လုချန်သည် မိမိရှေ့တွင် ရုတ်တရက် သဘောထားကြီးစွာ ပြောင်းလဲသွားသော ကုချင်း၀မ်ကို ကြည့်ရင်း ထိုနေရာ၌ပင် မတ်တတ်ရပ်ကာ ပြောလိုက်သည်...
“ကျွန်တော် တကယ်ပဲ ဆေးဖော်စပ်တာ ပထမဦးဆုံးအကြိမ်ပါ... ဧကရီ့ကို မလိမ်ပါဘူး”
ကုချင်း၀မ်သည် လုချန်၏ လိမ်ညာနေသည့် အရိပ်အယောင်မရှိသော မျက်နှာပေးကို ကြည့်လိုက်ပြီး စောစောကတင် ကြားလိုက်ရသော လုချန်၏ စိတ်ထဲက အတွေးများကို ပြန်လည် စဉ်းစားနေမိသည်။ လုချန်၏ နားရွက်ကို ပွတ်သပ်ပေးနေသော ကုချင်း၀မ်၏ လက်ကလေးမှာ မသိမသာ တုံ့ဆိုင်းသွားခဲ့၏။
’မဖြစ်နိုင်တာ... ဒါက သူ့ရဲ့ ပထမဦးဆုံးအကြိမ် တကယ်ကြီး ဖြစ်နေတာလား’
ယခုအချိန်တွင် လုချန်၏ ထံမှ မည်သည့် စိတ်ထဲက အတွေးမျှ ထွက်ပေါ်မလာတော့ချေ... ကုချင်း၀မ်သည် မိမိလက်ထဲက အလွန်ပင် ကြည့်ရဆိုးလှသော ဆေးလုံးကြီးကို ငုံ့ကြည့်လိုက်သည်...
ကြည့်ရတာ... ကြည့်ရတာတော့ တကယ်လည်း ဖြစ်နိုင်ခြေ ရှိပေသည် ဘာပဲဖြစ်ဖြစ် တကယ်လို့ လုချန်သာ ယခင်က ဆေးဖော်စပ်ခြင်းကို တကယ် လေ့လာဖူးခဲ့ပါက ဒီလိုသော ပုံစံမျိုး ထွက်ပေါ်လာအောင် ဖော်စပ်မိလိမ့်မည် မဟုတ်ချေ။
ဒါပေမဲ့ ပြဿနာက...
တကယ်လို့ ဒါက သူ့ရဲ့ ပထမဦးဆုံးအကြိမ် ဆေးဖော်စပ်ခြင်း တကယ်ကြီး ဖြစ်နေပြီး... သူက သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို တိုက်ရိုက် ဖော်စပ်ထုတ်လုပ်လိုက်နိုင်တယ် ဆိုရင်တော့...
ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကုချင်း၀မ်သည် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေမိပြီး လုချန်ကို တစ်ချက်ကြည့်ကာ မိမိလက်ထဲက ဆေးလုံးကို တစ်ချက်ပြန်ကြည့်လိုက်မိရင်း သူမ၏ လှပသော မျက်ဝန်းအစုံမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ရရှာသည်။
ခဏမျှ မှင်တက်သွားပြီးနောက် ကုချင်း၀မ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ ထိုသူတော်စင်အဆင့် ဆေးလုံးကို ဖြည်းညှင်းစွာ စမ်းသပ်ကြည့်ရှုလိုက်၏။
သူမ၏ ဝိညာဉ်အသိစိတ် ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကုချင်း၀မ်သည် ကျယ်ပြောလှပြီး အတိုင်းအဆမဲ့သော တာအို အနှစ်သာရ တစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရတော့သည်။
ကျယ်ပြောလှသော တာအို အနှစ်သာရမှာ ယနေ့နံနက်က သူမ စားခဲ့ရသော ဆန်ပြုတ်ဖြူတစ်ပန်းကန်ထဲက အနှစ်သာရနှင့် တစ်ထေရာတည်း တူညီနေခြင်း ဖြစ်၏
တာအို အနှစ်သာရကို ခံစားလိုက်ရသောအခါ ကုချင်း၀မ် လုချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်မိသည်။
ဒါ... ဒါက ပါရမီရှင်ဆိုတာထက်ကို အဆမတန် ပိုလွန်နေပြီ…
