ကုချင်း၀မ် တကယ်ကို ဒေါသထွက်သွားရပြီဖြစ်သည်။
ဒါက ဘာလိုတုံ့ပြန်မှုမျိုးလဲ
ပုံမှန်လူတစ်ယောက်က ဒီလိုပဲ တုံ့ပြန်တတ်ကြလို့လား
လုချန်သည် ကုချင်း၀မ်၏ မျက်နှာအမူအရာမှာ စောစောက ဝင့်ကြွားနေခဲ့ရာမှ ယခုအခါ ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် ပုံစံသို့ ပြောင်းလဲသွားသည်ကို ကြည့်ကာ သူကိုယ်တိုင်လည်း ကြောင်အမ်းသွားရရှာသည်။
အမှန်တော့ လုချန်သည် ကုချင်း၀မ်က တောင်ပိုင်းကျန့်ကျိုး၏ နံပါတ်တစ် ဆေးဖော်စပ်သူကြီးဖြစ်ကြောင်း သူမ တံခါးပိတ်ကျင့်ကြံရာမှ မထွက်လာခင်ကတည်းက သိထားပြီးဖြစ်၏။
ဘာပဲဖြစ်ဖြစ် ကုချင်း၀မ်သည် ယောင်ချီသန့်စင်နယ်မြေ၏ ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးဖြစ်ရာ သန့်စင်မြေရှိ လူများက သူမအကြောင်း ပြောဆိုနေကြသည်ကို သူ မကြာခဏ ကြားဖူးခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒါနဲ့ပဲ... ဘာဖြစ်လဲ သူက သူမကို ဆုတံဆိပ်တစ်ခုခု ထုတ်ပေးရမှာလား။
လုချန်၏ တည်ငြိမ်လွန်းလှသော ပုံစံကြောင့် ကုချင်း၀မ်မှာ ခေတ္တမျှ မည်သို့ရှေ့ဆက်ရမည်ကိုပင် မသိဖြစ်သွားရတော့၏။ သို့သော် သူမ သတိပြန်ဝင်လာပြီးနောက် လုချန်ကို ကြည့်ကာ အလျှော့မပေးလိုသည့် အမူအရာဖြင့် ထပ်မံ ပြောလိုက်လိုက်သည်...
“မှန်တယ် ငါက တောင်ပိုင်းကျန့်ကျိုးရဲ့ နံပါတ်တစ် ဆေးဖော်စပ်သူပဲ”
လုချန် ခေါင်းညိတ်ပြလိုက်၏။
“ဪ...”
ကုချင်း၀မ်: "..."
‘ဪ ဟုတ်လား…’
‘မင်းက ‘ဪ’ လို့ပဲ ပြောလိုက်တာလား..’
‘ဪ’ ဆိုတာက ဘာအဓိပ္ပာယ်လဲ…’
ကုချင်း၀မ်သည် ဇဝေဇဝါဖြစ်နေသော လုချန်ကို စိုက်ကြည့်လိုက်ရာ လုချန်ကလည်း သူမကို ထူးဆန်းသော မျက်နှာပေးဖြင့် ပြန်လည်ကြည့်ရှုနေခဲ့သည်။ သူတို့နှစ်ဦး အတန်ကြာအောင် အပြန်အလှန် စိုက်ကြည့်နေပြီးနောက်တွင်မူ ကုချင်း၀မ် သွားကို ကြိတ်ကာ ပြောလိုက်တော့၏...
“ငါပြောချင်တဲ့အချက်က... ငါ မင်းကို ဆေးဖော်စပ်နည်း သင်ပေးနိုင်တယ်လို့ ပြောတာ”
ယခုအခါ ကုချင်း၀မ် စိတ်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်သွားရချေပြီ...အတိုင်းထက်အလွန် မကျေမနပ် ဖြစ်ရခြင်းပင်။
ဘာဖြစ်လို့လဲ ဘာဖြစ်လို့ နံပါတ်တစ် ဆေးဖော်စပ်သူကြီးဖြစ်တဲ့ သူမက ယခုအခါ ဆေးဖော်စပ်ခြင်း စတင်သင်ယူမည့် အသစ်အဆန်းလေးတစ်ဦးကို သူမကပဲ တောင်းပန်တိုးလျှိုးပြီး သင်ပေးချင်နေရတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ ဘာဖြစ်လို့လဲ ဟမ်။
ကုချင်း၀မ်၏ စကားကို ကြားလိုက်ရသောအခါ လုချန် ခဏမျှ မှင်တက်သွားပြီး မျက်တောင်ခတ်လျက် ပြောလိုက်သည်...
