ကုချင်း၀မ်၏ နူးညံ့သိမ်မွေ့လှသော ရေကဲ့သို့ အမူအရာမျိုးကို ကျီးယန်တစ်ယောက် ဘယ်တုန်းကမျှ မမြင်ဖူးခဲ့ပါချေ။
ကျီးယန်၏ မှတ်ဉာဏ်ထဲတွင်မူ ကုချင်း၀မ်သည် အပြုံးအရယ် ကင်းမဲ့နေသည့် ရေခဲတောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏;
အခြားသူများကို ပြုံးပြဖို့ နေနေသာသာ... သူမကို စကားအနည်းငယ် ပိုပြောမိလျှင်ပင် သူမ၏ ပြိုင်ဘက်ကင်းလှသော မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်သည့် အမူအရာများ ပေါ်ထွက်လာတတ်သည်။
ဒီလိုသော ပုံစံမျိုးကို ကျီးယန် တကယ်ကို မမြင်ဖူးခဲ့ခြင်း ဖြစ်ရသည်။ ဘာဖြစ်လို့လဲဆိုတော့ ထိုစဉ်တုန်းက... ကုချင်း၀မ်က သူ့ကို ငြင်းပယ်ခဲ့စဉ်က သူ့ကို သေသေချာချာတောင် လှည့်မကြည့်ခဲ့ဘဲ...
မည်သည့် ခံစားချက်မျှ မရှိသော သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် သူ့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး မောင်းထုတ်ခဲ့ခြင်းကြောင့် ဖြစ်၏။
ကျီးယန် ဝန်ခံရလျှင် ယခုအခါ သူ အလွန်ပင် မနာလိုဖြစ်နေမိခြေပြီ။
လုချန်သည် စိတ်ကို ပြန်လည်စုစည်းကာ မြေပြင်ပေါ်တွင် ရွေးချယ်ထားသော ဆေးပင်များကို သိမ်းဆည်းလိုက်ပြီး ပါးကွရှစ်ကွက်မီးဖိုကြီးဆီသို့ လျှောက်လှမ်းရင်း ပြောလိုက်သည်...
“ကျွန်တော် ဆေးဖော်စပ်တော့မယ်...”
လုချန်၏ ရှက်ကိုးရှက်ကန်း ဖြစ်နေသော ပုံစံကို ကြည့်ပြီး မတ်တတ်ရပ်လိုက်ခါစ ဖြစ်သော ကုချင်း၀မ်သည် ခါးလေးကို အနည်းငယ် ညွတ်ကာ တစ်ဖန် ရယ်မောမိပြန်တော့သည်။
ယောင်ချီသန့်စင်နယ်မြေထဲက လူအများအပြား ဒီကောင်လေးကို ဘာဖြစ်လို့ သဘောကျကြလဲဆိုတာ မဆန်းတော့ပါချေ။ ဒီလိုသော လူမျိုးကို မည်သူကများ မနှစ်သက်ဘဲ နေနိုင်ပါမည်နည်း
ယခုအခါ ကုချင်း၀မ် ပိုမို၍ သိလိုစိတ်ပြင်းပြနေသည်မှာ...လုချန်က သူမအတွက် ဆေးလုံးတစ်လုံး ဖော်စပ်ပေးချင်သည်ဟု ပြောခဲ့ခြင်း ဖြစ်ရာ...
တကယ်ပဲ အာနိသင်ရှိပါ့မလား ဤအတွေးသည် ကုချင်း၀မ်၏ စိတ်ထဲတွင် စက္ကန့်အနည်းငယ်မျှသာ ပေါ်ပေါက်ခဲ့ပြီးနောက် သူမ အလွန်ပင် သေချာရေရာစွာဖြင့် ခေါင်းညိတ်မိလိုက်သည်။
သေချာပေါက် အာနိသင် ရှိပေလိမ့်မည် ဘာပဲဖြစ်ဖြစ် ထိုကောင်လေးက ဆေးဖော်စပ်ခြင်းပညာကို ပထမဦးဆုံးအကြိမ် ထိတွေ့ဖူးရုံမျှဖြင့် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့သူ မဟုတ်ပါလား ထို့ကြောင့်ပင် သေချာပေါက် အသုံးဝင်ပေလိမ့်မည်။ ယခုအခါ ကုချင်း၀မ်သည် လုချန်ကို အကြွင်းမဲ့ ယုံကြည်သွားခဲ့ခြေပြီ။
မိမိနှင့် ဝေးကွာလှသော နေရာ၌ ပါးကွရှစ်ကွက်မီးဖိုကြီးအောက်တွင် ဆောင့်ကြောင့်ထိုင်လျက် ဆေးပင်များကို နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်နေသော လုချန်ကို ကြည့်ရင်း...
