ထမင်းစားပွဲတွင် လုချန်သည် ဘေးတစ်စောင်းထိုင်ကာ ကုချင်း၀မ်က တူကို အရင်ဆုံး ကိုင်မြှောက်လိုက်သည်ကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန်တွင် ကုချင်း၀မ်သည် ပန်းကန်လုံးငယ်လေးကို ကိုင်လျက် အတွင်းရှိ ဆန်ပြုတ်ဖြူကို အံ့အားသင့်ဖွယ် မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။
ဆန်ပြုတ်ဖြူ၏ ဆန်စေ့တစ်စေ့ချင်းစီမှာ ပုလဲရတနာများကဲ့သို့ ရှိနေပြီး သင်းပျံ့လှသော အနံ့မွှေးမွှေးလေးကိုလည်း ဆောင်ကြဉ်းပေးနေခဲ့သည်။
ဆန်ပြုတ်၏ ပုံပန်းသဏ္ဍာန်နှင့် အနံ့တစ်ခုတည်းနှင့်တင် လူတစ်ဦးကို သွားရည်ကျစေရန် လုံလောက်လှပေသည်။ ဒီအရာကပင် လုချန်၏ ဟင်းချက်ကျွမ်းကျင်မှု မည်မျှအခြေအနေ ထူးကဲလှသည်ကို ပြသရန် လုံလောက်နေပြီး... သာမန်ဆန်ပြုတ်ဖြူတစ်ခွက်ကို ဒီအဆင့်အထိ ချက်ပြုတ်နိုင်ခြင်းက တကယ်ကို အားကျစရာပင် ဖြစ်၏။
ကုချင်း၀မ်က ပန်းကန်ထဲက ဆန်ပြုတ်ကို အကဲခတ်နေသည်ကို မြင်သောအခါ လုချန် မျက်ခုံးပင့်လိုက်မိပြီး စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ခံစားလိုက်ရရှာသည်။
အနှစ်များစွာအတွင်း လုချန်သည် နေ့စဉ် ဟင်းချက်ရုံတင်မကဘဲ စနစ်ထံမှ ဟင်းချက်ခြင်းဆိုင်ရာ ဆုလာဘ်တစ်ခုဖြစ်သည့်။
"ဟင်းချက်နတ်ဘုရား" ဟုခေါ်သော ဟင်းချက်နည်းစာအုပ်တစ်အုပ်ကိုလည်း ရရှိခဲ့ဖူးပြီးသူ ဖတ်ရှုကာ အကြွင်းမဲ့ ကျွမ်းကျင်ထားပြီးသား ဖြစ်သည်။
ဘာပြဿနာမျှမရှိပါက လုချန်အနေဖြင့် သူ၏ ဟင်းချက်လက်ရာမှာ ဤကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲက တစ်ခုဖြစ်ကြောင်း ရဲရဲကြီး ယုံကြည်နေခဲ့သည်။
ဒါက လုချန် ကြွားဝါနေခြင်း မဟုတ်ပေ။ သူ၏ လှပချောမောလှသော ဆရာမလေး အပြင်က ပြန်လာတိုင်း ပထမဦးဆုံး လုပ်လေ့ရှိသည့်အရာမှာ လုချန်ကို ဟင်းချက်ခိုင်းခြင်း ဖြစ်သည်။
သူ၏ ဆရာမလေးသည် ကမ္ဘာအနှံ့ လှည့်လည်သွားလာဖူးပြီး ဗဟုသုတ အလွန်စုံလင်သူဖြစ်ရာ သူမကိုယ်တိုင်ကပင် ချီးမွမ်းခန်းဖွင့်နေပါက လုချန်၏ ဟင်းချက်လက်ရာမှာ အလွန်ပင် ကြောက်ခမန်းလိလိ ဖြစ်နေခြေပြီ။
ကုချင်း၀မ်သည်လည်း လုချန်၏ ဟင်းချက်လက်ရာကို အံ့ဩချီးကျူးနေမိသော်လည်း သတိပြန်ဝင်လာပြီးနောက် ချက်ချင်းပင် မြည်းစမ်းရန် ပြင်လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် စောစောက ဆန်ပြုတ်တည်နေစဉ်အတွင်း သူမ တခါမျှ မမြင်ဖူးခဲ့သော ဝိညာဉ်စွမ်းအင်များ၏ အကြောင်းရင်းကို သိရှိလို၍ ဖြစ်၏။
ကုချင်း၀မ်သည် ဆန်ပြုတ်ဖြူကို တစ်ငုံအသာအယာ သောက်လိုက်ရာ သူမ၏ လှပသော မျက်ခုံးတန်းများမှာ မြည်းစမ်းနေသကဲ့သို့ သော်လည်းကောင်း... သို့မဟုတ် တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေသကဲ့သို့ သော်လည်းကောင်း အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
ဒါက...