“အာ တကယ်လား…ကျေးဇူးတင်ပါတယ် ဧကရီ….ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်”
တကယ်လို့ ထိုစကားသံကိုပဲ ကြားရမည်ဆိုပါက လုချန် တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်ဟု ထင်မှတ်ရပေလိမ့်မည်။
သို့သော် တကယ့်လက်တွေ့တွင်မူ လုချန်၏ စကားသံမှာ အသက်မပါဘဲ ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းလှပြီး မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲခြင်း မရှိချေ...
သူက တာဝန်အရ အလုပ်လုပ်ပြနေသည့် ပုံစံမျိုးသာ ဖြစ်သည်။ သူသည် အံ့ဩသွားသည့် မျက်နှာပေးကို ခဏမျှ ပြသခဲ့သော်လည်း ဒါက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပြီး ချက်ချင်းပင် မျက်နှာသေပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
အလွန်ပင် ပြီးစလွယ်နိုင်လှပေသည်။ တကယ်လို့ ဖော်ပြရန် ဥပမာတစ်ခု ရှာရမည်ဆိုလျှင်... လုချန်သည် ယခုအခါ ကလေးတစ်ယောက်ကို ချော့မြှူနေသည့် ပုံစံမျိုးနှင့် တူလှပေသည်။
ကုချင်း၀မ် ကြောင်အမ်းသွားပြီး မည်သို့ပြန်လည်တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ ဒါက သူမ ထင်မှတ်ထားခဲ့သည့် အခြေအနေနှင့် လုံးဝ ခြားနားနေသည် မဟုတ်ပါလား။
လုချန်အနေဖြင့် မျက်ရည်ကျကာ ဆေးပညာသင်ပေးရန် သူမကို တောင်းပန်တိုးလျှိုးရမည် မဟုတ်ဘူးလား ဟမ် တစ်ခုခုတော့ လုံးဝ လွဲမှားနေခြေပြီ။
ခဏမျှ ကြောင်အမ်းသွားပြီးနောက် ကုချင်း၀မ် သွားကို ကြိတ်ကာ စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်တော့သည်။
ကြည့်ရသရွေ့တော့ တကယ်လို့ သူမအနေဖြင့် ဒီကောင်စုတ်လေးကို အစွမ်းအချို့ ထုတ်မပြဘူးဆိုရင် သူက နံပါတ်တစ် ဆေးဖော်စပ်သူရဲ့ အစွမ်းက ဘယ်လောက်အထိ ထူးကဲလဲဆိုတာကို သိမှာမဟုတ်တော့ချေ။
နောက်တစ်စက္ကန့်တွင် ကုချင်း၀မ်သည် သူမ၏ သွယ်လျလှပသော လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ လုချန်၏ ခြံဝင်းအတွင်း၌ ငွေရောင်မီးဖိုကြီးတစ်ခု လေဟာနယ်ထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။
ထိုငွေရောင်မီးဖိုကြီးမှာ အလွန်ပင် လှပဆန်းကြယ်လှပြီး နံနက်ခင်း နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေခဲ့၏။
တစ်ချိန်တည်းမှာပင် ကုချင်း၀မ်သည် ဘေးက လုချန်ကို ကြည့်ကာ မေးစေ့ကို အနည်းငယ် ပင့်လျက် ပြောလိုက်လိုက်သည်...