ကုချင်း၀မ်၏ မျက်နှာပေါ်တွင် မိမိကိုယ်တိုင်ပင် သတိမထားမိသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူမ၏ မျက်ဝန်းများမှာလည်း ကြင်နာယုယမှုများဖြင့် ပြည့်နှက်နေခဲ့ရတော့သည်။
ကုချင်း၀မ်သည် ရုတ်တရက် လုချန်၏ ဆရာ ဖြစ်သော ယွင်လော့လီ နှင့် သွားရောက်တွေ့ဆုံချင်စိတ် ပေါ်ပေါက်လာခဲ့၏။
အရင်တုန်းက လုချန်ကို ယွင်လော့လီက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ကြားသိရစဉ်က ကုချင်း၀မ် အလွန်ပင် မကျေမနပ် ဖြစ်ခဲ့ရပြီး... ယွင်လော့လီက ဘယ်မို့လို့ ယောင်ချီသန့်စင်နယ်မြေထဲကို ဘယ်သူမှန်းမသိတဲ့လူကို ခေါ်ဆောင်လာရတာလဲဟု တွေးတောမိခဲ့သည်။
ယောင်ချီသန့်စင်နယ်မြေထဲက တခြားဘယ်သူကမှ ကန့်ကွက်မယ့်သူ မရှိကြဘူးလား ယခုကြည့်ရသလောက်မူ... ယွင်လော့လီကို တကယ်ပဲ ကျေးဇူးတင်ရပေလိမ့်မည်။
မနေ့ညက ကုချင်း၀မ်သည် ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ်ထံမှ လက်ရှိ တိုက်ကြီး၏ အခြေအနေများကို လေ့လာနေစဉ်အတွင်း ယွင်လော့လီ၏ အကြောင်းကိုလည်း ကြားခဲ့မိသေးသည် ကြည့်ရတာ ထိုမိန်းကလေးလည်း အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်တူပေသည်။
စိတ်ကို ပြန်လည်စုစည်းကာ ကုချင်း၀မ်သည် လုချန်ကို ဆေးပင်များ ရွေးချယ်ရာတွင် ကူညီပေးရန်အတွက် ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် လုချန်က သူမအတွက် ဆေးလုံးဖော်စပ်ပေးနေခြင်းဖြစ်ပြီး... သူမကို ကယ်တင်ဖို့ ကြိုးစားနေခြင်း ဖြစ်ရာ; ကုချင်း၀မ်အနေဖြင့် ဘယ်လိုလုပ်ပြီး ဘေးနားမှာ ခြေထောက်ချိတ်ထိုင်ကာ ဒီအတိုင်း စောင့်ကြည့်နေဖို့ ရှက်ရွံ့မနေဘဲ ရှိပါမည်နည်း
သို့သော်လည်း ကုချင်း၀မ်သည် နူးညံ့သိမ်မွေ့လှသော အပြုံးလေးဖြင့် ခြေလှမ်းနှစ်လှမ်းမျှ လှမ်းလိုက်မိရုံရှိသေး... သူမ ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။
သူမ၏ မျက်နှာပေါ်က ပြိုင်ဘက်ကင်းလှသော အပြုံးလေးသည် တစ်စက္ကန့်အတွင်းမှာတင် ကွယ်ပျောက်သွားခဲ့ရတော့သည်။
ကုချင်း၀မ် ထိုနေရာ၌ပင် မတ်တတ်ရပ်လျက် ခေါင်းကို အနည်းငယ် စောင်းကာ ဝေးကွာလှသော ကောင်းကင်ယံထက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်မိသည်။
သူက လမ်းလျှောက်တုတ်ကို တင်းတင်းဆုပ်ကိုင်လျက်... အကြောများ ပြိုင်းပြိုင်းထအောင် သွားကို ကြိတ်နေသော ကျီးယန်ကို လှမ်းကြည့်လိုက်ခြင်း ဖြစ်၏။
စောစောက လုချန်ကို ကြည့်စဉ်တုန်းက ရှိခဲ့သော ရေကဲ့သို့ နူးညံ့လှသည့် အပြုံးလေးသည် ချက်ချင်းပင် မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာသေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
