ကုချင်း၀မ်သည် ဆေးဖော်စပ်ခြင်းကို ရပ်တန့်လိုက်ပြီး ဘေးနားရှိ လုချန်ကို ကြည့်ကာ သွားကို အနည်းငယ် ကြိတ်လိုက်တော့သည်။
“မင်း ငါဆေးဖော်စပ်နေတာကို တကယ်ကော အာရုံစိုက်ပြီး ကြည့်နေရဲ့လား”
ကုချင်း၀မ်၏ စကားအဆုံးတွင် လုချန် ဆတ်ခနဲ တုန်သွားပြီး သူမအား သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြည့်လိုက်မိတော့၏။
【မဖြစ်နိုင်တာ... သူရိပ်မိသွားတာလား ငါစောစောက တကယ် သရုပ်ဆောင်ကောင်းခဲ့ပါတယ်ဆိုမှ】
လုချန်၏ စိတ်ထဲက အတွေးကို ကြားလိုက်ရသောအခါ ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ သရုပ်ဆောင်တာ ဟုတ်လား။
ထိုနေရာတွင် မတ်တတ်ရပ်နေရင်း ကုချင်း၀မ် အသက်ကို ပြင်းပြင်းရှူလိုက်ရရှာသည်။ သူမအနေဖြင့် စိတ်ကို လျှော့ချပြီး တည်ငြိမ်အောင် ထိန်းထားရမည်ဖြစ်၏... သို့မဟုတ်ပါက လုချန်ကို ရိုက်သတ်မိမည့် ဘေးမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
လုချန် သတိပြန်ဝင်လာသောအခါ မိမိကိုယ်ကိုယ် အစွမ်းကုန် ထိန်းချုပ်နေရသော ကုချင်း၀မ်ကို ကြည့်ကာ အနေရခက်စွာဖြင့် ပြောလိုက်သည်...
“ကျွန်တော် အခုကစပြီး သေချာပေါက် အာရုံစိုက်ပါတော့မယ် တကယ်ပါ”
အသက်ကို ထပ်မံ ပြင်းပြင်းရှူလိုက်ပြီးနောက် ကုချင်း၀မ်သည် လုချန်ကို ဆူပူကြိမ်းမောင်းချင်သော်လည်း နောက်ဆုံးတွင်တော့ သက်ပြင်းခပ်ဖွဖွသာ ချလိုက်မိတော့၏။
“မင်း သဘောပေါက်ထားဖို့ မျှော်လင့်ပါတယ် ငါက ယောင်ချီသန့်စင်နယ်မြေရဲ့ ဧကရီဖြစ်သလို မင်းရဲ့ ဆရာလည်း ဖြစ်တယ်။ ငါ မင်းကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး ဆေးဖော်စပ်ခြင်းဆိုတာ မင်းထင်သလောက် မလွယ်ကူဘူး... မင်းနားလည်ရဲ့လား”
လုချန်သည် ကုချင်း၀မ်အနေဖြင့် ဒေါသတကြီးဖြင့် ဆူပူကြိမ်းမောင်းမည် သို့မဟုတ် စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့သော သဘောထားမျိုး ရှိလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိချေ။ တစ်ခဏမျှ လုချန် မှင်တက်သွားရပြီး ဘာပြန်ပြောရမှန်းပင် မသိဖြစ်သွားရတော့သည်။
ကုချင်း၀မ်သည် လုချန်၏ မျက်နှာပေါ်က အနေရခက်မှုနှင့် ရှက်ရွံ့မှုတို့ကို တွေ့မြင်လိုက်ရပြီး ၎င်းတို့က ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်၏။ ထို့နောက် သူမသည် လုချန်ကို အလေးအနက် ဆက်လက် ပြောလိုက်လိုက်သည်...
