဆေးလုံးကို သိမ်းဆည်းပြီးနောက် သူ၏ ဘေးနားရှိ ကုချင်း၀မ်ကို လှည့်ကြည့်ကာ သတိကြီးစွာဖြင့် မေးမြန်းလိုက်၏...
“ဧကရီ... ကျွန်တော်တို့ နောက်ထပ် ဘာကျင့်ကြံကြမလဲ”
ကုချင်း၀မ် ခဏမျှ မှင်တက်သွားပြီးမှ သတိပြန်ဝင်လာကာ လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်သည်...
“မလိုပါဘူး… မင်း ကိုယ့်ဘာကိုယ် လုပ်စရာရှိတာကိုပဲ ဆက်လုပ်ပါ…မင်း ပုံမှန်အတိုင်း ဘာလုပ်လေ့ရှိလဲ... အဲဒါကိုပဲ လုပ်… ငါ မင်းကို အရင်ဆုံး စောင့်ကြည့်ရဦးမယ်... ပြီးမှ မင်းနဲ့ ကိုက်ညီမယ့် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို သီးသန့် ပေးမယ်”
လုချန် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ တကယ်လို့ ပုံမှန်နေ့ရက်မျိုးသာ ဆိုလျှင်မူ... သူ အိပ်ရေးဝဝ သွားအိပ်သင့်ပေသည်။ လုချန်သည် အကြောဆန့်လိုက်ပြီး သူ၏ အိပ်ခန်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားတော့၏။
ကုချင်း၀မ်: "...."
နောက်ထပ် ဆယ်ရက်ခန့် ကာလအတွင်းတွင် ကုချင်း၀မ်သည် ရင်ပြင်ဝင်းထဲ၌ လုချန်၏ နောက်သို့ တကောက်ကောက် အမြဲတစေ လိုက်ပါနေခဲ့သည်။
လုချန် ဘာပဲလုပ်လုပ် ကုချင်း၀မ်က စိုးစဉ်းမျှ ဂရုမစိုက်ပါချေ။ အစကတည်းကပင် သူမသည် လုချန်ကို စီမံခန့်ခွဲရန် လာခဲ့ခြင်းမဟုတ်ဘဲ သူနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန်သာ လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ဤဆယ်ရက်တာ ထိတွေ့ဆက်ဆံမှု အပြီးတွင် ကုချင်း၀မ် တစ်စုံတစ်ခု မှားယွင်းနေကြောင်း စတင်ခံစားလိုက်ရတော့သည်။ လုချန်ဆိုတဲ့ ကောင်လေးက... တကယ်ကြီး ကျင့်ကြံနေတာ ဟုတ်ရဲ့လား…
ဆယ်ရက်တာ ထိတွေ့ဆက်ဆံပြီးနောက်တွင် ကုချင်း၀မ်သည် လုချန်၏ နေ့စဉ် လူနေမှုဘဝ ပုံစံကို ကောင်းကောင်းကြီး နားလည်သွားခဲ့ခြေပြီ။
သူသည် မနက်စောစော အိပ်ရာထကာ မနက်စာ ချက်ပြုတ်တတ်ပြီး... စားသောက်ပြီးနောက် ရင်ပြင်ဝင်းကို သန့်ရှင်းရေးလုပ်ကာ... ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီးနောက် အိပ်ခန်းထဲသို့ ပြန်ကာ တစ်ရေးတစ်မော အိပ်စက်လေ့ရှိသည်။
မွန်းတည့်ခါနီးအချိန်တွင် အိပ်ရာမှနိုးလာကာ နေ့လယ်စာ ပြင်ဆင်ချက်ပြုတ်တတ်၏။ နေ့လယ်စာ စားပြီးနောက်တွင်လည်း ခဏမျှ တမှေးအိပ်တတ်ပြီး သို့မဟုတ်ပါက ရှန်ယွန်းတောင်ထိပ်၏ တောင်စောင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ သွားရောက်ကာ ဥယျာဉ်ခြံမြေကို ပြုစုပျိုးထောင်တတ်သည်...
