လုချန်နှင့် လုဝမ်ဝမ်တို့ ဂိုဏ်း၏ ပင်မခန်းမဆောင်ရှေ့သို့ ရောက်ရှိလာသည့်အချိန်တွင်မူ ထိုနေရာ၌ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
လုချန်နှင့် လုဝမ်ဝမ်တို့သည် အနောက်ဘက်အကျဆုံး နောက်ဆုံးအတန်းတွင် ဝင်ရပ်လိုက်ကြသည်။ ပုံမှန်ဆိုလျှင်မူ လုချန်သည် မည်မျှပင် နောက်တန်း၌ ရပ်နေပါစေ စီနီယာ... ဂျူနီယာများ၏ အကြည့်များကို အမြဲတမ်း ဆွဲဆောင်နေတတ်စမြဲ ဖြစ်၏။
သို့သော် ယခုအချိန်တွင်မူ လူတိုင်း၏မျက်နှာတွင် မှင်တက်အံ့ဩနေသည့် အရိပ်အယောင်များ ထင်ဟပ်နေကြပြီး ဂိုဏ်း၏ ပင်မခန်းမဆောင်အနောက်ဘက်မှ ထွက်ပေါ်နေသည့် တောက်ပလှသော အလင်းတန်းများကိုသာ စူးစိုက်ကြည့်နေကြသည်။ ထိုအလင်းရောင်များမှာ ကောင်းကင်တစ်ဝက်ခန့်ကိုပင် ဖုံးလွှမ်းထားလေပြီ။
ထိုအခိုက်အတန့်တွင် အလွန်တရာ မြင့်မြတ်ပြီး ထူးကဲလှသော "အသိ" တစ်ခုသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဤပညာရပ်အသိ၏ ရိုက်ခတ်မှုအောက်တွင် တပည့်များ အားလုံးသည် မိမိတို့၏ ကျင့်ကြံမှုအဆင့်များမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်ကို အံ့ဩဝမ်းသာစွာဖြင့် သိရှိလိုက်ကြရသည်။
ဒါ... ဒါက ဘယ်လိုကျင့်ကြံသူမျိုး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာလဲ သူတို့ဆီက ဖြာထွက်လာတဲ့ ပညာရပ်အသိ သက်သက်တင်နဲ့ လူတိုင်းရဲ့ ကျင့်ကြံမှုကို တိုးတက်သွားစေနိုင်တာလား…
လုချန်သည် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသည့် နီရဲရဲ အလင်းတန်းများနှင့် မိမိပတ်ဝန်းကျင်ရှိ မြင့်မြတ်လှသော ပညာရပ်အသိကို ကြည့်ရင်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
‘သေချာတယ်... ဟို ဧကရီ ပဲ ဖြစ်ရမယ်’
ရှန်လင်းတိုက်ကြီးရှိ ဂိုဏ်းတိုင်းသည် အားနည်းရာမှ အားကောင်းလာသည်အထိ တဖြည်းဖြည်းချင်း အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာကြခြင်း ဖြစ်သည်။
ထိုသို့ တိုးတက်လာသည့် ကာလအတွင်း အကယ်၍ ကြီးမားလှသော ကံတရားအခွင့်အလမ်း တစ်ခုနှင့် ကြုံတွေ့ရပါက ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ်သို့ တစ်ဟုန်ထိုး ခုန်တက်သွားနိုင်ကြသည်။
ယောင်ချီသန့်စင်နယ်မြေအတွက် ကြီးမားလှသော ကံတရားအခွင့်အလမ်းကတော့... လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ပေါ်ထွက်ခဲ့သည့် "ခြေလှမ်း၀က်ဧကရာဇ်အဆင့် ဂိုဏ်းချုပ် " ကုချင်း၀မ် ပင် ဖြစ်၏။
အောက်လောက တွင် စစ်မှန်သော မဟာဧကရာဇ် တစ်ဦး ပေါ်ထွက်မလာသေးသရွေ့ ခြေလှမ်း၀က်ဧကရာဇ်အဆင့်သည်သာ အားအကောင်းဆုံး တည်ရှိမှု ဖြစ်သည်။
