ကျီးယန်၏ စကားကြောင့် ခန်းမအတွင်းရှိ လူအားလုံး မှင်တက်သွားကြရတော့သည်။ ကျီးယန် ဤမျှအထိ ရဲတင်းရဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ဒါ... သူ ရူးသွားတာလား သူ သေချင်နေတာလား…
ယခုအခါ ကျီးယန်သည် လုံးဝ ရူးသွပ်သွားသည့်ပုံ ပေါက်နေခဲ့သည်။ သူသည် တွန့်ကွေးစွာ ပြုံးလျက် ကုချင်း၀မ်ကို ရက်စက်စွာ စိုက်ကြည့်ကာ ပြောလိုက်၏...
“ဘာလဲ... ခင်ဗျား ငါ့ကို သတ်ချင်လို့လား”
“လာလေ... သတ်လိုက်စမ်းပါ”
“မျက်စိကန်းနေတဲ့ မိန်းမကြီး... ငါက တောင်ပိုင်းကျန့်ကျိုးမှာ ပါရမီအရှိဆုံး ဆေးဖော်စပ်သူကွ…ခင်ဗျားတောင်မှ ငါ့ကို မယှဉ်နိုင်ဘူး”
“ထိုစဉ်တုန်းက ခင်ဗျားကို ငါ အဲဒီလောက် အထင်ကြီးခဲ့တာ... အဲဒီလောက် ချစ်ခဲ့တာကို... ခင်ဗျားက ငါ့ရဲ့ပါရမီကို မနာလိုလို့ တမင်သက်သက် နှိပ်ကွပ်ခဲ့တာ”
“ငါ အခု သူတော်စင်နယ်ပယ် ဆေးဖော်စပ်သူအဖြစ် တက်လှမ်းနိုင်ခဲ့တာက အကောင်းဆုံး သက်သေပဲ”
ကျီးယန်သည် ဤစကားများကို အသိစိတ်လွတ်စွာ အော်ဟစ်လိုက်ခြင်းဖြစ်ပြီး သူ၏ ဒေါသတကြီး အော်ဟစ်သံများမှာ ခန်းမဆောင်ကြီးတစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့သည်။
အော်ဟစ်ပြီးနောက်တွင်မူ ကျီးယန် စိတ်သက်သာရာရသွားပုံပေါ်ကာ ဝုန်းခနဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ထူးဆန်းသော လမ်းလျှောက်တုတ်မှာလည်း လိမ့်ထွက်သွားတော့၏။
သူသည် ခန်းမမျက်နှာကြက်ကို စိုက်ကြည့်ရင်း ရူးသွပ်စွာ ရယ်မောလျက် အသက်ကို ပြင်းပြင်းရှူနေခဲ့မိသည်။ တစ်စ္ဆေပူးနေသည့် လူတစ်ယောက်ကဲ့သို့ပင်။
ခန်းမအတွင်းရှိ လူတိုင်း ကျီးယန်၏ စကားကြောင့် ဆွံ့အသွားကြရသည်။
ဟို...
အထင်ကြီးတာ…
ချစ်တာ…
လူတိုင်း ကျီးယန်ကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိကြသည်; ဒီလိုသော ကိစ္စမျိုးကို ကြားဖူးခြင်းက ဒါ ပထမဦးဆုံးအကြိမ် ဖြစ်သည် မဟုတ်ပါလား။
ကျီးယန်နှင့် ကုချင်း၀မ်တို့အကြားက ရန်ငြိုးများနှင့် ပတ်သက်၍ ၎င်းတို့ ကောလာဟလ ပုံစံအမျိုးမျိုး ကြားဖူးထားသော်လည်း အထင်ကြီးခြင်း သို့မဟုတ် အချစ်နှင့် ပတ်သက်သည့် ဗားရှင်းမျိုး တစ်ခုမျှ မရှိခဲ့ဖူးချေ...
