ကုချင်း၀မ် ထွက်ခွာသွားပြီးနောက် လုချန်သည် ဆေးလုံးများကို မည်သို့ ဖော်စပ်ရမည်ကို နောက်ဆုံးတွင် အေးအေးဆေးဆေး စဉ်းစားနိုင်သွားတော့သည်။
လုချန်သည် တကယ်ကို မောက်မာနေခြင်း မဟုတ်သလို... အခြားသူများကို အထင်သေးနေခြင်းလည်း မဟုတ်ပါချေ။
ကုချင်း၀မ်က တောင်ပိုင်းကျန့်ကျိုး၏ နံပါတ်တစ် ဆေးဖော်စပ်သူကြီးဖြစ်ကြောင်း လုချန် ကောင်းကောင်း သိရှိပါသည်။
ထိုမျှ အစွမ်းထက်လှသည့် ပုဂ္ဂိုလ်၏ စွမ်းဆောင်ရည်ကို မည်သူမျှ သတိမထားမိဘဲ မနေနိုင်ကြချေ။ သူသည် စနစ်ထံမှ "ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာ" ကို ရရှိကာ အကြွင်းမဲ့ နားလည်သဘောပေါက်ထားပြီး ဖြစ်သော်လည်း မိမိကိုယ်ကို ဘဝင်မြင့်တတ်သည့် လူမျိုး မဟုတ်ပါချေ။
မတူကွဲပြားသော ပညာရပ်များမှ ဗဟုသုတများကို ပေါင်းစပ်ဆွဲယူရခြင်း၏ တန်ဖိုးကို သူ နားလည်ပြီး... လေ့လာသင်ယူလိုစိတ် ရှိရခြင်းနှင့် မိမိထက် နိမ့်ပါးသူများထံမှ မေးမြန်းရန်ပင် ရှက်ရွံ့မနေသင့်ကြောင်းကို ပို၍ပင် နားလည်ထားသူ ဖြစ်၏။
ဒါပေမဲ့ ပြဿနာက...
ဒါက သူ့အတွက် အသုံးမဝင်ခြင်းပင် ဖြစ်သည်။
လုချန်အနေဖြင့် ကုချင်း၀မ်၏ နည်းလမ်းများကို အတုယူ သင်ယူရန် လုံးဝ မဖြစ်နိုင်ပါချေ။ စောစောက ကုချင်း၀မ် ဆေးဖော်စပ်ပြသွားတာ လန်းသလား အလွန်လန်းသည်။
ကျော့ရှင်းလှပသလား အလွန် ကျော့ရှင်းလှပသည်။ ဆေးဖော်စပ်နေစဉ်အတွင်း သူမက လှပနေသလား ကုချင်း၀မ်သည် ဘာပဲလုပ်လုပ် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသူ ဖြစ်သည်။
ဒါပေမဲ့ ပြဿနာက... လုချန်အနေဖြင့် ကုချင်း၀မ်ကဲ့သို့ ဆေးပင်များကို လေဟာနယ်ထဲမှနေ၍ ဆေးဖော်စပ်မီးဖိုထဲသို့ ပျံသန်းဝင်ရောက်အောင် အဝေးကနေ လှမ်းပြီး မထိန်းချုပ်နိုင်ခြင်းပင် ဖြစ်၏။
လုချန်သည်လည်း ထိုကဲ့သို့ တောက်ပကျော့ရှင်းပြီး လှပလှသော လှုပ်ရှားမှုများကို သင်ယူချင်ပါသည်... သို့သော် သူ မလုပ်နိုင်ချေ လုချန်တွင် အရာဝတ္ထုများကို အဝေးကနေ လှမ်းပြီး ပျံသန်းအောင် လုပ်ဆောင်နိုင်သည့် ဝိညာဉ်စွမ်းအင်မရှိပါချေ
ထို့ကြောင့်ပင် လုချန်အနေဖြင့် ကုချင်း၀မ်၏ နည်းစနစ်များကို ကြည့်ရှုသင်ယူနေရန် မလိုအပ်ခြင်း ဖြစ်၏...