“ငါလည်း အရင်တုန်းက မင်းလိုပဲ အလွန် မောက်မာခဲ့ဖူးတယ် ဒါပေမဲ့ ဆေးဖော်စပ်ခြင်း လောကထဲကို တကယ် ခြေစုံပစ်ဝင်လိုက်တဲ့အခါကျမှ စာအုပ်ဖတ်ရုံသက်သက်နဲ့ သင်ယူလို့မရနိုင်ဘူးဆိုတာ ငါသိမြင်လာခဲ့ရတယ် မီးအပူရှိန် ထိန်းချုပ်မှု အနည်းငယ် လွဲချော်တာ... အမှားအယွင်း သေးသေးလေးတစ်ခု ဖြစ်တာ...ဒါတွေက ဆေးလုံးရဲ့ အရည်အသွေးကို ထိုးကျသွားစေနိုင်သလို လုံးဝ ပျက်စီးသွားတာမျိုးအထိ ဖြစ်စေနိုင်တယ်”
“ သေချာတာပေါ့... လူတိုင်းကတော့ ဒီလိုပဲ စတင်ကြတာပါ…ဒါပေမဲ့ အစွမ်းထက်တဲ့ ဆေးဖော်စပ်သူတစ်ဦးရဲ့ လမ်းညွှန်မှုကို ရယူပြီး အမှားတွေကို ရှောင်လွှဲနိုင်မယ်ဆိုရင် ပိုပြီး မကောင်းဘူးလား ဘာဖြစ်လို့ ကိုယ့်ဘာကိုယ် လုပ်နိုင်တယ်လို့ ဇွတ်တွေးပြီး နောက်ဆုံးကျမှ ကျရှုံးမှုနဲ့ အချိန်ဖြုန်းတာမျိုး အဖြစ်ခံမှာလဲ”
ယခုအချိန်တွင် ကုချင်း၀မ်သည် ဆရာတစ်ဦးကဲ့သို့ ပြုမူပြောဆိုနေခြင်း ဖြစ်၏။ လုချန်သည် ကုချင်း၀မ်၏ စကားကြောင့် အလွန်ပင် အားနာသွားရရှာသည်။
ဘာပဲဖြစ်ဖြစ် သူမက မဟာဧကရာဇ်တစ်ပါးဖြစ်သလို တောင်ပိုင်းကျန့်ကျိုး၏ နံပါတ်တစ် ဆေးဖော်စပ်သူဟောင်းလည်း ဖြစ်သည်။
ဤမျှ အဆင့်အတန်းမြင့်မားသူတစ်ဦးက သူ့ကို သင်ကြားပေးရန် နှိမ့်ချပြောဆိုနေပါက သူသာ သူမကို မျက်နှာသာမပေးလျှင် တကယ်ကို ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။ သို့သော်လည်း အချို့သော ကိစ္စရပ်များမှာ လုချန် မောက်မာနေခြင်းကြောင့် မဟုတ်ဘဲ ရှင်းပြရန် လုံးဝ မဖြစ်နိုင်ခြင်းကြောင့်သာ ဖြစ်၏။
နောက်ဆုံးတွင် လုချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ကုချင်း၀မ်ကို ကြည့်ကာ ပြောလိုက်သည်...
“ဧကရီ... ကျွန်တော် နောက်ခါ စိတ်မလွင့်တော့ပါဘူး တစ်ဆင့်ချင်းစီကို သေသေချာချာ စောင့်ကြည့်ပါ့မယ်”
ကုချင်း၀မ်၏ စကားများက စိတ်လှုပ်ရှားဖွယ် ကောင်းလှပြီး သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ယခင်က ဒီလောက်အထိ နူးညံ့သိမ်မွေ့စွာ စကားမပြောဖူးခဲ့ချေ။
ယခင်က ကုချင်း၀မ်က ဘယ်လိုလူမျိုးလဲ တောင်ပိုင်းကျန့်ကျိုး၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်... နံပါတ်တစ် ဆေးဖော်စပ်သူ ဖြစ်သည်။ လူပေါင်း မည်မျှများများက သူမ၏ လမ်းညွှန်မှုကို ရရှိရန် အိမ်မက်မက်ပြီး ဘာမဆို လုပ်ဆောင်ရန် အသင့်ရှိခဲ့ကြပါသလဲ နားမထောင်ဘူးလား နားထောင်ချင်ရင် နားထောင်... မနားထောင်ချင်ရင် နေ တကယ်လို့ မင်း မနာခံချင်ရင် ထွက်သွားလိုက်တော့ ကုချင်း၀မ်သည် အခြားသူများအတွက် စကားတစ်လုံးမျှပင် အချိန်အကုန်မခံလိုသူ ဖြစ်၏။
သူမအနေဖြင့် လုချန်ကဲ့သို့သော လူမျိုးနှင့် တွေ့ဆုံဖူးခြင်းက ဒါ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လုချန်၏ လက်ရှိ မျက်နှာပေးအရ သူ မိမိအမှားကို တကယ် သဘောပေါက်သွားပုံရ၏။ လုချန် နားဝင်သွားသည်ကို မြင်ရမှသာ ကုချင်း၀မ် ကျေနပ်အားရစွာဖြင့် မိန့်လိုက်တော့သည်...