လူတိုင်း၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြတော့သည်။ ဒါဆို... ကျီးယန်တစ်ယောက် အတိတ်တုန်းက ကုချင်း၀မ်ကို တကောက်ကောက် လိုက်လံနှောင့်ယှက် ဆန့်ကျင်နေခဲ့တာက သူမရဲ့ အာရုံစိုက်မှုကို ရချင်လို့ပေါ့ ဟို... ဒါက နည်းနည်း ကလေးဆန်လွန်းမနေဘူးလား။
ကျီးယန်၏ စကားကို ကြားပြီးနောက် လူတိုင်း ကုချင်း၀မ်ထံသို့ လှည့်ကြည့်လိုက်ကြပြီး သူမ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်လိုက်ကြသည်။ သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ ကုချင်း၀မ်သည် မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ရပ်နေခြင်းပင်။
သူမ ဤရုတ်တရက် အချစ်ဝန်ခံချက်ကြောင့် အံ့ဩမှင်တက်သွားတာလား ၎င်းက သဘာဝကျပါတယ်... မိမိနှင့် အချိန်အကြာကြီး အပြိုင်အဆိုင် ဖြစ်ခဲ့ရတဲ့ ပြိုင်ဘက်ကြီးက အမှန်တော့ သူမကို ချစ်မြတ်နိုးပြီး အာရုံစိုက်ခံရအောင် နည်းလမ်းမျိုးစုံ သုံးနေခဲ့တဲ့ ဖန်ဘွိုင်းလေးတစ်ယောက် ဖြစ်နေတာကိုး။
သူ၏ အန္တိမပန်းတိုင်က သူမအနေဖြင့် သူ့ကို သတိထားမိစေရန်သာ ဖြစ်သည်။ ဤကိစ္စက တကယ်ကို မျှော်လင့်မထားမိစရာပင်။
သို့သော်လည်း လူတိုင်း ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာဖြင့်... မျက်နှာသေဖြင့် ရပ်နေသော ကုချင်း၀မ်၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပလာခဲ့တော့သည်။
“ငါ သိပြီ”
လူတိုင်း: "...."
သိပြီ ဟုတ်လား…
ဘာကို သိတာလဲ…
ဤအခိုက်အတန့်တွင် ကုချင်း၀မ်သည် သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသော လက်ကလေးဖြင့် ခေါင်းကို အသာအယာပုတ်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် မိန့်လိုက်၏...
“ငါလည်း တွေးနေတာ... အဲဒီကောင်စုတ်လေး လုချန်က ဘာဖြစ်လို့ စောစောက ငါပြောတာကို မနာခံတာလဲလို့…သူက သာမန်လူသားတစ်ယောက်ပဲဟာ... ငါ့ရဲ့ ဆေးဖော်စပ်နည်းတွေကို သူက ဘယ်လိုလုပ် သုံးနိုင်မှာလဲ”
“ဟူး... တကယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ…နှစ်ပေါင်းတစ်သောင်းကြာ တံခါးပိတ်ကျင့်ကြံပြီးကတည်းက ငါ့ဦးနှောက်က သိပ်အလုပ်မလုပ်တော့ဘူး... အခုမှပဲ သတိရတော့တယ်”
ကုချင်း၀မ်၏ စကားကြောင့် ခန်းမအတွင်းရှိ လူတိုင်း လုံးဝကို ဇဝေဇဝါ ဖြစ်သွားရတော့သည်။
မြေပြင်ပေါ်တွင် လဲကျနေရာမှ စောစောကတင် မိမိ၏ နှလုံးသားကို ဖွင့်ဟဝန်ခံထားခဲ့သော ကျီးယန်သည် ကြောင်တောင်တောင် မျက်နှာပေးဖြင့် ချက်ချင်း ထထိုင်ကာ ကုချင်း၀မ်ကို စိုက်ကြည့်လိုက်မိသည်။
ဟင်…
သူမ ဘာတွေ ပြောနေတာလဲ…
သို့သော် မကြာမီမှာတင် ကျီးယန် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး သူ၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်မှုမှသည် ပြင်းထန်လှသော ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင်တော့ ရှက်စိတ်ကြောင့် ဒေါသပေါက်ကွဲသွားကာ ကျီးယန် ကုချင်း၀မ်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်တော့၏...