ကုချင်း၀မ်၏ မျက်နှာအမူအရာ ပြောင်းလဲနှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် လူကို ဆွံ့အသွားစေနိုင်လောက်ပေသည်။ တစ်ခဏအတွင်းမှာတင် လုချန်၏ ရင်ပြင်ဝင်းထဲတွင် ရှိနေဆဲဖြစ်သော ကုချင်း၀မ်သည် ကျီးယန်၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့တော့၏။
ကျီးယန်၏ မှတ်ဉာဏ်ထဲက ကုချင်း၀မ်ကဲ့သို့ပင်... လက်ရှိ ကုချင်း၀မ်သည် မျက်နှာသေဖြင့် ရှိနေပြီး သူမ၏ ဆွဲဆောင်မှုရှိလှသော မျက်ဝန်းလှလှလေးများထဲတွင် စိုးစဉ်းမျှ ခံစားချက်အရိပ်အယောင် မရှိပါချေ။
သူမက လူသားတို့၏ ခံစားချက်ကင်းမဲ့နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်၏။
အလွန်ပင် သန့်စင်မွန်မြတ်လှပြီး... အလွန်ပင် မောက်မာဝင့်ကြွားလှကာ... လောကီလောက၏ ဖုန်မှုန့်တစ်စမျှ မပေကျံထားသည့် ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား။
မိမိရှေ့ရှိ ကုချင်း၀မ်ကို ကြည့်ရင်း ကျီးယန်၏ နှလုံးသားထဲတွင် အကြောင်းရင်းမရှိသော ဒေါသတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ကျီးယန် စောစောကတင် မြင်တွေ့ခဲ့ရသည်; ကုချင်း၀မ်သည် စောစောကတင် ဒီလိုသော ပုံစံမျိုး မဟုတ်ခဲ့ပါချေ။
“မင်းကို ငါ အခု မသတ်ရဲဘူးလို့ ထင်နေတာလား”
ကုချင်း၀မ်၏ ခံစားချက်ကင်းမဲ့လှသော စကားသံက ရုတ်တရက် အေးစက်စွာ ထွက်ပေါ်လာခဲ့သည်။
မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားအရှိန်အဝါ က ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ... ကျီးယန်နှင့် ၀မ်တန့် နန်းဆောင်မှ လူအားလုံးမှာ ကိုးထပ်ကောင်းကင်၏ အေးစက်လှသော ဂူကြီးအတွင်းသို့ ကျဆင်းသွားသည့်အလား ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရင်သွားကြရတော့၏။
ကျီးယန်သည် စွမ်းအားအရှိန်အဝါကို ခုခံတိုက်ဖျက်ရန်အတွက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး သွားကို ကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်...
“ဒါဆိုရင်လည်း သတ်လိုက်စမ်းပါ ငါက သေရမှာ ကြောက်နေတယ်လို့ ထင်လို့လား”
ကျီးယန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ကျီးယန်ကို ပထမဦးဆုံးအကြိမ်အဖြစ် အပြုံးအရိပ်အယောင်လေးတစ်ခု ပြသလိုက်တော့သည်။
သို့သော်လည်း... ထိုအပြုံးလေးမှာ အထင်သေးရွံရှာမှုများဖြင့်သာ ပြည့်နှက်နေခဲ့၏။ ထိုဆွဲဆောင်မှုရှိသော မျက်ဝန်းလှလှလေးများ၏ နောက်ကွယ်တွင် အရိုးထဲအထိ စိမ့်ဝင်နေသော မထောက်မညှာ နှိမ်ချမှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။
“တစ်ခါတလေကျတော့ သေခြင်းတရားဆိုတာ အနာကျင်ရဆုံး အရာပဲ…မင်းရဲ့ ပုံစံကို ကြည့်ရတာ နောက်ထပ် နှစ်အကြာကြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး ငါ တံခါးပိတ်ကျင့်ကြံနေခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ မင်း ၀မ်တန့် နန်းဆောင်ကို ဒီလောက်အထိ ကြီးထွားလာအောင် လုပ်နိုင်ခဲ့တာကတော့ မင်း တော်တော်လေး အားစိုက်ခဲ့ရပုံပဲ မဟုတ်လား”