ယခုအခါ ကုချင်း၀မ်၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်သွားရတော့၏။ ဘေးကနေ စောင့်ကြည့်နေသော လုချန်လည်း လုံးဝကို ကြောင်အမ်းသွားရသည်။ ဘာဖြစ်တာလဲ ကောင်းလို့လား မကောင်းလို့လား အဲဒီမျက်နှာပေးက ဘာလဲ…
တစ်ငုံ သောက်ပြီးနောက် ကုချင်း၀မ်သည် နောက်ထပ်တစ်ငုံကို အလျင်အမြန်ပင် ထပ်မံ သောက်လိုက်ပြန်သည်။ ထိုအခါ သူမ၏ စဉ်းစားတွေးတောနေသော မျက်နှာပေးမှာ လုံးဝ တုန်လှုပ်ခြောက်ခြားမှုအဖြစ်သို့ ပြောင်းလဲသွားရတော့၏။
’ဒါ... ဒီဆန်ပြုတ်ဖြူထဲမှာ... တာအို အရှိန်အဝါ အပိုင်းအစတစ်ခု ရှိနေတာပဲ’
‘ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ’
ရှန်လင်းတိုက်ကြီး တွင် လူတစ်ဦးသည် မည်သည့်အရာကမဆို တာအိုကို သဘောပေါက်နားလည်နိုင်ကြသည်။
အချို့လူများသည် နှစ်ပေါင်းသုံးသောင်းတိုင်တိုင် စာအုပ်များ ဖတ်ရှုပြီး ၎င်းမှတစ်ဆင့် တာအို ကို သိမြင်ကြသည်။
အချို့လူများမှာမူ နှစ်ပေါင်းသုံးသောင်းတိုင်တိုင် ဓားပညာကို ကျင့်ကြံပြီး ဓားမှတစ်ဆင့် တာအို သဘောကို နားလည်ကြသည် ထို့ထက် ပို၍ တိတိကျကျ ပြောရလျှင် တာအိုသဘောတရား ဆိုသည်မှာ ‘တာအိုလမ်းစဥ်တစ်ခု’ ပင် ဖြစ်ကာ ကောင်းကင်နှင့်မြေကြီး၏... အင်အားအကြီးဆုံးစွမ်းအားဖြစ်ပြီး ကျင့်ကြံသူအားလုံး ရရှိရန် အိမ်မက်မက်ကြသည့် စွမ်းအားမျိုး ဖြစ်သည်
ကုချင်း၀မ်ကဲ့သို့သော မဟာဧကရာဇ်တစ်ပါးအတွက် ရှေ့ဆက်တိုးတက်ပြီး ပိုမိုအစွမ်းထက်လာလိုပါက သာမန်ကျင့်ကြံခြင်းက သူမ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ဘဲ တာအိုနိယာမများ ကိုသာ နားလည်သဘောပေါက်အောင် လုပ်ဆောင်ရမည် ဖြစ်၏။
တာအိုနိယာမ၏ အပိုင်းအစလေး တစ်ခုတည်းနှင့်တင်...တကယ်လို့ လူတစ်ဦးက အစိတ်အပိုင်း အနည်းငယ်ကို ဉာဏ်အလင်းပွင့် သဘောပေါက်သွားခဲ့မည်ဆိုပါက ပါရမီ သို့မဟုတ် အလားအလာ လုံးဝမရှိသော သာမန်ပြင်ပဂိုဏ်းတပည့်တစ်ဦးကိုပင် တိုတောင်းလှသော အနှစ်တစ်ရာအတွင်း နယ်ပယ်တစ်ခု၏ အရှင်သခင်ကြီးတစ်ပါး ဖြစ်လာစေနိုင်သည်။
ဤမျှ အစွမ်းထက်လှသော တာအိုနိယာမ၏ အရသာကို အလွန်ပင် သာမန်ဆန်လှသည်ဟု ထင်ရသော ဤဆန်ပြုတ်ဖြူပန်းကန်ထဲတွင် ခံစားလိုက်ရခြင်း ဖြစ်၏။
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ထိုအခိုက်အတန့်တွင် ကုချင်း၀မ် လုံးဝ မှင်တက်သွားရတော့သည်။ ကုချင်း၀မ်၏ မျက်နှာပေါ်က အမူအရာမှာ ယခုအခါ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်၏။
ဘေးကနေ စောင့်ကြည့်နေသော လုချန်မှာမူ ကြောက်ရွံ့တုန်လှုပ်နေခဲ့ရသည်။ သူသည် ကြောင်တောင်တောင် မျက်နှာပေးဖြင့် ကုချင်း၀မ်ကို ကြည့်ကာ မေးလိုက်၏...