“ခင်ဗျား ပြောချင်တာက... စောစောက ခင်ဗျားသင်ပေးနေတဲ့ တပည့်က သာမန်လူသားတစ်ယောက်ပဲ ဟုတ်လား”
“ခင်ဗျား ပြောချင်တာက... ထိုစဉ်တုန်းက ငါက သာမန်လူသားတစ်ယောက်လောက်တောင် အဖတ်မတန်ခဲ့ဘူးလို့ ပြောတာလား”
ကျီးယန်၏ ဒေါသတကြီး ထပ်မံ အော်ဟစ်သံကို ကြားရမှသာ ကုချင်း၀မ်သည် ထိုဖရိုဖရဲ ဖြစ်နေသော လူကို သတိထားမိတော့သည်။
ကျီးယန်၏ ပုံစံကို ကြည့်ပြီး သူ၏ စကားများကို ပြန်လည်တွေးတောကာ ကုချင်း၀မ် မျက်ခုံးကို အနည်းငယ် တွန့်လိုက်ရင်း မကျေမနပ် မိန့်လိုက်၏...
“မင်းရဲ့ အခုလို အောင်မြင်မှုကြောင့် ရစ်မူးပြီး အောက်တန်းကျနေတဲ့ အမူအရာကို ကြည့်ရင်... ထိုစဉ်တုန်းက မင်းကို တပည့်အဖြစ် လက်မခံခဲ့တာ တကယ်ကို ကံကောင်းတာပဲ”
“အရင်တုန်းက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေကိုတောင် ငါ စာရင်းမရှင်းရသေးဘူး... အခုကျမှ ဒီလို ရွံရှာဖွယ်ကောင်းတဲ့ စကားတွေနဲ့ လာပြောနေတယ် မင်းကို ငါ တကယ်မသတ်ရဲဘူးလို့ ထင်နေတာလား”
ဤနေရာသို့ ရောက်ရှိချိန်တွင် ကျီးယန်သည် ကုချင်း၀မ်အပေါ် မည်သည့် အချစ်စိတ်မျှ မရှိတော့ပါချေ။
နှစ်ပေါင်းတစ်သောင်း ကာလက သူ၏ နှလုံးသားထဲက နာကျည်းမှုကို ပျောက်ကွယ်မသွားစေခဲ့ဘဲ ၎င်းက ပိုမိုပြင်းထန်လာခဲ့ကာ နောက်ဆုံးတွင် နာကျည်းမုန်းတီးမှု သက်သက်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
ကျီးယန် လက်ဝှေ့ယမ်းလိုက်ရာ လဲကျနေသော လမ်းလျှောက်တုတ်မှာ သူ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာခဲ့သည်။ ၎င်းကို ပြန်လည် အားပြုလျက် သူသည် စိတ်ပျက်နေသော ကုချင်း၀မ်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏...
“ခင်ဗျား ငါ့ကို သတ်လိုက်တာ ပိုကောင်းလိမ့်မယ် မဟုတ်ရင်တော့ ယောင်ချီသန့်စင်နယ်မြေအနေနဲ့ အနှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲ ပေါ်ပေါက်တဲ့ လျှို့ဝှက်နယ်မြေကို ရှာဖွေခွင့်မှာ ပါဝင်ခွင့်ရဖို့ သေချာပေါက် အခွင့်အရေး ရှိမှာမဟုတ်တော့ဘူး”
“မဟုတ်ဘူး... ခင်ဗျား ငါ့ကို သတ်လိုက်ရင်တောင်မှ ယောင်ချီသန့်စင်နယ်မြေက ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး”
“ဒါက ခင်ဗျားတို့ ခေတ်မဟုတ်တော့ဘူး။ ကောင်းကင်ကြီးကို လက်ဝါးနဲ့ ကာလို့ရပြီး ယောင်ချီသန့်စင်နယ်မြေက အထွတ်အထိပ် ရောက်ခဲ့တဲ့ ခေတ်မဟုတ်တော့ဘူး”
“အခုက... ငါတို့ ၀မ်တန့် နန်းဆောင်က အရာရာကို ဆုံးဖြတ်တဲ့ခေတ်ကွ”
ကျီးယန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ် မျက်မှောင်ကြုတ်လိုက်မိပြီး နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားရသည်။ တစ်ချိန်တည်းမှာပင် ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ်က ကျီးယန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်၏...