ထိုအရာတို့က သူ့အတွက် လုံးဝ အသုံးမဝင်ပေ လုချန်တွင် "ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာ" မှ ရရှိထားသော သူ့ကိုယ်ပိုင် နည်းစနစ်များ ရှိပြီးသား ဖြစ်သည်။
ထို့ကြောင့် သူ မောက်မာနေခြင်း မဟုတ်ဘဲ... တကယ် သင်ယူချင်သော်လည်း လုံးဝ သင်ယူ၍ မရနိုင်ခြင်းသာ ဖြစ်၏။
ယခုအခါ ကုချင်း၀မ်နှင့် ကိစ္စပြတ်သွားပြီဖြစ်ရာ လုချန်သည် မိမိကိုယ်ပိုင် ဆေးဖော်စပ်ခြင်းကို စတင်ရန် ပြင်ဆင်လိုက်တော့သည်။
စောစောက လုချန် စိတ်ထဲကနေ ရေရွတ်နေခဲ့သမျှ အရာအားလုံးမှာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ... သူ ဖော်စပ်လိုသော ဆေးလုံးမှာ ကုချင်း၀မ်အတွက် ဖြစ်နေခြင်းကြောင့်ပင် ထိုဆေးလုံးက ကုချင်း၀မ်၏ ရောဂါဝေဒနာ (နှလုံးသားမိစ္ဆာ) ကို ကုသပေးရန်အတွက် ဖြစ်၏။
ဒါက လုချန် ယနေ့ ပါးကွရှစ်ကွက်မီးဖိုကြီးဆီသို့ ရောက်ရှိလာပြီးနောက် ရုတ်တရက် တွေးမိသွားခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် လုချန်သည် ကုချင်း၀မ်ကို စိတ်ထဲကနေ တကယ်ပဲ သဘောကျမိပါသည်။ ထိုကဲ့သို့သော ရင်သပ်ရှုမောဖွယ် အလှတရားမျိုးကို မည်သူကများ မနှစ်သက်ဘဲ နေနိုင်ပါမည်နည်း သူမက တကယ်ကို လှလွန်းလှသည်။
လုချန်က မျက်စိကန်းနေသူ မဟုတ်သလို... စိတ်ရှိသော သာမန်ယောကျာ်းတစ်ဦးဖြစ်ရာ သူမကို သဘောကျမိခြင်းက သဘာဝပင် ဖြစ်၏။
သေချာတာပေါ့... ထို့ထက် ပို၍ အရေးကြီးသောအချက်မှာ ယောင်ချီသန့်စင်နယ်မြေ၌ ဆယ်နှစ်ကြာ နေထိုင်ခဲ့စဉ်အတွင်း သူ ကုချင်း၀မ်နှင့် ပတ်သက်၍ ကောင်းသတင်းများစွာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
ယောင်ချီသန့်စင်နယ်မြေ၏ ပတ်ဝန်းကျင်ရှိ သာမန်လူသားမြို့ပြများအနက် မည်သည့်မြို့ကများ သူမ၏ ကရုဏာတော်ကို မခံစားဖူးဘဲ ရှိပါသနည်း။
ဒါတွေကို ခေတ္တဘေးဖယ်ထားလျှင်ပင်... ယနေ့တွင် ကုချင်း၀မ်က သူ့ကို ဆေးဖော်စပ်နည်း လာရောက်သင်ကြားပေးရန် ကြိုးပမ်းခဲ့သည်ကို ကြည့်ပါ။
ဧကရီတစ်ပါးက သူ့ကို ဤမျှ စိတ်ရှည်လက်ရှည် ပြောဆိုနေခဲ့ခြင်း ဖြစ်ရာ လုချန်သည် နှလုံးသားမရှိသူ မဟုတ်သဖြင့် စိတ်ထဲကနေ တကယ်ပဲ အသိအမှတ်ပြုမိသည်။
ထို့ကြောင့်ပင် လုချန် ခံစားရသည်မှာ တကယ်လို့ သူ့တွင် ကြိုးစားနိုင်စွမ်း ရှိနေပါက သေချာပေါက် စွမ်းဆောင်ပေးသင့်သည် ဟူ၍ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူ ယောင်ချီသန့်စင်နယ်မြေမှာ နေရင်း ဘာမှလုပ်စရာ ထွေထွေထူးထူး မရှိသည် မဟုတ်ပါလား။