ဒီကောင်စုတ်လေးက... တကယ့်ကို တစ်စုံတစ်ရာသော တာအို အနှစ်သာရကို တတ်မြောက်ထားပြီး ဒါကို မိမိကိုယ်ပိုင် ရည်ရွယ်ချက်အတွက် အသုံးချနိုင်နေတာပဲ ထို့ကြောင့်ပင် ဆေးလုံးမှာ ထိုတာအို အနှစ်သာရ၏ ပံ့ပိုးမှုအောက်တွင် သူတော်စင်အဆင့်သို့ အတင်းအကြပ် မြှင့်တင်ခံလိုက်ရခြင်း ဖြစ်ပုံရပေသည်။
သို့သော်လည်း... ဘယ်လိုမျိုး တာအို အနှစ်သာရကများ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အာနိသင်မျိုး ရှိနေရတာလဲ ဒါ့အပြင် ဒီကောင်စုတ်လေးက... မိမိကိုယ်တိုင်တွင် တစ်စုံတစ်ရာသော တာအို အနှစ်သာရ ရှိနေမှန်းကိုပင် သိရှိပုံမပေါ်တာ ဘာဖြစ်လို့လဲ။
သို့သော်လည်း ကုချင်း၀မ် သိထားသည်မှာ ယခုအချိန်က မေးမြန်းရန် အချိန်မဟုတ်သေးခြင်းပင် ဖြစ်၏။
ယခင်က ပြောခဲ့ဖူးသလိုပင် ဒီအရာများက အဖြေရရှိရန် အချိန်ယူရပေလိမ့်မည်။
ဤကောင်စုတ်လေးက စိတ်ထဲကနေ သူမကို သတိထား စောင့်ကြည့်နေဆဲ ဖြစ်သည်။ တကယ်လို့ သူမက ပိုပြီး လျှို့ဝှက်နက်နဲတဲ့ ကိစ္စတွေကို သွားမေးမြန်းမိပါက သူတို့နှစ်ဦး၏ ဆက်ဆံရေး ပိုမို ရင်းနှီးလာရန် အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။
စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ကုချင်း၀မ်သည် ထိုရှုပ်ထွေးလှသော အတွေးများကို ဆက်မတွေးတော့ခြေ…ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ဒီဆေးလုံးပင် ဖြစ်သည် ဒီဆေးလုံးက သူတော်စင်အဆင့် ဖြစ်၏ ဒီဆေးလုံး ရှိနေပါက ယောင်ချီသန့်စင်နယ်မြေအနေဖြင့် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
ပြီးတော့ ဤလျှို့ဝှက်နယ်မြေက ယောင်ချီသန့်စင်နယ်မြေအတွက် ကြီးမားလှသော အခွင့်အလမ်းကြီးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော မဟာဧကရာဇ်တစ်ပါးအနေဖြင့် ကုချင်း၀မ်သည် ဝင်ရောက်ရန်အတွက် အထွတ်အမြတ် ရတနာတစ်ခုကို ကိုင်ဆောင်ထားရန် လိုအပ်သည့် လျှို့ဝှက်နယ်မြေမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ချေ။
ဤမျှ မြင့်မားလှသော အဆင့်ရှိသည့် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ ရတနာပစ္စည်းများ မည်မျှအထိ များပြားစွာ ရှိနေမည်နည်း။
ဒါပေမဲ့ ပြဿနာက... ဒီဆေးလုံးက လုချန် ပိုင်ဆိုင်သောအရာ ဖြစ်နေခြင်းပင်။ လက်ရှိ အခြေအနေအရ ကြည့်ရလျှင် လုချန်သည် ဆေးလုံး၏ တန်ဖိုးကို စိုးစဉ်းမျှ မသိရှိထားပါချေ။
သူ ထင်ထားသည်မှာ ထိုဆေးလုံးက အလွန် သာမန်ကာလျှံကာ ဆေးလုံးတစ်လုံးမျှသာ ဟူ၍ ဖြစ်၏။ ကုချင်း၀မ်အနေဖြင့် ၎င်းကို တိတ်တဆိတ် တိုက်ရိုက် ယူဆောင်သွားနိုင်ပါသည်…ဘာပဲဖြစ်ဖြစ် လုချန်က နားလည်မည် မဟုတ်ချေ။