“မင်းမှာ ကျန်ရှိနေသေးတဲ့ သက်တမ်း နည်းနည်းလေးအတွင်းမှာ သေသေချာချာသာ စောင့်ကြည့်နေလိုက်ပါ…မင်း နည်းလမ်းမျိုးစုံသုံးပြီး တည်ဆောက်ခဲ့တဲ့ ၀မ်တန့် နန်းဆောင်ကြီး မင်းရဲ့ မျက်စိရှေ့မှောက်မှာတင် ဖြည်းဖြည်းချင်း ပြိုလဲပျက်စီးသွားမှာကိုပေါ့”
“အဲ့ဒီအချိန်ကျရင် ၀မ်တန့် နန်းဆောင်ကလည်း မင်းလိုပဲ ကွယ်ပျောက်သွားလိမ့်မယ်”
ထိုစကားများကို ပြောလိုက်ပြီးနောက် ကုချင်း၀မ် ကျီးယန်ကို တစ်ချက်မျှပင် ထပ်မကြည့်တော့ဘဲ လှည့်ထွက်ခဲ့ကာ ရှန်ယွန်းတောင်ထိပ်ဆီသို့...တိတိကျကျ ပြောရလျှင် လုချန်၏ ဘေးနားသို့ ပြန်လည်ဆင်းသက်သွားခဲ့တော့သည်။ သူမ ချန်ထားခဲ့သည်မှာ ခံစားချက်ကင်းမဲ့လှသော စကားသံတစ်ခုသာ ဖြစ်၏...
“လင်ယင်... ဧည့်သည်တွေကို လိုက်ပို့လိုက်ပါ”
ကျီးယန်သည် ကုချင်း၀မ်၏ ကျောပြင်ကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရင်လျက် ရှိနေခဲ့ပြီး နောက်ဆုံးတွင်တော့ သွားကို ကြိတ်ကာ စကားနှစ်ခွန်းကို ရေရွတ်မိလိုက်တော့သည်...
“မြွေပွေးမ”
ကုချင်း၀မ်၏ စကားကို ကြားရသောအခါ ဂိုဏ်းချုပ် လင်ယင် သည်လည်း ကျီးယန်၏ ရှေ့တွင် မျက်နှာသေဖြင့် ပေါ်လာခဲ့ပြီး ပြောလိုက်၏...
“နန်းဆောင်အရှင်ကြီး ကျီးယန်... မင်းတို့ ပြန်ဖို့ အချိန်တန်ပြီ”
ယောင်ချီသန့်စင်နယ်မြေအရှင်သခင်နှင့် သူမ၏ အဖွဲ့သည် ကျီးယန်နှင့် သူ၏အဖွဲ့ ယောင်ချီသန့်စင်နယ်မြေ၏ နယ်နိမိတ်အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ယောင်ချီသန့်စင်နယ်မြေသို့ ပြန်လည်လှည့်ထွက်ရန် ပြင်ဆင်လိုက်ကြစဉ်...
ရုတ်တရက်... နောက်ထပ် ဟိန်းသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်တော့သည်။ လူတိုင်း အံ့ဩမှင်တက်စွာဖြင့် ယောင်ချီသန့်စင်နယ်မြေရှိရာ လမ်းကြောင်းသို့ လှည့်ကြည့်လိုက်မိကြ၏။
အရပ်မျက်နှာအနှံ့မှ ရောင်စုံတိမ်တိုက်များ ထွက်ပေါ်လာခဲ့သည်။ နတ်ဖီးနစ်ငှက်ကြီး ပျံသန်းလာခဲ့ခြေပြီ နောက်ထပ် သူတော်စင်အဆင့် ဆေးလုံးတစ်လုံး ထပ်မံ ပေါ်ထွန်းလာခဲ့ပြန်ပြီ ဖြစ်သည် ကျီးယန်သည် ယောင်ချီသန့်စင်နယ်မြေရှိရာ လမ်းကြောင်းသို့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိတော့သည်။
ဒါ... ဒါ... သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်ရတာ ဒီလောက်အထိ လွယ်ကူနေတာလား တကယ်ကြီး ဒီလောက်အထိ လွယ်ကူနေတာလား ထိုကောင်လေးက... အမှန်တော့ ဘယ်သူလဲ…
လုချန်သည် ပါးကွရှစ်ကွက်မီးဖိုကြီးအောက်တွင် မတ်တတ်ရပ်လျက် မိမိလက်ထဲက ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ဆေးလုံးကို ကျေနပ်စွာ စိုက်ကြည့်နေမိသည်။ နောက်ဆုံးတော့ ကြည့်ပျော်ရှုပျော် ရှိသွားခြေပြီ…အောင်မြင်သွားခဲ့ပြီ