သူ့ရှေ့ရှိ ပါးကွရှစ်ကွက်မီးဖိုကြီးကို ကြည့်ရင်း လုချန်သည် သူ၏ ချန်ခွန်းအိတ် ထဲမှ ဆေးပင်အမျိုးမျိုးကို စတင်ထုတ်ယူလိုက်ပြီး ခဏနေလျှင် ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်တော့သည်။
ယောင်ချီ နန်းတော်ဆောင်ကြီး အတွင်း။
ကုချင်း၀မ်သည် သူမ၏ ရှေ့တွင် ရှိနေသော အဖိုးအိုတစ်ဦးကို မျက်နှာသေဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤအဖိုးအိုသည် ဆံပင်ဖြူဖြူများဖြင့် ထူးဆန်းသော လမ်းလျှောက်တုတ်တစ်ချောင်းကို အမှီပြုလျက် ထိုင်နေခဲ့၏။ ဤအဖိုးအိုမှာ အခြားသူမဟုတ်ဘဲ တောင်ပိုင်းကျန့်ကျိုး၏ လက်ရှိ နံပါတ်တစ် ဆေးဖော်စပ်သူ ဖြစ်သော ကျီးယန် ပင် ဖြစ်သည်။
“နှစ်ပေါင်းတစ်သောင်း ကြာဖြတ်သန်းသွားခဲ့ပေမဲ့ ဧကရီကတော့ ထိုစဉ်တုန်းကလိုပဲ လှပကျော့ရှင်းနေတုန်းပါပဲ... ကျွန်တော်မျိုးကတော့ လူငယ်ဘဝကနေ အခုလို အိုမင်းရင့်ရော်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ရပြီ”
ကျီးယန်သည် ကုချင်း၀မ်ကို မော့ကြည့်ကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ကုချင်း၀မ်သည် အထက်ရှိ ရွှေနဂါးပလ္လင်ထက်တွင် ထိုင်လျက် ကျီးယန်ကို မျက်နှာအမူအရာမရှိဘဲ စိုက်ကြည့်နေခဲ့၏။
“ပြောစရာရှိတာကို တန်းပြောပါ ငါ့မှာ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်”
ယခုအခါ ကုချင်း၀မ်၏ စိတ်ထဲတွင် လုချန်၏ အကြောင်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူမ ရှန်ယွန်းတောင်ထိပ်သို့ ချက်ချင်း ပြန်သွားပြီး လုချန်၏ နားရွက်ကို ဆွဲကာ ‘မင်း တကယ်ပဲ မတတ်ဘူးလား’ ဟု မေးမြန်းချင်နေမိသည်။
‘မင်း စောစောက ငါ့ရဲ့ လမ်းညွှန်မှုကို သေသေချာချာ မနာခံခဲ့မိတာကို နောင်တရနေပြီမလား နောင်တရနေတယ်မလား မြန်မြန်... ငါ့ကို လာတောင်းပန်စမ်း ငါ့ကို ကောင်းကောင်းလေး လာတောင်းပန်စမ်းပါ’
အောက်တွင် ရှိနေသော ကျီးယန်သည် ကုချင်း၀မ် စိတ်လွင့်နေသည်ကို မြင်သောအခါ သွားကို အနည်းငယ် ကြိတ်လိုက်မိသည်။
ထို့နောက် သူ၏ မျက်နှာအမူအရာကို ပုံမှန်အတိုင်း ပြန်လည်ပြင်ဆင်လိုက်ပြီး ကုချင်း၀မ်ကို ပြုံးလျက် ဆက်လက်မော့ကြည့်ကာ ပြောလိုက်၏...