“မင်းက ဆေးဖော်စပ်ခြင်းကို အခုမှ စတင်တာ ဖြစ်တယ်။မင်း ယခင်က ရှေးဟောင်းကျမ်းစာတွေ အများကြီး ဖတ်ဖူးထားမှာ သေချာပေမဲ့... ဆေးဖော်စပ်ခြင်းမှာဖြစ်ဖြစ်... တခြား ဘယ်အရာမှာမဆို စာဖတ်တာနဲ့ လက်တွေ့လုပ်တာက လုံးဝကို ကွာခြားလှတယ်။ စာအုပ်တွေ အများကြီး ဖတ်ဖူးရုံနဲ့ ငါဒါကို တတ်မြောက်ထားပြီလို့ ဘယ်တော့မှ မထင်လိုက်နဲ့။ မင်းရဲ့ စိတ်ထဲမှာ မောက်မာတဲ့ စိတ်ဓာတ်မျိုး ဘယ်တော့မှ မရှိစေနဲ့”
ကုချင်း၀မ် ခံစားရသည်မှာ လုချန် ဤမျှအထိ တည်ငြိမ်နေရခြင်းက သူ ရှေးဟောင်းကျမ်းစာများစွာ ဖတ်ဖူးပြီး မိမိကိုယ်ကို တတ်မြောက်နေပြီဟု ထင်မှတ်နေခြင်းကြောင့် ဖြစ်ရမည် ဟူ၍ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုစဉ်တုန်းက ကုချင်း၀မ်၏ လွှမ်းမိုးမှုကြောင့် ယောင်ချီသန့်စင်နယ်မြေအတွင်း၌ ထူးခြားဆန်းပြားပြီး အဖိုးတန်လှသော ဆေးဖော်စပ်ခြင်းဆိုင်ရာ စာအုပ်စာပေများစွာ ရှိနေခဲ့သည်မဟုတ်ပါလား။
ထိုမျှ အဆင့်မြင့်လှသော စာအုပ်များကို သာမန်တပည့်များ ဖတ်ရှုခွင့်မရှိကြချေ။ သို့သော် လုချန်က သာမန်တပည့်တစ်ဦးလား သေချာတာပေါ့... မဟုတ်ပါချေ။
ဒီကောင်စုတ်လေးသည် ယောင်ချီသန့်စင်နယ်မြေအတွင်း၌ အဆက်အသွယ် အလွန်ကောင်းမွန်လှသဖြင့် တကယ်လို့ သူသာ ဖတ်ချင်တယ်ဆိုရင် မည်သူမျှ သူ့ကို တားဆီးလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် ကုချင်း၀မ်က ဤကောင်လေး၏ တည်ငြိမ်မှုမှာ စာအုပ်များဖတ်ပြီး မိမိကိုယ်ကို ထူးချွန်လှပြီဟု ထင်မှတ်နေခြင်းကြောင့်ဟု ယူဆလိုက်သော်လည်း တကယ့်လက်တွေ့တွင်မူ စာအုပ် ဘယ်လောက်ပဲ ဖတ်ဖူးဖတ်ဖူး လက်တွေ့ ဆေးဖော်စပ်ခြင်းနှင့်ကတော့ လုံးဝ ကွဲပြားခြားနားလှပေသည်။
ဒါ့အပြင် ဒီကောင်လေးအနေဖြင့် ယောင်ချီသန့်စင်နယ်မြေရှိ ဆေးဖော်စပ်ခြင်းဆိုင်ရာ စာအုပ်များက ဘယ်ကနေ ရောက်လာလဲဆိုတာကိုရော မတွေးမိဘူးလား စာအုပ်အများစုမှာ ထိုစဉ်တုန်းက ကုချင်း၀မ် ကိုယ်တိုင် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်
ကုချင်း၀မ် ခံစားရသည်မှာ သူမအနေဖြင့် လုချန်ကို ကောင်းကောင်း ဆုံးမသွန်သင်ရန် လိုအပ်နေပြီ ဟူ၍ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူမက လူကြီးသူမတစ်ဦး ဖြစ်သည် မဟုတ်ပါလား။
လုချန်၏ မောက်မာလွန်းလှသော စရိုက်ကတော့ ဘယ်လိုမှ အဆင်မပြေချေ။ ဆေးဖော်စပ်ခြင်းအတွက်တင်မကဘဲ အခြားသော ကိစ္စရပ်များစွာအတွက်လည်း ဖြစ်သည်။
ကုချင်း၀မ်၏ စကားကို ကြားပြီးနောက် လုချန်သည် သူ၏ စောစောက တုံ့ပြန်မှုမှာ အနည်းငယ် မလျော်ကန်ကြောင်း ရိပ်မိသွားခဲ့သည်။ သူ သတိပြန်ဝင်လာပြီးနောက် အလျင်အမြန်ပင် တောင်းပန်တိုးလျှိုးသည့် မျက်နှာပေးဖြင့် ပြောလိုက်၏...