ထို့နောက် ညစာပြင်ဆင်ရန် ပြန်လာတတ်သည်။ ညစာစားပြီးနောက်တွင်မူ အစာကြေညက်စေရန် ရှန်ယွန်းတောင်ထိပ် တစ်ဝိုက်တွင် လမ်းလျှောက်တတ်ပြီး... ပြန်ရောက်လာသည့်အခါ ခဏမျှ ဆေးဖော်စပ်ကာ အိပ်စက်ရန် ပြင်ဆင်တော့သည်။
ကုချင်း၀မ် ခံစားရသည်မှာ... ဒီလုချန်သည် နေ့တိုင်း စားလိုက် အိပ်လိုက်ကလွဲလို့ ဘာမှ မလုပ်တာပဲ ဖြစ်၏ ဒါက တကယ်ကြီး ကျင့်ကြံနေတာ ဟုတ်လို့လား သို့မဟုတ်ရင် သူမ ဤနေရာတွင် ရှိနေခြင်းကြောင့် သူက တမင်သက်သက် ရှောင်နေတာလား။
သေချာတာပေါ့... ကုချင်း၀မ်အနေဖြင့် မည်သို့ပင်ဖြစ်စေ စိတ်ထဲမထားပါချေ; ဘာဖြစ်လို့လဲဆိုတော့ ဤနေ့စဉ် လူနေမှုဘဝအတွင်းမှာတင် သူမနှင့် လုချန်တို့အကြားက ဆက်ဆံရေးမှာ ဖြည်းဖြည်းချင်း အလွန်ပင် ရင်းနှီးလာခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤဆယ်ရက်တာ နေ့စဉ်ဘဝကို အတူတကွ ဖြတ်သန်းပြီးနောက် လုချန်သည် ကုချင်း၀မ်၏ မဟာဧကရာဇ်ဆိုသည့် မွန်မြတ်လှသော အဆင့်အတန်းကို သိပ်ပြီး ဂရုမစိုက်တော့သလို... တစ်ခါတလေတွင် ထိုအဆင့်ကို မေ့လျော့နေတတ်သည်။
တစ်ခါတရံတွင် သူတို့နှစ်ဦး စကားပြောဆိုကြသည်မှာ တကယ့် သူငယ်ချင်းအရင်းအချာများကဲ့သို့ပင် ဖြစ်၏။
ဒါက အလွန် ကောင်းမွန်လှသော်လည်း ကုချင်း၀မ် ခံစားရသည်မှာ ဤအခြေအနေက နောက်ထပ် နေ့ရက်အနည်းငယ်ထက် ပိုပြီး ကြာရှည်ခံတော့မည် မဟုတ်ချေ။
ဘာဖြစ်လို့လဲဆိုတော့... ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာတင် လုချန်သည် စိတ်ထဲကနေ တတွတ်တွတ် ညည်းညူကာ သံသယဝင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
လုချန်သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ထူးဆန်းသည်ဟု ခံစားနေရသည်။ ပြောစမ်းပါဦး... ကုချင်း၀မ်က အမှန်တော့ သူ့ဆီကို ဘာအတွက် လာခဲ့တာလဲ ယခင်တုန်းကတော့ သူမက သူ့ကို ကျင့်ကြံခြင်းပညာ သင်ကြားပေးဖို့ လာခဲ့တာလို့ ပြောဖူးသည်။ ဒါပေမဲ့ ရောက်လာကတည်းက ကျင့်ကြံခြင်းပညာ သင်ပေးဖို့ စကားတစ်ခွန်းတောင် မဟခဲ့ဖူးချေ။
သေချာတာပေါ့... လုချန်က အနှိပ်စက်ခံချင်တဲ့ စိတ်ဝေဒနာရှင် မဟုတ်တာကြောင့် ကုချင်း၀မ်က မသင်ပေးရင် လုချန်ကလည်း ဘယ်တော့မှ စပြီး ပြောမည်မဟုတ်ပါချေ။
ဒါပေမဲ့... သူမ မသင်ပေးရင်တောင်မှ ဘာဖြစ်လို့ ကုချင်း၀မ်က သူ့ဆီကို နေ့တိုင်း လာနေရတာလဲ။
မနက်စောစော အချိန်တိုင်းတွင် ကုချင်း၀မ်သည် လုချန်၏ ရင်ပြင်ဝင်းထဲသို့ အချိန်မှန် ရောက်ရှိလာတတ်သည်။
ဒါ့အပြင် လုချန် ဘာပဲလုပ်လုပ် ကုချင်း၀မ်က ဘေးကနေ လိုက်လုပ်တတ်၏။ တစ်ခါတရံတွင် စိတ်ကူးပေါက်လာပါက ကုချင်း၀မ်သည် လုချန်၏ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ ပန်းကန်ဆေး ကူပေးတတ်သေးသည်။