“ကျွန်တော်မျိုး စောစောက ဝင်လာတုန်းက ဧကရီအနေနဲ့ တပည့်တစ်ယောက်ကို ဆေးဖော်စပ်နည်း သင်ပေးနေတာကို မြင်လိုက်ရသလိုပဲ အဲဒီတပည့်လေးက ကျွန်တော်မျိုးထက် ပိုပြီး အစွမ်းထက်လို့လား မသိဘူးနော်”
“ဘာပဲဖြစ်ဖြစ်... ထိုစဉ်တုန်းက ဧကရီက ကျွန်တော်မျိုး ကျီးယန်ကို ပါရမီညံ့ဖျင်းသူလို့ ပြောလိုက်ခဲ့ဖူးတယ် မဟုတ်လား… ဒါဆိုရင် အခု ဧကရီ အသစ်လက်ခံထားတဲ့ တပည့်ကတော့ သေချာပေါက် တကယ့်ကို ထူးချွန်ပြောင်မြောက်လှမှာပဲ ထင်ပါရဲ့”
ကျီးယန်၏ စကားများမှာ မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူအားလုံး...ကျီးယန် ခေါ်ဆောင်လာသူများဖြစ်စေ... ယောင်ချီသန့်စင်နယ်မြေ၏ မူလအဖွဲ့ဝင်များဖြစ်စေ...ချက်ချင်းပင် စပ်စုလိုသော မျက်ဝန်းများဖြင့် ကျီးယန်ထံသို့ လှည့်ကြည့်လိုက်ကြတော့၏။
ကုချင်း၀မ်နှင့် ကျီးယန်တို့အကြားက ထိုကိစ္စမှာ တောင်ပိုင်းကျန့်ကျိုးတွင် အလွန်ပင် ကျော်ကြားလှသည်။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကျန့်ကျိုး၏ လက်ရှိ နံပါတ်တစ် ဆေးဖော်စပ်သူကြီး ဖြစ်သော ကျီးယန်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကုချင်း၀မ်ထံတွင် တပည့်ခံရန် ကြိုးပမ်းခဲ့စဉ်တုန်းက သူမ၏ တိုက်ရိုက် ငြင်းပယ်ခြင်းကို ခံခဲ့ရဖူးသည်ကို လူတိုင်း သိထားကြခြင်းကြောင့် ဖြစ်၏။
အကြောင်းပြချက်မှာ အလွန်ပင် ပွင့်လင်းပြီး ရိုးရှင်းလှသည်: ကျီးယန်တွင် ပါရမီ မရှိသဖြင့် ကုချင်း၀မ်က သူ့ကို မလိုချင်ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်းတွင် အခြေအနေများ မည်သို့ ပြောင်းလဲသွားသည်ကိုလည်း လူတိုင်း သိကြသည်; ကုချင်း၀မ်၏ တိုက်ရိုက်ငြင်းပယ်ခြင်းကို ခံခဲ့ရဖူးသော ထိုသူသည် ယခုအခါ တောင်ပိုင်းကျန့်ကျိုး၏ နံပါတ်တစ် ဆေးဖော်စပ်သူကြီး ဖြစ်လာခဲ့ခြေပြီ။
ယခုအခါ ကျီးယန်က ဒီကိစ္စကို ပြန်လည် စကားစလာသဖြင့် လူတိုင်းက ထိုစဉ်တုန်းက အဖြစ်အပျက် အသေးစိတ်ကို သိရှိလိုစိတ် ပြင်းပြနေကြခြင်း ဖြစ်၏။
သို့သော်လည်း... လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ... ကုချင်း၀မ်သည် သူမ၏ ရွှေနဂါးပလ္လင်ထက်တွင် ထိုင်လျက် မျက်တောင်ခတ်ပြီးနောက် အနည်းငယ် ကြောင်တောင်တောင်ဖြင့် မိန့်လိုက်ခြင်းပင်...