“ဒါဆိုရင် သေသေချာချာ ကြည့်ထား”
ထို့နောက် ကုချင်း၀မ်သည် တရားဝင် ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။ လက်တစ်ဖက်က မီးအပူရှိန်ကို ထိန်းချုပ်ပြီး ကျန်လက်တစ်ဖက်ကမူ ဆေးဖော်စပ်မီးဖိုထဲသို့ ပျံသန်းဝင်ရောက်သွားသော ဆေးပင်အမျိုးမျိုးကို စီမံခန့်ခွဲနေခဲ့ရာ ထိုမြင်ကွင်းမှာ ခန့်ညားထည်ဝါပြီး နက်နဲဆန်းကြယ်လှပေသည်
ဤတစ်ကြိမ်တွင်မူ ကုချင်း၀မ်သည် လုချန်၏ စိတ်ထဲက အတွေးများကို မကြားရတော့ချေ။ သူ၏ အတွေးများကို မကြားရခြင်း...အထူးသဖြင့် ထိုအစုတ်အပြတ် နဂါးအကြေးခွံ ဘဲမြက်ပင်အကြောင်းကို မကြားရခြင်းက...ကုချင်း၀မ်ကို အလွန်ပင် စိတ်သက်သာရာရစေပြီး သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။
နှစ်မိနစ် သုံးမိနစ်ခန့် ကြာပြီးနောက် ကုချင်း၀မ်၏ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွတ်သွားခဲ့၏။ ငွေရောင်မီးဖိုကြီးထဲမှ ငွေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ဆေးလုံးတစ်လုံး ပျံသန်းထွက်ပေါ်လာပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသော လက်ဖဝါးပေါ်သို့ အသာအယာ ကျရောက်လာ တော့သည်။
ဤအခိုက်အတန့်တွင် ကုချင်း၀မ်သည် ဂုဏ်ယူဝင့်ကြွားမှု အပြည့်ဖြင့် လုချန်ဘက်သို့ လှည့်ကြည့်လိုက်၏။
ပြောရမည်ဆိုလျှင် သူမကိုယ်တိုင်ပင် ထူးဆန်းသည်ဟု ခံစားနေရသည်။ သူမ ဖော်စပ်လိုက်သည်က သာမန်ဆေးလုံးတစ်လုံးသာ ဖြစ်ပြီး ယခင်ကဆိုလျှင် အလွန်ပင် ရိုးရှင်းလှသော အရာမျိုး ဖြစ်၏။
သို့သော် ယခုအခါတွင်မူ သူမသည် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်အောင်မြင်ခဲ့သည့်အလား ခံစားနေရပြီး အခြားသူများ၏ ချီးကျူးမှုကို ရယူလိုစိတ် ပေါ်ပေါက်နေခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သူမသည် လုချန်၏ အံ့ဩမှင်တက်သွားသော မျက်နှာပေးကို မြင်တွေ့လိုခြင်း ဖြစ်၏။
လုချန်သည် သူမကို စိတ်ပျက်မသွားစေခဲ့ပါချေ။ သူသည် ဆေးလုံးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ လှမ်းယူလိုက်ပြီး အထင်ကြီး လေးစားစွာဖြင့် ပြောလိုက်သည်...
“ဆရာဧကရီရဲ့ ဆေးဖော်စပ်မှု အတတ်ပညာက တကယ်ကို လောကမှာ အနှိုင်းမဲ့ပါပဲ ကျွန်တော် ယခင်က တကယ်ပဲ မောက်မာမိခဲ့ပါတယ်”
လုချန်၏ အံ့ဩမှင်တက်နေသော ပုံစံကို မြင်ရပြီး... အဓိကအားဖြင့် သူ၏ စိတ်ထဲတွင် မဟုတ်ကဟုတ်က အတွေးများ မရှိတော့သည်ကို သိရသဖြင့် ကုချင်း၀မ် နှုတ်ခမ်းကို ဖိလိုက်ပြီးနောက် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ လှပသော အပြုံးတစ်ခုကို ပြသလိုက်တော့၏။
သို့သော်လည်း သူမ တစ်စုံတစ်ခုကို ပြောလိုက်ရန် ပြင်လိုက်စဉ်မှာတင်...
ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု လုချန်၏ ခြံဝင်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။ ကုချင်း၀မ်နှင့် လုချန်တို့ လှည့်ကြည့်လိုက်ရာ ယောင်ချီ၏ သန့်စင်နယ်မြေ ဂိုဏ်းချုပ်က ကုချင်း၀မ်ကို ဦးညွှတ်ဂါရဝပြုနေသည်ကို တွေ့လိုက်ရ၏။
“ဧကရီ... ၀မ်တန့် နန်းဆောင် ရဲ့ နန်းဆောင်အရှင် ကျီးယန်က မနေ့က ဧကရီ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတယ်ဆိုတာ ကြားသိရလို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ဂါရဝပြု ဂုဏ်ပြုနေပါတယ်”
ကုချင်း၀မ်၏ မျက်နှာပေါ်က အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ်၏ စကားကို ကြားရသောအခါ သူမ မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး အေးစက်စွာ မိန့်လိုက်၏...
“ဒီကောင်က အခုထိ အသက်ရှင်နေသေးတာပဲ...”
နောက်တစ်စက္ကန့်တွင် ကုချင်း၀မ် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်လိုက်တော့သည်။
“သွားကြစို့”
ကုချင်း၀မ်သည် သန့်စင်နယ်မြေ လက်ရှိဂိုဏ်းချုပ်ကို ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်ရန် ပြင်ဆင်လိုက်စဉ် အောက်က လုချန်ကို ငုံ့ကြည့်ကာ သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းအစုံကို ခတ်လျက် ပြောလိုက်လိုက်၏...
“မင်း စောစောက ငါဆေးဖော်စပ်တဲ့ အဆင့်တွေကို သေသေချာချာ မြင်ခဲ့တယ်မလား ကြိုးစားပြီး လေ့လာထား။ ငါပြန်လာရင် မင်းကို လာစစ်ဆေးမယ်။ ပြီးတော့... ငါ့ရဲ့ ဆေးဖော်စပ်မီးဖိုကိုပဲ ယူသုံးလိုက် ဒါက တောင်ပိုင်းကျန့်ကျိုးမှာ အကောင်းဆုံးပဲ”
လုချန် နာခံတတ်သော ပုံစံဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်တော့၏။ လုချန်၏ ယခုကဲ့သို့ လိမ္မာယဉ်ကျေးသော ပုံစံကို မြင်ရသောအခါ ကုချင်း၀မ်၏ မျက်နှာထက်တွင် လှပသော အပြုံးတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထို့နောက် သူမသည် ဦးဆောင်ကာ ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးဆီသို့ ပျံသန်းထွက်ခွာသွားတော့၏။
မထွက်ခွာမီ ယောင်ချီဂိုဏ်းချုပ် သည် ငွေရောင်မီးဖိုကြီးကို အံ့ဩတုန်လှုပ်စွာဖြင့် လှမ်းကြည့်ကာ စိတ်ထဲကနေ အံ့ဩချီးကျူးနေမိသည်။
ဧကရီက လုချန်အပေါ် တကယ်ကို ကောင်းလွန်းလှသည်... သူမ၏ ကိုယ်ပိုင်ဆေးဖော်စပ်မီးဖိုကိုပင် သူ့အား ပေးသုံးထားသည်မဟုတ်ပါလား။
ထိုစဉ်တုန်းက မည်သူတစ်ဦးတစ်ယောက်မျှ ထိုငွေရောင်မီးဖိုကြီးကို ထိတွေ့ခွင့်ပင် မရှိခဲ့ကြချေ။ သို့သော်လည်း တစ်ဖက်က ကြည့်ပြန်လျှင် လုချန်က တကယ်ပဲ လူချစ်လူခင်ပေါများလှသော ကောင်လေး ဖြစ်သည်။ အများကြီး ဆက်မတွေးတော့ဘဲ လုချန်ကို ပြုံးပြနှုတ်ဆက်ပြီးနောက် ကုချင်း၀မ်၏ နောက်မှနေ၍ ပင်မခန်းမဆောင်ကြီးဆီသို့ လိုက်ပါသွားတော့၏။