သို့သော် ကုချင်း၀မ် ထိုကဲ့သို့ မလုပ်ဆောင်လိုပါချေ ပထမအချက်အနေဖြင့် ကုချင်း၀မ်၏ စိတ်နေသဘောထားက ဒီလိုသော အရာမျိုးကို လုပ်ဆောင်ရန် ခွင့်မပြုခြင်းကြောင့် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ကုချင်း၀မ်သည် လုချန်နှင့် နီးစပ်ရန် ရည်ရွယ်ထားခြင်းကြောင့်... သူတို့အကြားတွင် အချင်းချင်း ရိုးသားဖြောင့်မတ်စွာ ဆက်ဆံသင့်သည်။
မဟုတ်ပါလား…မဟုတ်ပါက သူမနှင့် သူခိုးသေးသေးလေးတစ်ယောက်အကြား ဘာများ ကွာခြားဦးမည်နည်း တကယ်လို့ လုချန် နောက်ကျမှ သိသွားခဲ့ပါက သူတို့နှစ်ဦး၏ ဆက်ဆံရေး ချက်ချင်းပင် ပျက်စီးသွားပေလိမ့်မည်။
ကုချင်း၀မ် ဒါကို မလိုလားပါချေ။ လုချန်၏ ပါရမီရှင်ဆန်လှသော တာအို အနှစ်သာရကို ထည့်မတွက်လျှင်ပင်... လုချန်က သူမ၏ ရောဂါကို မည်သို့ ကုသပေးရမည်ကို တွေးတောပေးနေခြင်းကို ထောက်ထား၍ပင် ကုချင်း၀မ် ဒီလိုသော အရာမျိုးကို မလုပ်ဆောင်နိုင်ပါချေ။
ထို့ကြောင့်ပင် ကုချင်း၀မ်အနေဖြင့် လုချန်၏ သဘောထားကို မေးမြန်းရန် လိုအပ်နေခြင်း ဖြစ်၏ သို့သော် လုချန်က ဒီနေရာတွင် ကျင့်ကြံရန်အတွက် သာမန်လူသားတစ်ဦးအဖြစ် ဟန်ဆောင်နေခြင်း ဖြစ်ရာ…
တကယ်လို့ သူမသာ လုချန်ကို ဒီဆေးလုံးက အမှန်တကယ်တော့ သူတော်စင်အဆင့် ဆေးလုံးဖြစ်ကြောင်း ပြောပြလိုက်ပါက လုချန်၏ ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်မလား…
နောက်ဆုံးတွင်တော့ ကုချင်း၀မ် လုချန်ကို ကြည့်ကာ လေးနက်သော မျက်နှာပေးဖြင့် မေးလိုက်သည်...
“မင်း... ဒီဆေးလုံးကို ငါ့ကို ပေးနိုင်မလား”
လုချန်သည် မိမိရှေ့ရှိ ကုချင်း၀မ်ကို ထူးဆန်းသော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်မိသည်။
[ဒီမိန်းမကြီး တကယ်ပဲ ရူးသွားတာလား ဘာဖြစ်လို့ သိုးချေးတုံးကြီးတစ်တုံးကို လိုချင်နေရတာလဲ ]
[မဖြစ်နိုင်တာ... သူမက ဒီဆေးလုံးက သူမရဲ့ ရောဂါအတွက် အထောက်အကူဖြစ်စေတယ်လို့ ခံစားမိလို့လား]
လုချန် ခံစားရသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာ ရှိသဖြင့် သူ စိတ်ထဲမထားတော့ဘဲ ချက်ချင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်...
“ဧကရီ ယူသွားလိုက်ပါဒါက ဘာပဲဖြစ်ဖြစ် ဧကရီအတွက် ရည်ရွယ်ပြီး ဖော်စပ်ထားတာပဲလေ”
ဟင်…
လုချန် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုနေရာ၌ပင် ချက်ချင်း အေးခဲသွားရသည်။ သတိပြန်ဝင်လာသောအခါ သူ ကယောက်ကယက်ဖြင့် ပျာပျာသလဲ ပြန်လည် ပြင်ဆင်ပြောဆိုလိုက်တော့၏...