အခြေခံအားဖြင့် လုချန် ဘယ်သွားသွား ကုချင်း၀မ်က နောက်ကနေ လိုက်ပါနေခြင်း ဖြစ်၏။
သေချာတာပေါ့... တစ်ခါတရံတွင်တော့ ကုချင်း၀မ် ရှန်ယွန်းတောင်ထိပ်မှ ထွက်ခွာသွားတတ်သည်။
အဓိကအားဖြင့် ကုချင်း၀မ်ကဲ့သို့ မဟာဧကရာဇ်တစ်ပါး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်းဖြစ်ရာ တောင်ပိုင်းကျန့်ကျိုးရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များက သေချာပေါက် လာရောက် အရိုအသေပေးကြရခြင်းကြောင့် ဖြစ်၏။
ကုချင်း၀မ်သည် ထိုဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့် သွားရောက်တွေ့ဆုံပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြန်လာတတ်သည်။
ဒါကလွဲလို့ ကျန်တဲ့အချိန်တွေမှာတော့ သူမ လုချန်နှင့်အတူ တစ်ချိန်လုံး ရှိနေခဲ့သည်။ ဒီရက်ပိုင်းအတွင်း လုချန်သည် ကုချင်း၀မ်တွင် တစ်စုံတစ်ရာသော မရိုးသားသည့် ရည်ရွယ်ချက် ရှိနေမလားဟု ပိုမို၍ သံသယပွားလာခဲ့ရတော့သည်။
မနက်စောစော အချိန်တွင် ကုချင်း၀မ်သည် မနက်စာ စားသောက်ပြီးနောက် သူမ လုံးဝ ပြောင်စင်အောင် စားသောက်ထားခဲ့သော မနက်စာ ပန်းကန်များကို ကြည့်ရင်း ကျေနပ်သော မျက်နှာပေးဖြင့် ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်သည်။ ခဏမျှ တွေးတောပြီးနောက် ကုချင်း၀မ် သူမ၏ ဘေးရှိ လုချန်ကို ကြည့်ကာ မိန့်လိုက်၏...
“နေ့လယ်စာကျရင် မင်း မနေ့ညက ချက်ပေးတဲ့ ဝက်လက်စတူးလေးပဲ စားကြစို့... ဟုတ်ပြီလား”
ကုချင်း၀မ်သည် လုချန်၏ နောက်သို့ ဆယ်ရက်ကျော် နေ့တိုင်း လိုက်ပါနေခဲ့သဖြင့် သူမ၏ နေ့စဉ် အလေ့အထများမှာလည်း လုချန်နှင့် ပိုမိုတူညီလာခဲ့ခြေပြီ; မနက်စာ စားပြီးသည်နှင့် ချက်ချင်း နေ့လယ်စာ ဘာစားရမလဲဆိုတာကို စတင် တွေးတောနေမိခြင်း ဖြစ်၏။
လုချန်သည် ဘေးနားတွင် ထိုင်လျက် ကုချင်း၀မ်ကို ထူးဆန်းသော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်မိသည်...
“ဘယ်သူက ဝက်လက်ကို နေ့တိုင်း စားနေလို့လဲ ကျွန်တော်က အဲဒါကို ဝယ်ဖို့ ယွန်းရှန်မြို့အထိ အဝေးကြီး သွားရတာ။ သွားလိုက်ပြန်လိုက် လုပ်ရတာ တော်တော်လေး လက်ဝင်တယ်”
ဆယ်ရက်တာ အတူတကွ နေထိုင်ပြီးနောက်တွင် လုချန်သည် ယခင်ကလောက် ကုချင်း၀မ်ကို မကြောက်လန့်တော့ဘဲ သူ၏ စကားပြောဆိုပုံမှာလည်း ဖြည်းဖြည်းချင်း ပိုမို၍ ပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့ခြေပြီ။
ကုချင်း၀မ် လုချန် ဤသို့ပြောသည်ကို ကြားသောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားရတော့သည်...