“ဧကရီ... အရသာက အဆင်ပြေရဲ့လား”
လုချန်၏ စကားကြောင့် လက်တွေ့လောကသို့ စိတ်ပြန်ရောက်လာသော ကုချင်း၀မ်သည် သူ့အား အံ့ဩတုန်လှုပ်ဖွယ် မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်တော့သည်။
ပါရမီရှင်ပဲ ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းလှတယ် သူချက်တဲ့ ဆန်ပြုတ်ဖြူထဲမှာ ဘာဖြစ်လို့ တာအိုသဘောတရား အရှိန်အဝါ ပါဝင်နေရတာလဲ ဒါ့အပြင် လက်ရှိအခြေအနေအရ သူကိုယ်တိုင်လည်း ဒါကို မသိသေးတဲ့ပုံပဲ မဟုတ်ဘူးလား။
ဒီကောင်လေးက... တကယ်ပဲ ဘာတွေကို ကျင့်ကြံနေတာလဲ အခုကြည့်ရသလောက်ဆိုရင် ဒါက တကယ်ကို ထူးခြားဆန်းပြားလှတဲ့ အရာတစ်ခု ဖြစ်ရမယ်။
ကုချင်း၀မ်သည် သူမ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နှလုံးသားထဲက တုန်လှုပ်မှုကို ဖိနှိပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏...
“အဆင်ပြေပါတယ်”
တုန်လှုပ်စရာကောင်းလှသော်လည်း ကုချင်း၀မ်အတွက် အမှန်တကယ်တော့ ကောင်းသောအချက် ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် လုချန်တွင် ကြီးမားလှသော နောက်ခံနောက်ကြောင်း ရှိနေသည်ကို ကုချင်း၀မ် သိထားပြီးဖြစ်သည်။
သို့သော်လည်း သူ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ယခင်က သူမ မထင်မှတ်ထားခဲ့မိချေ။ ယခုကြည့်ရသလောက်မူ လုချန်တွင် တကယ့်ကို ကောင်းကင်ယံလောက် ကြီးမားလှသော နောက်ခံရှိနေခြေပြီ။
လုချန်သည် ကုချင်း၀မ်၏ တုံ့ပြန်မှုကို ကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ သူ့အစားသူ ဆက်စားနေတော့သည်။
【ဟန်ဆောင်မနေပါနဲ့ဦး…ကောင်းရင်လည်း ကောင်းတယ်ပေါ့】
ကုချင်း၀မ် သွားကို ကြိတ်လိုက်ပြီး လုချန်ကို ဂရုမစိုက်တော့ချေ။ အမှန်အတိုင်း ပြောရလျှင် ဤဆန်ပြုတ်က တကယ်ကို အရသာရှိလှပေသည်။
ကုချင်း၀မ်၏ တစ်သက်တာတွင် စစားဖူးသမျှ အကောင်းဆုံး အစားအစာများထဲက တစ်ခုဟုပင် ဆိုနိုင်၏။ သေချာတာပေါ့... ကုချင်း၀မ်က ယခင်က အစားအစာများကို သိပ်ပြီး စားလေ့မရှိပါချေ။
ကုချင်း၀မ် လုချန်ကို စကားမများချင်တော့ဘဲ ဆန်ပြုတ်ကို အမြန်သောက်လိုက်ပြီးနောက် သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသော လက်ကလေးဖြင့် ကြွေပန်းကန်လုံးကို လုချန်ဘက်သို့ ကမ်းပေးလိုက်သည်...