“မဟုတ်ဘူး... ကျွန်တော် ပြောချင်တာက ဒါက ကျွန်တော် ဘာပဲဖြစ်ဖြစ် မလိုချင်တော့တဲ့ အရာမို့လို့... ဧကရီ ယူချင်ရင် ယူသွားလိုက်ပါလို့ ပြောတာပါ”
လုချန်၏ ပျာပျာသလဲ ဖြစ်ကာ ပြန်လည် ပြင်ဆင်ပြောဆိုနေသည့် ပုံစံကို ကြည့်ရင်း ကုချင်း၀မ်၏ လှပသော အပြုံးများမှာ ပိုမို၍ ကျယ်ပြန့်လာခဲ့တော့သည်။
ကုချင်း၀မ်သည် စောစောကတင် လုချန်၏ စိတ်ထဲက အတွေးများကို ကြားသိခဲ့ရသဖြင့် ဤဆေးလုံးမှာ လုချန်အနေဖြင့် သူမ၏ နှလုံးသားမိစ္ဆာကို ကုသပေးရန်အတွက် ဖော်စပ်ထားသော ဆေးလုံးဖြစ်ကြောင်း သိရှိပြီး ဖြစ်၏။
လုချန်၏ မတော်တဆ မိမိ၏ စစ်မှန်သော အတွေးကို ဖွင့်ဟမိသွားပြီး ကယောက်ကယက် ပြန်လည်ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ ကုချင်း၀မ်သည် ထိန်းမနိုင်သိမ်းမရလှသော ရင်သပ်ရှုမောဖွယ် အပြုံးလေးကို ဆင်မြန်းလျက် လူအယောင်ဆောင်ကာ အကြောင်းအရာကို တိုက်ရိုက် ပြောင်းလဲလိုက်တော့သည်...
“ဒါဆိုရင်... ငါ ဆေးလုံးကို လက်ခံလိုက်ပြီနော်”
လုချန် ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး မိမိရှေ့ရှိ ကုချင်း၀မ်ကို ကြည့်ကာ ပြောလိုက်၏...
“ရပါတယ်... ဒါဆိုရင်... ကျွန်တော် ဆေးဖော်စပ်တာကို ဆက်လုပ်လိုက်ဦးမယ်... သို့မဟုတ်ရင်လည်း... ဧကရီဆီကနေ ကျင့်ကြံခြင်းပညာလား ဘာလား သင်ယူရဦးမလား”
မနေ့က ကုချင်း၀မ်က သူ့အတွက် သီးသန့် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို ပေးမည်ဟု ပြောခဲ့ဖူးသည်။ ဒါက လုချန်ကို တကယ်ပဲ သေလုမတတ် စိုးရိမ်ပူပန်စေခဲ့ခြင်း ဖြစ်၏။
ကုချင်း၀မ် သေချာပေါက် လုချန်၏ စိတ်ထဲက အတွေးများကို ကြားရသည်။ အမှန်တကယ်တော့ အစကတည်းကပင် ကုချင်း၀မ်သည် လုချန်အတွက် မည်သည့် ကျင့်ကြံခြင်း နည်းလမ်းကိုမျှပေးရန် ရည်ရွယ်ချက် မရှိခဲ့ပါချေ။
ကုချင်း၀မ်သည် လုချန်တွင် သူ့ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်း ရှိပြီးသားဖြစ်ကြောင်း အစကတည်းက သိထားပြီးဖြစ်သည်; သူမသည် ၎င်းတို့နှစ်ဦး အတူတကွ ရှိနေနိုင်ရန်နှင့် ဆက်ဆံရေး အမြန်ဆုံး တိုးတက်လာစေရန်အတွက် အကြောင်းပြချက် ရှာဖွေခဲ့ခြင်းမျှသာ ဖြစ်၏။
ကုချင်း၀မ် ချက်ချင်းပင် ပြောလိုက်တော့သည်...
“မင်း ကိုယ့်ဘာကိုယ် လုပ်စရာရှိတာကို အရင်ဆုံး အာရုံစိုက်ပြီး လုပ်လိုက်ဦး ငါက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခါစပဲ ရှိသေးတော့ ယောင်ချီသန့်စင်နယ်မြေမှာ စီမံခန့်ခွဲရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်”
ကုချင်း၀မ်၏ စကားကို ကြားရသောအခါ လုချန် ခေါင်းညိတ်ပြလိုက်ပြီး ဆေးပင်များကို နောက်တစ်ကြိမ် ပြန်လည် ပြင်ဆင်လိုက်တော့သည်။
ဝေးကွာလှသော ကောင်းကင်ယံထက်တွင် ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ်နှင့် ကျီးယန်တို့နှစ်ဦးစလုံး အောက်က မြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိကြ၏။
သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို... ဒီလိုပဲ အလွယ်တကူ ပေးပစ်လိုက်တာ ဟုတ်လား ဒီလောက်...ဒီလောက်အထိ ရက်ရောလှသော လက်ဆောင်မျိုးပါလား ဒါ့အပြင်... ဤသူတော်စင်အဆင့် ဆေးလုံးကို... အခုလေးတင် ဒီလိုပဲ ပေါ့ပေါ့ပါးပါး ဖော်စပ်လိုက်တာ တကယ်ကြီးလား။
လုချန်သည် ယခုအခါ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် သူ၏ ချန်ခွန်းအိတ်ထဲမှ ဆေးပင်အမျိုးမျိုးကို ထုတ်ယူရင်း စိတ်ထဲကနေ ရေရွတ်နေမိသည်။
[တောက်... တကယ်လို့ သူမက အဲဒီဆေးလုံးကို လိုချင်ရင်လည်း လိုချင်တယ်လို့ တန်းပြောရုံပဲလေ ရောက်လာချင်း ကောက်ခါငြင်ခါနဲ့ ငါ့နားရွက်ကို လာဆွဲတယ်... ဘယ်လောက်အထိ အား သုံးရမလဲဆိုတာကိုတောင် မသိဘူး ]
သူတော်စင်အဆင့် ဆေးလုံးကို ကိုင်ဆောင်ကာ အလွန်ပင် ပျော်ရွှင်ကြည်နူးစွာ စစ်ဆေးနေသော ကုချင်း၀မ်သည် လုချန်၏ အသံကို ကြားလိုက်ရသဖြင့် ခေါင်းကို လှည့်ကာ မိမိ၏ ဘေးနားတွင် ခေါင်းငုံ့လျက် ဆေးပင်များကို ရွေးချယ်နေသော လုချန်ကို လှမ်းကြည့်လိုက်မိသည်။
လုချန်၏ စိတ်ထဲက ညည်းတွားသံများကို ကြားရပြီး ယခုအချိန်တွင် လုချန်၏ မျက်နှာပေါ်က အနည်းငယ် စိတ်ဆိုးဝမ်းနည်းနေသော မျက်နှာပေးကို မြင်ရသောအခါ ကုချင်း၀မ် သူမ၏ ရယ်မောချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရရှာသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကုချင်း၀မ်သည် လုချန်၏ ဘေးနားတွင် ရုတ်တရက် ဆောင့်ကြောင့် ထိုင်ချလိုက်၏။ သူမ၏ သွယ်လျကျော့ရှင်းလှသော ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများက လုချန်၏ နားရွက်ဆီသို့ နောက်တစ်ကြိမ် ရောက်ရှိသွားကာ အသာအယာ ပွတ်သပ်ပေးရင်း ချစ်စနိုးဖြင့် တိုးတိုးလေး ပြောလိုက်တော့သည်...
“စောစောက ငါ မင်းကို ဆွဲလိုက်တာ နာသွားလားဟင် တကယ် စိတ်မကောင်းပါဘူး လာပါ... အစ်မကြီးက မင်းကို အာငွေ့မှုတ်ပေးမယ်နော်”
ထိုသို့ ပြောပြီးနောက် ကုချင်း၀မ်၏ ရင်သပ်ရှုမောဖွယ် မျက်နှာလှလှလေးသည် လုချန်၏ နားရွက်နားသို့ တကယ်ကြီး တိုးကပ်သွားခဲ့ပြီး နှလုံးသားထဲအထိ သင်းပျံ့မွှေးကြိုင်လှသော ရနံ့လေးနှင့်အတူ လုချန်၏ နားရွက်ကလေးဆီသို့ ဖြည်းညှင်းစွာ လေမှုတ်ပေးလိုက်တော့သည်။
ထိုမျှဖြင့်တင် လုချန်၏ နားရွက်ကလေးနှင့်အတူ သူ၏ မျက်နှာတစ်ခြမ်းနှင့် လည်ပင်းတစ်ခုလုံးမှာ ချက်ချင်းပင် ရဲရဲနီသွားခဲ့ရတော့၏။
[အမေရေ ဒီမိန်းမကြီး ဘာတွေ လုပ်နေတာလဲ]
တစ်ချိန်တည်းမှာပင် လေထဲတွင် ရှိနေသော ယောင်ချီ ဂိုဏ်းချုပ် သည် သူမ၏ ခေါင်းကို အဝေးသို့ လွှဲလိုက်ခြေပြီ…ကြည့်ရတာ ရင်နာစရာကြီး... တကယ်ကို ရင်နာစရာကြီးပဲ…
ဘေးနားရှိ ကျီးယန်မှာမူ... သူ၏ သွားနှစ်ချောင်းကို ကြိတ်လွန်း၍ ချိုးဖျက်မိလုနီးပါး ဖြစ်နေခဲ့ရတော့သည်။
'တစ်ခါတလေကျတော့လည်း... လူချစ်လူခင် အရမ်းများလွန်းတာက သိပ်ပြီးတော့ မကောင်းလှပါလား...'