“အဲဒါက ဘာဖြစ်လို့လဲ ဘာပဲဖြစ်ဖြစ် မင်းတစ်နေ့လုံး ဘာမှလုပ်စရာ မရှိတာပဲ။ ဒီနေ့ နေ့လယ်ကျရင် ယွန်းရှန်မြို့ကို လမ်းလျှောက် ထွက်ကြတာပေါ့ ပြီးတော့ ဒါက သိပ်မဝေးပါဘူး ငါ မင်းကို ခေါ်သွားခေါ်ပြန် လုပ်ပေးရင် ဆယ်မိနစ်ကျော်ပဲ ကြာမှာပါ”
လုချန်၏ နှုတ်ခမ်း လှုပ်ခတ်သွားရသည်။ ဆယ်မိနစ် ဖြစ်ရဦးမယ် တစ်ခါသွားရင် တစ်နေ့လယ်လုံး လမ်းလျှောက်နေရတာကို လုချန် မျက်ခုံးပင့်လိုက်ပြီး ကုချင်း၀မ်ကို ထူးဆန်းသော မျက်နှာပေးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်...
“ဝက်လက်စားတာက အကြောင်းပြချက်သက်သက်ပါ... ကျွန်တော် ထင်တာကတော့ ဧကရီက ဟိုက ဆီးသီးယို တုတ်ထိုးချောင်းကိုပဲ စားချင်နေတာ မဟုတ်လား…တကယ်လို့ အဲဒါကို စားချင်ရင် ကျွန်တော် ဒီနေရာမှာတင် လုပ်ပေးလို့ရပါတယ်... ပြီးတော့ အရသာက ပိုတောင် ကောင်းဦးမယ် ယွန်းရှန်မြို့အထိ သွားနေဖို့ မလိုပါဘူး”
မနေ့ နေ့လယ်တုန်းက လုချန်သည် ကုချင်း၀မ်ကို ခေါ်၍ ယွန်းရှန်မြို့သို့ လမ်းလျှောက်ထွက်ခဲ့ပြီး ဆီးသီးယို နှစ်ချောင်း ဝယ်ပေးခဲ့ဖူးသည်။
အစတုန်းကတော့ ကုချင်း၀မ်က မစားဘူးဟု ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ သူမသည် အခြားဘယ်သူ့ထက်မဆို ပို၍ အရသာရှိရှိ စားသောက်ခဲ့ခြေသည်။
ထို့ကြောင့်ပင် ညစာစားပြီးနောက် ကုချင်း၀မ် မိနစ်အနည်းငယ်မျှ ပျောက်ကွယ်သွားခဲ့ပြီး ဆီးသီးယို နှစ်ချောင်းနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့ကာ ၎င်းတို့နှစ်ဦး တစ်ယောက်တစ်ချောင်းစီ ထပ်မံ စားသောက်ခဲ့ကြသေးသည်။
လုချန်၏ စကားကို ကြားရသောအခါ... ဤရက်ပိုင်းအတွင်း လုချန်၏ ချက်ပြုတ်မှု စွမ်းရည်ကို အမှန်တကယ် မြည်းစမ်းဖူးထားပြီးဖြစ်၍ ကုချင်း၀မ် သူ၏ စကားကို စိုးစဉ်းမျှ သံသယမဝင်ပါချေ။ သူမ ချက်ချင်းပင် ခေါင်းကို တဆက်ဆက် ညိတ်ပြလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မိန့်လိုက်တော့သည်...