“ကျွန်တော်မျိုး သေချာပေါက် မှတ်သားထားပါ့မယ် ဧကရီ နောင်အနာဂတ်ကျရင် ကျွန်တော် သေချာပေါက် နှိမ့်ချနေထိုင်ပါ့မယ် ”
လုချန်၏ လျင်မြန်လှသော သဘောထားပြောင်းလဲမှုကို မြင်ရမှသာ ကုချင်း၀မ်၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
‘အင်း~~ သွန်သင်ရလွယ်ကူတဲ့ ကျောင်းသားလေးပဲ~~’
အမှန်အတိုင်း ပြောရလျှင် ကုချင်း၀မ် လုချန်ကို မဆူပူလိုပါချေ။ သူမ၏ စိတ်ထဲတွင်မူ သူ့ကို အလွန်ပင် အထင်ကြီး လေးစားမိနေခြင်း ဖြစ်သည်; ဘာပဲဖြစ်ဖြစ် ဤမျှနုပျိုလှသော အသက်အရွယ်နှင့်တင် သူမ၏ နှလုံးသားမိစ္ဆာကို ထိုးထွင်းသိမြင်နိုင်ပြီး ဧကရာဇ်နှလုံးသား မတည်မငြိမ်ဖြစ်နေသည်ကို သိရှိနိုင်ခြင်းကြောင့် ဖြစ်၏။
ဒါ့အပြင် သူ စောစောက ချက်ပြုတ်ခဲ့သော အစားအစာထဲတွင် တာအိုသဘောတရား အရှိန်အဝါ ပါဝင်နေခဲ့သေးသည်။ ဒီအရာအားလုံးက အလွန်ပင် အစွမ်းထက်လှပေရာ သူသည် အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးဟုပင် ဆိုနိုင်သည် သူ့ကို နတ်ဘုရားအဆင့် ပါရမီရှင်ဟုပင် ခေါ်ဆိုနိုင်ခြေ ရှိ၏။
ကုချင်း၀မ် သူ့ကို တကယ်ပဲ အလေးထားသော်လည်း ပါရမီရှင်တစ်ဦးဖြစ်ပါက မှန်ကန်သော စိတ်နေစိတ်ထား ရှိရမည် ဖြစ်သည်။
ကုချင်း၀မ် ခံစားရသည်မှာ သူမသည် လူကြီးသူမတစ်ဦးအနေဖြင့်...ဤကောင်စုတ်လေးက စိတ်ထဲကနေ သူမကို ‘အဘွားကြီး’ ဟု ဆက်တိုက် ကျိန်ဆဲနေခဲ့ရင်တောင်မှ...သူ့ကို လမ်းမှန်သို့ ပို့ဆောင်ပေးရန် တာဝန်ရှိသည် ဟူ၍ ဖြစ်၏။
ယခုအခါ လုချန်က နာခံတတ်ပြီး စိတ်ထဲတွင်လည်း အခြားသော မကောင်းသည့် အတွေးများ မရှိတော့သဖြင့် သူ တကယ်ပဲ နောင်တရနေပုံပေါ်သည်။ ကုချင်း၀မ်၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်သွားခဲ့ပြီ ဖြစ်၏။ သူမ၏ လက်ထဲတွင် သန့်စင်သော အလင်းဖြူတစ်ခု ထွက်ပေါ်လာပြီးနောက် မိန့်လိုက်တော့သည်...
“ငါ မင်းကို တစ်ကြိမ်ပဲ သရုပ်ပြမယ် သေချာကြည့်ပြီး ကောင်းကောင်း သင်ယူပါ”
လုချန် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏...
“ဟုတ်ကဲ့... ဟုတ်ကဲ့ ဧကရီကို တကယ်ပဲ အားနာရပါတယ် ဆရာဧကရီက တကယ်ကို ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်ပါပဲ~~”
လုချန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ်၏ မျက်နှာပေါ်က အပြုံးမှာ ပိုမိုကျယ်ပြန့်သွားခဲ့ရတော့သည်။
‘အင်း~~ သူက တကယ်ကို ချစ်စရာကောင်းတဲ့ ကောင်လေးပဲ’
နောက်တစ်စက္ကန့်တွင် ကုချင်း၀မ်သည် သန့်စင်သော အလင်းဖြူကို ငွေရောင်မီးဖိုကြီးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ရာ ငွေရောင်မီးတောက်များ ချက်ချင်းပင် ဝုန်းခနဲ တောက်လောင်လာခဲ့တော့သည်။ သန့်စင်မွန်မြတ်လှသော အရှိန်အဝါတစ်ခု ချက်ချင်းပင် လွှမ်းခြုံသွားခဲ့၏။
ဤအခိုက်အတန့်တွင် ကုချင်း၀မ်သည် ဆေးပင်များကို ထည့်သွင်းရန် ပြင်ဆင်လိုက်ပြီး လုချန်ကို ရှင်းပြရင်းနှင့် ဆေးဖော်စပ်ခြင်းကို စတင်တော့မည် ဖြစ်သည်။ သို့သော်လည်း ကွက်တိ ထိုအချိန်မှာပင်...