ထိုလုပ်ဆောင်ချက်၏ အဓိပ္ပာယ်မှာ နောက်ထပ်တစ်ပန်းကန် ထပ်ထည့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကာ အစားအစာက တကယ်ကို ထူးခြားလှပြီး ဒါက သာမန်လူသားတို့၏ စပါးနှံမျိုး လုံးဝမဟုတ်ဘဲ လောကီအညစ်အကြေးများ စိုးစဉ်းမျှ မပါဝင်ချေ။
အထူးသဖြင့် ထိုတာအိုသဘောတရား အရှိန်အဝါ အပိုင်းအစလေး ဖြစ်သည်...၎င်းက အလွန်နည်းပါးလှသဖြင့် လက်ရှိ မဟာဧကရာဇ် ကုချင်း၀မ်အတွက် အင်အားကို အလုံးအရင်းဖြင့် မတိုးတက်စေနိုင်သော်လည်း... ဘယ်သူကများ အလကားရတဲ့ တရားအရှိန်အဝါကို ငြင်းပယ်မှာလဲ။
ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့် ကြာပြီးနောက် လုချန်သည် ပြောင်သလင်းခါနေသော ထမင်းစားပွဲကို ကြည့်ကာ ကြောင်အမ်းသွားရရှာသည်။
【ဒီအဘွားကြီးက... တစ်ခါမှ ထမင်းမစားဖူးဘူးလား မသိဘူး】
မြန်လွန်းတယ်... တကယ်ကို မြန်လွန်းလှသည်။ ငါးမိနစ် ခြောက်မိနစ်အတွင်းမှာတင် ကုချင်း၀မ်သည် စားပွဲပေါ်က အစားအစာအားလုံးကို ပြောင်စင်အောင် စားပစ်လိုက်ခြင်း ဖြစ်၏။
အထူးသဖြင့် နောက်ပိုင်းတွင် သူမ ပို၍ ပို၍ မြန်မြန်စားလာခဲ့သည်။ အစပိုင်းတွင်မူ သူမအနေဖြင့် မိမိ၏ ပုံရိပ်ကို ဂရုစိုက်ပြီး အနည်းငယ်ချင်းစီသာ ကိုက်စားနေခဲ့သော်လည်း...
နောက်ပိုင်းတွင် ရှက်ရွံ့မှုအားလုံးကို ဘေးဖယ်ထားကာ ဟန်ဆောင်မနေတော့ဘဲ ပန်းကန်လုံးကို လက်ဖြင့်ကိုင်ကာ အနည်းငယ်မျှဖြင့်တင် ကုန်အောင် သောက်ချပစ်တော့သည်။
သူမ အလောတကြီး စားသောက်လိုက်ခြင်းကြောင့် ဆန်စေ့တစ်စေ့မှာ သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီထက်တွင် ကပ်ညှိနေခဲ့ကာ… တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းငယ် ချစ်စရာကောင်းပြီး ကလေးဆန်သော ပုံစံမျိုး ပေါက်နေခဲ့သည်။
လုချန်၏ စိတ်ထဲက အတွေးကို ကြားရသောအခါ ကုချင်း၀မ်၏ လှပသော မျက်နှာလေးမှာ မသိမသာ ရဲတက်သွားရရှာသည်။ သူမ အနေရခက်စွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်တော့၏...
“မင်း ဒီနေ့ ဆေးဖော်စပ်ခြင်း လုပ်မလို့လား”
လုချန် လန့်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်...
“ဟုတ်ကဲ့... ကျွန်တော် ဒီနေ့ စမ်းသပ်ကြည့်ဖို့ ပြင်နေတာပါ”
“စမ်းသပ်ကြည့်ဖို့ ဟုတ်လား”
လုချန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ် မျက်ခုံးအနည်းငယ် ပင့်သွားပြီး ထူးဆန်းသော မျက်နှာပေးဖြင့် မေးလိုက်၏...
“စမ်းသပ်ကြည့်တယ်ဆိုတာ... မင်းအနေနဲ့ ဆေးဖော်စပ်တာ ဒါ ပထမဦးဆုံးအကြိမ်မို့လို့လား”
ဖုံးကွယ်ထားစရာ ကိစ္စမရှိသဖြင့် လုချန် ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ကာ ပြောလိုက်သည်...