“အိုကေ... အိုကေ ဒါဆိုရင် ငါ ဘေးကနေ ကူညီပေးမယ်နော်”
လုချန် ကုချင်း၀မ်ကို ထူးဆန်းသော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်ပြီး ဘာမှမပြောသော်လည်း သူ၏ နှလုံးသားထဲတွင်မူ နောက်တစ်ကြိမ် ပြန်လည် ညည်းညူမိပြန်တော့သည်။
[ဒီမိန်းမကြီး အမှန်တော့ ဘာအတွက် ဒီကို လာခဲ့တာလဲ နေ့တိုင်း ဒါစားဖို့ ဟိုဟာစားဖို့ကလွဲလို့ ဘာမှ မတွေးဘူး ]
['တကယ်လို့ ဒီအတိုင်းသာ နောက်ထပ် လဝက်လောက် ဆက်သွားရင်... ရှန်ယွန်းတောင်ထိပ်က မြက်ပင်တွေအားလုံးကိုပါ ဒီမိန်းမကြီးက ပြောင်စင်အောင် စားပစ်လိမ့်မယ်လို့ ငါ ခံစားနေရတယ် ]
လုချန်၏ စိတ်ထဲက အတွေးများကို ကြားရသောအခါ ကုချင်း၀မ် သူမ၏ စိတ်လှုပ်ရှားမှုများထဲမှ သတိပြန်ဝင်လာခဲ့ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရရှာသည်။
ပြန်လည် တွေးတောကြည့်လျှင် အမှန်ပင် ဖြစ်၏။ ပြီးခဲ့သည့် ဆယ်ရက်အတွင်းမှာတင် သူမသည် စားသောက်ခြင်းကလွဲလို့ အခြားဘာကိုမျှ မလုပ်ဆောင်ခဲ့မိချေ။
သို့သော် ကုချင်း၀မ် ခံစားရသည်မှာ ဒါက သူမကို အပြစ်တင်၍ မရပါချေ လုချန် ချက်ပြုတ်သော အစားအစာများက လွန်စွာမှ အရသာရှိလွန်းနေခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် သူချက်ပြုတ်သော အစားအစာများထဲတွင် တာအို အနှစ်သာရများ ပါဝင်နေခဲ့ရာ ဒါက စားလို့ကောင်းရုံသာမက ကျင့်ကြံခြင်း အဆင့်အတန်းကိုပါ တိုးတက်စေနိုင်စွမ်း ရှိသည်။ ဤသို့ဆိုလျှင် မည်သူကများ ဒါကို ခုခံနိုင်ပါမည်နည်း
သို့သော်လည်း ကုချင်း၀မ် ခံစားရသည်မှာ သူမအနေဖြင့် မိမိ၏ စစ်မှန်သော စွမ်းဆောင်ရည်အချို့ကို ပြသရန် လိုအပ်နေသေးကြောင်း ဖြစ်သည်...
မဟုတ်ပါက ဒီကောင်စုတ်လေးက သူမကို ဒီနေရာတွင် အလကား လာရောက် ခိုကပ်စားသောက်နေသည်ဟု တကယ်ကြီး ထင်မှတ်သွားပေလိမ့်မည်။ ကုချင်း၀မ် ချက်ချင်းပင် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး တည်ငြိမ် လေးနက်သော မျက်နှာပေးဖြင့် မိန့်လိုက်တော့သည်...
“သေချာတာပေါ့... ငါ အဓိက အလုပ်ကိုတော့ မေ့လို့မရဘူးလေ။ ဒီရက်ပိုင်းအတွင်း ငါ မင်းရဲ့ နေ့စဉ် နေထိုင်မှုပုံစံကို စောင့်ကြည့်နေခဲ့တာ... ပြီးတော့ အခု မင်းနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ဓားသိုင်းတစ်ခုကို ငါ သီးသန့် ရေးဆွဲပေးထားပြီးပြီ”
“မင်း အရင်ဆုံး ငါနဲ့အတူ ဓားသိုင်း လေ့ကျင့်ရမယ်”
ဓားသိုင်းလေ့ကျင့်ရမယ် ဟုတ်လား
ဤစကားကို ကြားရသောအခါ လုချန် သူ၏ မျက်ခုံးကို မသိမသာ ပင့်လိုက်မိတော့သည်။
[အဲဒါက တကယ်ကြီး မလိုအပ်ပါဘူးနော်…]
[ငါ့ရဲ့ ဓားသိုင်းက တော်တော်လေး အစွမ်းထက်ပြီးသားပဲ]