ယခင်က မဆိုထားနှင့်... လက်ရှိ နန်ချင်းကျန့်ပြည်နယ် တစ်ခုလုံးတွင်ပင် ခြေလှမ်း၀က်ဧကရာဇ်အဆင့် ကျွမ်းကျင်သူဟူ၍ ငါးယောက်ထက် မပိုပေ။ ထိုလူငါးယောက် နောက်ကွယ်က အင်အားစုများသည်လည်း နန်ချင်းကျန့်ပြည်နယ်၏ အင်အားအကြီးဆုံး ထိပ်တန်းဂိုဏ်းကြီးများ ဖြစ်ကြသည်။
ထိုစဉ်က ယောင်ချီသန့်စင်နယ်မြေသည် ထိပ်တန်းဂိုဏ်းတစ်ခုအဆင့်မျှသာ သတ်မှတ်ခံခဲ့ရသော်လည်း ကုချင်း၀မ် ပေါ်ထွက်လာခြင်းကြောင့် ထိုခေတ်ထိုအခါက အငြင်းပွားဖွယ်မရှိဘဲ အင်အားအကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့ရသည်။
ယောင်ချီသန့်စင်နယ်မြေကို နန်ချင်းကျန့်ပြည်နယ်၏ အင်အားအကြီးဆုံးဂိုဏ်းအဖြစ် ရောက်ရှိစေခဲ့ပြီးနောက် ကုချင်း၀မ်သည် ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန်နှင့် စစ်မှန်သော မဟာဧကရာဇ်တစ်ပါး ဖြစ်လာစေရန်အတွက် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ မည်မျှအထိ ခက်ခဲလှပါသနည်း။ မဟာဧကရာဇ်တစ်ပါး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အထက်လောက သို့ အဆင့်တက်ခွင့်ရရှိမည် ဖြစ်သည်။
ရှန်လင်းတိုက်ကြီး တစ်ခုလုံးတွင်ပင် နှစ်ပေါင်းတစ်သောင်းခန့် ကြာမှသာ မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်လာတတ်ခြင်း ဖြစ်၏။
နှစ်ပေါင်းတစ်သောင်းတိုင်တိုင် ကုချင်း၀မ်ထံမှ မည်သည့်သတင်းမျှ ထွက်ပေါ်မလာခဲ့ပေ။ လူတိုင်းက သူမသည် ကွယ်လွန်ပျောက်ကွယ်သွားခဲ့ပြီဟု ထင်မှတ်နေကြပြီး ယောင်ချီသန့်စင်နယ်မြေတွင် ကုချင်း၀မ်၏ ဒဏ္ဍာရီတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
အထူးသဖြင့် ကုချင်း၀မ် တံခါးပိတ်ကျင့်ကြံသွားပြီးနောက်တွင် ယောင်ချီသန့်စင်နယ်မြေမှ နောက်ထပ် ခြေလှမ်း၀က်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးမျှ ပေါ်ထွက်မလာခဲ့တော့ပေ။ အင်အားအကြီးဆုံးဂိုဏ်းအဆင့်မှ ယောင်ချီသန့်စင်နယ်မြေ တဖြည်းဖြည်း လျှောကျလာသည်နှင့်အမျှ လူတိုင်းသည် ထိုဒဏ္ဍာရီလာ ဧကရီဂိုဏ်းချုပ်ကြီးကို ပိုမိုတမ်းတလာခဲ့ကြသည်။
သို့သော် ကုချင်း၀မ်တစ်ယောက် ကွယ်လွန်မသွားခဲ့ဘဲ လက်ရှိအခြေအနေအရ သူမသည် ကျင့်ကြံမှုအဆင့် အောင်မြင်စွာ ကျော်လွန်သွားခဲ့ပြီဖြစ်လိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။
လူတိုင်းက ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည့် ခမ်းနားထည်ဝါလှသော အလင်းတန်းများကို ငေးမောကြည့်နေစဉ်မှာပင် ကောင်းကင်ယံအထက်တွင် ကျော့ရှင်းလှပသော မိန်းမပျိုတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မြင့်မြတ်လှသော ပညာရပ်အသိမှာ ရုတ်တရက် ပိုမိုပြင်းထန်လာခဲ့တော့သည်။ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော ဂျူနီယာညီမလေးအချို့မှာမူ ထိုနေရာတင်တင် ကျင့်ကြံမှုအဆင့် ချက်ချင်းတက်လှမ်းသွားကြ လေတော့သည်။