【နဂါးအကြေးခွံ ဘဲမြက်ပင်က အဆိပ်ဖြေတဲ့ အာနိသင်ရှိပြီး... ခရမ်းရောင်အလင်း ကောင်းကင်ပိုက်ကွန်ကတော့ ပြန်လည်ပြုပြင်ပြီး အာဟာရဖြည့်တင်းပေးတဲ့ အာနိသင် ရှိတာပဲ…တကယ်လို့ ဒီဆေးပင်နှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင်】
【ဟင်... ဒါက မဟုတ်သေးပါဘူး…ခရမ်းရောင်အလင်း ကောင်းကင်ပိုက်ကွန်နဲ့ နဂါးအကြေးခွံ ဘဲမြက်ပင်ရဲ့ ဂုဏ်သတ္တိတွေက အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေတာပဲ…ဒါဆိုရင်တော့ ခရမ်းရောင်အလင်း ကောင်းကင်ပိုက်ကွန်ကို သုံးလို့မရနိုင်ဘူး...】
【နေပါဦး... မဟုတ်ဘူး... နဂါးအကြေးခွံ ဘဲမြက်ပင်ကို သုံးလို့မရတာ ဖြစ်ရမယ်… ခရမ်းရောင်အလင်း ကောင်းကင်ပိုက်ကွန်ကို ဆက်ထားပြီး နဂါးအကြေးခွံ ဘဲမြက်ပင်နေရာမှာ အစားထိုးဖို့ တခြားဆေးပင်တစ်မျိုးကို ရှာရမယ်။】
【ဘယ်အရာက အသင့်တော်ဆုံး ဖြစ်မလဲ... ဟင်း... ငါ သေသေချာချာ စဉ်းစားရဦးမယ်】
ကုချင်း၀မ်: "...."
ဒါက…
ဟမ်…
သူ ဘာတွေ လုပ်နေတာလဲ…
ဒီကောင်စုတ်က သူ စိတ်ထဲမှာ ဘာတွေ လျှောက်ပြီး ရေရွတ်နေတာလဲ…
ကုချင်း၀မ်သည် ဘေးတွင် ကြောင်တောင်တောင်ဖြင့် မတ်တတ်ရပ်နေသော လုချန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်...
“ဟို... မင်း ငါဆေးဖော်စပ်တာကိုပဲ အာရုံစိုက်ပြီး ကြည့်နေရဲ့လား”
လုချန် လန့်သွားပြီး အလျင်အမြန်ပင် တောင်းပန်လိုက်၏...
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ဧကရီ ကျွန်တော်က ဗိုက်ပြည့်သွားရင် စိတ်လွင့်သွားတတ်လို့ပါ အခုကစပြီး သေချာပေါက် အာရုံစိုက်ပါ့မယ်”
လုချန်သည် စိတ်ထဲတွင် ကုချင်း၀မ်က တကယ်ကို အစွမ်းထက်လှပြီး သူ စိတ်လွင့်သွားသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်ဟု တွေးတောနေခဲ့၏။
ကုချင်း၀မ် မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်ပြကာ အများကြီး ထပ်မ ပြောတော့ချေ။ ထို့နောက် သူမသည် ဆေးဖော်စပ်ခြင်းကို ဆက်လက်လုပ်ဆောင်ရင်း လုချန်ကို ရှင်းပြလိုက်သည်...
“ဆေးဖော်စပ်ခြင်းရဲ့ ပထမဦးဆုံး အဆင့်ကတော့ အရင်ဆုံး...”
【နေပါဦး... နဂါးအကြေးခွံ ဘဲမြက်ပင်နေရာမှာ ဘာနဲ့အစားထိုးရမလဲဆိုတာ ငါသတိရပြီ】
【ငါ သန့်စင်သော ယန်တိမ်တိုက်ကြာပန်း ကို သုံးလို့ရတာပဲ】
【ဟုတ်တယ်... သန့်စင်သော ယန်တိမ်တိုက်ကြာပန်းက အကောင်းဆုံး အစားထိုးပစ္စည်းပဲ】
ကုချင်း၀မ်: "..."
ဟေး…
မင်း ငါပြောနေတာကိုရော သေချာနားထောင်ရဲ့လား…