“ဟမ်… ငါ ထိုစဉ်တုန်းက မင်းကို အဲဒီလို စကားမျိုး တကယ် ပြောခဲ့ဖူးလို့လား”
ကုချင်း၀မ်၏ စကားကြောင့် ခန်းမဆောင်ကြီး တစ်ခုလုံးရှိ လေထုမှာ ချက်ချင်းပင် အေးခဲသွားရပြီး လူတိုင်း သူမအား မှင်တက်စွာ စိုက်ကြည့်လိုက်မိကြတော့သည်။ ထိုစဉ်တုန်းက... ထိုစကားများကို တကယ် မပြောခဲ့ဖူးတာလား…
သို့သော် မကြာမီမှာတင် အမြဲတမ်း စိတ်ရှည်သည်းခံတတ်လှသော ကျီးယန်သည် ရုတ်တရက် စိတ်ပေါက်ကွဲသွားဟန် တူပေသည်။ သူသည် လမ်းလျှောက်တုတ်ကို အားပြုကာ ချက်ချင်း ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏...
“သေချာပေါက် ပြောခဲ့တာပေါ့ ခင်ဗျား ထိုစဉ်တုန်းက ကျွန်တော်မျိုးကို စော်ကားခဲ့တာတွေကို ကျွန်တော်မျိုး သေဆုံးမယ့်နေ့အထိ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”
ကုချင်း၀မ် မျက်ခုံးပင့်လိုက်ပြီး အောက်က ကျီးယန်ကို ကြည့်ကာ ပခုံးကို အသာအယာ တွန့်ပြလိုက်သည်...
“ငါလည်း တွေးနေတာ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မင်း ဘာဖြစ်လို့ ၀မ်တန့် နန်းဆောင်ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး ယောင်ချီသန့်စင်နယ်မြေကို ဆန့်ကျင်ခိုင်းရတာလဲလို့… ဒါကြောင့်ကိုး…ငါ တကယ် မေ့သွားခဲ့တာပဲ”
ကုချင်း၀မ် တကယ်ကြီး ဟန်ဆောင်နေခြင်း မဟုတ်ပါချေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ယောင်ချီသန့်စင်နယ်မြေနှင့် ၀မ်တန့် နန်းဆောင်တို့အကြား ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ကျီးယန်ဟူသော လူတစ်ဦးက မြှောက်ထိုးပင့်ကော်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ကျီးယန်သည် ၀မ်တန့် နန်းဆောင်၌ အခြေခိုင်သွားပြီးနောက် ယောင်ချီသန့်စင်နယ်မြေကို ခြေလှမ်းတိုင်းတွင် လိုက်လံနှောင့်ယှက် ဆန့်ကျင်နေခဲ့တော့သည်။
ထိုစဉ်တုန်းက ကုချင်း၀မ် ဒါကို အလွန်ထူးဆန်းသည်ဟု တွေးမိခဲ့သော်လည်း... ထိုစဉ်က သူမသည် တောင်ပိုင်းကျန့်ကျိုး၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ယောင်ချီသန့်စင်နယ်မြေကလည်း အင်အားအကြီးဆုံးဂိုဏ်း ဖြစ်ခဲ့ရကား ဒါကို ဂရုမစိုက်ခဲ့မိချေ။
ယနေ့ကျမှသာ ကုချင်း၀မ်အနေဖြင့် အရာအားလုံးက ထိုစဉ်တုန်းက စကားတစ်ခွန်းကြောင့် ဖြစ်ခဲ့ရမှန်း သိရှိသွားခြင်း ဖြစ်ရသည်
ထိုအခိုက်အတန့်တွင် ကျီးယန်သည် လမ်းလျှောက်တုတ်ကို အမှီပြုကာ တစ်ကိုယ်လုံး တုန်ရင်လျက် ရပ်နေခဲ့မိရှာသည်။
သူတစ်သက်လုံး စိတ်ထဲမှာ အသည်းအသန် အလေးထားခဲ့ရသော ထိုကိစ္စကြီးကို ကုချင်း၀မ်က လုံးဝ မေ့လျော့နေခဲ့လိမ့်မည်ဟု သူ ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့မိချေ။
ထို့နောက် ကုချင်း၀မ်သည် ပလ္လင်ထက်မှ ထရပ်လိုက်ပြီး ကျီးယန်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်...