“မင်း ယောင်ချီသန့်စင်နယ်မြေကို ခြိမ်းခြောက်နေတာလား မင်းက မဟာဧကရာဇ်တစ်ပါးကို ခြိမ်းခြောက်ဝံ့တယ်ပေါ့”
ကျီးယန်သည် လမ်းလျှောက်တုတ်ကို အမှီပြုကာ သူ၏ ယခင်နေရာတွင် ပြန်လည် ထိုင်လိုက်ရင်း လှောင်ပြောင် လိုက်တော့သည်...
“ခြိမ်းခြောက်တာ ဟုတ်လား”
“ခင်ဗျားတို့ အခုထိ မသိသေးဘူး ထင်တယ်... နောက်ဆုံးပေါ်လာတဲ့ လျှို့ဝှက်နယ်မြေကို ‘အထွတ်အမြတ် ရတနာ’ ကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ ဝင်ရောက်ခွင့် ရှိတာ”
ကျီးယန်၏ စကားကြောင့် ကုချင်း၀မ်နှင့် သန့်စင်မြေအရှင်သခင် နှစ်ဦးစလုံး မှင်တက်သွားကြရသည်။
အထွတ်အမြတ် ရတနာ ဟုတ်လား ဒါက ဘယ်လိုဖြစ်တာလဲ…
ကုချင်း၀မ်သည် ယောင်ချီဂိုဏ်းချုပ်ကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်မိသည်; မနေ့ညက ဒီအကြောင်းကို သူမအား စိုးစဉ်းမျှ မပြောခဲ့မိချေ သူမကိုယ်တိုင်လည်း ကြောင်အမ်းကာ ရပ်နေခဲ့မိရာ ၎င်းက သူမကိုယ်တိုင်လည်း ဒီကိစ္စကို လုံးဝ မသိရှိထားကြောင်း ထင်ရှားလှပေသည်။
သူတို့၏ မျက်နှာပေးကို မြင်သောအခါ ကျီးယန် ထပ်မံ လှောင်ပြောင်လိုက်၏...
“သေချာတာပေါ့ ခင်ဗျားတို့ မသိဘူးလေ... ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ယောင်ချီသန့်စင်နယ်မြေက အင်အားအကြီးဆုံး အဖွဲ့အစည်း မဟုတ်တော့ဘူး”
“အင်အားအကြီးဆုံး အဖွဲ့အစည်းတွေကိုပဲ ဒီလိုသော ကိစ္စရပ်တွေကို ကြိုတင် အကြောင်းကြားတာ ဖြစ်တယ်”
“လောလောဆယ်မှာ အထွတ်အမြတ် ရတနာကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းကြီး ငါးခုပဲ ရှိပြီး... အားလုံးက လက်ရှိ အစွမ်းထက်ဆုံး ဂိုဏ်းတွေ ဖြစ်ကြတယ်။ ပြီးတော့... အထွတ်အမြတ် ရတနာ နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော ဂိုဏ်းကတော့ ငါတို့ ၀မ်တန့် နန်းဆောင်ပဲ”
၀မ်တန့် နန်းဆောင်မှာ အထွတ်အမြတ် ရတနာ နှစ်ခု ရှိနေတယ် ဟုတ်လား…
ကုချင်း၀မ်နှင့် သန့်စင်မြေအရှင်သခင် နှစ်ဦးစလုံး လန့်သွားကြရသည်။ နောက်တစ်စက္ကန့်တွင် ၎င်းတို့နှစ်ဦးစလုံး ရုတ်တရက် ရိပ်မိသွားကြ၏...ထိုသူတော်စင်အဆင့် ဆေးလုံးကလည်း အထွတ်အမြတ် ရတနာတစ်ခု ဖြစ်နေတာပဲ…
တကယ်လို့ အခြေအနေက ထိုသို့ဆိုလျှင်... ကုချင်း၀မ် စိတ်ထဲတွင်...