သို့သော်လည်း ကုချင်း၀မ် ဝေးဝေးသို့ မပျံသန်းရသေးမီမှာတင် ရင်းနှီးလှသော စိတ်ထဲက အတွေးသံတစ်ခုကို ရုတ်တရက် ထပ်မံ ကြားလိုက်ရပြန်သည်။
【တကယ်လို့ ငါ သန့်စင်သော ယန်တိမ်တိုက်ကြာပန်းကို သုံးပြီး နဂါးအကြေးခွံ ဘဲမြက်ပင်နေရာမှာ အစားထိုးမယ်ဆိုရင်... နဂါးအကြေးခွံ ဘဲမြက်ပင်ကနေ ဆုံးရှုံးသွားတဲ့ ပြင်းထန်လှတဲ့ စစ်မှန်သောချီကို ကာမိစေဖို့အတွက် စိမ်းစိုသော ခြင်္သေ့ဟောက်သံမြက်ပင် တစ်ပင်ကိုလည်း ထပ်ထည့်ဖို့ လိုအပ်ဦးမှာပဲ】
【ဒါပေမဲ့ တကယ်လို့ ငါက စိမ်းစိုသော ခြင်္သေ့ဟောက်သံမြက်ပင်ကို သုံးလိုက်မယ်ဆိုရင်တော့... အဲဒါဆိုရင် ငါ...】
လုချန်စိတ်ထဲက အတွေးနှစ်ခုစလုံးက ကုချင်း၀မ်၏ အသိစိတ်ပင်လယ် ထဲသို့ တိုက်ရိုက် ဝင်ရောက်လာခြင်း ဖြစ်၏။
သူမ၏ ခန္ဓာကိုယ်မှာ လေဟာနယ်ထဲတွင် ချက်ချင်း ရပ်တန့်သွားရပြီး ခြံဝင်းထဲက လုချန်ရှိရာဘက်သို့ သွားကို ကြိတ်ကာ ချက်ချင်း လှည့်ကြည့်လိုက်တော့သည်။
သူမ မြင်လိုက်ရသည်မှာ... ခြံဝင်းထဲတွင် လုချန်က သမ်းဝေနေခြင်း ဖြစ်၏။ သူ၏ မျက်နှာပေါ်တွင် စောစောက ပြသခဲ့သော စိတ်လှုပ်ရှားမှုနှင့် အထင်ကြီးလေးစားမှု အရိပ်အယောင် စိုးစဉ်းမျှပင် မရှိတော့ပါချေ။
ထို့အပြင် လုချန်သည် သူမ ပေးခဲ့သော ငွေရောင်မီးဖိုကြီးကို လုံးဝ အသုံးမပြုဘဲ သူ၏ ကိုယ်ပိုင် ပါးကွရှစ်ကွက်မီးဖိုကြီးဆီသို့သာ ဦးတည်လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကုချင်း၀မ် အရာအားလုံးကို ရိပ်မိသွားတော့၏။ ဤလုချန်ဟူသော ကောင်လေးက တစ်ချိန်လုံး သရုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်
နဂါးအကြေးခွံဆိုတာ ငါ့**ခြေဖဝါးပဲ…စိတ်ထဲကနေ ဒေါသတကြီး ကျိန်ဆဲရင်း ကုချင်း၀မ် ချက်ချင်း ပြန်သွားကာ သူမ၏ ရှေ့တွင် တစ်မျိုး... ကွယ်ရာတွင် တစ်မျိုး လုပ်ဆောင်နေသော ထိုကောင်စုတ်လေးကို ကောင်းကောင်း ဆုံးမပေးချင်စိတ် ပေါက်သွားရသည်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက် သူမ သွားကို ကြိတ်ကာ သည်းခံလိုက်ရ၏; အဘယ်ကြောင့်ဆိုသော် သူမ ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးသို့ အရင်သွားရန် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
လုချန်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ပြီးနောက် ကုချင်း၀မ် စိတ်နာနာဖြင့် တွေးလိုက်တော့၏။
‘မင်းလို ကောင်စုတ်လေး... နောက်ကျလို့ ဆေးဖော်စပ်တဲ့အခါ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ တွေ့လို့ ငါ့ကို အကြိမ်ပေါင်း ရှစ်ရာလောက် လာမတောင်းပန်ဘူးဆိုရင်... ငါက မင်းကို သင်ပေးဦးမလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်’