“တခြား ကိစ္စရှိသေးလား မရှိရင်လည်း ပြန်ကြတော့ ငါ့ရဲ့ တပည့်လေးကို ဆေးဖော်စပ်နည်း သွားသင်ပေးရဦးမယ်”
ကုချင်း၀မ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အဖြစ်အပျက်များကို စိုးစဉ်းမျှ ဂရုမစိုက်ပါချေ။
သူမ စိတ်ထဲ ထည့်ထားမည်ပင် မဟုတ်ပေ။ အချိန်ကာလက အရာအားလုံးကို အရည်ပျော်စေခဲ့ပြီ ဖြစ်သည်။
ကုချင်း၀မ်အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ရန်ငြိုးဟောင်းများကို အချိန်ကုန်ခံပြီး ရှင်းလင်းမနေချင်တော့ချေ။
သူမသည် လုချန်၏ ဘေးနားသို့ အမြန်ဆုံး ပြန်သွားပြီး သူ ငိုယိုအော်ဟစ်ကာ သူမကို တောင်းပန်နေသည်ကိုသာ မြင်တွေ့လိုစိတ် ပြင်းပြနေမိသည်။ ထိုခံစားချက်မျိုးက သေချာပေါက် အလွန်ကောင်းမွန်ပေလိမ့်မည်
ကုချင်း၀မ်၏ ဒီလိုသော ပေါ့ပေါ့ပါးပါး သဘောထားမျိုးက ကျီးယန်ကို လုံးဝ ဒေါသပေါက်ကွဲသွားစေခဲ့တော့သည်။ ကုချင်း၀မ် ထွက်ခွာရန် ပြင်နေသည်ကို မြင်သောအခါ ကျီးယန် သူမအား စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့၏...
“ခင်ဗျားလို မောက်မာတဲ့ မိန်းမကြီး... ထိုစဉ်တုန်းက ခင်ဗျား မှားခဲ့တယ်ဆိုတာကို အခုထိ ဝန်မခံချင်သေးဘူးပေါ့လေ”
“ကျွန်တော်မျိုး အခုဆိုရင် သူတော်စင်အဆင့် ဆေးလုံး တွေကိုတောင် ဖော်စပ်နိုင်နေပြီ ခင်ဗျားကိုယ်တိုင်တောင်မှ သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မယ့် နည်းလမ်း မရှိဘူးမလား”
“ငါကသာ တောင်ပိုင်းကျန့်ကျိုးရဲ့ ထိုက်တန်လှတဲ့ နံပါတ်တစ် ဆေးဖော်စပ်သူကြီးကွ.. ဟား..ဟား”
ကျီးယန် အော်ဟစ်ပြီးနောက် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် စန္ဒကူးနံ့သာရနံ့ သေတ္တာငယ်လေးတစ်ခုကို ထုတ်ယူလိုက်တော့သည်။
ဤအခိုက်အတန့်တွင် ကျီးယန်၏ မျက်ဝန်းများမှာ ကုချင်း၀မ်ထံသို့ ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့၏။
ကျီးယန်သည် ကုချင်း၀မ်၏ အစွမ်းထက်မှုကို မကြောက်ရွံ့ပါချေ။ သူသည် သူ၏ သက်တမ်း ကုန်ဆုံးခါနီး အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ရာ သေဆုံးရမည်ကို စိုးစဉ်းမျှ မကြောက်တော့ခြင်း ဖြစ်သည်။ တကယ်လို့ သူ သေမှာကြောက်ရင် ယောင်ချီသန့်စင်နယ်မြေဆီသို့ လာရောက်ဝံ့လိမ့်မည် မဟုတ်ပါချေ။