“ဟုတ်ပါတယ်... ကျွန်တော် ယခင်က သီအိုရီ ဗဟုသုတတွေကိုပဲ ကြည့်ဖူးတာဖြစ်ပြီး လက်တွေ့ တခါမှ မလုပ်ဖူးပါဘူး ဒီနေ့တော့ စမ်းလုပ်ကြည့်မလို့ပါ”
လုချန်၏ ဤစကားကို ကြားလိုက်ရသောအခါ ကုချင်း၀မ်၏ မျက်နှာပေါ်က အမူအရာမှာ အစပိုင်းတွင် ထူးဆန်းနေခဲ့ရာမှ စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ဝင့်ကြွားဝမ်းသာသည့် ပုံစံမျိုး ဖြစ်သွားရတော့၏။ လုချန်အနေဖြင့် ကုချင်း၀မ်၏ မျက်နှာပေးက ဘာကိုဆိုလိုမှန်း မသိရသေးမီမှာတင်... ကုချင်း၀မ်သည် သူမ၏ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိန့်လိုက်တော့သည်...
“မင်း သိလား... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက တောင်ပိုင်းကျန့်ကျိုးရဲ့ နံပါတ်တစ် ဆေးဖော်စပ်သူက ဘယ်သူလဲဆိုတာ”
ကုချင်း၀မ်သည် တကယ့်ကို ဝင့်ကြွားနေခဲ့ခြင်း ဖြစ်၏ မနေ့က လုချန်နှင့် စတင်တွေ့ဆုံချိန်မှစ၍ ယခုအချိန်အထိ သူမ ခံစားရသည်မှာ ဒီကောင်လေးက သူမကို လုံးဝ အလေးမထားခြင်း ဖြစ်သည်။
လုချန်၏ ရှေ့တွင် သူမသည် မဟာဧကရာဇ်တစ်ပါးနှင့် လုံးဝ မတူဘဲ... အပေါ်ယံတွင်သာ ရိုသေပြပြီး ကွယ်ရာတွင် ‘အဘွားကြီး’ ဟုသာ ဆက်တိုက် ခေါ်ဝေါ်နေခဲ့ခြင်း ဖြစ်၏။
သူမက ဧကရီ ဖြစ်သည် မဟုတ်ပါလား မင်းက သာမန်တပည့်လေးတစ်ယောက်ဖြစ်ပြီး ဘာနောက်ခံပဲရှိရှိ မဟာဧကရာဇ်တစ်ပါးကို ဘာလို့ အထင်သေးရဲရတာလဲ။
ကုချင်း၀မ်သည် လုချန်အပေါ် အင်အားသုံး၍ မရနိုင်ဘဲ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ အခွင့်အရေးကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်၏။ ဆေးဖော်စပ်ခြင်း နယ်ပယ်တွင် တောင်ပိုင်းကျန့်ကျိုး၌ သူမကိုယ်သူမ နံပါတ်နှစ်ဟု ပြောပါက မည်သူမျှ နံပါတ်တစ်ဟု မပြောဝံ့ကြချေ။
ဒါ့အပြင် ဒီကောင်လေးက ဆေးဖော်စပ်ခြင်းတွင် အတွေ့အကြုံမရှိသေးသော အသစ်အဆန်းလေးသာ ဖြစ်သည် ကုချင်း၀မ် နောက်ဆုံးတွင်တော့ သူမ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်မည့် ခံစားချက်မျိုးကို ရရှိသွားခဲ့ရတော့၏။
လုချန်သည် ကုချင်း၀မ်၏ ဝင့်ကြွားလှသော မျက်နှာကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမကို ထူးဆန်းစွာ စိုက်ကြည့်လျက် ပြောလိုက်သည်...
“အဲဒါ ဧကရီမလား... ဒါနဲ့ ဘာဖြစ်လို့လဲ”
ကုချင်း၀မ်: "...."
ဒါက... ဆေးဖော်စပ်ခြင်း လုပ်ဆောင်ခါစ အသစ်အဆန်းတစ်ယောက်အနေနဲ့ နံပါတ်တစ် ဆေးဖော်စပ်သူကြီးနဲ့ တွေ့ဆုံရတဲ့ ပုံမှန်တုံ့ပြန်မှုမျိုး ဟုတ်ရဲ့လား မင်းက…
‘ဒါနဲ့ ဘာဖြစ်လို့လဲ’ လို့ ပြောလိုက်တာလား ‘ဒါနဲ့ ဘာဖြစ်လို့လဲ’ ဆိုတာက ဘာအဓိပ္ပာယ်လဲကွ နံပါတ်တစ် ဆေးဖော်စပ်သူကြီးလေ နံပါတ်တစ် မင်း နံပါတ်တစ် ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ကို တကယ်ပဲ သိရဲ့လား…’