လုချန်သည် ထိုဧကရီ၏ မျက်နှာကို သဲသဲကွဲကွဲမမြင်ရသော်လည်း ဝေဝေဝါးဝါး အနေအထားတွင်ပင် ထိုဧကရီသည် အလွန်ပင် ကျော့ရှင်းလှပသော ကိုယ်နေဟန်ထား ရှိသည်ကို ခံစားမိနေသည်။
အထူးသဖြင့် သူမ၏ကိုယ်ပေါ်မှ မြင့်မြတ်လှသော ဆွဲဆောင်မှုအရှိန်အဝါသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်၏။
သူမ၏ ကိုယ်နေဟန်ထားနှင့် အရှိန်အဝါကို ကြည့်ရုံမျှဖြင့် လူတိုင်းသည် မိမိတို့ကိုယ်ကို ဥဒေါင်းရှေ့က ကျီးကန်းများကဲ့သို့ ခံစားရကာ ရှက်စိတ်ပင် ဖြစ်ပေါ်လာကြရသည်။
သူတော်ကောင်းကြီး လုချန်မှလွဲ၍ပေါ့။ လုချန်ကတော့ သူ့ကိုယ်သူ တကယ်ကို အထာကျလှသည်ဟု တွေးနေမိသည်။
လက်ရှိ ယောင်ချီသန့်စင်နယ်မြေ၏ ဂိုဏ်းချုပ် သည် သတိအမြန်ဆုံး ပြန်ဝင်လာခဲ့ကာ သူမသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး အသံကျယ်ကြီးဖြင့် ဂါရဝပြုလိုက်လေသည်။
"ဧကရီ တံခါးပိတ်ကျင့်ကြံရာကနေ ပြန်လည်ထွက်ခွာလာတာကို ကြိုဆိုပါတယ်"
ယောင်ချီဂိုဏ်းချုပ်၏ အော်ဟစ်သံကြောင့် မိန်းမောတွေဝေနေကြသည့် စီနီယာ... ဂျူနီယာများအားလုံး သတိပြန်ဝင်လာကြပြီး ချက်ချင်းပင် တစ်ပြိုင်နက်တည်း ဒူးထောက်ကာ ညီညာစွာ အော်ဟစ်ကြတော့သည်။
"ဧကရီကို ကြိုဆိုပါတယ်…ဧကရီကို ကြိုဆိုပါတယ် "
ခေတ်သစ်ကမ္ဘာက လာခဲ့သည့် လူသားတစ်ဦးအနေဖြင့် လုချန်သည် ကောင်းကင်... မြေကြီးနှင့် မိမိ၏ မိဘများကိုသာ ဒူးထောက်သူ ဖြစ်ပြီး အခြားသူများကိုမူ ဒူးထောက်လေ့မရှိပေ။ (သို့သော် ချွင်းချက်တစ်ခုတော့ရှိသည်)
သူမက ဧကရီ ဖြစ်နေရင်ကော ဘာဖြစ်လဲ သူ့အတွက် ဘာမှအကျိုးအမြတ်ရှိတာမှ မဟုတ်တာ။ လုချန်သည် လူအုပ်ကြီးကြားထဲတွင် အခြေအနေကြည့်ကာ တခြားသူတွေနည်းတူ ဆောင့်ကြောင့်လေး ထိုင်ချလိုက်လေသည်။ သူက အနောက်ဆုံးတန်းတွင် ရှိနေသဖြင့် မည်သူမျှ သတိထားမိမည် မဟုတ်ပေ။
ထိုအချိန်တွင် အလင်းတန်းများကြားထဲမှ ဧကရီသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် တကိုယ်လုံးကို နူးညံ့ပျော့ခွေသွားစေနိုင်လောက်သည့် တေးသံကဲ့သို့ သာယာနာပျော်ဖွယ် အသံလေးဖြင့် ညင်သာစွာ မေးမြန်းလိုက်သည်။
"အခုက ဘယ်နှစ်ခုနှစ်... ဘယ်လပိုင်း ရောက်နေပြီလဲ"
ယောင်ချီဂိုဏ်းချုပ်သည် ချက်ချင်းပင် ရိုသေစွာဖြင့် လျှောက်တင်လိုက်၏။
"၂၃ ခုမြောက် ကမ္ဘာဦးခေတ်ရဲ့ ၂၁၀၀ ပြည့်နှစ် ဖြစ်ပါတယ်"
ထိုစကားကို ကြားပြီးနောက် ကုချင်း၀မ်သည် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ညင်သာစွာချရင်း ပြောလိုက်သည်။
"မသိလိုက်မသိဘာသာနဲ့ပဲ... နှစ်ပေါင်းတစ်သောင်းတောင် ကုန်လွန်သွားခဲ့ပြီပဲ..."