'ဒါဆိုရင်လည်း... ငါ အခုပဲ လုယူလိုက်ရုံပေါ့’
သို့သော်လည်း ကုချင်း၀မ် မလှုပ်ရှားရသေးမီမှာတင် ကျီးယန်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်...
“ငါက အဲဒီအထွတ်အမြတ် ရတနာကို ဒီနေရာအထိ ယူလာလိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား ဒါက ရတနာရဲ့ အထွတ်အမြတ် ပုံရိပ်အယောင် မျှသာ ပါဝင်တာ”
ကုချင်း၀မ်၏ ခန္ဓာကိုယ် တောင့်တင်းသွားရပြီး သူမ၏ မျက်နှာအမူအရာမှာ မရေမရာ ဖြစ်သွားခဲ့ရသည်။ တကယ်လို့ ယောင်ချီသန့်စင်နယ်မြေအနေနဲ့ အနှစ်တစ်ထောင် လျှို့ဝှက်နယ်မြေကို မသွားရောက်နိုင်ခဲ့ဘူးဆိုရင် ယောင်ချီသန့်စင်နယ်မြေရဲ့ ဘုန်းကျက်သရေကို ပြန်လည် ဆန်းသစ်ဖို့ဆိုတာ ပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။
သူမတွင် သက်တမ်း သုံးနှစ်သာ ကျန်ရှိတော့သည်။ တကယ်လို့ လုချန်က သူမကို မကုသနိုင်ခဲ့ဘဲ... နောက်ထပ် လျှို့ဝှက်နယ်မြေ ပေါ်ပေါက်ဖို့က နှစ်ပေါင်းတစ်ထောင် ကြာဦးမည်ဆိုပါက ယောင်ချီသန့်စင်နယ်မြေအတွက် မည်သို့မျှ အခွင့်အရေး ရှိတော့မည် မဟုတ်ပါချေ။
သို့သော် လုချန်က သူမကို တကယ် ကုသပေးနိုင်မလားဆိုတာကလည်း ပြောရခက်လှပေသည်။
သူ၏ စိတ်ထဲက အတွေးများက အလွန်ပင် သေချာရေရာနေခဲ့သော်လည်း သူသည် လက်တွေ့တွင် မည်သည့် ကုသမှုကိုမျှ မလုပ်ဆောင်ရသေးခြေ။ တကယ်လို့ အချိန်တန်တဲ့အခါ သူ မကုသနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဒါက တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည် ယောင်ချီသန့်စင်နယ်မြေ သေချာပေါက် သွားရမည်။
သို့သော် ကျီးယန် ပြောသည်က မှန်ပေသည်။ လက်ရှိတွင် ၀မ်တန့် နန်းဆောင်က တောင်ပိုင်းကျန့်ကျိုး၏ အရာရာကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။
သူမ မဟာဧကရာဇ်တစ်ပါး ဖြစ်နေရင်တောင်မှ တစ်နယ်လုံးကို ရန်သူအဖြစ် မဖန်တီးနိုင်ပါချေ ထို့အပြင်... ကုချင်း၀မ် မရေမရာ ခံစားနေရသည်မှာ... ယခုအခါ တောင်ပိုင်းကျန့်ကျိုးတွင် မဟာဧကရာဇ်တစ်ပါးတည်း ရှိနေခြင်း မဟုတ်နိုင်တော့ခြေ ဒါ့အပြင် သူမက မဟာဧကရာဇ်အတုအယောင် မျှသာဖြစ်ပြီး မဟာဧကရာဇ်၏ နယ်ပယ်အဆင့်ကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်
“ငါ့ကို တောင်းပန်စမ်းပါ... ထိုစဉ်တုန်းက ငါ ခင်ဗျားကို တပည့်အဖြစ် လက်ခံဖို့ အသည်းအသန် တောင်းပန်ခဲ့သလိုမျိုးပေါ့”