လုချန်၏ ဘေးနားတွင် ရပ်နေသော ကုချင်း၀မ်သည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။
ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ အမှန်အတိုင်း ပြောရလျှင် ကုချင်း၀မ် စောစောကတင် မိမိ၏ မျက်စိကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
လုချန်၏ ဆေးဖော်စပ်နည်းက တကယ်ကို ထူးဆန်းလွန်းလှပေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ကြည့်ရဆိုးလွန်းလှသည် လုချန် ဆေးဖော်စပ်စဉ်တုန်းက သူသည် သူ၏ ခန္ဓာကိုယ်တစ်ဝက်နီးပါးကို ထိုကြီးမားလှသော ပါးကွရှစ်ကွက်မီးဖိုကြီးထဲသို့ ထိုးထည့်ထားခဲ့ခြင်း ဖြစ်၏။
ဆေးဖော်စပ်သူတစ်ဦး၏ ကျော့ရှင်းလှပမှု အရိပ်အယောင် စိုးစဉ်းမျှ မရှိဘဲ... ကြည့်ရသည်မှာ အိုးအောက်က ပြာများကို နှိုက်နေသည့် လူတစ်ယောက်နှင့် ပို၍ တူလှပေသည်။
သို့သော်လည်း ဒီလိုသော ကြည့်ရဆိုးလှသည့် ဆေးဖော်စပ်နည်းမျိုးဖြင့်ပင် အမှန်တကယ်ကြီး အောင်မြင်သွားခဲ့ခြေပြီ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ကုချင်း၀မ်၏ မျက်စိရှေ့မှောက်မှာတင် ဖော်စပ်ပြီးစီးသွားခဲ့ခြင်း ဖြစ်သည်
လုချန်၏ လက်ထဲက ဆေးလုံးကို ကြည့်ရင်း ကုချင်း၀မ် တကယ်ကို စိတ်လှုပ်ရှားလွန်းနေခဲ့ရ၏။
သူမသာ လုချန်၏ လက်ထဲက ဆေးလုံးကို သောက်လိုက်ပါက သူမ၏ နှလုံးသားမိစ္ဆာ ပျောက်ကွယ်သွားတော့မည် မဟုတ်ပါလား ယခုအခါ ကုချင်း၀မ်သည် မိဘများထံမှ သကြားလုံး တောင်းချင်နေသည့် မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ လုချန်ကို မျှော်လင့်တကြီး စိုက်ကြည့်နေမိတော့သည်။
[ဟင်... ဆေးလုံးကို ကုချင်း၀မ်အား အခုပဲ ပေးလိုက်ရမလား…]
လုချန်၏ စိတ်ထဲက အတွေးများကို ကြားရသောအခါ ကုချင်း၀မ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ ဟင် သူ သူမကို ပေးတော့မလို့ မဟုတ်ဘူးလား..
['မနေ့ကမှ စတွေ့ကြတာကို... ရုတ်တရက်ကြီး တစ်စုံတစ်ဦးကို စားဖို့ ဆေးလုံးတစ်လုံး ပေးလိုက်ရင်... ပြီးတော့ ဒါက ငါအခုလေးတင် စမ်းသပ်ဖော်စပ်ထားတဲ့ လေ့ကျင့်ခန်း အပိုင်းအစတစ်ခုလိုမျိုး ဖြစ်နေတာကို... ကုချင်း၀မ် သေချာပေါက် စားမှာ မဟုတ်ဘူးမလား ]
’ကုချင်း၀မ် တကယ်ပဲ ချက်ချင်း ခေါင်းညိတ်ပြလိုက်ကာ လုချန်ကို သူမ သေချာပေါက် စားမည်ဖြစ်ကြောင်း ပြောပြချင်စိတ် ပြင်းပြနေမိသည်
‘တကယ်လို့ မင်း အခုပဲ ငါ့ကို ပေးမယ်ဆိုရင် ငါ ပါးစပ်ထဲ ချက်ချင်းထည့်ပြီး မင်းမြင်အောင် စားပြလိုက်မယ်’
[ထားလိုက်ပါတော့... ထားလိုက်ပါတော့။ နောက်မှ ပိုရင်းနှီးသွားတဲ့အခါကျမှပဲ ထုတ်ပေးလိုက်တော့မယ်]
ကုချင်း၀မ် “…."