"အခု ယောင်ချီသန့်စင်နယ်မြေရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
ထိုအမေးကို ကြားသောအခါ ယောင်ချီဂိုဏ်းချုပ်သည် ရှက်ရွံ့သောမျက်နှာဖြင့် လျှောက်တင်လေသည်။
"လက်ရှိ ယောင်ချီသန့်စင်နယ်မြေရဲ့ အင်အားက ဧကရီ ရှိစဉ်ကထက် အများကြီး အားနည်းသွားခဲ့ပါပြီ... အခု နန်ချင်းကျန့်ပြည်နယ်ရဲ့ ဂိုဏ်းအဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၈ ပဲ ရှိပါတော့တယ်..."
သို့သော် ထိုသို့လျှောက်တင်ပြီးနောက် ယောင်ချီဂိုဏ်းချုပ်သည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်၏။
"ဒါပေမဲ့ အခု ဧကရီအရှင်မ ပြန်လည်ထွက်ပေါ်လာပြီဆိုတော့ ယောင်ချီသန့်စင်နယ်မြေဟာ ဧကန်မုချ အဆင့် (၁) နေရာကို ပြန်လည်ရယူပြီး အရင်က ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်နိုင်တော့မှာပါ"
ယောင်ချီဂိုဏ်းချုပ် စကားပြောပြီးသည်နှင့် ကုချင်း၀မ်သည် ဂိုဏ်း၏ ပင်မခန်းမဆောင်ရှေ့သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
နူးညံ့သိမ်မွေ့လှလိုက်ပါဘိ... တကယ်ကို စာဖွဲ့လို့မရအောင် သိမ်မွေ့လွန်းလှသည်။ အနှိုင်းမဲ့လှပလွန်းလှသဖြင့် လက်တွေ့မဆန်နိုင်လောက်အောင်ပင် ဖြစ်၏။ ဒီလို ပြိုင်ဘက်ကင်းသည့် မျက်နှာအောက်တွင် သူမ၏ မြင့်မြတ်တည်ငြိမ်လှသော အရှိန်အဝါသည် ပြိုင်ဘက်ကင်း ဟုပင် ဆိုရပေမည်။ သူမသည် အသက်ရှူမှားလောက်အောင် လှပလွန်းလှပေသည်။
ကုချင်း၀မ်သည် ယောင်ချီ လက်ရှိဂိုဏ်းချုပ်ကို မည်သည့်ခံစားချက်မျှမရှိသည့် မျက်နှာထားဖြင့် ငေးကြည့်နေခဲ့ရင်း သူမ ဘာမှမပြောရသေးမီမှာပင်...
အသံတစ်ခုသည် ကုချင်း၀မ်၏ နားထဲသို့...မဟုတ်ပါ... အတိအကျ ပြောရလျှင် ကုချင်း၀မ်၏ "အသိစိတ်ပင်လယ်"ထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့တော့သည်။
{ကြည့်ရတာ... ဒီပုံစံအတိုင်းသာ ဆက်သွားနေရင်တော့ နောက်ထပ်တစ်ဆယ်နှစ်တောင် အသက်ရှင်ဖို့ မလွယ်ပါဘူး}
ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တည်ငြိမ်နေခဲ့သော ကုချင်း၀မ်၏ မျက်ခုံးများမှာ အလိုအလျောက် ပင့်တက်သွားခဲ့ရသည်။
ဟမ်... ဘာလဲ…
ဒါက ဘယ်သူ စကားပြောနေတာလဲ…
ဘယ်လောက်တောင် အတင့်ရဲလိုက်တဲ့ ကောင်လဲ…