ကျီးယန်၏ စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူက သွားကို ကြိတ်ကာ ပြောလိုက်ခြင်းဖြစ်ပြီး အတိုင်းအဆမဲ့လှသော နာကျည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ခန်းမဆောင်ကြီးအတွင်း၌ တိတ်ဆိတ်ခြင်း...သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွားခဲ့ရတော့သည်။ ကုချင်း၀မ်သည် သူမ၏ ငွေရောင်သွားလေးများကို ကြိတ်လျက် အလွန်ပင် မောက်မာဝင့်ကြွားနေသော ကျီးယန်ကို စိုက်ကြည့်နေမိခဲ့၏။
ယခုကြည့်ရသလောက်မူ... မည်သည့် ဖြေရှင်းနည်းမျှ ရှိပုံမပေါ်ချေ။ ကုချင်း၀မ်အနေဖြင့် သူမ၏ ခန္ဓာကိုယ်ထဲက နှလုံးသားမိစ္ဆာကဲ့သို့ပင် မည်သည့် လမ်းစမျှ ရှာမတွေ့နိုင်ခဲ့ပါချေ။
မဟုတ်ဘူး... ဒါက နှလုံးသားမိစ္ဆာထက်တောင် ပိုပြီး ကြောက်စရာကောင်းလှသည်။ အနည်းဆုံးတော့ နှလုံးသားမိစ္ဆာနှင့် ပတ်သက်၍ တစ်စုံတစ်ဦးက သူမအား မျှော်လင့်ချက် ရောင်ခြည်လေး ပေးစွမ်းနိုင်ခဲ့သေးသည်။
သို့သော် ဤကိစ္စအတွက်မူ... မည်သူမျှ သူမအား မျှော်လင့်ချက် မပေးနိုင်တော့ခြေ။
ကုချင်း၀မ် လမ်းစပျောက်နေသည့် ကွက်တိ ထိုအချိန်မှာပင်...
ရုတ်တရက်... သိပ်သည်းလှသော မြည်ဟီးသံကြီးတစ်ခု ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးတွင် ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
ထိုအသံကြီး ပျံ့နှံ့သွားသည်နှင့်အမျှ။
မောက်မာဝင့်ကြွားနေခဲ့သော ကျီးယန်နှင့် လမ်းစပျောက်နေခဲ့သော ကုချင်း၀မ်တို့နှစ်ဦးစလုံး ချက်ချင်းပင် တောင့်တင်းသွားကြရတော့သည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာခဲ့ရ၏
ဒါက...
ဒါက အထွတ်အမြတ် ရတနာတစ်ခု ပေါ်ထွန်းလာတဲ့ အသံပဲ မဟုတ်ဘူးလား…
ဘာဖြစ်လို့ ယောင်ချီသန့်စင်နယ်မြေထဲမှာ အထွတ်အမြတ် ရတနာတစ်ခုက ရုတ်တရက် ပေါ်ထွန်းလာရတာလဲ…
ကုချင်း၀မ်နှင့် ကျီးယန်တို့ ထိတ်လန့်တုန်လှုပ်နေကြစဉ်အတွင်း သူတို့နှစ်ဦးစလုံး ဆေးလုံး၏ သင်းပျံ့လှသော ရနံ့ လေးကို ရုတ်တရက် ရရှိလိုက်ကြရသည်။
သူတော်စင်အဆင့် ဆေးလုံးတစ်လုံး လား…
ခဏမျှ မှင်တက်သွားပြီးနောက်... နောက်တစ်စက္ကန့်တွင် ကုချင်း၀မ်သည် သူမ၏ ခေါင်းကို ချက်ချင်းလှည့်ကာ လမ်းကြောင်းတစ်ခုဆီသို့ စိုက်ကြည့်လိုက်တော့သည်။
ကုချင်း၀မ် စိုက်ကြည့်လိုက်သည့် လမ်းကြောင်းမှာ အခြားမဟုတ်ဘဲ လုချန် ရှိနေသည့် နေရာ...ရှန်ယွန်းတောင်ထိပ် ပင် ဖြစ်တော့သည်။